ပေါက်ကရ လေးဆယ်

Subscribe:

Tuesday, May 1, 2012

ကျွန်မ၏ ချစ်သူများ သို့မဟုတ် အသဲကွဲခြင်း သို့မဟုတ် အချစ်နှစ်ခု

အချစ်ဆရာမကြီးလား? အချစ်ကျမ်းကြေနေတယ်ပေါ့။? ဘာကိစ္စ အချစ်အကြောင်းရေးတာလဲ? ဘာလဲ ညာလဲ ဘာလဲ ညာလဲ စတဲ့ စတဲ့ မေးခွန်းတွေဖြစ်နေမှာပါပဲ။ ကျွန်မ အချစ်ဆရာမကြီးမဟုတ်ပါဘူး။ ဘာကျမ်းမှလဲ မကြေပါဘူး။ မကျွမ်းလို့သာ ကျွန်မကို သူက
အခန်း(၁) ရည်းစားဦး (သို့မဟုတ်) စိတ်ကစားအချစ်
အသက်က ၁၅ နှစ် (၁၀ တန်း ကျောင်းသူလေး) သူမ ၅ တန်းထဲက အစ်ကိုလို သူငယ်ချင်းလို ခင်မင်နေရတဲ့ သူတယောက်ရဲ့ အချစ်ကို အနေနီးစပ်မှုကို အချစ်ဟုထင်မှတ်ကာ ပထမဆုံးရည်းစားအဖြစ် ရရှိခဲ့ပါတယ်။ တစ်နေ့တော့ သူမသူငယ်ချင်းတစ်ယောက်က  
“ဟဲ့ နင့်ကို သူလိုက်တာက နင့်မိသားစုကိုကြည့်မရလို့တဲ့ ငါ့ကိုပြောတယ်”
“ဘာပြောတယ် ဒါအမှန်ပဲလား ?
“အေး..နင့်မိသားစုက သူနဲ့မှနင့်ကို သဘောမတူခဲ့တာကိုး ဒါကြောင့်နေမှာပေါ့ ဒါပေမယ့် နင့်ကိုတော့ သူတကယ်ချစ်တာပါ”
“ဟာ..ငါဒါတွေမသိဘူး ..ငါ့မိဘကို မကျေနပ်တဲ့လူကို ငါမုန်းတယ်။ “
နောက်တစ်နေ့မှာ
“ရော့ ဒီစာပေးလိုက်” (ဘာစာရမလဲ ဖြတ်စာပေါ့ )
နောက်နေ့တွေမှာ ဖြေရှင်းဖို့ကြိုးစားတဲ့၊ တွေ့ဖို့ကြိုးစားတဲ့ သူ့ကို မျက်နှာကိုသေချာကြည့် ပြတ်သားတဲ့စကားလုံးတွေနဲ့ ရပ်တန်းကရပ်ပစ်ခဲ့တယ်။ အဲဒီတော့မှတွေးမိတာက ငါတော်တော် စိတ်ပြတ်နိုင်တာပဲလို့ ချစ်ပြီဆိုရင် ဘယ်သူတားတား နားမထောင်သလို မုန်းပြီ၊မချစ်တော့ဘူး ဆိုရင်လည်း ဘာပြောပြောနားမ၀င်ပဲ တိကနဲနေအောင် စိတ်ပြတ်နိုင်ပါလားလို့ပါ။ ရည်းစားဦး လို့မသတ်မှတ်ပါ။ ပထမဆုံးထားတဲ့သူကို ရည်းစားဦး၊ အချစ်ဦးဟူ၍သတ်မှတ်ကြသော်လည်း သူမအတွက်တော့ သူမဘ၀မှာပထမဆုံးအနေနဲ့ အချစ်ရဆုံးသူကိုသာ အချစ်ဦးအဖြစ်သတ်မှတ်သည်တဲ့။
အခန်း(၂) တက္ကသိုလ်ပထမနှစ်ကျောင်းသူ
သူငယ်ချင်းတွေထဲက သူငယ်ချင်းတစ်ယောက်။ သူကချစ်ပြန်တယ်။ သံယောဇဉ်ရှိနေတော့လဲ ပြန်ချစ်ခဲ့ပြန်သည်ပေါ့။ ပျော်စရာကောင်းခဲ့ပါတယ်။ တစ်နေ့ သူငယ်ချင်း စုံတွဲတွေ အိမ်ကိုအပြန်လမ်းမှာ သူ့ရဲ့သူငယ်ချင်းက “ အိမ်မပြန်ကြနဲ့တော့ဟာ ခိုးပြေးကြရအောင်” တဲ့။ သူ့ကောင်မလေးက “လိုက်မယ်” ဆုံးဖြတ်ချက်က ပြတ်သားပုံ (ခုထိကျွန်မ သတ်မှတ်သည်က မိုက်လိုက်တဲ့ ကောင်မလေး..ခိခိ..ကြားရင်တော့ စိတ်ဆိုးမှာ)
ဒီတော့ သူကလဲမေးပြီပေါ့ “ လိုက်မယ်မလား ? မလိုက်ရင် အပြတ်ပဲနော်”
“ဟိုက်!!ဘယ့်နှယ်လုပ်ရပါ့။ စဉ်းစားပါပြီ။ ပထမဆုံးပြေးမြင်မိတာက မေမေ့မျက်နှာ ဘယ်လောက်ဝမ်းနည်းလိမ့်မလဲ။ အင်း…ရည်းစားဆိုတာ သူမချစ်လည်း ငါ့ကိုတကယ်ချစ်မယ့်သူ လာလိမ့်မယ်။ အမေဆိုတာ တစ်ယောက်တည်းပဲရှိတယ်။ အစားထိုးမရဘူး။ ဒီတော့ “ငါ မလိုက်ဘူး ငါ့ကို အိမ်ရှေ့မှာပို့ပေးခဲ့” (ပြတ်သားတယ်နော် :P) ။ ဒီလိုနဲ့ အိမ်ပြန်ရောက် အိပ်ရာပေါ်ထိုင် ၁၀ မိနစ်ကြာ မျက်ရည်ကျပြီးနောက် ပြီးသွားပြန်တယ်ပေါ့။
 အခန်း(၃) တက္ကသိုလ် ဒုတိယနှစ် စာမေးပွဲမဖြေခင်
အသက်ကတော့ သူမထက် ၅ နှစ်ကြီးတယ်။ လူမျိုးတော့မတူ။ အသားဖြူဖြူ ၊ထောင်ထောင်မောင်းမောင်း၊ မျက်နှာချိုချို ၊ သဘောကောင်းတဲ့ သူမနဲ့ မေဂျာမတူတဲ့ သူ..သူမဘ၀ထဲ စတင်ဝင်ရောက် လာခဲ့ပါတယ်။ ဘာကြောင့်မှန်းတော့မသိ ။စတွေ့ထဲက တစ်စက်မှကြည့်မရ။ သူ လာတာမြင်တာနဲ့ ကျောင်းမှာ လှည့်ပတ်ပြေး ၊မတွေ့အောင်ရှောင် ၊တွေ့ရင်လည်း ခနဲ့တဲ့တဲ့ပြန်ပြော (အစေးကပ်ပုံများ)။ တစ်ရက် စာမေးပွဲဖြေဖို့ အသွားလမ်းမှာ (မီးပွိုင့်တစ်ခုအရောက်) သူ့ကားနဲ့ကိုယ့်ကား ဘေးချင်းယှဉ်မိပါတယ်။ သူမမြင်သေးခင် ကိုယ်အရင်တွေ့တော့ စိတ်ထဲက “ဘာမှန်းလဲမသိဘူး ပုံစံကိုက” သူမမြင်ခင် ဒီဘက်ပြန်လှည့် မမြင်ချင်ယောင်ဆောင် ၊ ခပ်တည်တည်နေပြီး ထွက်သွားလိုက်တယ်။ ဒီလိုနဲ့ကျောင်းပိတ်တော့ တစ်နေ့ အိမ်ထဲမှာနေရတာ ပျင်းလာပြီး အိမ်ရှေ့ပြတင်းပေါက် ထွက်လိုက်တဲ့အချိန် အံ့သြစရာမြင်ကွင်းက သူ့ကိုပါပဲ။ ကားထဲမှာထိုင်လို့။ တယ်လဲဇွဲကောင်းပါလား။ ဒီလိုနဲ့ ခင်သွားပြီး ချစ်သူအဖြစ်ရောက်ခဲ့ပါတယ်။ ဒါဟာ သူမအတွက်တော့ တစ်စိမ်းလူသားတစ်ယောက်ကို ချစ်သူအဖြစ် စတင်သတ်မှတ်မိတာပါ။ “ချစ်သူဘ၀ဆိုတာ ဒီလောက်ထိ ပျော်ရွှင်ကြည်နူးစရာ ကောင်းတာပါလား” ဒါရင်ထဲကဖြစ်လာတဲ့ အချစ်စစ်ရဲ့ ခံစားချက်တစ်ခု။ ချစ်သူသက်တမ်း ၆ နှစ်အကြာ နောက်နှစ်ဆိုရင် သူ့ဘ၀ထဲ အပြီးပိုင်ဝင်ရောက်ဖို့ အတွက် စိတ်ကူးလေးတွေချအပြီး တစ်နေ့မှာ………………….
တနင်္ဂနွေနေ့တိုင်း သူတို့နှစ်ယောက် တွေ့နေကြဆိုတော့ တွေ့အပြီး အိမ်ပြန်ရောက် ညဘက် ၆ နာရီခွဲလောက်မှာ ဖုန်းလာပါတယ်။ “သူငယ်ချင်းက သူနဲ့လိုက်ခဲ့ဖို့ ခေါ်တယ်။ ကို က ကားအကြောင်းလည်း နားလည်တော့ လိုက်သွားလိုက်ရမလား” တဲ့။ ဘယ်လောက်ချစ်ဖို့ကောင်းလဲလို့နော်။ ပထမတစ်ခေါက်လည်း လိုက်သွားဖူးတော့ ဘာမှစဉ်းစားမနေပဲ “လိုက်သွားလေ။ ဒါဆို ဒီညထွက်ပြီး မနက်ရောက်ရင် ဖုန်းဆက်လိုက်မယ်နော်” ။ သူထွက်သွားပြီး  ည ၁၀နာရီလောက်ကျတော့ အရမ်းသတိရမိတယ်။ ဘာနဲ့မှမတူအောင် သတိရလို့ ဖုန်းဆက်တော့ ဆက်မရဘူး။ ဒါနဲ့ပဲ အိပ်ရာဝင်ခဲ့တယ်။ အိပ်ရာထဲမှာလဲ တော်တော်နဲ့အိပ်မပျော်ပဲ တွေးနေမိတယ်။ စိတ်ထဲကလဲ ဘေးကင်းပါစေပေါ့။ ဒီလိုနဲ့ အိပ်ပျော်သွားပြီး ည ၁၂ နာရီလောက်မှာ ရုတ်တရက် လန့်နိုးသွားခဲ့တယ်။ နိုးနိုးချင်း သူ့ကိုသတိရမိသွားတယ်။ တစ်ခါထပ်ပြီး ဘေးကင်းကင်းနဲ့ ခရီးသွားနိုင်ပါစေလို့ ဆုတောင်းပြီး နာရီဝက်လောက်အကြာမှာ ပြန်အိပ်ပျော်သွားခဲ့တယ်။ မနက်မိုးလင်းတော့ အိပ်ရာကထ၊ ရေမိုးချိုး၊ အလုပ်သွားဖို့ ပြင်ဆင်နေတုန်း ဖုန်းဝင်လာခဲ့တယ်။ “ဟယ်လို” ။ တစ်ဖက်မှ
“လဲ့ရီလား ၊အစ်မ ဇေယျာ့ အစ်မပါ”
 “ဟုတ် အစ်မ ပြောပါ။” …” ညက ဇေယျာခရီးထွက်သွားတာ သိတယ်မလား”
“ဟုတ် အစ်မ သိပါတယ်။”
“အေး..အဲဒါ ဇေယျာတို့ ညက ခရီးသွားရင်း ကျိုက်ထိုမှာ ကားအက်ဆီးဒင့်ဖြစ်ပြီး ဇေယျာဆုံးသွားပြီ” ………………………………………………
ရုပ်ရှင်တွေထဲကလိုတော့ ဖုန်းလွတ်မကျသွားဘူး။ ဖုန်းကိုလက်ထဲမှာ တင်းတင်းဆုပ်ထားရင်း အကြိမ်ကြိမ်မေးမိတာက
“အစ်မ ဟုတ်ရဲ့လား သေချာလို့လား။ သူရောဟုတ်ရဲ့လား။ သူဆုံးသွားတာ တကယ်ရောဟုတ်ရဲ့လား အစ်မရယ်။ ဘယ်လိုဖြစ်တာလဲဟင်”
“သေချာတယ် ညီမလေး အစ်မတို့လဲ ညကမှသိတာ ခု ဆေးရုံမှာ စစ်ဆေးမယ်ပြောတယ်”
ဖုန်းချအပြီးမှာ မျက်ရည်တွေ တလိမ့်လိမ့်ကျ မေမေ့ကိုဖက်ပြီး “မေမေ သူ ဆုံးသွားပြီတဲ့မေမေ”
ရုပ်ရှင်တွေထဲကလို သတ်မလစ်သွားသော်လည်း မတ်တပ်ရပ်နေရင်းက ခွေကျပြီး မျက်ရည်တွေကျလိုက် သူ့အစ်မ ဖုန်းထဲမှာ ပြောသွားတဲ့စကားတွေကိုသာ နားထဲမှာ အခါခါကြားနေမိပါတယ်။ သူနဲ့ချစ်သူဖြစ်နေတာကို မသိသေးတဲ့ ဖေဖေ့ကိုလဲ မေမေကပြောပြ (မပြောပြလဲ အရူးလိုဖြစ်နေတဲ့ ငိုနေတဲ့ ပုံစံကို ဖုံးမထားနိုင်တော့ဘူးလေ။ ဒီလိုနဲ့ သူ့မိဘတွေဆန္ဒအရ နေ့ချင်းပဲ သဂြိုလ်ချင်တယ်ဆိုတော့ သူ့အိမ်ကနေပဲ စောင့်နေလဲရပါလျက်နဲ့ ဒီထက်အချိန်ပိုပြီး တွေ့ချင်စိတ်ဖြစ်မိတော့ သူ့ဆီကို လိုက်သွားဖို့တောင်းဆိုမိပါတယ်။ သမီးကို အင်မတန်ချစ်ရှာကြတဲ့ မိဘတွေက ကိုယ်တိုင်ကားမောင်းပြီး လိုက်ပို့ပေးရှာပါတယ်။ ဒါပေမယ့် သူ့ကိုပြန်သယ်လာတဲ့ကားက ထွက်လာပြီမို့ သူ့မိဘတွေက လမ်းလွဲသွားပြီး သဂြိုလ်တာ မမီမှာစိုးလို့ ရောက်ရာနေရာကနေ ပြန်လာဖို့ဖုန်းဆက်ပါတယ်။ ဒါပေမယ့် သူမစိတ်က မရဘူး ။တွေ့ချင်တယ်။ ဒါနဲ့ပဲ ပဲခူးလမ်းဆုံ လမ်းခွဲမှာ ကြိုစောင့်ကြပါတယ်။ ကားလာပါပြီ။ မြင်ရတာ စိတ်မကောင်းလိုက်တာ။ မမြင်ရပေမယ့် ထိလို့တော့ရသေးတဲ့ အခြေအနေနဲ့ သယ်လာကြတာပါ။ ဒါနဲ့ပဲ သူရှိနေတဲ့ ကားပေါ်ပြောင်းတက် (ကျွန်မအစ်မလဲ လိုက်ပြီး ဒုက္ခခံရပါတယ်) ၊ သူ့ဘေးမှာ ငုတ်တုတ်လေးထိုင် လိုက်ပါလာခဲ့တယ်။ ကားပေါ်မှာ ပြောမိတဲ့စကားတွေက ထောင်သောင်းများစွာ ။သူ့လက်လေးကိုကိုင် စိတ်ထဲကနေ ရုပ်ရှင်တွေထဲကလိုများ ပြန်ရှင်လာမလားဆိုပြီး အရူးတစ်ယောက်လို လိုက်ပါလာခဲ့တယ်။ နောက်တော့ သူ့ဘေးမှာလှဲချပြီး ဖက်ထားရင်း သူ့ပုခုံးပေါ်မီပြီး ပါလာခဲ့တယ် ။ (ပြန်မရှင်နိုင်တော့ပါဘူး ဘာကြောင့်ဆို ရင်ခွဲစစ်ဆေးခဲ့ပြီးပြီပဲ) ဒါတွေကို သတိမရဘူး ဖြစ်ချင်နေတာက အသက်ပြန်ရှင်လာဖို့ပါပဲ။ ရေဝေးရောက်တော့ မှောင်နေပြီဖြစ်လို့ သဂြိုလ်ဖို့ကို နောက်နေ့မနက်ရွှေ့လိုက်တယ်။ အဲဒီရောက်မှ သူ့မျက်နှာကိုမြင်ရတယ်။ အိပ်ပျော်နေသလိုပါပဲ။ ပြုံးပြုံးလေးပါ ၊ငြိမ်းချမ်းနေတဲ့မျက်နှာလေးနဲ့။ သူမဆန္ဒက သူ့နားမှာနေခဲ့ချင်တယ် ၊မနက်အထိပေါ့။ ဘယ်သူမှလက်မခံပဲ အိမ်အမြန်ပြန်ပို့ကြတယ်။ အိမ်ရောက်တော့ လှဲလိုက်ပြီး တွေးနေတာက သူမဖြစ်နိုင်ဘူး၊ ဒါသူမဟုတ်ဘူး။ သူနဲ့တူတဲ့နောက်တစ်ယောက်။ တွေးနေရင်း ခြေထောက်နှစ်ချောင်းလုံး ဆတ်ဆတ် ဆတ်ဆတ်နဲ့ တုန်လာတယ်။ မေမေကပြောတယ် စိတ်ကိုလျှော့ပါ မဟုတ်ရင် ဒီစိတ်ကြောင့် အောက်ပိုင်းသေသွားလိမ့်မယ်တဲ့။ အိပ်မပျော်ခဲ့ဘူး။ ဖုန်းကိုလက်ထဲမှာကိုင်ထားပြီး ဖုန်းဆက်မလားလို့ မျှော်နေမိတာ။ ည ၃ နာရီလောက်ကျတော့ အိပ်ရာထဲကထပြီး သူလာနေကျ နေရာကို ထကြည့်မိတယ်။ ဘာမှမတွေ့ဘူး။ မှောင်ကြီးမဲမဲထဲမှာ တစ်ယောက်ထဲသွားထိုင်တယ်။ စကားများလာပြောမလားလို့ပါ။ ဘာဆိုဘာမှဖြစ်မလာပဲ မေမေတို့ အတင်းအိပ်ခိုင်းတာနဲ့ အိပ်ပျော်သွားခဲ့တယ်။ မနက် သဂြိုလ်ပါပြီ။ခေါင်းထဲမှာဘာမှမရှိဘူး။ သိလဲမသိဘူး။ ဘာမှမပြောပဲ ငိုနေခဲ့တာပဲ သိတော့တယ်။ အဲဒီအချိန်ကစလို့ တမှိုင်မှိုင် တတွေတွေ မျက်ရည်ပဲကျ၊ သူ့အိမ်ကိုသွား ပစ္စည်းတွေသွားကြည့် ထိုင်ငို ဒါပဲလုပ်နေတော့တယ်။ အပြင်ကို စိတ်ပြေလက်ပျောက်ဆိုပြီး မိဘတွေကခေါ်သွားတော့ လမ်းမှာ တံတားတခုအဖြတ် ကားပေါ်ကခုန်ချပြီး ရေထဲခုန်ချလိုက်ဖို့ထိ တွေးခဲ့တယ်။ မလုပ်ဖြစ်ခဲ့ဘူး။ တရားဓမ္မနဲ့ မွေ့လျော်နေတဲ့ မေမေက ပြောခဲ့တယ်လေ။
“သမီး ခုချိန်လိုက်သေလဲ သူနဲ့မတွေ့ရပါဘူး သမီးရယ် ၊ သူရောက်နေတာတစ်ဘ၀ ၊သမီးရောက်သွားမှာလဲ ဘ၀တစ်ခုပါ။ အလကားပါပဲ“ တဲ့။
တရားချကြပါတယ်။ ဘုန်းကြီးကျောင်းခေါ်သွား တရားနာခိုင်း၊ တရားနာရင်း မျက်ရည်တွေကကျ ၊ အိမ်ပြန် ထိုင်ငို ဒါနဲ့ပဲပတ်ချာလည်ရိုက်။ သူမတစ်ကြိမ်ငိုတိုင်း သူမ မေမေ လိုက်ငိုပါတယ်။ ဖေဖေနဲ့ ဦးလေးလဲ ဘာစကားမှမပြောနိုင်။ အစ်မလဲမှိုင်။ တစ်နေ့တော့ အားနေ ထိုင်ငိုနေတဲ့သူမကို ဖခင်ကပြောပါတယ်။  “ကိုယ့်အမေကို မသနားဘူးလား။ အဓိပ္ပါယ်မရှိတာတွေ မလုပ်နဲ့တော့”တဲ့။ အဲဒီတော့ သူမ မေမေကဘာပြောတယ်မှတ်လဲ ။ “သမီးရယ် လူတစ်ယောက်သေပေးလို့ သမီးနဲ့သူ ပြန်တွေ့လို့ရမယ်ဆိုရင် မေမေအသေခံပြီး သမီးကို သူနဲ့ ပြန်တွေ့ရအောင် လုပ်ပေးချင်ပါတယ်” တဲ့။ အရမ်းခံစားလိုက်ရတယ်။ မှားနေပြီဆိုတာလဲ သိလိုက်ရတယ်။ ပြန်မရနိုင်တော့တဲ့ အရာတစ်ခုအတွက် ဘေးမှာရှိနေတဲ့ သူမကို ချစ်မြတ်နိုးတန်ဖိုးထားနေသူတွေ စိတ်ဆင်းရဲအောင် လုပ်မိနေပြီဆိုတာကိုပေါ့။ အဲဒီနေ့ကစပြီး ဆုံးဖြတ်တယ်။ ကြိုးစားပြီး မေ့ပစ်မယ်။ အလုပ်ထဲမှာ စိတ်နှစ်၊ သူငယ်ချင်းတွေနဲ့အချိန်ဖြုံး ၊ အိမ်ရောက်လို့ သတိရပြီး ငိုချင်လာရင် အိမ်သာထဲသွားငို၊ ရေချိုးရင်းငို (မိသားစုမသိအောင်ပေါ့) အမျိုးမျိုးပေါ့လေ။
အခန်း(၄) ကျေးဇူးတင်မိတဲ့ သူတစ်ယောက်
ဒီလိုနဲ့ သူမရဲ့စိတ်ဒဏ်ရာကို သက်သာစေအောင်ဖန်တီးပေးတဲ့ သူတစ်ယောက်ကို တွေ့ခဲ့ရတယ်။ ခုချိန်ထိ ကျေးဇူးလဲတင်တယ်။ ချစ်သူမဖြစ်ခဲ့ပေမယ့် (သူရဲ့ မှားယွင်းတဲ့ လုပ်ရပ်တစ်ခုကြောင့်) ခုချိန်မှာ သူငယ်ချင်းတစ်ယောက်အဖြစ် ရှိနေခဲ့တယ်။ ဒီလိုနဲ့ ဒဏ်ရာတွေကို ကုစားဖို့၊ အတိတ်ဟောင်းတွေကို မေ့ပစ်ဖို့အတွက် ရန်ကုန်မြေကခွာ မြိတ်မြို့ကိုရောက်ရှိလာခဲ့ပါတယ်။
အခန်း(၅) သနားမိတဲ့ ရည်းစားလေးတစ်ယောက်
အင်တာနက်သုံးရင်း စိတ်တွေဖြေဖျောက်ရင်း တစ်နေ့မှာ အင်မတန်စကားပြောကောင်း အသက်နဲ့မလိုက် စကားတတ် လူလည်လေး မရှိတာတွေ အရှိလုပ် လုပ်ကြံဇာတ်လမ်းလေးတွေနဲ့ ချဉ်းကပ်လာခဲ့ပါတယ်။ သူ ဒီနေ့ထိမသိသေးတာက သူပြောတဲ့ သူ့အကြောင်းတွေက အမှန်မဟုတ်ဘူးဆိုတာကို သူမ သိနေတယ်ဆိုတာရယ်၊ လုပ်ကြံဇာတ်လမ်းတွေ အပြောကောင်းတာတွေကို မမြင်ချင်ယောင်ဆောင်ပြီး အထီးကျန်နေတဲ့သူ့ ဘေးမှာနေဖို့ မိုက်ရူးရဲဆန်စွာဆုံးဖြတ်ခဲ့ပါတယ်။ (သူမထက် ၅ နှစ်ငယ်တဲ့ သူပေါ့)။ အွန်လိုင်းကပဲ ဓာတ်ပုံမြင်ပြီး ချစ်သူဖြစ်ရင်း တစ်နေ့ ရန်ကုန်အရောက် သွားတွေ့ခဲ့ပါတယ်။ တွေ့တာနဲ့ သိလိုက်ရတာက “အောင်မလေး ငါ့မောင်လေးအရွယ်လေးပါလား (ဓာတ်ပုံစားသလားတော့မသိဘူး၊ ထွားတာဖြစ်မယ် ဓာတ်ပုံထဲမှာ ခိခိ)။ အဲဒီမှာတင်စိတ် လေသွားတာနဲ့ မပြီးသေးဘူး သူ့ရဲ့ အံ့သြစရာ အပြုအမူများ (သူမလက်မခံနိုင်တဲ့) အရာတွေကြောင့် သူမဆုံးဖြတ်ခဲ့တယ်။ ဒီထက်ရှေ့ဆက်ဖို့တော့ မဖြစ်ချေတော့။ (ကာယကံရှင် ကိုယ်တိုင်လည်း သူ့အပြစ်တွေ သိပါ၏)။ ဘိတ်ပြန်ရောက် နားချတော့ မရဘူး။ ဒီလိုနဲ့သူကပြောတယ်။ ၃ နှစ်အထိစောင့်ပါရစေ။ စဉ်းစားပေးပါတဲ့။ မစောင့်ပါနဲ့ မဖြစ်နိုင်ဘူးလို့ (ဒီအတွက် ဘယ်သူ့ကိုမှ အသုံးမချခဲ့ကြောင်းပါ။ စိတ်လဲသန့်ပါ၏)။ ပြီးပြန်ပြီ ပေါ့လေ။ ယခုတော့ ၃ နှစ်မပြောနဲ့ တစ်နှစ်တောင်မပြည့်သေးဘူး အလွန်တရာ သဲသဲလှုပ် ချစ်နေတဲ့ ချစ်သူတစ်ယောက် သူရနေပါတယ်တဲ့ ခိခိ ဒါလေ အချစ်ဆိုတာ  (ဆုံးဖြတ်မိတာက နောင်ဆို အွန်လိုင်းကနေ ချစ်သူမထားဘူးလို့)
အခန်း(၅) ချစ်မိသည်ကတစ်ယောက် တွယ်တာမိတာက တစ်မျိုးရယ်
သူငယ်ချင်းဟောင်း တစ်ယောက်အဖြစ် အချိန်ကြာမြင့်စွာ(တစ်နှစ်နီးပါး) ခင်မင်နေခဲ့ရတဲ့ သူတစ်ယောက်ရှိပြန်၏။ သူနဲ့က ချစ်သူတော့မဟုတ်။ သူငယ်ချင်းထက်လဲပို၏ (သူမ၏ တစ်ဖက်သတ်အတွေး)။ ဒီလိုနဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ထိုင်နေရင်း သူနဲ့ တစ်ခါတရံ ဝေးကွာနေခိုက် နွေးထွေးမှုပေးတဲ့ သူတစ်ယောက် ထပ်ပေါ်လာပြန်တယ်။ စကားတွေနေ့တိုင်းပြောတယ်။ ဂရုလဲစိုက်တယ်။ ဒါပေမယ့် ၃ နှစ်ငယ်နေပြန်ရော။ ဒီထက်ဆိုးတာက ဟိုသူငယ်ချင်းကြီးကိုလည်း စိတ်ကမပြတ် (ဟားဟား ရယ်ရတဲ့မိန်းမပဲ)။
တစ်နေ့ အဲဒီကောင်လေးရဲ့ ရွဲ့တဲ့တဲ့ ခနဲ့တဲ့တဲ့ အပြောတစ်ခုကြောင့် ဒေါသထွက်တုန်း သူငယ်ချင်း အရင်းခေါက်ခေါက်ကြီးက သိသွားပါလေရော။ အဲဒီမှာ ဇာတ်လမ်းကစတာ။ စိတ်တွေဆိုးပြီး ကိုယ့်တောင်ပြန်အဖက်မလုပ်တော့ဘူး။ အဲဒီမှာ သူမ(အရူးမ) တွေးလိုက်မိတာက “သြော်..သူ ငါ့ကိုချစ်ရှာတာပါလား ဒါကြောင့် ဒီလိုဖြစ်တာနေမှာဆိုပြီး ပေါက်ကရတွေကြံ (အသေးစိတ်တော့ စာဖတ်သူများ လေသွားမယ် ပျင်းသွားမည်စိုး၍ မရေးတော့ပါ)။ အဲဒီမှာ သူကပြောတယ်  ဖုန်းဆက်ပြီး (ဟိုးအဝေးကြီးကနေပါ) (ဘာညာသာရကာ နေကြာကွာစိပေါ့လေ..ခိခိ) ဘယ်လိုတွေးတွေး သူမနားထဲတော့ အတွေးထဲတော့ သူမကိုချစ်၍ ပြောသောစကားလုံးများသည်သာ ကြားသည်ပေါ့။ ဤသို့နှယ် ချစ်ပါတယ် ဟူသော စကားမပြောရသေးပဲ (အမှန်ကတော့ လူချင်းမတွေ့ရသေး၍ တွေ့မှသာအဖြေပေးမည်ဟူ၍) ချစ်သူနီးပါး (သူငယ်ချင်းထက်ပိုသော) အချိန်ကာလများကို ဖြတ်သန်းခဲ့ပါတယ်။ သို့သော်…………………………………………….
သူမသည် အချစ်စစ်စစ်ကို ကိုယ်တိုင်ကြုံတွေ့ ခံစား ပိုင်ဆိုင်ဖူးခဲ့သော မိန်းမတစ်ယောက်ဖြစ်၍ လူတစ်ယောက် မိမိကို နှစ်နှစ်ကာကာ ချစ်မချစ်ကို ခံစားမိပါသည်။ (ဒီအတွက်ကြိုက်သလိုငြင်း ကြိုက်သလိုသာပြော) သူမ ကတော့ ဤသို့နှယ် ခံစားမိသည်ပဲ။ အမှန်တော့ သူမ အကြီးကြီး ထိသွားတာ ။ သူကပြောသတဲ့။ သူမဖက်ကစလို့သာ သူပါသွားတာတဲ့။ ဒါဖြင့်ရင် သူမရဲ့ သူငယ်ချင်းများ မေးတတ်တဲ့မေးခွန်းတစ်ခုက (နင်နဲ့သူက ချစ်သူတွေလားတဲ့  ဒါချစ်သူမဖြစ်ခင်ထဲက မေးကြတဲ့မေးခွန်း) ။ဒီတော့ခါ တွေးမိတယ်။ ငါကပဲ ရူးကြောင်မူးကြောင် ငါ့ကိုကြိုက်နေတယ် ထင်ခဲ့တာလား (သူစိတ်မပါပဲနဲ့ပေါ့)။ သူပြောခဲ့တဲ့စကားတွေကရော (ဒါတွေကိုသူမမှတ်မိပါ။ ဒါ့အပြင် သူခေါ်ခဲ့တဲ့နမ်စားကလည်း သူစခေါ်တာမဟုတ်ချေ။ သူမဘက်မှ စပြောခြင်းသည်သာတဲ့။) အောင်မလေးဟဲ့!!! မျက်ရည်တောင် ဘယ်လိုကျရမယ်မှန်းမသိ၊ လက်တွေတောင်တုန်လာပြီး (ကံမပါ၍သာ မရူးသွားခြင်း) အပြန်ပြန်အလှန်လှန်တွေးမိ၏။ နင်ရူးနေတာလား။ သူရူးနေတာလား။ သေချာတာတော့ သူမရူးဘူး။ နင်ရူးနေခဲ့တာပဲဟဲ့ ..သိပြီလား ….ဟားဟားးးးးး) နောက်ပြီး သူ့စကားလုံးများက မရင်းရဲဘူးတဲ့။ သဲသဲလှုပ်မဖြစ်အောင် နေတယ်တဲ့။ ဟုတ်ကဲ့ ဒါကလေ ရင့်ကျက်လို့ ဒီလိုနေနိုင်တာမဟုတ်ဘူးရှင့်။ ရှင်တကယ်စိတ်ထဲက နှစ်နှစ်ကာကာမချစ်၍သာ ဒီလိုတွေးတာ (မငြင်းနဲ့ တစ်နေ့ ရှင်တကယ်ချစ်တဲ့သူတွေ့ရင် သာဒီစကားလေးပဲ ပြန်တွေးပေး။) သူဖြစ်စေချင်တဲ့ပုံစံတွေက မိန်းမယူမှာထက် ဖောင်ကြီးသင်တန်းမှာ သင်တန်းတက်ရတာထက် တုန်လှုပ်စရာကောင်း၏ ။ နိုင်ငံခြားမှာ တစ်ဖက်နိုင်ငံကို စပိုင်မအဖြစ်သွားရောက်ဖို့ သင်တန်းပေးတာကတောင် ဒီလောက်စိတ်လှုပ်ရှားစရာမကောင်း။ မခက်ခဲချေ။ (ပြောပါဦး မင်းအတွက်ပါလို့) မှန်ပါတယ် သူမအတွက်စေတနာစကားများပါ။ ဒါပေမယ့် သူမသိခဲ့တာက သူမအတွက် အချစ်တစ်ခုသာလျှင် အားဆေးဖြစ်သည် ဆိုတာကိုပါ။ လွဲတာကတော့ အကြီးကြီးလွဲခဲ့၏။ သူပြောချင်တာ ဖြစ်စေချင်တာမှန်သမျှသိ၏ ။သူမဘက်မှလဲ တစ်ခုထဲသာ (သူ ဘာကြောင့် သူမ လိုချင်တဲ့ ချစ်ခြင်းမေတ္တာ မပေးနိုင်တာလဲ)။ ညှိမရဘူး ဘယ်လိုမှညှိမရဘူး။ တဖြည်းဖြည်းကြောက်လာတယ်။ သူ့ရဲ့စကားလုံးလေးတွေအောက်မှာ (သဘောပဲ။ ကြိုက်သလိုသာလုပ်၊ ခလေးဆန်တယ်။ မရင့်ကျက်ဘူး။ လောကဓံကို ခံနိုင်ရည်မရှိဘူး။ ရှေ့ရေးကိုဘာမှမတွေးဘူး.. စသည်ဖြင့်ပေါ့လေ)။ အဆိုးဆုံးက သူမမရှိလည်း အေးဆေးပဲတဲ့ စပ်ဖြဲဖြဲနဲ့ နေဦးမှာဆိုပဲ။ သူမကိုပြောတာတင်အားမရပဲ ဝေါလ်ပေါ်တောင်တင်ပြီး နှိပ်စက်ပြလိုက်သေးတယ်။ ဒီတော့ခါ သူမလဲ ဆုံးဖြတ်တယ်။ အင်း…ဒီလိုဆိုရင်တော့ ငါတွေးခဲ့တာတွေမှားပြီ။ သူမက ကမ္ဘာပေါ်မှာ သူကလွဲ အားလုံးကို ဂရုမစိုက်တဲ့၊ အရေးပါတဲ့၊ အဖိုးတန်တဲ့ ယောင်္ကျားတစ်ယောက်ကို သူလို့ပဲ သတ်မှတ်ခဲ့သော်လည်း သူအတွက်တော့ ဒီလောက်အရေးမပါ ၊ ဘယ်မိန်းမဖြစ်ဖြစ်   သူ့ကိုထားခဲ့ရင်တောင် ခပ်ပြုံးပြုံးပဲ စာတွေ ကဗျာတွေရေးဦးမည်တဲ့ (သူ မချစ်၍သာ)။ ကဲ…ညည်း သေချာတွေး လိုအပ်တာညည်းမဟုတ်ဘူး။ ညည်းမရှိလဲ သူအသက်ရှင်နိုင်တယ်။ နောင် ဒါတွေကို အိမ်ထောင်ကျပြီးမှ ကြုံလာရင် ညည်းသေမှာပဲ  (အညာသူလေသံဖြင့်)။ မိမိကိုမိမိထပ်တူ အချစ်မခံရတာလောက် ဆိုးတာမရှိ။ ဒီတော့ နှုတ်ဆက်၏။ ဒီဘ၀ဒီမျှသာ။ သူမ စပြီးမစွန့်လွှတ်ရင် နောင်တစ်ချိန် သူ မကြိုက်တာလုပ်မိတဲ့တစ်နေ့ သူ၏ စွန့်လွှတ်ခြင်းကို ခံရပေလိမ့်မည် (စာရှုသူများဟုတ်ပါသလား သေဖော်သေဖက်ညှိ၏)။ အချစ်အကြောင်းများရေးခြင်း ပြောခြင်းသည် ဤနေ့နောက်ဆုံးဖြစ်၏။ နောင်ဘယ်တော့မှမရေး မပြောတော့ဘူးလား။ ဟုတ်ကဲ့ ..သူမကို အသက်တမျှ (သူမချစ်သလို) ချစ်နိုင်မည့် သူတစ်ယောက်မပေါ်ခင်ချိန်ထိပါ။ ဒါဆို ညည်း အပျိုကြီးဖြစ်မှာ ခိခိ..ကံပါရင်ဖြစ်ပေါ့ ဘာကြောက်ရမှာလဲ။ ယခုလဲ စိတ်ကို သတိထားပြီး သေချာစဉ်းစားဆုံးဖြတ်ပြီး နောက်ဆုံးရေးသားခြင်းဖြစ်၏။ ဘာကိုမှမကြေငြာပါ။ သူမ အကြောင်း(အချစ်အကြောင်း) သိပြီဆိုလျှင် လန့်လောက်စရာလည်း ကောင်း၏ ။ သေချာတာကတော့ သူမ အချစ်ကျမ်းမကြေပါ။ ထို့ကြောင့်သာ ထို့ကြောင့်သာ………………………….
စာကြွင်း။။ သူမ နှိပ်စက်ထားခဲ့မိသူများ ဤစာတွေ့လျှင် အပျော်ကြီး ပျော်ကြပေတော့မည်။ ဒီမိန်းမ ခံရပြီဟ။ ဟုတ်ကဲ့။ နောက်မဖြစ်အောင် သတိထားပါ့မယ်။ ပျော်ကြပါရှင့်…ဟားဟား။။။
(စာအလွန်ရှည်ပါ၏။ ဖတ်ရှုသူမှန်သမျှ ကျေးဇူးအလွန်တင်ပါ၏။ အထက်ပါသဘောထား ဆုံးဖြတ်ချက်များ မပြောင်းတော့ပါ။ နှစ်ခါကွဲတဲ့အသဲ မနာပဲရှိပါ့မလား ကြောက်သွားပါ၏ တော်လောက်ပါပြီ)။။။။။   တင်းတင်းဆုပ်ကိုင်ထားသော လက်ကိုလွှတ်လိုက်ပါပြီ။။။။။ ဤသည်မှာ ၀တ္ထုတစ်ပုဒ်သာဖြစ်ပါ၏။  မည်သူ့အကြောင်းမှမဟုတ်ပါ။ :P
ထို့အပြင် သူ့အတွက် သူမသည် ကဗျာတစ်ပုဒ် စာတစ်ပုဒ်ဖြစ်လာရုံအပြင် ဘာမှမထူးသော်လည်း သူမအတွက်သည်ကား ဘ၀မှာမေ့မရသော အချစ်ရဆုံး ချစ်သူနှစ်ယောက် အဖြစ်သာ တည်ရှိနေမည်ဖြစ်ပါသည်။ (ဆုံးပါးသွားသော သူနှင့် သူမဘက်မှ စတင်ခဲ့မိသည်ဆိုသော သူ)

မေ၀င်းလဲ့ရီ(၁.၅.၂၀၁၂)

ကွန့်မန့်များ လွတ်လပ်သလိုရေးနိုင်ပါ၏ အဖြေရကျပ်သော မေးခွန်းများတော့ ရှောင်ရှားပါမည်။ :P

0 comments:

Post a Comment