ပေါက်ကရ လေးဆယ်

Subscribe:

Thursday, July 11, 2013

အဒူမင်းညိုရှင်းတမ်း

ရခိုင်မင်းသမီးဧချင်းရဲ့ စာဆိုတော် ဖဒူမင်းညိုနဲ့ ပတ်သက်တဲ့အချက်အလက်တွေ သမိုင်းကျမ်းတွေ မွှေနှောက်လိုက်ဖတ်ရင်း မထင်မှတ်ပဲ သွားတွေ့ခဲ့ပါတယ်။ ဇွဲသစ် ရမ္မာမြေ လာမေးတုန်းက ၁၉၆၅ခုနှစ် ဟံသာဝတီတိုက်ထုတ် စာအုပ်ကလွဲရင် တခြားပေးစရာ အချက်အလက်တွေ အဆင်သင့်မရှိခဲ့ဘူး။ ဖြစ်ချင်တော့ ဖဒူမင်းညိုမွေးဖွားခဲ့တဲ့ ဒေသက လူတစ်ယောက်နဲ့ စကားစပ်မိတဲ့နောက်ပိုင်း သူပြောပြတဲ့အချက်အလက်တွေကို စာဖတ်တဲ့အချိန် သွားသတိရမိတော့ အဲဒီအကြောင်းအရာကို အသေးစိတ်လေ့လာမိခဲ့ပါတယ်။
လူတော်တော်များများက ဟံသာဝတီတိုက်ထုတ်စာအုပ်မှာပါတဲ့ အဒူမင်းညိုသည် အဗ္ဗဒူမင်းညိုဟူသော ဘွဲ့ဖြစ်ကြောင်းသာ သိရှိရပါသည်ဆိုတဲ့ စာကြောင်းကို ကိုးကားပြီး မူဆလင်လို့ ထင်နေကြတယ်။ ရခိုင်အခေါ်က ဖဒူမင်းညိုဖြစ်ပါတယ်။ တချို့ကျမ်းပြုဆရာတွေကတော့ ဘတူမင်းညိုလို့ သုံးစွဲကြပါတယ်။ အဲဒီအကြောင်းကို ရခိုင်-မြန်မာပဏ္ဍိပ် ဆရာကြီး ဦးဦးသာထွန်းက အဒူမင်းညိုလော၊ ဘဒူမင်းညိုလောဆိုပြီး စာတမ်းတစ်ခု ပြုစုခဲ့ဖူးပါတယ်။ ဧချင်းပါ အကြောင်းအရာတွေအရ မြောက်ဦးခေတ်ရဲ့ တတိယမြောက်ဘုရင် ဘစောဖြူမင်းလက်ထက်က စာဆိုတော်အမတ်တစ်ဦးဖြစ်ပါတယ်။ သူရေးစပ်သီကုံးခဲ့တဲ့ မှောက်တော်ဧချင်းဟာ မြန်မာ့စာပေသမိုင်းမှာ ရှေးအကျဆုံးဧချင်းဖြစ်ပြီး အင်းဝစာဆိုတော် ရှင်သူရဲရဲ့ သခင်ထွေးဧချင်းထက် အနှစ်၂၀ပိုစောပြီး စပ်ဆိုခဲ့တဲ့ ဧချင်းဖြစ်ပါတယ်။ မှောက်တော်ဆိုတာ ရခိုင်ထီးသုံးနန်းသုံး ဝေါဟာရတစ်ခုဖြစ်ပြီး မင်သမီးကိုခေါ်ဆိုတာလို့ သိရပါတယ်။ မင်းသမီး ပုခက်တင်မင်္ဂလာအတွက် စပ်ဆိုခဲ့တဲ့ ဧချင်းဖြစ်လို့ မှောက်တော်ဧချင်း၊ရခိုင်မင်းသမီးဧချင်း၊ ဘဒူမင်းညိုဧချင်းနဲ့ မင်းသမီးစောရွှေကြာရဲ့နာမည်ကို အစွဲပြုလို့ စောရွှေကြာဧချင်းလို့လည်း ခေါ်ကြပါတယ်။ အဲဒီမင်းသမီးပုခက်တင်မင်္ဂလာအထိမ်းအမှတ်အဖြစ် လှူဒါန်းခဲ့တဲ့ ကျောက်ဆင်းတုတော်ကို စောရွှေကြာဘုရားလို့ ခေါ်ကြပါတယ်။

ဖဒူမင်းညိုဟာ ယနေ့ခေတ် ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်မှာ ရှိတဲ့ ဖဒူအရပ်မှာ မွေးဖွားခဲ့သူဖြစ်ပါတယ်။ ဖဒူကျေးရွာအုပ်စုမှာ အောင်လှပြင်၊ဖဒူကြီး၊အလယ်ရွာ၊ ဖဒူချေ၊ ဘုရားချောင်း၊ တန်းတောင် စုစုပေါင်းခြောက်ရွာရှိပါတယ်။ ဒီဒေသဟာ လူသိများတဲ့ ဖရုံကာကျွန်းစုထဲက ဒေသတစ်ခုပါ။ အဲဒီဒေသမှာတည်ရှိတဲ့ ဖားတောင်ချေ၊ဖားတောင်ကြီးဆိုတဲ့ တောင်နှစ်လုံးကို အစွဲပြုလို့ ဖားတူး ကနေ ဖဒူဖြစ်လာတယ်လို့ သိရပါတယ်။

ဘစောဖြူမင်းရဲ့ သမီးတော် ပုခက်တင်မင်္ဂလာအခမ်းအနားအတွက် ယိုင်ချင်း(သို့) ယီးချင်း(ဧချင်း)စပ်ဆိုဖို့ တစ်တိုင်းပြည်လုံးမှာရှိတဲ့ စာဆိုတွေကို ဖိတ်ခေါ်တဲ့အချိန်မှာ ဖဒူရွာသား မင်းညိုဟာ မှောက်တော်ဧချင်းကို စပ်ဆိုဆက်သွင်းရာကနေ ဘုရင်မင်းမြတ် နှစ်ခြိုက်အားရတဲ့အတွက် နန်းတွင်းစာဆိုအဖြစ် မြှောက်စားခံခဲ့ရပါတယ်။ သူ့ရဲ့ဇာတိဖြစ်တဲ့ ဖဒူရွာကိုအစွဲပြုလို့ ဖဒူမင်းညိုလို့ ထင်ရှားခဲ့ပါတယ်။ ခုခေတ်အထိ ပေါက်တော၊ဖဒူကျေးရွာအုပ်စုက ဒေသခံတွေဟာ သူတို့ကိုယ်သူတို့ ဖဒူမင်းညိုရဲ့ မျိုးဆက်တွေအဖြစ် ယုံကြည်နေကြဆဲဖြစ်ပါတယ်။

ဧချင်းရဲ့ မူရင်းပေမူဟာ မြောက်ဦးနန်းတော် မီးရှို့ဖျက်ဆီးခံရတဲ့အချိန်မှာ ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ယုံကြည်ရပါတယ်။ ဒါပေမယ့် သူ့ခေတ်သူ့အခါက အင်မတန်ထင်ပေါ်ကျော်ကြား လူကြိုက်များတဲ့ စာပေလက်ရာတစ်ခုဖြစ်လို့ စာပေလေ့လာလိုက်စားသူ တော်တော်များများက ထပ်ဆင့်ကူးယူမှတ်တမ်းတင်ခဲ့ကြတာကြောင့် ခုခေတ်အထိ လေ့လာခွင့်ရရှိခဲ့တာပါ။ ရမ်းဗြဲကျွန်းက ရရှိခဲ့တဲ့ ရှေးဟောင်းပေမူတစ်ခုမှာတော့ "အမတ်ပဒူမင်းညိုဝ်စတ်သည်" ဆိုပြီး တွေ့ရပါတယ်။

ဂန္တ၀င်မြောက် စာပေလက်ရာတစ်ခုဖြစ်တဲ့ အဲဒီဧချင်းကိုလေ့လာကြည့်ရင် စာဆိုရဲ့ ဗဟုသုတနဲ့ အနုပညာစွမ်းပကားကြီးမားပုံကို ထင်ထင်ရှားရှားတွေ့ရမှာဖြစ်ပါတယ်။ ကဗျာလင်္ကာတွေဟာ စပ်ဆိုခဲ့တဲ့ ခေတ်ကာလကို အပီပြင်ဆုံးဖော်ညွှန်းထားတဲ့ အလွန်ခိုင်မာတဲ့ သမိုင်းအထောက်အထားတွေ ဖြစ်ပါတယ်။ အဲဒါကြောင့် အဲဒီဧချင်းကို သေချာလေ့လာရင်း မြောက်ဦးခေတ်ကို စိတ်ကူးနဲ့ မှန်းဆကြည့်နိုင်ပါလိမ့်မယ်

နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ အစချီပြီး အပိုဒ်(၁)တွင်

ဧ...၊ဧလျက်ပျံ့ပျူး၊ ရိုက်ကာကျူပိမ့်၊ ပေါ်ဦးကမ္ဘာ၊ ကြာငါးပွင့်လိုက်၊ ရောင်မြိုက်ဥာဏ်ဖြူ၊ ငါးဆူရှင်နည်း၊ ပွင့်မည်ချည်းတွင်၊မိတည့်မရောက်၊ လေးပါးနောက်ဝယ်၊ ငါးထောက်ထောင်ကာ၊ သာသနာတွင်း၊ ငါးစင်းအမြတ်၊ န၀တတ်ရေကျ၊ ငါးရာရသား၊ ကစ္ဆပနဒီ၊ ဤသည်ညာမွန်၊ယဉ်ထန်တတက်၊ ပင်လယ်ထွက်မှ၊နှစ်ဘက်ကမ်းပြီ ဖြားရေမီဝယ်၊ ရှေ့ဆီပြုဗ္ဗာ၊ အာကာမှီခိုင်း၊ တောင်ပြိုင်းပြိုင်း၌၊ ဆိုင်းဆိုင်းမဏ္ဍိုင်၊ ရခိုင်ညွှန့်ဖူး၊ မွန်ကြယ်မြူးသို့၊ မြောက်ဦးရွှေနန်း၊ တည်လတ်ထွန်းသည်...ဤကျွန်းဇမ္ဗူထူးတည့်လေ..၊ ထူးတည့်မှောက်တော်၊ ဟုတ်တဲ့သြော်၊ ကျော်သည်တစ်ဆူ၊ ဇမ္ဗူဒီပ၊ ကျွန်းလုံးခသည်၊ မင်းတရာ့တည့်သွေး၊ မှောက်တော်ထွေး..ဧလည်းယင်ယင်ဧ။

လို့ စပ်ဆိုထားပြီး အပိုဒ်(၈)မှာတော့..

နှစ်ကျိပ်ရှစ်ယောက်၊ မင်းများနောက်တွင်၊ လက်အောက်အာဏာ၊ စကြာနတ္တ၊ နေလမတူ၊ မဟူမြတ်မော၊ ဥာဏ်ရောင်ပျောလျက်၊ ရှင်စောဂေါတမ၊ ပွင့်လတ်ထသည်၊ ဘ၀သုံးထိပ် ဦးတည့်လေ.. လို့ပါ ရှိတဲ့အတွက် ရခိုင်လူမျိုး ဗုဒ္ဓဘာသာဝင်ဖြစ်တယ်ဆိုတာကို အခိုင်အမာ သိလိုက်ရပါတယ်။ အဲဒါကြောင့် ဟံသာဝတီတိုက်ထုတ် စာအုပ်ပါ အဗ္ဗဒူမင်းညိုဆိုတဲ့ အကြောင်းအရာအပေါ် အခြေခံပြီး မူဆလင်ဖြစ်တယ်လို့ ထင်မှတ်နေသူတွေအတွက် ဗဟုသုတမျှဝေပေးလိုက်ပါတယ်။

0 comments:

Post a Comment