ပြဿနာများဖြင့်
ကန့်လန့်ကာချ၍ ဇာတ်သိမ်းခဲ့လေပြီ။ ဘ၀တွင် မျှော်လင့်ခဲ့သမျှ၊ ရည်မှန်းခဲ့သမျှ၊ ကြိုးစားတည်ဆောက်ခဲ့သမျှသော
အရာဟူသမျှတို့ကား ဇာတ်သိမ်းခန်းနှင့်အတူ ပါသွားလေပြီ။ သူရင်ဆိုင်ရန် မျှော်လင့်ခဲ့သည့်
ဇာတ်သိမ်းခန်းကား ဤသို့မဟုတ်ချေ။ မီးစာမကုန်မှီ ဆီမခန်းမှီ ရင်ကွဲခန်းဖြင့် အိပ်မက်တို့
ဇာတ်သိမ်းခဲ့လေပြီ။
ဆောင်းကြိုရာသီ၏
ညသည် လေရူးများဖြင့် သွေးပျက်ဖွယ် ကောင်းလှသည်။ ၀ါကျင့်ကျင့် လမ်းမီးရောင်များ အောက်တွင်
လေတိုက်၍ ယိမ်းနွဲ့နေသော သစ်ပင်တို့သာ သက်ရှိအနေဖြင့် မြင်တွေ့နေရသည်။ ၀ရံတာ၌ သူထွက်ထိုင်နေသည်မှာ
ညနေစောင်း ကတည်းကပင်။ ဆေးလိပ်တစ်ဗူး ကုန်သွားသည်ကို သတိထားမိတော့မှ ညသန်းခေါင် ကျော်နေပြီကို
သူသတိပြုမိသည်။ ညစာ မစားရသေးသဖြင့် ဗိုက်က အောင့်လာသည်။ ထိုင်ခုံမှထသည့်အချိန် ထုံကျင်နေသည့်
ခြေထောက်များက ခန္ဓာကိုယ်အား မတ်တပ်ရန် ခွင့်မပြု။ ကြမ်းပြင်ပေါ် ထိုင်ချရင်း အိတ်တွင်းမှ
ဖုန်းကို ထုတ်ကြည့်မိသည်။ ဖုန်းမျက်နှာပြင်ပေါ်မှ သူမ၏အပြုံးသည် သူ့အား တဒင်္ဂ လန်းဆန်းသွားစေသည်။
မခေါ်ဖြစ်သည့် နံပါတ်လေးအား ၀တ္တရားမပျက်ဖွင့်ကြည့်ပြီးနောက် အိမ်တွင်းသို့ သူပြန်ဝင်လာခဲ့သည်။
***********