ပေါက်ကရ လေးဆယ်

Subscribe:

Monday, September 29, 2014

ဇာတ်သိမ်း၏ နောက်ကွယ်


ပြဿနာများဖြင့် ကန့်လန့်ကာချ၍ ဇာတ်သိမ်းခဲ့လေပြီ။ ဘ၀တွင် မျှော်လင့်ခဲ့သမျှ၊ ရည်မှန်းခဲ့သမျှ၊ ကြိုးစားတည်ဆောက်ခဲ့သမျှသော အရာဟူသမျှတို့ကား ဇာတ်သိမ်းခန်းနှင့်အတူ ပါသွားလေပြီ။ သူရင်ဆိုင်ရန် မျှော်လင့်ခဲ့သည့် ဇာတ်သိမ်းခန်းကား ဤသို့မဟုတ်ချေ။ မီးစာမကုန်မှီ ဆီမခန်းမှီ ရင်ကွဲခန်းဖြင့် အိပ်မက်တို့ ဇာတ်သိမ်းခဲ့လေပြီ။
ဆောင်းကြိုရာသီ၏ ညသည် လေရူးများဖြင့် သွေးပျက်ဖွယ် ကောင်းလှသည်။ ၀ါကျင့်ကျင့် လမ်းမီးရောင်များ အောက်တွင် လေတိုက်၍ ယိမ်းနွဲ့နေသော သစ်ပင်တို့သာ သက်ရှိအနေဖြင့် မြင်တွေ့နေရသည်။ ၀ရံတာ၌ သူထွက်ထိုင်နေသည်မှာ ညနေစောင်း ကတည်းကပင်။ ဆေးလိပ်တစ်ဗူး ကုန်သွားသည်ကို သတိထားမိတော့မှ ညသန်းခေါင် ကျော်နေပြီကို သူသတိပြုမိသည်။ ညစာ မစားရသေးသဖြင့် ဗိုက်က အောင့်လာသည်။ ထိုင်ခုံမှထသည့်အချိန် ထုံကျင်နေသည့် ခြေထောက်များက ခန္ဓာကိုယ်အား မတ်တပ်ရန် ခွင့်မပြု။ ကြမ်းပြင်ပေါ် ထိုင်ချရင်း အိတ်တွင်းမှ ဖုန်းကို ထုတ်ကြည့်မိသည်။ ဖုန်းမျက်နှာပြင်ပေါ်မှ သူမ၏အပြုံးသည် သူ့အား တဒင်္ဂ လန်းဆန်းသွားစေသည်။ မခေါ်ဖြစ်သည့် နံပါတ်လေးအား ၀တ္တရားမပျက်ဖွင့်ကြည့်ပြီးနောက် အိမ်တွင်းသို့ သူပြန်ဝင်လာခဲ့သည်။
                                                       ***********

လေဆိပ်စက်လှေကားမှ ဆီးကြိုသူများစောင့်ဆိုင်းရာ နေရာသို့ သူလှမ်းကြည့်လိုက်သည်။ လပေါင်းများစွာ တရှိုက်မက်မက် မျှော်လင့်ခဲ့ရသည့် အခိုက်အတန့်သို့ ရောက်လုဆဲအချိန်တွင် စိတ်လှုပ်ရှားမှုကြောင့် သူ့တကိုယ်လုံးတုန်ရီနေသည်။ ပြင်းထန်သော ရင်ခုန်မှုကြောင့် အသက်ရှူမ၀သကဲ့သို့ ခံစားရပြီး နားထင်နှစ်ဖက်တွင် သွေးတိုးမှုကြောင့် တဆတ်ဆတ်တုန်ကာ မူးဝေလာသည်။ လူအုပ်ထဲတွင် သူမအား ရှာမတွေ့သေး။ စက်လှေကား ဆုံးခါနီးဆဲဆဲတွင် လူအုပ်ကြားမှ ဗီဒီယိုကင်မရာ တစ်လုံးဖြင့် လက်ယမ်းပြနေသည့် သူငယ်ချင်းအား တွေ့လိုက်ရသည်။ ၀မ်းသာလှိုက်လှဲသော အပြုံးဖြင့် သူလက်ပြန်ယမ်းပြသည့် အချိန်တွင် သူ့မြင်ကွင်းထဲသို့ တစုံတယောက် ၀င်ရောက်လာခဲ့သည်။ ရွှန်းစိုရီဝေသော မျက်လုံး၊ တောက်ပစင်ကြယ်သော အပြုံးနှင့် သူအနှစ်သက်ဆုံး အပြာရောင်ဝမ်းဆက်အား ၀တ်ဆင်ထားသည့် သူမသည် သူ့အား တဒင်္ဂသတိလက်လွတ် ဖြစ်သွားစေခဲ့သည်။ တချိန်က ဓာတ်ပုံ၊ ဗီဒီယိုတို့၌သာ မြင်တွေ့ဖူးသည့် သူမအား ပထမဆုံး အပြင်၌မြင်တွေ့ရသည့် ခံစားမှုအား ခိုင်းနှိုင်းဖော်ပြနိုင်မည့် စကားလုံး သူရှာမရချေ။ စက္ကန့်အနည်းငယ် အကြာ စက်လှေကား ဆုံးသွားသည့်အချိန် ယိုင်လဲလုလု ဖြစ်သွားတော့မှ သူမအား ၀မ်းသာအားရ လက်ဝှေ့ယမ်းပြရန် သတိရမိတော့သည်။ ခရီးဆောင်အိတ် ရွေးရန် သတိမရပဲ စက်လှေကားခြေရင်းမှ သူမအနီး ရောက်သည်အထိ သတိလက်လွတ် ပြေးထွက်လာသော သူ့အား လူအများက ၀ိုင်းကြည့်နေကြသည်။ သူမကား သူ့အဖြစ်ကိုကြည့်ပြီး ပါးစပ်ကို လက်ဖြင့်အုပ်၍ ရယ်မောနေသည်။ မျက်နှာချင်းဆိုင် ဆုံသည့်ခဏ နှစ်ဦးစလုံး၏ မျက်ဝန်းအိမ်၌ မျက်ရည်စတို့ တွဲခိုလျက်။ ပတ်ဝန်းကျင်အား မေ့လျော့ပြီး သူမအား မြတ်နိုးစွာ သူသိုင်းဖက်လိုက်သည်။ သေးကွေးသော သူမ၏ခန္ဓာကိုယ်လေးမှာ သူ့ရင်ခွင်ထဲ နစ်မြှုပ်သွားသည်။ သူမ၏ပါးပြင်တလျှောက် အနမ်းတို့တရစပ် ဖြတ်ပြေးသွားပြီး သူမ၏ကိုယ်သင်းနံ့က သူနှစ်ပေါင်းများစွာ ရင်ဆိုင်ခဲ့ရသည့် ဘ၀အမောတို့အား ပြေကျပျောက်ကွယ် သွားစေခဲ့သည်။ သူ့ဘ၀တလျှောက်လုံး၏ ပျော်ရွှင်ကြည်နူးဆုံး အချိန်အား ကြိုတင်အကူအညီ တောင်းထားသည့်အတိုင်း သူငယ်ချင်းဖြစ်သူက အနီးမှ ကင်မရာဖြင့် မှတ်တမ်းတင်လျက်ရှိသည်။ ထိုအချိန်မှစ၍ သူ့ဘ၀သည် သူမနှင့်အတူ အသစ်ပြန်လည်မွေးဖွားခဲ့လေပြီ။
                                                    
                                                         **********

အိပ်မက်သည် အိပ်မက်သာဖြစ်သည်။ ရုပ်ရှင်များတွင် တင်ဆက်လေ့ရှိသည့်အတိုင်း အပြင်လောက၌ ဖြစ်လာတတ်သည့် အရာမဟုတ်ပေ။ တောင့်တစိတ်၏ လှည့်ဖျားမှုအား အိပ်ရာမှနိုးသည့်အခါတိုင်း အမြဲတစေ နှမြေတသဖြစ်ကျန်ခဲ့ရသည်။ ယခင်နေ့ရက်များကဲ့သို့ မထူးဆန်းသော နံနက်ခင်းက သူ့အား မရိုးနိုင်သော အထီးကျန်မှုဖြင့် နှုတ်ခွန်းဆက်လျက် ရှိသည်။ အစာအိမ်မှ အစာတောင်းသည့်အတွက် ဗိုက်ထဲမှ စူးခနဲအောင့်သည့် ဝေဒနာက အိပ်ယာထဲမှ မထသေးသည့် သူ့အား အိပ်ခန်းတွင်းမှ ချက်ချင်း ထွက်ရန် အမိန့်ပေးနေသည်။ မျက်နှာမသစ်၊ သွားမတိုက်ပဲ နို့စိမ်းတစ်ခွက်အား ပျို့အန်လိုစိတ်ကို ထိန်းချုပ်၍ သူ ကြိတ်မှိတ်မြိုချနေရသည့် အချိန်တွင် မိသားစုစုံညီသော ထမင်းဝိုင်း၌ သူမတစ်ယောက် ကြည်နူးပေါ့ပါးစွာ ညစာသုံးဆောင် နေပေလိမ့်မည်။ သူမအကြောင်း တွေးလိုက်သည်နှင့် ညှီစို့သော နို့အရသာနှင့် ပြို့အန်ချင်သည့် ခံစားမှုတို့အား သူမေ့သွားသည်။ မြိန်ယှက်စွာ ညစာစားနေသော သူမအား ထမင်းပွဲနဘေးမှ နို့သောက်ရင်း ကြည်နူးစွာ သူရပ်ကြည့်နေသည် မဟုတ်ပါလား။

                                                     ***********

ပီဘိ အိမ်ရှင်မကြီး တစ်ယောက်၏ အိုက်တင်ဖြင့် မီးဖိုချောင်တွေ လက်စွမ်းပြနေသော သူမအား မိခင်နှင့် အစ်မဖြစ်သူက ရယ်မောကာ နောက်ပြောင်နေကြသည်။ ဟင်းအိုးအပေါ့အငန် မြည်းနေသည့် သူမက ပြုံးမဲ့မဲ့ဖြင့် စိတ်ဆိုးချင်ယောင်ဆောင်ကာ နောက်ပြောင်နေသူများကို ပြန်အော်လိုက်သည်။ ထို့နောက် သူ့ဖက်သို့လှည့်ပြီး ရယ်မောကာ လျှာထုတ်ပြသည်။ အငယ်ဆုံးဖြစ်၍ ခလေးတယောက်နှယ် အလိုလိုက်ခံထားရသည့် သူမသည် မီးဖိုချောင်နှင့် စိမ်းသူဖြစ်ကြောင်း သူသိသည်။ ယခင်က ဟင်းအချက်အပြုတ်နှင့် ပတ်သက်၍ သူစကားနာထိုးသည့်အခါတိုင်း သူမစိတ်ကောက်လေ့ရှိသည်။ ထိုသို့ စိတ်ကောက်သည်ကပင် သူမအား အချစ်ပိုစရာ ဖြစ်သဖြင့် ထိုအကြောင်းအား သူ မကြာခဏ စကားနာထိုးလေ့ ရှိသည်။ သူ၏ စွပ်စွဲချက်များ မဟုတ်မှန်ကြောင်း သက်သေပြရန် ယနေ့ သူမကိုယ်တိုင် ဈေးသွား၍ မီးဖိုချောင်ဝင်သည်။ မိခင်နှင့်အစ်မတို့ အိမ်ရှေ့ပြန်ထွက်သွားသောအခါ သူမက ၀င်မကူပဲ ထိုင်နေသော သူ့အား စကားနာထိုးပြန်သည်။ သူပြန်စနောက်သောအခါ သူမက လက်ထဲမှ ယောက်မဖြင့် သူ့ကို လာရိုက်သဖြင့် မီးဖိုချောင်တွင်း ပတ်ပြေးနေရသည်။ နောက်ဆုံးတွင် သူအလံဖြူထောင်ပြီး ဆောင့်ကြောင့်ထိုင်ကာ ငရုတ်သီး ၀င်ထောင်းရတော့သည်။ ထိုနေ့က နေ့လည်စာသည် သူ့ဘ၀၌ အမြိန်ဆုံး ထမင်းတနပ်ဖြစ်ခဲ့သည်။

                                                       **********

စွပ်ပြုတ်ထဲထည့်ရန် ကြေရုံထောင်းရမည့် ကြက်သွန်ဖြူတို့ကား စိတ်ကူးရေယာဉ်ကြောတွင် နစ်မြောနေသည့် သူ့လက်ချက်ဖြင့် ငရုတ်ဆုံထဲတွင် ညက်ညက်ကြေသွားလေပြီ။ သန့်ရှင်းရေး မလုပ်သည်မှာ ကြာပြီဖြစ်သည့် မီးဖိုချောင်မှ အောက်သိုးသိုး အနံ့အသက်တို့က သူအား စားချင်သောက်ချင်စိတ် ကုန်ခန်းအောင် ဖန်တီးလျက် ရှိသည်။ ထမင်းကြမ်းနွေးထားသည့် မိုက္ကရိုဝေ့ဗ်မှာလည်း ဆီဂျီးအထပ်ထပ်ဖြင့် ညစ်ပတ်လျက်။ ဆူပွက်နေသည့် စွပ်ပြုတ်အိုးထဲသို့ ကြက်သွန်ဖြူနှင့် စပါးလင်ထည့်ပြီး အိမ်ရှေ့ခန်းသို့ သူထွက်လာခဲ့သည်။ ဖုန်းကိုထုတ်ပြီး ဖေ့ဘုတ်ပေါ်မှ သူမ၏ တနေ့စာလှုပ်ရှားမှုများအား တခုချင်းဖွင့်ကာ တစိမ့်စိမ့် သူကြည့်နေမိသည်။ သူမရေးထားသမျှ စာများတွင် သူ့အကြောင်း စိုးစဉ်းမျှ မပါပေ။ စို့တက်လာသည့် မျက်ရည်စတို့အား ပုတ်ခတ်ဖယ်ရှားပြီး သက်ပြင်းကို လေးတွဲ့စွာ ချရင်း သူမအကောင့်၏ ၂၀၁၃နှင့် ၂၀၁၂ ခုနှစ်များတွင် ရေးသားခဲ့သည့် ပို့စ်များကို သူလိုက်ရှာမိသည်။ တချိန်က သူမရေးခဲ့သမျှတို့အား တခုချင်းပြန်ဖတ်သည့် အချိန်တွင် သူ့နှလုံးသားတို့ ပြန်လည် ပူနွေးလာခဲ့သည်။ ရင်ခုန်သံတို့ ပြန်လည်စည်းချက် မှန်လာခဲ့သည်။ ထိုအခိုက်အတန့်တွင် သူ့အနီးသို့ သူမပြန်လည် ရောက်ရှိလာခဲ့သည်။ ကြည်နူးပီတိတို့ဖြင့် ပစ္စုပ္ပန်အား မေ့လျော့နေသည့်အချိန် အိမ်တွင်းမှ မီးခိုးများနှင့်အတူ စူးရှစွာထွက်ပေါ်လာသည့် မီးအချက်ပေး Alarm သံကြောင့် မီးဖိုချောင်သို့ ထိတ်လန့်တကြား သူပြေးသွားလိုက်ရသည်။ စွတ်ပြုတ်အိုးကား မီးဖိုပေါ်တွင် တူးခြစ်လျက်။

                                                ***********

လတ်ဆတ်သော ပင်လယ်လေအား မက်မောစွာ ရှူရှိုက်ရင်း လေနှင့်အတူ တဖြတ်ဖြတ်လွင့်မြောနေသော သူမ၏ ဆံနွယ်များအား မထိတထိ မွှေးကြူနေမိသည်။ ချောင်းမှ မြစ်၊ မြစ်မှ ပင်လယ်သို့ ရောက်ခါနီးလေလေ လေတိုက်နှုန်းက သိသိသာသာ တိုးလာသည်။ မော်တော်နှင့် ခပ်လှမ်းလှမ်းတွင် ရေပြင်ပေါ်သို့ ခုန်ပျံမြူးတူးနေသော ငါးတစ်အုပ်အား ခလေးငယ်တစ်ယောက်နှယ် အံ့သြသင့်စွာ ကြည့်နေသည့် သူမ၏ပုံစံက သူ့အတွက် ရှုမငြီးလောက်အောင်ပင်။ နှစ်ပေါင်းများစွာ ဝေးကွာနေခဲ့သည့် ဇာတိမြေသို့ ရောက်ခါနီးလေလေ သူ့ရင်ခုန်သံတို့က ပို၍မြန်ဆန်လာသည်။ သင်္ဘောဆိပ်တွင် စောင့်ကြိုနေမည့် သူငယ်ချင်းများရှေ့တွင် ချစ်ဇနီးအား လက်တွဲ၍ ကြွားခွင့်ရမည့် အချိန်အား စဉ်းစားရင်း သူပျော်နေမိသည်။ တအိအိ ခုတ်မောင်းနေသော မော်တော်သည် ပင်လယ်တွင်းသို့ ရောက်ရှိလာသောအခါ လှိုင်းပုတ်မှုကြောင့် အနည်းငယ်လူးလိမ့်လာသည်။ ပင်လယ်နှင့်ပတ်သက်၍ အတွေ့အကြုံမရှိသော သူမ၏မျက်နှာတွင် ကြောက်လန့်သည့် အရိပ်အယောင် မသိမသာ ပေါ်လာပြီး သူ့အနီးသို့ ပို၍တိုးကပ်လာသည်။ သူ့ရင်ခွင်တွင် မှီနွဲ့နေရင်းမှ ရုတ်တရက် သူမထရပ်လိုက်သောအခါ သူအနည်းငယ် လန့်ဖြန့်သွားသည်။ လူးလိမ့်နေသည့် မော်တော်ပေါ်တွင် မြဲမြဲမရပ်တတ်သည့် သူမအား လဲကျမည်စိုးရိမ်၍ လှမ်းဆွဲလိုက်သောအခါ သူ့ရင်ခွင်တွင်းသို့ သူမတကိုယ်လုံး လဲပြိုကျသွားတော့သည်။ ထို့နောက် လှိုင်းမူး၍ မထိန်းနိုင်ပဲ အန်ချလိုက်သည့် သူမကြောင့် ရှိုးအပြည့်ထုတ်လာသော သူ့တကိုယ်လုံး အန်ဖတ်များဖြင့် ပေပွသွားလေတော့သည်။

                                                ***********

အိပ်မက်မှ ပြန်ထွက်လာသည့် သူသည် နယူးယောက်စီးတီးသို့ ထွက်ခွာလာသော ရထားပေါ်တွင် စီးနင်းလိုက်ပါလျက်ရှိသည်။ လမ်းတလျှောက် မြို့ပြအဆောက်အအုံ တခုနှစ်ခုသာ တွေ့ရပြီး ရေကန်၊မြစ်ချောင်း၊ စိုက်ခင်းများနှင့် သာယာလှပလှသည့် ရှုမျှော်ခင်းတို့ကြောင့် လက်ရှိဘ၀၏ မွန်းကြပ်မှုတို့ တဒင်္ဂ သက်သာသွားသယောင် ခံစားမိသည်။ သူ့ဘေးမှ ခရီးသည်မှာ အဆိုပါအလှအပများကို ခံစားတတ်ဟန်မတူချေ။ ဖုန်းတစ်လုံးဖြင့် အလုပ်ရှုပ်လျှက်ရှိသည်။ ကျေးလက်ဆန်သည့် မြင်ကွင်းတို့အား ဖြတ်ကျော်ပြီးနောက် မိုးမျှော်တိုက်များဖြင့် ခန့်ငြားထည်ဝါလှသည့် နယူးယောက်စီးတီးသို့ ၀င်ရောက်လာသည့်အချိန် ပတ်ဝန်းကျင်အား ခံစားရန် သူသတိမရပဲ ဆက်လက်လုပ်ဆောင်ရမည့် အစီအစဉ်တို့ ဦးနှောက်ထဲ အဆက်မပြတ် ၀င်ရောက် လာသည်။ မြို့ပတ်ရထားစီးပြီး နာမည်ကျော် ဘရော့ဝေးလမ်းမသို့ သူရောက်သွားသည့်အခါ ဘေးတဖက်တချက်ရှိ ခေတ်မှီဖက်ရှင် ကုန်တိုက်များ၏ ခင်းကျင်းပြသထားမှုက သူ့အား ရုန်းထွက်မရအောင် ဖမ်းစားသွားတော့သည်။ ခေတ်မှီဆန်းသစ်သော အမျိုးသမီးဖက်ရှင်များအကြားတွင် လမ်းလျှောက်ရင်း သူမနှင့် လိုက်ဖက်မည့် ဖက်ရှင်များအား သူသတိလက်လွတ် ငေးမောနေမိသည်။ သူမသာ သူ့အနီးတွင် ရှိမည်ဆိုပါက ပျော်ရွှင်မြူးတူး နေပေလိမ့်မည်။ တစ်နေရာသို့ ရောက်သောအခါ သတိလက်လွတ် ငေးမောနေသော သူ့အား  အရောင်းဝန်ထမ်း အမျိုးသမီးတစ်ဦးက ကူညီရန် လာမေးသည့်အတွက် ပြန်ပြောစရာ စကားလုံးရှာမတွေ့ပဲ ရုတ်တရက် ဆွံ့အသွားသည်။ ထိုအချိန်တွင် ချိန်းဆိုထားသူထံမှ ဖုန်းဝင်လာသဖြင့် ကံကောင်းထောက်မစွာ သူ့အတွက် ထွက်ပေါက်ရသွားသည်။ ဖုန်းပြောရင်း အူကြောင်ကြောင်ဖြင့် ပြေးထွက်သွားသော သူ့အား Victoria Secret ကောင်တာမှ အရောင်းဝန်ထမ်း အမျိုးသမီးက ပြုံးစိစိကြည့်၍ ကျန်ရစ်ခဲ့သည်။

***********

ချစ်ခြင်းဖြင့် ဖွဲ့သီအပ်သော တေးသီချင်း၊ ကဗျာတို့သည် လည်းကောင်း၊ ချစ်ခြင်းအကြောင်း ပုံဖော်ထားသည့် ရုပ်ရှင်ဇာတ်လမ်း ၀ထ္ထုစာပေတို့သည် လည်းကောင်း၊ ချစ်ခြင်းဖြင့် အပြန်အလှန် ယုယကြင်နာလျှက် ရှိသည့် လူပုဂ္ဂိုလ်များနှင့် အဟိတ်တိရိစ္ဆာန်တို့သည် လည်းကောင်း ချစ်ခြင်း၏ ဖိစီးနှိပ်စက်မှုအား မချိမဆန့် လူးလိမ့်ခံစားနေရသော သူ့အား ဝေဒနာတိုးစေလျက်ရှိသည်။ သူ့တသက်တွင် ပိုင်ဆိုင်ခွင့် မရခဲ့သည့် အရာတို့အား ပိုင်ဆိုင်ခွင့် ရရှိသူအပေါင်းအား သူမည်သည့်အခါမျှ မုဒိတာပွားနိုင်လိမ့်မည် မဟုတ်ချေ။ ပြင်ပလောက၌ တကြိမ်တခါမျှ ယုယခွင့်မရခဲ့သည့် ချစ်သူအား သူဆုံးရှုံးခဲ့ရသည်။ ဤမျှကြီးမားလှသည့် ၀ဋ်ဒုက္ခအား ခံစားရမည်မှန်း ကြိုသိခဲ့ပါလျှင် သူနှင့် ချစ်သူဖြစ်သည့် အချိန်မှစတင်၍ ဇာတ်သိမ်းခန်းအထိ သူမသိအောင် သူမကွယ်ဝှက်ထားသော ၀ှက်ဖဲတစ်ချပ်အား သံသယကြီးစွာ ဖော်ထုတ်ရန် သူလုံးဝကြိုးပမ်းခဲ့လိမ့်မည် မဟုတ်။ အလျှော့ပေး အလိုလိုက်မှုကို ခုံမင်သော ချစ်သူအား စကားနိုင်လုရန် သူမည်သည့်အခါမျှ ကြိုးပမ်းခဲ့လိမ့်မည် မဟုတ်။ အစစအရာရာ စိုးရိမ်ပူပန်တတ်သော ချစ်သူအား သူ့ဘ၀၏ ခက်ခဲကြမ်းတမ်းမှု၊ တာဝန်ကြီးမားမှု၊ အန္တရာယ်များမှု အစရှိသည်တို့ကို မည်သည့်အခါမျှ ရင်ဖွင့်ပြောပြဖြစ်ခဲ့လိမ့်မည် မဟုတ်ချေ။ သူမ အသိမပေးလိုသည့် အရာကို သိရန်ကြိုးပမ်းမိသော၊ သူမအား အသိမပေးသင့်သည့် အရာများအား အချိန်မတန်ခင် ဖွင့်ဟမိသော အပြစ်တို့ကြောင့် သူမအနီးမှ ဘ၀တပါးသို့ သူထွက်ခွာသွားခဲ့ရသည်။ မမြင်ရ၊ မကြင်ရ၊ မကြားရသော ချစ်ခြင်း၏ နိဂုံးအား နှစ်ဦးစလုံးမှ အမုန်းတရားဖြင့် အဆုံးသတ်လိုစိတ် မရှိခြင်းသာ ဖြေစရာရှိခဲ့သည်။ ယခင်ကဲ့သို့ အဆက်အဆံမရှိတော့သော်လည်း သူမ၏ သူ့အတွက် စိုးရိမ်ပူပန်ခြင်း၊ သူ၏ သူမအတွက် စိုးရိမ်ပူပန်ခြင်း တို့ဖြင့် နောက်ပိုင်းကာလများ၌ သူဆက်လက် အသက်ရှင်နေခဲ့ရသည်။ အကယ်၍ သူတို့ချစ်သူနှစ်ဦး၏ ဇာတ်သိမ်းခန်းသည် ရှင်ကွဲမဟုတ်ပဲ သေကွဲဖြစ်ခဲ့လျှင် လက်ပြနှုတ်ဆက်သွားသူမှာ သူမဖြစ်ပါက ယခုအချိန်တွင် သူမနောက်သို့ သူလိုက်ပါပြီး ဖြစ်နေပေလိမ့်မည်။ တချိန်တခါက သူမ၏ ချစ်ခြင်းသည်လည်း သူ့ထက်လျှော့နည်းခဲ့လိမ့်မည် မဟုတ်ချေ။


မည်သို့ပင် အထင်လွဲစရာ၊ ကဲ့ရဲ့ပြစ်တင်ဝေဖန်ရှုံ့ချစရာ ဖြစ်နေစေကာမူ သူတို့ချစ်သူနှစ်ဦး၏ အပြန်အလှန် ချစ်ခြင်းသည် အပြစ်ကင်းစွာ ဖြစ်တည်ခဲ့သည်ကို သူသစ္စာဆိုဝံ့ပါသည်။ ယခုအချိန် ထိုသစ္စာစကား၏ မှန်ကန်သော အကျိုးအားကြောင့် တောင်းဆုတစ်ခု ပြည့်ခွင့်ရမည်ဆိုပါလျှင် ဘ၀၏ မီးဇာကုန်ဆီခမ်းသည့် အရွယ်ကျမှသာ သူမနှင့် ဇာတ်သိမ်းခန်းအား ကခွင့်ရလိုပါ၏။ ဖြစ်ခြင်း၊ပျက်ခြင်း လောကနိယာမအတွင်း၌ တရားသဘောဖြင့် အလိုက်သင့် မစီးမြောနိုင်သော ပရိဒေ၀သမား၏ ဥဒ္ဓစ္စမှတ်စုကား ဤတွင်ပြီး၏။

ဘွရှင် (၂၉၊၉၊၂၀၁၄)

2 comments:

  1. စိတ်မကောင်းပါဘူးဗျာ ...
    ကျနော် ဖေ့စ်ဘုတ်သုံးခဲ့တဲ့ သက်တမ်းတစ်လျှောက်လုံးအတွက် ခင်ဗျားတို့ဟာ အမှတ်ရစရာ ... အမှတ်ရမိတဲ့ သူတွေပါ ...

    ကံကောင်းပါစေဗျာ ... :(

    ReplyDelete