Koh Tao ကျွန်းပေါ်မှ ဘွရှင် အလုပ်လုပ်ခဲ့ဖူးသည့် Charm Churee Villa Resort |
ရောက်ရောက်ချင်း Resort တစ်ခုမှာ တစ်လ ဘတ်၃ထောင်နဲ့ စရိတ်ငြိမ်း အလုပ်ရပါတယ်။ မနက် ၆နာရီကနေ ည၁၁ နာရီထိ နားချိန်မရှိ အလုပ်လုပ်ရပါတယ်။ မနက်အိပ်ယာက ထတာနဲ့ ကျေးဇူးရှင် သကောင့်သား အဖြူတွေ၊အဖြူမတွေ နို့လှန်၊ဖင်လှန် နေပူဆာခံလို့ရအောင် ကမ်းစပ်မှာ တညလုံး လှိုင်းပုတ်လို့ တင်နေတဲ့ ဒိုက်ဖတ်၊သစ်ဆွေး၊ ပိုက်စုတ်၊ ၀ါးလုံးနဲ့ ရေသန့်ဗူးခွံတွေကို တစမကျန် ပြောင်စင်နေအောင် သန့်ရှင်းရေးလုပ်ရပါတယ်။ အဲဒါပြီးရင် စားသောက်ဆိုင်ခင်း၊ ပန်းပင်ရေလောင်း၊ Breakfast ရောင်းဖို့ စားဖိုဆောင် ချက်ပြုတ်ရာမှာ ကူရပါတယ်။ အဲဒါပြီးရင် ဧည့်သည်တွေလာတာနဲ့ စားပွဲထိုးရပါတယ်။ ဧည့်သည်ပါးတာနဲ့ ပန်းကန်ဆေး၊ သန့်ရှင်းရေးလုပ်။ ကြားထဲမှာ ဆေးလိပ်တောင် သောက်ချိန်မရပါဘူး။ မနက်စာကို မတ်တတ်စားရပါတယ်။ အဲဒါတွေ ပြီးရင်တော့ မနက် ၁၁နာရီကျော်နေပါပြီ။ သောင်ပြင်မှာလည်း နို့ပြောင်ပြောင်၊ ဖင်ပြောင်ပြောင်နဲ့ ဖြူဆွဆွ မောင်မယ်တွေ ပက်လက်လန် ကျောခင်းနေကြပါပြီ။ သွားဂလုချင်ပေမယ့် တာဝန်နဲ့ဝတ္တရားက မျက်နှာသာ မပေးပါဘူး။ မြက်ရိတ်စက်လေးရယ်၊ အမှိုက်ခြင်းနဲ့ တံမြက်စည်းလေး ကောက်ကိုင်ပြီး ဘန်ဂလိုတွေကြား ပေါင်းပင်နဲ့ မြက်ခင်းတွေကို လိုက်ရိတ်ရပါတယ်။ ဘန်ဂလိုဝရံတာတွေပေါ်မှာ ဆေးခြောက်ရှူတဲ့ကောင်တွေ၊ အထက်အောက် အ၀တ်ဗလာနဲ့ အပြန်အလှန် အကြင်နာပေးနေကြတဲ့ တိုးရစ်စုံတွဲတွေလည်း မကြာခဏ မြင်ရတတ်ပါတယ်။ သူဌေးက ပြင်းပြင်းထန်ထန် သတိပေးထားလို့ Porn အဆင့်ထိ ဒီဂရီတက်နေတာ မြင်ရပေမယ့် ယောင်လို့တောင် မချောင်းရဲခဲ့ပါဘူး။
အဲလိုနဲ့ မြက်ရိတ်ပြီးတဲ့အချိန် နေ့လည်တစ်နာရီခွဲသွားပါပြီ။ စားဖိုဆောင်ထဲ ထမင်းဝင်စား ပြီးတာနဲ့ ချက်ချင်း နောက်အလုပ်တစ်ခုကို ပြန်စရပါတယ်။ ထမင်းလုပ် ဗိုက်ထဲမရောက်သေးပဲ လည်ချောင်းမှာ တင်နေတဲ့အချိန် မွန်းလွဲနေပူရှိန်အောက်မှာ သကောင့်သား ကျေးဇူးရှင်များ ဘေးမသီရန်မခပဲ ကမ်းခြေဆီလာနိုင်ဖို့ တောင်နှစ်လုံးကို ဘူဒိုဇာနဲ့ ဖြတ်ဖောက်ထားတဲ့ တောလမ်းအကြမ်းကို ပြင်ရပါတယ်။ သဲမြေဖြစ်တဲ့အတွက် မိုးရွာရင် လမ်းခဏခဏပျက်တတ်ပါတယ်။ တောင်ကလည်း အရမ်းမတ်စောက်တော့ အဆင်းအတက် မတ်တဲ့နေရာတွေမှာ အရှိန်ထိန်းဖို့ မြေဖို့ပေးရပါတယ်။ ရေတိုက်စားပြီး မြောင်းပေါ်နေတဲ့ နေရာတွေကို မြေပြန်ဖို့ ပေးရပါတယ်။ သောက်စရာ ရေတစ်ဗူးနဲ့ ပေါက်တူး ပေါက်ချွန်း ဂေါ်ပြား မြေသယ်ခြင်းတွေနဲ့ တစ်ကောင်တည်း ကျုံးရတာပါ။ သူဌေးက ဆိုင်ကယ်နဲ့ ရောက်လာပြီး လုပ်ရမယ့်နေရာတွေကို ပြသွားပါတယ်။ ပြီးရမယ့်အချိန်ကိုလည်း ကြိုမှာသွားပါတယ်။ ဆိုတော့ခါ ခိုလို့မရပါဘူး။ တောင်ထိပ်ရောက်ဖို့ မိနစ်၂၀လောက် ပေါက်တူးတွေထမ်းပြီး တက်ရပါတယ်။ ၂နာရီကျော်လောက်က စလုပ်တာ ညနေ ၅နာရီလောက်မှ ပြီးပါတယ်။ လူလည်းဟိုက်နေပါပြီ။ ဒီအလုပ်က မိုးရွာတိုင်း တက်လုပ်ရတဲ့အလုပ်ပါ။ မိုးမရွာရင်တော့ ဘန်ဂလိုအသစ်ဆောက်မယ့် နေရာအတွက် တောခုတ်ရပါတယ်။ တောခုတ်ရင်း ပျားတုပ်လို့ အီစလံဝေတဲ့နေ့တွေလည်း ရှိပါတယ်။
တခါတလေ အပျော်တမ်းရေငုပ်တဲ့နေရာတွေကို လိုက်ပို့တဲ့ Diving မော်တော်က အကူအလုပ်သမား မလာရင် အောက်ဆီဂျင်ဗူးတွေဖြည့်တာ၊ ထမ်းချတာ လုပ်ရပါတယ်။ အထုတ်ထမ်းရတာကတော့ သူဌေးဈေးဝယ်ပြီး ပြန်လာတိုင်း ဆန်အိတ်၊ဘိလပ်မြေ၊ သံချောင်း၊ သစ်သား အကုန်ထမ်းရပါတယ်။ တနေ့ အဲအလုပ်က ပြုတ်ဖို့လမ်းစ ပေါ်လာပါတယ်။ နားရက်မှာ ကမ်းခြေက ဖင်ပြောင်မဒီတွေကို သွားငမ်းရင်း တစ်ကောင်က အုန်းစိမ်းရည်သောက်ချင်တယ်ဆိုပြီး မှာတော့ ဆိုင်မှာအဆင်သင့်မရှိတာနဲ့ မျက်နှာလိုမျက်နှာရ အနားက အုန်းပင်တစ်ပင်ကနေ တက်ခူးပေးလိုက်တာကို သူဌေးကမြင်သွားပြီး နောက်နေ့ အလုပ်သစ်တစ်ခု တိုးလာပါတော့တယ်။ အဲဒါကတော့ အုန်းပင်တက်ပြီး အုန်းသီးခူး၊ အုန်းလက်ခြောက် ရှင်းရတဲ့အလုပ်ပါ။ အန္တရာယ်များလို့ မလုပ်ချင်ပေမယ့် သူဌေးကအတင်းခိုင်းတော့ တစ်နေ့ကို အုန်းပင်ဆယ်ပင်ထက်မနည်း တက်ခဲ့ရပါတယ်။ ညဖက်နေမကောင်းလို့ မနက်အိပ်ရာထနောက်ကျတာ ၂ခါရှိဖူးတာရယ်၊ အုန်းပင်တက်၊ လမ်းပြင်တာနဲ့ အိပ်ရေးမ၀၊ပင်ပန်းလွန်းလို့ တရက်မှာ တောခုတ်နေတဲ့အချိန် သူဌေးလစ်တုန်း ခဏနားရင်း မှေးခနဲ အိပ်ပျော်သွားတာနဲ့ သူဌေးသိသွားပြီး အလုပ်ထုတ်ခံလိုက်ရပါတယ်။ အဲလ၀က်လုပ်ခလစာ မရခဲ့ပါဘူး။ ထိုင်းစကားလည်း မတတ်တော့ ဘာမှပြန်ပြောလို့မရပဲ လ၀က်ရောက်မှ ထုတ်ပေးတတ်တဲ့ အရင်လ လစာကိုယူပြီး ထွက်လာခဲ့ရပါတယ်။ သူများတွေအပန်းဖြေတဲ့ Paradise လိုနေရာမျိုးမှာ ငရဲသွားခံခဲ့ရတဲ့ ပထမဆုံး အတွေ့အကြုံပါ။
Koh Tao ကျွန်းဟာ အဝေးကကြည့်ရင် လိပ်တစ်ကောင်နဲ့တူပြီး အင်မတန်လှပတဲ့ ကမ်းခြေတွေ ရှိတဲ့ ထိုင်းပင်လယ်ကွေ့ထဲက ကမ်းလွန်ကျွန်းတစ်ခု ဖြစ်ပါတယ်။ ဆေးခြောက်ကို တရားဝင်သဘောမျိုး ပေါ်ပေါ်ထင်ထင် သုံးစွဲခွင့်ပြုထားပြီး ဘားတွေ၊ကလပ်တွေနဲ့ ပြည့်တန်ဆာတွေ အရမ်းပေါလို့ တိုးရစ်တွေ အသည်းစွဲတဲ့ နေရာလေးတစ်ခုပါ။ ကမ်းလွန်ကျွန်းဖြစ်ပေမယ့် မုန်တိုင်းအန္တရာယ်သိပ်မရှိပဲ ပင်လယ်ရေပြင်အောက်ကို ၀ါးနှစ်ပြန်လောက်ကို မြင်တဲ့အထိ ရေကကြည်လင်ပြီး လှိုင်းသိပ်မရှိပါဘူး။ တချို့ ကမ်းခြေဂျိုင်တွေမှာဆိုရင် လခြမ်းကွေးနဲ့တူတဲ့ကမ်းခြေက ရေပြင်ဟာ ကန်ရေပြင်လို ငြိမ်သက်နေပါတယ်။ လုံးဝန်းလှပတဲ့ ကျောက်ဆောင်တွေ ပေါများပြီး ကျွန်းတစ်ခုလုံးရဲ့ မြေသားဟာ ရွံ့လုံးဝမရှိတဲ့ သဲပွမြေသက်သက်ပဲ ဖြစ်ပါတယ်။ ရေအောက် သန္တာပန်းခက်တွေကို ကြည်ကြည်လင်လင် မြင်ရတဲ့အတွက် Scuba Diving သမားတွေ အရမ်းကြိုက်ကြပါတယ်။ အထင်ရှားဆုံးကတော့ ကျွန်းနားမှာ မကြာခဏတွေ့ရတဲ့ ပေခြောက်ဆယ်လောက်ရှည်တဲ့ ပြောက်ကြား ဝေလငါးမန်းကြီးပါပဲ။ ရေငုတ်သမားတွေက အဲငါးကြီးကို ရေအောက်မှာ ဓာတ်ပုံရိုက်ဖို့ မရမက ရှာဖွေလေ့ရှိပါတယ်။ လူကိုအန္တရာယ်မပြုတဲ့ ဝေလငါးမျိုးဖြစ်လို့ ခုဆို လူတွေနဲ့တောင် ယှဉ်ပါးနေပါပြီ။
Koh Tao ရဲ့ အရံကျွန်းဖြစ်တဲ့ Koh Nang Yuan ဟာ ကျွန်းသေးသေးလေး သုံးခုအလယ်မှာ သောင်ထွန်းပြီး ပင်လယ်ကိုဖြတ် လမ်းဖောက်ထားသလို ဖြစ်နေတဲ့ သဘာဝအလှကြောင့် ထိုင်းနိုင်ငံရဲ့ နာမည်အကြီးဆုံးနဲ့ အလှဆုံးကမ်းခြေတစ်ခု ဖြစ်ပါတယ်။
ဘန်ဂလိုမှာ Housekeeping ၀င်လုပ်နေတဲ့ အမေကို အသွားအပြန်အကြိုအပို့လုပ်ပေးရပါတယ်။ မွေးသဖခင် ကျေးဇူးရှင်ကတော့ ချုံဖော်က ငါးပုတ်ကြိတ်တဲ့စက်ရုံမှာ မီးထိုးသမားလုပ်နေပါတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ အလုပ်ကြမ်းဒဏ်ကြောင့် နဂိုကမှ မလှတဲ့ ဘွရှင်ရဲ့ မျက်ခွက်ဟာ ရှိသင့်တာထက် နှစ်ဆလောက် ရင့်ထော်စုတ်ပြတ်နေတဲ့ အချိန်မှာ ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ကျပြီး အရွယ်တင်နေတဲ့ မွေးသမိခင်ကို ဘွရှင်နဲ့ မောင်နှမလို့ မရင်းနှီးတဲ့လူတွေက ထင်နေကြပါတယ်။ အစကတော့ ပြဿနာဝင်လာမှာကို ကြိုမသိလို့ တချို့လူတွေက မင်းအစ်မလားလို့ မေးတာကို အေး ဟုတ်တယ်လို့ နောက်ပြီး ဖြေခဲ့တဲ့ အကျိုးဆက်ကြောင့် တချို့ဘူးတားကြီးတွေက လမ်းမှာတွေ့ရင် ယောက်ဖလေးလို့ ခေါ်တာကို အစပိုင်းမှာ နားမလည်ခဲ့ပါဘူး။ အမေ့ကို သွားမကြိုနိုင်တဲ့ တစ်နေ့မှာ မြန်မာလူလတ်ပိုင်း တစ်ယောက်က အမေအလုပ်ကပြန်လာတဲ့လမ်းမှာ ရိသဲ့သဲ့လိုက်လုပ်ပါတော့တယ်။ မြန်မာ မိန်းမအပျို၊လူလွတ် ရှားတဲ့ကာလဖြစ်တာရယ်၊ အကျင့်စာရိတ္တတွေ ပျက်စီးနေတဲ့ ပတ်ဝန်းကျင် ဖြစ်တာရယ်ကြောင့် ခုလို စရိုက်ရှိတဲ့လူတွေနဲ့ ကြုံခဲ့ရတာပါ။ အမေပြန်ပြောလို့ ပေါက်ကွဲပြီး တုတ်ဆွဲဓားဆွဲ ဖြစ်ခဲ့တာဟာ ဘွရှင်အတွက် တွေးတိုင်းဒေါသထွက်ရတဲ့ Koh Tao ကျွန်းရဲ့အတွေ့အကြုံတစ်ခုပါပဲ။
အဲဒါနဲ့ မွေးသဖခင်ကျေးဇူးရှင်ကို အမြန်ဆုံးနည်းနဲ့ မော်တော်ဘုတ်စီး ခေါ်လိုက်ရပါတယ်။ အဖေရောက်လာတော့မှ စိတ်ချလက်ချနဲ့ အပေါ်ကပုံထဲက Charm Churee Villa မှာ အလုပ်ဝင်လုပ်ခဲ့ပါတယ်။ အဲဒီမှာတော့ သူဌေးက အင်မတန်ကောင်းပါတယ်။ မကောင်းတာက လုပ်ဖော်ကိုင်ဖက် အီစံထိုင်းတွေပါ။ အလုပ်ကတော့ မသက်သာပါဘူး။ မနက်အစောကြီးထ၊ ညသန်းခေါင်မှ နားရပါတယ်။ နေ့လည်မှာတော့ ဧည့်သည်မရှိရင် ကျောက်ဆောင်ကြားမှာ လေတဖြူုးဖြူးနဲ့ တရေးတမော နှပ်လို့ရပါတယ်။ သူဌေးက ထိုင်းနိုင်ငံမှာ အချမ်းသာဆုံးမိသားစုတွေက တစ်ခုရဲ့ မျိုးဆက်လို့ သိရပါတယ်။ တစ်လတစ်ကြိမ် ကျွန်းကိုလာပြီး တခါလာတိုင်း အမျိုးသမီးတစ်ယောက် ပြောင်းတွဲလာတတ်ပါတယ်။ ဘယ်တစ်ယောက်က သူ့မိန်းမမှန်း မသိပါဘူး။ ထိုင်းစကားမတတ်ပေမယ့် မီးမောင်းကျိုးပျက် အင်္ဂလိပ်စကားနဲ့ ခြေဟန်လက်ဟန်ပေါင်းပြီး နားလည်အောင် ပြောတတ်တဲ့ ဘွရှင်ကို သူဌေးက မျက်နှာသာပေးပါတယ်။ သူပျင်းလာရင် ညဖက်အလုပ်ပါးတဲ့အချိန် သူ့ဘန်ဂလိုကို ခေါ်ပြီး စကားပြောလေ့ရှိပါတယ်။ အဲဒါကို အီစံထိုင်းတွေက မကြည်ပါဘူး။ အမြဲနှိမ်ခံရ၊ ဖဲ့ခံရ Tip Money တွေ ခွဲမပေးတာမျိုးတွေ လုပ်ခံရပါတယ်။ သူဌေးဆီမှာ မျက်နှာသာပေးခံရတော့ အဖေနဲ့အမေပါ အဲဒီမှာ အလုပ်ရပါတယ်။ ဒါပေမယ့် ကံဆိုးချင်တော့ သိပ်မကြာခင်မှာပဲ ထိုင်းလ၀က၊ရဲနဲ့ ရေတပ်ပေါင်းပြီး တကျွန်းလုံးက တရားမ၀င်အလုပ်သမားတွေကို ဖမ်းတော့ တကျွန်းလုံးနီးပါး ပြောင်သလင်းခါ သွားပါတော့တယ်။ ရှိသမျှအမျိုးတွေ၊ ဘော်ဒါတွေ ရေတပ်သင်္ဘောနဲ့ ပါသွားပါတယ်။ ဘွရှင်က ကံကောင်းထောက်မစွာနဲ့ ရဲတွေလာဖမ်းတဲ့အချိန် မနက် ၆နာရီ ယူနီဖောင်းနဲ့ ရေသန့်ဗူးထမ်းနေတော့ သူတို့က ထိုင်းထင်ပြီး မမေးပဲ ထွက်သွားလို့ ကပ်လွတ်သွားတာပါ။ Resort မှာ ပန်းရန်အပါအ၀င် မြန်မာအလုပ်သမား ၃၀ကျော်ရှိတာမှာ ဘွရှင်တို့မိသားစုနဲ့ တခြားသုံးလေးယောက်လောက်ပဲ ကျန်ပါတော့တယ်။ အလုပ်သမားမရှိလို့ ဘန်ဂလိုတွေလည်း ပိတ်လိုက်ရပါတယ်။ သူဌေးက ဘွရှင်တစ်ယောက်တည်း ဘန်ဂလိုတခုလုံး စားဖို့ ချက်ပြုတ်တဲ့နေရာမှာ ကူခိုင်းပြီး ကျန်တဲ့မြန်မာတွေကို ဈေးအကြီးဆုံး ဘန်ဂလိုမှာ ၀ှက်ထားပေးပါတယ်။ နောက်ဆုံး ပိုက်စိပ်တိုက် လိုက်ရှာ၊ မိရင်ဖမ်း အလုပ်ရှင်ပါဒဏ်ရိုက်လုပ်လာတော့ သူဌေးက ဘွရှင်တို့ကို သင်္ဘောနဲ့ ချုံဖော်ကို ပြန်ခိုင်း လိုက်ပါတော့တယ်။ ဒါကတော့ Koh Tao ကျွန်းကို ပထမဆုံး ရောက်တဲ့အခေါက်ပါ။
ချုံဖော်တခွင်မှာ ပုဇွန်ကန်၊စက်ရုံ၊ ငါးဖမ်းလှေ အလုပ်တွေ စုံသွားပြီးနောက်ပိုင်း ပိုက်ဆံမစုမိတာနဲ့ အဖေနဲ့အမေကို ပုဇွန်ကန်မှာထားပြီး Koh Tao ကျွန်းကို ဒုတိယအကြိမ် ပြန်ရောက်လာပါတယ်။ ဒီတစ်ခါတော့ အရင်ကလို ဘန်ဂလိုအလုပ်တွေ ရှာမရတော့ပါဘူး။ ထာမငန်ဘတ်လို့ခေါ်တဲ့ အလုပ်လုပ်ခွင့် ပါမစ်မရှိရင် ဘယ်သူဌေးမှ လက်မခံရဲပါဘူး။ အဲဒီမှာ အမေ့ဘော်ဒါတစ်ယောက်နဲ့တွေ့ပြီး သူပုတ်ပြတ်ဆွဲထားတဲ့ ပန်းရန်အလုပ်မှာ ၀င်လုပ်ပါတယ်။ မကြာခင်မှာပဲ ဘ၀မှာ အကောင်းဆုံးသူငယ်ချင်းတွေထဲက တစ်ယောက်ဖြစ်လာမယ့် သွားလေသူ ဇရပ်ကုန်းခင်သား မောင်ကျော်သက်ဟာ ငါးဖမ်းလှေပေါ်က ခုန်ချထွက်ပြေးရင်း ဘွရှင်တို့ဆီကို ရောက်လာပါတော့တယ်။ နှစ်ယောက်သား အမေ့ဘော်ဒါ ဆရာသမားဆီမှာ အလုပ်သမားလုပ်ရင်း သူ့ရဲ့ထမင်းပေါင်းစား အိမ်ရှင်မ (Living Together ကိုဆရာသမား ဘာသာပြန်ထားတာ) ထားဝယ်သူဆီမှာ ထမင်းဖိုးပေးပြီး သူ့ရဲ့တဲဂေဟာလေးမှာ ကြပ်ကြပ်ညှပ်ညှပ်နေခဲ့ကြပါတယ်။ တစ်နေ့ ဆရာသမား ၀က်သားဝယ်ဖို့ ထွက်သွားရင်း ရဲဖမ်းလို့ ပါသွားပါတယ်။
အဲနေ့က ရဲဖမ်းမယ်သတင်းရလို့ ပန်းရန်ဆိုက်အပေါ်က တောင်ပေါ်မှာ ဘွတို့ တက်ပုန်းကြတယ်။ ဗိုက်ဆာလို့ ပန်းရန်ဆိုက်သူဌေး မွေးထားတဲ့ တိုက်ကြက်တစ်ကောင် တောင်ပေါ် ရောက်နေတာ တွေ့လို့ ၀ိုင်းဖမ်းပြီး မီးဖုတ်နေတဲ့အချိန် ကျက်ခါနီးလည်း ရောက်ရော အရပ်ဝတ်နဲ့ ရဲတွေ ရောက်ချလာတယ်။ ရဲက လိုက်ဖမ်းတာကို တွန်းထုတ်ရင်း ပြေးတော့ ဟိုက သေနတ်ဆွဲထုတ်ရော။ အဲဒီမှာ ၃ထပ်တိုက်လောက်မြင့်တဲ့ တောင်စောင်းကနေ ခုန်ချပြီး ဦးတည်ရာမဲ့ ပြေးလိုက်တာ တောင်နှစ်လုံး ကျော်သွားတယ်။ ခုန်ချတာက ဘွအပါအ၀င် ၃ယောက်၊ အဲထဲက အသက်ကြီးကြီး ဘိုးတော်က အကျမတော်လို့ ခြေထောက်မြက်ပြီး မထနိုင်လို့ အဖမ်းခံလိုက်ရတယ်။ ဘွတို့ ပြေးကြပုန်းကြရင်း လူစုကွဲသွားတာ တောထဲမှာ တညလုံး။ သောက်စရာ ရေမရှိ၊ စားစရာမရှိ။ နောက်တစ်နေ့ထိ ကျော်သက်နဲ့ ပြန်မတွေ့သေးဘူး။ ပြန်တွေ့တော့ လဒက တောထဲမှာ ကြွတ်ကြွတ်အိတ်ထဲ ဆန်နဲ့ ရေထည့်ပြီး ဖယောင်းတိုင်မီးနဲ့ ဆန်ပြုတ်ပြုတ်နေတယ်။ မေးကြည့်တော့ ပန်းရန်ဆိုက်တန်းလျား တစ်ခုကနေ ၀င်ခိုးလာတာတဲ့။ တစ်ရက်တစ်ည ထမင်းမစားရသေးတော့ ဆန်ပြုတ်နဲ့ မ၀ဘူး။ အဲဒါနဲ့ အုန်းသီးခူးစားရတယ်။ ညမှောင်တော့မှ အိမ်ဖက်ကို ကုပ်ကုပ်လေးပြန်ဝင်၊ အဲကနေ ကျော်သက်ကြီးကို ကြိတ်ခိုက်နေတဲ့ ဘန်ဂလိုမန်နေဂျာ ထိုင်းအခြောက်ဘိုးတော် နေတဲ့အိမ်မှာ တစ်ညသွားအိပ်ရတယ်။ မသွားလို့လည်း မဖြစ်ဘူး။ တောနင်းရှာရင် ပြေးမလွတ်နိုင်ဘူး။ ပြီးတော့ ကျော်သက်က ဖျားနေပြီ။ အခြောက်အိမ်ရောက်တော့ ကျော်သက်ကို အခြောက်ကဆေးတွေတိုက်၊ ဆန်ပြုတ်ပြုတ်ပေး၊ ဘေးက ဘွရှင်ကတော့ ငတ်ငတ်နဲ့ လူမမာမကုန်သမျှ အကုန်စားပစ်လိုက်တာ။ အဲဒီအခြောက် ကျေးဇူးကြောင့် သူ့အိမ်မှာ တနေကုန် တီဗီထိုင်ကြည့်ရင်း ဘေးကင်းကင်းနဲ့ နေခဲ့ရတယ်။
ဆရာသမား ဖမ်းခံရတော့ သူ့မိန်းမနဲ့ ဘွတို့လူပျိုနှစ်ယောက် ကျန်ခဲ့တာပေါ့လေ။ တစ်လလောက် အဆက်အသွယ်မရတော့ သူ့မိန်းမမှာ မျက်ရည်နဲ့မျက်ခွက်။ တစ်ရက်ကျတော့ ရင်ဖွင့်လာတယ်။ သူ့မှာ ကိုယ်ဝန်ရှိနေပြီ။ နင့်ဆရာကလည်း အဆက်အသွယ်မရ၊ ငါတော့ ဒုက္ခပါပဲတဲ့။ အဲနေ့က သူ့ကိုသနားလို့ နှစ်ကောင်သား စုတ်တသတ်သတ်နဲ့ပေါ့လေ။ ညနေအရက်ဝိုင်းမှာ အဲအကြောင်းပြောတော့ ၀ိုင်းထဲကလူတွေက မင်းတို့နှစ်ကောင်ထဲက တစ်ယောက် တာဝန်ယူလိုက်ပေါ့တဲ့။ သေရော။ အဲမှာ ဘွရှင်က ကျော်သက်ဆီကို ဘောစပုတ်လိုက်တယ်။ မင်းက မိန်းမရမယ့်ကောင်လည်း မဟုတ်ဘူး၊ ကြိုက်မယ့်လူရှိတာလည်း မဟုတ်။ ငါ့မှာ ဘာပဲပြောပြော ငါပိုးခဲ့တဲ့ အိုးဝက မလှရီကျန်သေးတယ်။ မင်းပဲ ထားဝယ်ငပိထောင်း အသေကြိုက်တယ်ဆို။ ယူလိုက်ပါ သားကြီးရာ။ ငါမင်္ဂလာဆောင်ပေးပါ့မယ် လို့ နောက်တော့ ကျော်သက်ကြီး မျက်နှာနီရဲပြီး ပေါက်ကွဲတာ ခုချိန်ထိ မြင်ယောင်နေတုန်းပဲ။ အင်မတန်ရိုးတဲ့ ဘွရဲ့ အချစ်ဆုံးသူငယ်ချင်း။ အဲဒီကျွန်းမှာ အလုပ်လုပ်ရင်း ဓာတ်လိုက်လို့ ဆုံးသွားရှာပြီ။ နှစ်လလောက် အကြာ ရနောင်းပွဲစားလက်ကနေ ပြန်တက်လာတဲ့အချိန် ဆရာသမားက ဘာမှမဖြစ်ထားသလို ၀က်သားထုတ်လေး ဆွဲပြီး အိမ်ပြန်လာတာ တကယ့်အမှတ်တရပါပဲ။ အဲတော့မှပဲ အိမ်က မဗိုက်အတွက် ဘွတို့နှစ်ကောင် သက်ပြင်းချနိုင်တော့တယ်။
အဲပြဿနာကြောင့် အဲဒီထိုင်းလူမိုက်အုပ်စုရယ် နောက် ဆိုင်ကယ်ငှားတဲ့ဆိုင်ကလူတွေရယ် လိုက်ရှာနေတာကြောင့် လူအရောက်အပေါက်နည်းတဲ့ ပန်းရန်ဆိုက်တနေရာမှာ ပုန်းနေခဲ့ရပါတယ်။ အဲဒီဆိုက်မှာပဲ မင်းဘူးက ကိုအညာရဲ့ ကျေးဇူးနဲ့ မီးကြိုးဆင်တဲ့နေရာမှာ ဘွတို့ညီအစ်ကိုနှစ်ယောက် အလုပ်ရခဲ့ပါတယ်။ အဲဒီနေရာကတော့ ခု နာမည်ကြီး Spa တစ်ခုဖြစ်နေပြီဖြစ်တဲ့ Jamahkiri Spa ပဲ ဖြစ်ပါတယ်။ Service စပေးနေပြီဖြစ်ပြီး ဧည့်သည်အနည်းအကျဉ်းရှိပါတယ်။ ဘာဘွန်းမျောက်တွေနဲ့ ကြက်တူရွေးတွေ မွေးထားပြီး တောင်စောင်းမတ်မတ်ကြီးပေါ်မှာ အဆောက်အအုံတွေ ဆောက်ထားတဲ့ ဒီ Spa မှာ လူသွားလမ်းတလျှောက် မီးကြိုးသွယ်ဖို့ မြောင်းဖော်ရတာပါ။ ကြွက်တွေလိုပဲ အိမ်သာဘေး၊ အပင်အမြစ်တွေအောက် ဂလိုင်ဖောက်ရပါတယ်။
အဲနေရာမှာလုပ်ရင်း အဆင်ပြေနေတဲ့အချိန်မှာ မလေးရှားရာဘာခြံက ဦးရီးတော်က လာဖို့ခေါ်တာကြောင့် Koh Tao ကျွန်းကို နှုတ်ဆက်ဖို့ ဖြစ်လာပါတယ်။ ဘွရှင်ရဲ့နေရာမှာ ကျော်သက်ကို ထည့်ပေးဖို့ ဆိုက်ထဲခေါ်လာပါတယ်။ ဆိုက်ကလူတွေနဲ့ မိတ်ဆက်ပေးရင်း ထမင်းစားကြတော့ ကျော်သက်ယူလာတဲ့ သင်္ဘောသီးထောင်းကို နင်းကန်စားပြီး ဗိုက်ထိုးအောင့်တာနဲ့ အလုပ်ကနေ့တ၀က် ခွင့်ယူပြီး တန်းလျားပြန်နားခဲ့ပါတယ်။ တန်းလျားပြန်ရောက်ပြီး မကြာခင်မှာ ဆိုက်ကထိုင်းတစ်ယောက် ဘာမပြော ညာမပြော အတင်းလာခေါ်လို့ ပြန်လိုက်သွားခဲ့ရပါတယ်။ ဟိုရောက်တော့ ဆိုက်တစ်ခုလုံးက ထိုင်းတွေ ဘွရှင်ကို ၀ိုင်းထားလိုက်ပါတယ်။ မြန်မာဆိုလို့ ဘွရှင်တို့ညီအစ်ကိုနှစ်ယောက်နဲ့ အစားဝင်မယ့် ကျော်သက် စုစုပေါင်း ၃ယောက်ပဲ ရှိပါတယ်။ ဘာဖြစ်မှန်းမသိလို့ ကြောင်တောင်တောင် ဖြစ်နေတဲ့ ဘွရှင်ကို အစ်ကိုက ရှင်းပြပါတယ်။ အနားကဘန်ဂလိုမှာတည်းနေတဲ့ အဖြူတစ်ယောက်မှာ ဆေးခြောက်ထုတ်ကြီးတစ်ထုတ် ခိုးခံထားရတယ်၊ ငွေသားတွေလည်း ပါသွားတယ်လို့ ပြောပါတယ်။ Spa ပိုင်ရှင် သူဌေးနဲ့ အလုပ်သမားတွေရယ်၊ ပစ္စည်းပျောက်တယ်ဆိုတဲ့ အဖြူကောင်ရယ်လည်း ရောက်နေပါတယ်။ ဘွရှင်တို့ကို အဲမှာ ၀ိုင်းစစ်ကြပါတယ်။ ဘုမသိဘမသိ အူကြောင်ကြောင် ထိုင်ငြင်းရင်း ဘယ်အချိန်ဆွမ်းကြီး လောင်းခံရမလဲတွေးပြီး ၃ကောင်စလုံး မျက်နှာဇီးရွက်လောက်ပဲ ကျန်ပါတော့တယ်။ ၀ိုင်းထားတာက လူလေးဆယ်နီးပါး ရှိပါတယ်။ ဆိုက်တစ်ခုလုံး ဘွရှင်တို့ ၃ယောက်ကလွဲရင် ထိုင်းတွေဖြစ်နေတာရယ်၊ နောက် ဘွရှင်နေ့တ၀က်နားတာရယ်ကြောင့် သူတို့ခေါင်းပေါ်ရောက်လာတဲ့ ပြဿနာကို မြန်မာတွေအပေါ် ပုံချတဲ့သဘောပါပဲ။ ဘွရှင်တို့ဖက်က ကူပြောပေးတာဆိုလို့ မီးကြိုးဆင်တဲ့နေရာက ဆူပါဗိုက်ဆာပဲ ရှိပါတယ်။ ဒီဖက်မှာ စစ်နေတဲ့အချိန် တန်းလျားမှာလည်း သွားမွှေနေပါပြီ။ ရဲကိုခေါ်ထားပုံလည်း ရပါတယ်။
အဲဒီအချိန်မှာ ကယ်တင်ရှင်က ဘွားခနဲရောက်ချလာပါတယ်။ ဒီဆိုက်ကို ကန်ထရိုက်ယူထားတဲ့ သူဌေးပါ။ သူက ထိုင်းတွေကို အကျိုးအကြောင်းမေးပြီး ပစ္စည်းပျောက်တဲ့ အဖြူကောင်ကို ပျောက်သွားတဲ့ပစ္စည်းတွေ အကြောင်း မေးပါတယ်။ ဆေးသမားရုပ်ပေါက်နေတဲ့ အဖြူကောင်က သူခိုးခံရတာ ဆေးခြောက် လေးကီလိုနဲ့ ငွေတော်တော်များများလို့ ပြောပါတယ်။ ကိုယ်တိုင်ဆေးသမားဖြစ်တဲ့ ကန်ထရိုက်သူဌေးက ဆေးခြောက် လေးကီလိုလို့ ကြားတာနဲ့ ရယ်ပါတော့တယ်။ ဘယ်လိုမှမဖြစ်နိုင်ဘူးဆိုတာ သူသိလို့ပါ။ အဲဒါနဲ့ လှည့်ပတ်မေးတော့ ပစ္စည်းပျောက်တဲ့အကောင်က တကယ်မဟုတ်ပဲ ဆေးကြောင်ပြီး ထင်မိထင်ရာ ပြောတတ်တဲ့ သဘောပါ။ သူလုပ်တာနဲ့ ဘွတို့၃ကောင် အချောင် ကိစ္စတုံးခံရခါနီး ဖြစ်သွားတာပါ။ အဲတော့မှပဲ သက်ပြင်းချနိုင်ပါတော့တယ်။ Koh Tao ကျွန်းမှာ နောက်ဆုံးရက်ဖြစ်တဲ့ အဲဒီနေ့ကို ရင်တုန်စွာ ဖြတ်သန်းပြီးတဲ့နောက်မှာတော့ မလေးရှားသွားဖို့ အပြီးတိုင်နှုတ်ဆက်ခဲ့ရပါတယ်။
အဲဒီကျွန်းမှာ အလည်တဲ့တိုးရစ်တွေ ခဏခဏ လူသေတာမျိုး ဖြစ်တတ်ပါတယ်။ များသောအားဖြင့် အက်ဆီးဒင့်နဲ့သေတာပါ။ ဒါပေမယ့် တခါတလေမှာ လူသတ်မှုဆန်တဲ့ ပြဿနာမျိုးတွေ၊ ဆေးကြောင်ပြီး သတ်သေတာတွေလည်း နားစွန်နားဖျား ကြားဖူးပါတယ်။ တခါမှတော့ ဒီနှစ်ဖြစ်သွားတဲ့ ပြဿနာမျိုး အုပ်အော်သောင်းနင်း ဖြစ်တာ မကြားဖူးပါဘူး။ အချိန်မတော် သွားချင်သလိုသွား အဖြူတွေကို ဘုရားလောက် ဦးစားပေးတဲ့နေရာ ဖြစ်တဲ့အတွက် လုယက်တာ၊ခိုးဝှက်တာမျိုးကတော့ မရှိသလောက် ရှားပါတယ်။ ဂိုဏ်းစတားဆန်ဆန် ထိုင်းတွေ ရှိနေတော့ မြန်မာတွေ မလှုပ်ရဲပါဘူး။ အဲတုန်းက လူဦးရေနည်းသေးတာလည်း ပါနိုင်ပါတယ်။ ဘယ်အခြေအနေမျိုးမှာဆို ပြဿနာတစ်ခုခု ဖြစ်ပြီဆိုတာနဲ့ နဂိုအခံရှိနေတဲ့ လူမျိုးရေးမုန်းတီးစိတ်ကြောင့် နီးစပ်ရာမြန်မာ တစ်ယောက်ယောက်ကို လက်ညှိုးထိုး အပြစ်ပုံချဖို့ ထိုင်းအများစု ၀န်မလေးကြပါဘူး။ မြန်မာတွေအလုပ်လုပ်နေတဲ့ နိုင်ငံတွေထဲမှာ မြန်မာတွေကို ကျွန်လိုသဘောထားတာ ထိုင်းနိုင်ငံတစ်နိုင်ငံပဲ အများဆုံး တွေ့ရပါတယ်။ ခုလူသတ်မှုမှာ မြန်မာတွေကို စွဲချက်တင်တာနဲ့ ပတ်သက်ပြီး အတွေ့အကြုံအရပြောရရင် ၃မိုင်ပတ်လည်ပဲ ရှိတဲ့ ရေပတ်လည်ဝိုင်းနေတဲ့ Koh Tao ကျွန်းမှာ ဘယ်မြန်မာမှ ရာဇ၀တ်မှု ကြီးကြီးမားမား မကျူးလွန်ရဲပါဘူး။ လူသတ်မုဒိန်းကျင့် ရလောက်အောင်လည်း မိန်းမမမြင်ရပဲ အနှစ်နှစ်အလလ ငတ်ပြတ်သွေးဆာနေတာမျိုးလည်း အဲကျွန်းက လူတွေမှာ မရှိပါဘူး။ အမြဲတစေ ကိုယ်လုံးတီးတွေ မြင်ရလွန်းလို့၊ တခါတလေ ဘန်ဂလိုတွေမှာ ဆေးကြောင်ပြီး ခေါ်အိပ်တတ်တဲ့ တိုးရစ်မတွေနဲ့ အထိအတွေ့ရှိတာရယ်၊ ပြည့်တန်ဆာ အရမ်းပေါတာရယ်ကြောင့် သွေးသားတောင်းဆိုမှုကြောင့် မုဒိန်းကျင့်တဲ့အထိ ဖြစ်သွားတယ်ဆိုတာ ဖြစ်နိုင်ချေ အရမ်းနည်းပါတယ်။ ခုလိုတိုးတက်တဲ့ခေတ်ကြီးမှာ ဒီအမှုနဲ့ပတ်သက်ပြီး မြန်မာတွေကို ဖမ်းပြီးလို့ သက်သေမခိုင်ပါဘူးဆိုပြီး နောက်လူတွေကို ထပ်ဆွဲစိပြီးမှ ပထမဖမ်းထားတဲ့လူက တရားခံပါလို့ လက်ညှိုးထိုးတဲ့ အကွက်ကတော့ ထိုင်းတွေယုတ်နေကျ စရိုက်လို့ပဲ မြင်ပါတယ်။ ကျွန်လိုသဘောထားခံရမှတော့ ထိုးကျွေးခံရတာ ဘာဆန်းလဲကွယ်။ ကိုယ်တွေကိုက ၀ဋ်ပါလာတာကိုး။
ဘာရယ်တော့မဟုတ်ပါဘူး။ ဖြတ်သန်းဖူးတဲ့အထဲက မှတ်မိသမျှ စီကာပတ်ကုံး ရေးလိုက်တာပါ။ အပျင်းပြေနိုင်ကြပါစေ။
ဘွရှင် (၃.၁၀.၂၀၁၄)
အယုဒ္ဓယကိုလွှန်လေသော် . . . . အားပီးဖို့ စောင့်နိန်ပါရေ ဘရို။
ReplyDelete