ပေါက်ကရ လေးဆယ်

Subscribe:

Saturday, December 26, 2015

ဘကြီးအောင် ပဟေဠိနှင့် ကဗျာများ၏ချစ်ပုံပြင်

မိုးသားဖွဲဖွဲတို့သည် လမ်းပေါ်ရှိ ရေအိုင်ကွက်လေးများပေါ်သို့ ဖွဖွညင်သာစွာတို့ထိလျှက်ရှိသည်။ လမ်းဘေးတဖက်တချက်ရှိ ခါးစောင်းခန့်မြင့်သော မြက်ရိုင်းတို့က လေနှင့်အတူ ယိမ်းထိုးနေကြသည်။ မိုးဖွဲဖွဲအောက် ထီးမပါပဲလမ်းလျှောက်ရသည်မှာ သူ့အတွက် အရာရာမေ့ပျောက်ခြင်းနှင့်အတူ စိတ်ချမ်းမြေ့မှုအား တဒင်္ဂခံစားရစေသည်။ မိုးရေစက်များကြောင့် သူဝတ်ထားသည့် တိုက်ပုံ စိုထိုင်းလာသော်လည်း မိုးနံ့သင်းသည့် လတ်ဆတ်သောလေအား ရှူရှိုက်ကာ လေကိုဆန်၍ လမ်းလျှောက်ရသည့် အရသာကို ကလေးငယ်ပမာ သူမြတ်နိုးသည်။ မိုးတစတစသည်းလာခြင်းနှင့်အတူ လေကလည်း ပိုပြင်းလာသည်။ သူဝတ်လာသည့် ယောပုဆိုးက လေပြင်းကြောင့် နောက်သို့ တဖြတ်ဖြတ်လွင့်နေသည်။ ခဏကြာသောအခါ သူ့တကိုယ်လုံး ရွှဲရွှဲစိုသွားသည်။ မိုးတိတ်သွားသောအခါ လမ်းပေါ်တွင် ခြေကျင်းဝတ်မြှုပ်ခန့် ရေတို့တင်ကျန်ခဲ့သည်။ မိုးကား လမ်းပေါ်မှနေ၍ မျက်စိတဆုံး လှမ်းမြင်နေရသည့် လယ်ကွင်းပြင်သို့ လေနှင့်အတူ မြူးတူးစွာ လိုက်ပါသွားလေသည်။ ပတ်ဝန်းကျင်တစ်ခုလုံးကား စိမ်းစိုလန်းဆန်းလျှက်ပင်။ သူ့ရင်တွင်းသို့ ကာရန်တချို့ အစီအရီ ၀င်ရောက်လာသည်။ မိုးရေအောက်၌ ကလေးတစ်ယောက်ပမာ ပျော်ရွှင်မြူးတူးခဲ့သော သူ့အတွက် ထိုနေ့က ကလေးကဗျာနှစ်ပုဒ် ရလိုက်သည်။ အချိန်ကား ၁၉၃၁ ခုနှစ်။

၁၉၃၀ခုနှစ်မတိုင်ခင်ထိ သူ့ဘ၀တွင် ခိုင်မာသော ယုံကြည်မှုဖြင့် မျှော်လင့်ချက်များစွာရှိခဲ့သည်။ ကွမ်းခြံကုန်းရှိ သာမန်ကုန်သည်မိသားစုမှ မွေးဖွားလာသောသူသည် သူ၏အသိုင်းအ၀ိုင်းတွင် အထူးချွန်ဆုံးလူငယ်အဖြစ် အသိအမှတ်ပြုခံရရန် သက်သေပြနိုင်ခဲ့သည်။ ပျိုတိုင်းကြိုက်သည့် နှင်းဆီခိုင် မဟုတ်သော်လည်း အလားအလာရှိသူအဖြစ် သမီးရှင်များစွာ၏ စိတ်ဝင်စားမှုကို ခံခဲ့ရသည်။ သို့သော် တက္ကသိုလ်မရောက်ခင်ကာလထိ သူ့နှလုံးသားအား ဖျားယောင်းနိုင်သည်မှာ စာပေမှလွဲ၍ တခြားမရှိခဲ့။ လင်္ကာပန်းကုံးတို့ဖြင့် သူ့ကမ္ဘာသည် သာယာမှုအပေါင်း ခညောင်းနေခဲ့သည်။ ထိုစဉ်က နောင်တချိန်တွင် ဝေဒနာတို့အား ကာရန်ပြု၍ ကဗျာဖွဲ့ရလိမ့်မည်ဟု သူယောင်၍ပင် အိပ်မက်မမက်ဖူးခဲ့ချေ။ ကဗျာအား မြတ်နိုးခြင်းနှင့်အတူ ကဗျာရှင်အား ချစ်ခင်စုံမက်ခြင်းဖြင့် အပြန်အလှန် ဖြစ်တည်ခဲ့သော သူနှင့်ခင်တို့၏ ဖူးစာကား မကြာသောကာလတွင် မင်ရည်ကျဲ၍ စာလုံးမသဲကွဲသည့် အဖြစ်သို့ ဆိုက်ရောက်ခဲ့လေသည်။ ခွဲခွာခြင်း၏ သောကသည် သူ့ကဗျာအား ဝေဒနာဖြင့် ဖွဲ့သီစေခဲ့သည်။
ကိုယ်စား
လွမ်းငွေ့ဝေသည်
နွေရာသီတွင်း၊ ချစ်ဘော်ချင်းနှင့်
ကွေကွင်းခဲ့ရ - လျင်သောကြောင့်။
တမ်း၍ဖွေသည်
ငွေလွှာဖြူဆွ၊ လက်ရေးလှကို
စွန်းစတွေ့လို - လျင်သောကြောင့်။
ချမ်းမြေ့ပြေသည်
ဖြေဖွယ်မဆုံး၊ စာတစ်လုံးကို
ချိုပြုံးကိုယ်စား - မြင်သောကြောင့်။
မင်းသုဝဏ်
ပိုးတိုက်ပုံ၊ ပိုးပုဆိုးတို့ ၀တ်ဆင်၍ ကျောင်းတက်ခဲ့သည့် ဘ၀မှသည် ဖျဉ်ကြမ်းတိုက်ပုံ၊ ယောပုဆိုးဖြင့် ကျောင်းတက်ရသည့် ဘ၀သို့ ရောက်ရှိသည့်အချိန်ဝယ် သူနှင့်ခင်သည် ထိစပ်သည်ဟု ထင်ရသော်လည်း အလှမ်းကွာသော မိုးနှင့်မြေဘ၀မှသည် ကမ္ဘာခြားသည့် တာဝတိံသာနှင့် မဟာအ၀ီစိနှယ် ဖြစ်ခဲ့ရလေသည်။ သာမန်ကုန်သည်မျိုးရိုးမှ ဆင်းသက်လာသော သူနှင့် ဗန့်ကျီမြို့ဝန်မျိုးရိုးမှ ဆင်းသက်လာသော ခင်သည် ကံကြမ္မာကျီစယ်၍ ကံ့ကော်တောအလယ်၌ ဆုံတွေ့ခဲ့ရခြင်း ဖြစ်ပေလိမ့်မည်။ မိဘများ စီးပွားပျက်သည့်အခါ ကံ့ကော်ရိပ်မှ လယ်တောဆီသို့ သူပြန်ခဲ့ရသည်။ သူ့နှလုံးသားကား ကံ့ကော်တော၌ ကျန်ရစ်ခဲ့သည်။ နှလုံးသားဟောင်းလောင်းနှင့်သူသည် အမျိုးသားကျောင်း၌ ခေါင်းလောင်းထိုးရသည့် ကျောင်းအုပ်ကြီး ဖြစ်နေသည်။ အင်္ဂလိပ်အစိုးရအရေးပိုင်တစ်ဦး၏ သမီးနှင့် အမျိုးသားကျောင်းဆရာလေး တစ်ဦးနီးစပ်ရန်မှာ ထိုခေတ်ထိုကာလက ဘုရားဆုပန်သည်ထက် ပိုခက်သည်မဟုတ်ပါလား။
နှစ်ဇာတ်တစိတ်
သောက်ရောင်ခြည်ကျော်၊ နေ၀န်းပေါ်က
ကမ်းမော်အထွတ်၊ စေတီမြတ်ဝယ်
ဆွမ်းကပ်ပန်းတင်၊ သွန်းရေစင်နှင့်
မဂ္ဂင်ဖောင်မင်း၊ ဖွဲ့ဖန်ဆင်းဘို့
စိတ်ချင်းခင်နှင့် - မောင်အတူ။ ။
ရောင်စုံတိမ်သွေး၊ ညနေအေးက
ရီးလေးသံချို၊ သာယာဆိုလျက်
နွယ်ညိုပန်းလျှင်၊ ဝေေ၀ဆင်၍
မြစ်ပြင်ဂယက်၊ နေခြည်လက်ဝယ်
ရွှေတက်မြိုင်မြိုင်၊ ငွေရွက်ပြိုင်နှင့်
လှိုင်လှိုင်ပျော်ခင်း၊ ရွှင်ရွှင်ကျင်းဘို့
စိတ်ချင်းခင်နှင့် - မောင်အတူ။ ။
သို့တမူလည်း၊ နွဲ့လျကြည်းကား
ဖြင့်ပည်းရွေဘော်၊ ပြဿဒ်ပျော်သည့်
မောင်သော်မှာကား၊ တင်းကုပ်ကြားဝယ်
ပျော်ပါးအလျင်း၊ မရှိကင်းသည့်
ဇာတ်ချင်းခင်နှင့် - မောင်မတူ။ ။
မင်းသုဝဏ်
စွယ်တော်ရိပ်ဝယ် ပြန်လည်ချွေးသိပ်ခွင့်ရသည့် သမယ၌ ခင်နှင့် ယခင်ကကဲ့သို့ လွတ်လွတ်လပ်လပ် တွေ့ဆုံခွင့် မရတော့ချေ။ ဖခင်ဖြစ်သူ အရေးပိုင်မင်း အရှိန်အ၀ါ၊ ပညာအရာ၌ လူတကာထက် ခေါင်းတစ်လုံးစာ ပိုမြင့်သည့် အစ်ကိုလေးယောက်၏ အရှိန်အ၀ါတို့ကြောင့် ချစ်သူနှစ်ဦးမှာ မြင်လျက်နှင့် မကြင်ရသည့် အဖြစ်သို့ ဆိုက်ရောက်လာခဲ့သည်။ မတတ်သာ ခပ်ခွာခွာနေရသည့်ဘ၀တွင် ခင့်အပေါ် ချစ်ခြင်းနှင့်အတူ စိုးရိမ်ကြောင့်ကြမှု၊ သ၀န်တိုမှုတို့က သူ့စိတ်ထဲသို့ မဖိတ်ခေါ်ပဲ ၀င်ရောက်လာခဲ့သည်။ အခြေအမြစ်ကြီးသည့် ပဒေသရာဇ်သမီးဖြစ်သော ခင့်အား ချစ်သူခင်သူ ၀ိုင်းဝိုင်းလည်လျက်ရှိသည်။ ထိုကြောင့် မိမိမှလွဲ၍ တခြားယောင်္ကျားလေး သူငယ်ချင်းများနှင့် တွဲသွားတွဲလာခွင့် ရထားသည့် ခင့်အား သူစိတ်ကောက်မိသည်။
နှင်းဆီပွင့်
လယ်တောကအပြန်
ပန်ချင်တယ် ခရေဖူးဆိုလို့
မောင်ခူးကာပေး။
မနက်တုန်းဆီက
ကျော့ဆုံးကို မောင်မြင်တော့
သူ့ဆံပင် နှင်းဆီပွင့်တွေနဲ့
ဂုဏ်တင့်တယ်လေး။ ။
မင်းသုဝဏ်
မြင်သာမြင်၊ မကြင်ရသည့် ဒုက္ခအား မခံစားနိုင်သည့်အဆုံး ခင်နှင့်နီးစပ်ခွင့်ရရန် အကူအညီပေးနိုင်မည့် ပုဂ္ဂိုလ်ကို သူအားကိုးမိသည်။ အနှီပုဂ္ဂိုလ်ကား ခင်တို့အိမ်နှင့် ရွှေလမ်းငွေလမ်း ဖောက်ထားပြီးဖြစ်သည့် ခင့်အစ်မ၏ ခင်ပွန်းလောင်းဖြစ်သည်။ စာရေးဖော်ရေးဖက် ဖြစ်သည့်အပြင် သူ၏ ဆရာလည်းဖြစ်သည့်အတွက် အနှီပုဂ္ဂိုလ်အား မျက်စိမှိတ်ယုံကြည်မိခဲ့သည်။ အနှီပုဂ္ဂိုလ်၏ အားပေးစကားများတွင် မျှော်လင့်ချက်ကြီးမားစွာ သာယာမိခဲ့သည်။ အနှီပုဂ္ဂိုလ်ပေးသော အိပ်မက်တို့ကို ယုံယုံကြည်ကြည် ဆုပ်ကိုင်လျက် သူတို့ချစ်သူနှစ်ဦး၏ အနာဂတ်အတွက် ပညာရေး၌ အစွမ်းကုန် လုံ့လစိုက်ထုတ်ခဲ့သည်။ ထိုသို့ယုံကြည်မိသည်ကပင် ခင်နှင့် တဘ၀စာ ဝေးရမည့် အဖြစ်တို့ ဆိုက်ရောက်လာလိမ့်မည်ကို သူလုံးဝမသိခဲ့ပေ။ သူ၏ ကျေးဇူးတင်မှုထက် အနာဂတ်တွင် တစ်သက်လုံး ပတ်သက်ရမည့် ယောက္ခမလောင်း၊ ယောက်ဖလောင်းများ၏ ယုံကြည်မှုကို ထိုပုဂ္ဂိုလ်ရွေးချယ်သွားသည့် အချိန်တွင် သူ၏ကမ္ဘာပြိုကျသွားခဲ့ရသည်။ လက်တုန့်ပြန်ခွင့်မရှိသည့် ဒေါသတို့အား စာပေဖြင့် ဖြေဖျောက်ရန် သူအနိုင်နိုင်အားတင်း၍ ကြိုးစားခဲ့ရသည်။ မည်သို့ပင်ဆိုစေကာမူ သူ၏စာပေသည် ဒေါသမသင့်စေရ။ အဆိုပါဖြစ်ရပ်နှင့် စပ်လျဉ်း၍ မျှော်လင့်ချက်မဲ့သည့် သူ့ဘ၀အား ဖော်ညွှန်းသည့် စာတစ်ပုဒ် သူ့ကလောင်ဖျားမှ ထွက်ပေါ်လာခဲ့သည်။ ခေါင်းစဉ်မှာ “ ဘကြီးအောင်ညာတယ်”။
ဘကြီးအောင်ကြောင့် သူတို့ချစ်သူနှစ်ဦး၏ အခြေအနေ ပိုမိုဆိုးရွားလာခဲ့သည်။ အနာဂတ်အတွက် မျှော်လင့်ချက် ပျောက်ဆုံးသွားသည့် သူ့အတွက် ကဗျာသည်သာ ထွက်ပေါက်၊ ကဗျာသည်သာ ဖြေသိမ့်ရာ၊ ကဗျာသည်သာ ရင်ဖွင့်စရာ ဖြစ်နေခဲ့သည်။
ခွင့်မသာ
မကြင်သာသည်၊ ခင်ပါလျက်လည်း
ပင်ထက်လျှံဝင်း၊ ဇင်ငွေမင်းသို့
ကြူသင်းဝေသီ - မြင့်သောကြောင့်။
မတမ်းသာသည်၊ လွမ်းပါလျက်လည်း
မိုးထက်ရောင်ဖုံး၊ လတနှုန်းသို့
ချိုပြုံးဝေသီ - မြင့်သောကြောင့်။
မခေါ်သာသည်၊ မြော်ပါလျက်လည်း
တောင်ထက်ငွေသွေး၊ နှင်းဖြူဖွေးသို့
ကြည်အေးဝေသီ - မြင့်သောကြောင့်။
မင်းသုဝဏ်
မျှော်လင့်ချက်မဲ့သော ဘ၀သည် ဝေဒနာတို့အား စိတ်အာရုံတွင်းသို့ တံခါးဖွင့်၍ ဖိတ်ခေါ်သည်။ ခင့်ထံမှ စာမလာသတင်း မကြားရသောအခါ ဗျာပါဒတို့က တနေ့တခြား သူ့အား ဖိစီးလာခဲ့သည်။ အစဉ်ရစ်ဝိုင်းနေသည့် မျက်ရည်စတို့အား လူရှေ့သူရှေ့ စီးမကျရန် မာန်တင်းနေရသည့် အဖြစ်သည် သူ့အား လက်ရှိဘ၀တွင် ရှင်သန်ချင်စိတ် ကုန်ခန်းလာစေခဲ့သည်။ ရင်တွင်းမဆန့်သော ဝေဒနာတို့အတွက် ချစ်သူရင်ခွင်၌ ခေါင်းထိုး၍ ကလေးတစ်ယောက်နှယ် အော်ဟစ်ငိုယိုချင်စိတ်တို့ ဖြစ်ပေါ်လာခဲ့သည်။ ဤသို့ဖြင့် အနုပညာသမား၏ စီးကျခွင့်မရသော မျက်ရည်တို့သည် ကဗျာအဖြစ် စာမျက်နှာပေါ်၌ ပေါ်ထွက်လာတော့သည်။
တွယ်ရာမဲ့
မထန်သာသည်
သူ့မှာကျွန်တွက်၊ ဆံတရွက်မျှ
ချစ်သက်ချစ်ငွေ့ - မကျန်၍။
မပန်သာသည်
သူ့မှာကျွန်တွက်၊ မြူတစက်မျှ
ချစ်သက်ချစ်ငွေ့ - မကျန်၍။
မြကန်သာစည်
ဒုမ္မာကြာတော၊ ပွင့်မှလျောသည့်
ဟိုမျောသည်တင်၊ ကြာချပ်သွင်သို့
ရှစ်ခွင်ရှစ်ဖက်၊ ခရီးထွက်သည်
တွယ်သက်တွယ်ငွေ့ - မကျန်၍။ ။
မင်းသုဝဏ်
သူ၏ ဝေဒနာတို့အား ကဗျာများမှ တဆင့် မြင်ရသည့် ခင်သည် ကဗျာများဖြင့်ပင် သူအားနှစ်သိမ့် ချောမော့ပေးခဲ့သည်။ ခင်၏ ကဗျာများသည် သူ့အားဝေဒနာတိုးစေသကဲ့သို့ အားလည်းဖြစ်စေခဲ့သည်။ မဖြစ်နိုင်သည့်အရာအား လက်လျှော့သင့်ကြောင်း လူတကာတိုက်တွန်းနေသည့် ကြားကပင် ခင်၏ကဗျာများကြောင့် သူ့မျှော်လင့်ချက်တို့ ပြန်လည်နလံထလာခဲ့သည်။ ယဉ်နုနွဲ့နှောင်းသော အလှပိုင်ရှင် ခင့်ကဲ့သို့ သူမ၏ကဗျာများကား နွဲ့နှောင်းလှချေသည်။
လေညှင်းလသာ၊ လရောင်ဝါ၌
ဘယ်ညာနွဲ့နွဲ့၊ ချမ်းဖွယ်ငဲ့၍
အိုဘဲ့ကြင်ဦး၊ မယ့်သက်ဦးရယ်
ကြည်နူးချိုသာ၊ ပွင့်လိုပါလည်း
မယ့်မှာဇာတ်ခြား၊ ကုမုဒ်ဖွားမို့
နေ့အားမပွင့်၊ လရောင်နှင့်မှ
ထူးတင့်ကြူစွာ၊ ပွင့်ရပါဟု
တီတာသာညှင်း၊ ဖြေစဉ်တွင်းဝယ်
နေမင်းပေါ်ချိန် - ရောက်ခဲ့၏။ ။
နေ၀င်မောင်ငိုက်၊ လမိုက်မယ်ငုံ
မကြုံအခွင့်၊ ကြင်ရေးဖင့်ခဲ့
သို့နှင့်နေရာ၊ တနေ့ခါဝယ်
ရွှေကြာပဒုံ၊ တပွင့်တုံမှ
ဝတ်မှုံဆင်သ၊ နတ်မယ်လျသည်
ဝင်းပကိုယ်ရံ၊ မြူးထွက်စံသော်
ဗိမာန်လ၀န်း၊ ပေါ်လာထွန်းဟု
ထင်မှန်းမှတ်ကာ၊ ကုမုဒြာသည်
ငုံရာမှပွင့်၊ သရေတင့်၍
စောင့်လင့်လိပ်ပြာ၊ ချစ်သဟာနှင့်
မေတ္တာစက်တွင်း၊ နှစ်ကိုယ်ဆင်းသည်
နတ်မင်းသူဇာတို့နှယ်တကား။ ။
ခင်စောမူ (လိပ်ပြာနှင့် ကြာကုမုဒ်)
သူသည် လိပ်ပြာ၊ ခင်ကား ည၌ပွင့်သည့် ကုမုဒြာ။ ခင်၏ကဗျာအရ သူမသည်လည်း သူ့အပေါ် သစ္စာမပျက် မျှော်လင့်လျှက် ရှိနေသည်။ သို့သော် ညအမှောင်၌ လိပ်ပြာ မည်သို့ ၀တ်ရည်စို့ရမည်ကို သူ့အနေဖြင့် အဖြေရှာမရချေ။ ကူရာမဲ့သောဘ၀တွင် သောကသာလျှင် အဖော်ပြုစရာ ရှိတော့သည်။ သူ့အား အားပေးနှစ်သိမ့်နေသော်လည်း စတင်ခွဲခွာခဲ့သည့် အချိန်မှစ၍ ခင်ခံစားနေခဲ့ရသော ဝေဒနာအစုစုတို့သည် သူ့ထက်မလျှော့ကြောင်းကို ကနဦးအစမှ သူမ၏ ကဗျာတချို့က သက်သေပြနေသည်။
ဖြေလည်းမပြေ၊ ယခုနေမူ
ဘော်ရွေထိန်းယ၊ မိနှင့်ဘတို့
ရွှင်ပြချိုသာ၊ ပိုက်ဖျားလှာလည်း
မပါသည့်စိတ်၊ ညစ်ကြောင်းဟိတ်သည်
သိုသိပ်မနိုင် - ဖြာသောကြောင့်။ ။
ခင်စောမူ (ဖြေမပြေ)
မကြာသောကာလတွင် ကုမုဒြာအနီး ရစ်ဝဲမည့်သူ ပေါ်လာခဲ့သည်။ အရေးပိုင်တစ်ဦးအား ခင်၏ဘ၀လက်တွဲဖော်အဖြစ် မိဘများက အသိအမှတ်ပြုကြောင်း သတင်းသည် နေ့မကူးပဲ သူ့ထံရောက်ရှိလာခဲ့သည်။ တက္ကသိုလ်အဆောင်နည်းပြနှင့် မဟာဝိဇ္ဇာကျောင်းသားဟူသော ဂုဏ်ပုဒ်သည် မင်းစိုးရာဇာ အသိုင်းအ၀ိုင်းမှ အရေးပိုင်တည်းဟူသော အရှိန်အ၀ါနှင့် ထိုခေတ်အခါသမယတွင် မည်သို့ယှဉ်နိုင်ပါမည်နည်း။ မည်သို့အံတု၍ ပြိုင်ဆိုင်နိုင်ပါမည်နည်း။ သတို့သားလောင်းနှင့် တွဲသွားတွဲလာ လုပ်နေသည့် ခင်၏သတင်းသည် သူ့အား ရှင်လျက်နှင့် သေဆုံးသည့်ဘ၀သို့ ဆိုက်ရောက်သွားစေခဲ့သည်။ ထိုအချိန်တွင် ကဗျာလင်္ကာတို့သည်လည်း သူခံစားနေရသည့် ဝေဒနာအတွက် ဆေးဖက်မ၀င်တော့။ မျှော်လင့်ချက်မဲ့သောသူသည် ခင့်အား ကဗျာဖြင့် စကားပြောနိုင်စွမ်း မရှိတော့ချေ။ သို့သော် ခင့်ဖက်မှ သူ့အား နောက်ဆုံးအချိန်ထိ မျှော်လင့်ခဲ့ကြောင်း သူမ၏ ကဗျာနှစ်ပုဒ်က သက်သေခံသည်။
သခင်သခင်၊ ကျွန့်သခင်၏
ကြည်လင်ရွှင်မြူး၊ မျက်နှာထူးကို
လွန်ဖူးချင်လှ၊ ကျွန်တောင့်တ။
သခင်သခင်၊ ကျွန့်သခင်၏
သန့်စင်ချိုသာ၊ နှုတ်ပျူငှာကို
လွန်နာလိုလှ၊ ကျွန်တောင့်တ။
သခင်သခင်၊ ကျွန့်သခင်၏
ပန်းသွင်သီကုံး၊ ချစ်စာလုံးကို
တပြုံးရွှင်ရွှင်၊ ငွေလွှာစင်ဝယ်
ဖတ်ချင်မောလှ၊ ကျွန်တောင့်တ။
ခင်စောမူ (ကျွန်တောင့်တ)
*****************
ယခုမူကား၊ ကျွန့်သက်ထားသည်
ယုံမှားသောထွေ၊ မကြည်လေပဲ
ဖဲလေလွတ်ရာ၊ ကျွန့်ကိုခွာရှင့်
မြိုင်မှာမြိုင်လျှောက်၊ ကြိုင်ရွှင်လှောက်၍
ပိတောက်ဆင့်ဆင့်၊ ဖူးငုံပွင့်လည်း
ကျူးရင့်မြိုင်ယံ၊ တေးတျာသံကား
ဆည်းကျံခဲ့ပြီ၊ ဆိတ်မသီရှင့်
မအီမကောင်း၊ ကျွန်စိတ်ပြောင်းပေါ့
အကြောင်းမတန်၊ ခွန်းမပြန်ပဲ
မျက်မာန်သာပွား၊ စိတ်ကစားသည်
သက်ထားငယ်ကျွမ်း - ဦးဆောက်ပန်း။ ။
ခင်စောမူ (သက်ထားငယ်ကျွမ်း ဦးဆောက်ပန်း)
လောကဓံကို အံတုရင်ဆိုင်ရန် မကြိုးစားပဲ ရှောင်ခွာပြေးသည့် သူ့ကြောင့် ခင်၏ မျှော်လင့်ချက်တို့ တစစီဖြစ်ခဲ့ပုံရသည်။ မျှော်လင့်ချက်ကုန်ဆုံးပြီး လောကဓံအား လည်စင်း၍ နာခံလိုက်ရသည့် နောက်ပိုင်းတွင် ခင်၏ကဗျာတို့ကို ထပ်မမြင်ရတော့ချေ။ ခင်အိမ်ထောင်ပြုပြီး နောက်တစ်နှစ်တွင် သူမနှင့် သစ္စာတိုင်ခဲ့ရာ ကံ့ကော်ရိပ်မှ နိုင်ငံရပ်ခြားသို့ သူထွက်ခွာလာခဲ့သည်။ ထိုနှစ်များအတွင်း ပညာတော်သင်ဖြစ်သော သူသည် စာပေလေ့လာဆည်းပူးခြင်းဖြင့် ခံစားနေရသည့် သောကဝေဒနာတို့အား ဖြေဖျောက်နိုင်ခဲ့သည်။ ပညာသင်ကာလပြီးဆုံးပြီး ကံ့ကော်ရိပ်သို့ ပြန်ရောက်သည့်အချိန်တွင် သူလက်ထောက်ကထိကအဖြစ် တာဝန်ထမ်းဆောင်ရမည့် အရှေ့တိုင်းပညာရပ်များဌာန၌ မြန်မာစာ ကထိကဌာနမှူးဖြစ်နေသော ဘကြီးအောင်နှင့် ပြန်ဆုံခဲ့သည်။ ဘကြီးအောင်နှင့် ခင်၏ အစ်မသည် သူမလက်မထပ်မှီ တစ်နှစ်အလိုကတည်းက လက်ထပ်ပြီး ဖြစ်သည်။ အနာဟောင်းတို့ အသစ်ပြန်ဖြစ်သောအခါ ဘကြီးအောင်နှင့် သူ့အကြား ဆက်ဆံရေးမှာ အဆင်မပြေနိုင်တော့ချေ။ မကြာမှီကာလတွင် ဘကြီးအောင်သည် သူတို့ဌာန၏ ပါမောက္ခအဖြစ် ရာထူးတိုးမြှင့်ခံရသောအခါ ဘကြီးအောင်၏အုပ်ချုပ်မှုအောက်၌ သူရပ်တည်ရန်မဖြစ်နိုင်တော့။ ထို့ကြောင့် ၁၉၄၂ခုနှစ်တွင် ပညာရေးဌာန ဘာသာပြန်ဌာနခွဲတွင် ပြောင်းရွေ့ခဲ့သည်။ ထိုနှစ်တွင်ပင် သူအိမ်ထောင်ပြုခဲ့သည်။ သူနှင့်ခင်တို့၏ ချစ်ခြင်းကား ကဗျာများနှင့်အတူ ကျန်ရစ်ခဲ့ချေပြီ။ သို့သော်………….
သူအိမ်ထောင်ပြုပြီး နောက်တစ်နှစ်၌ မမျှော်လင့်ပဲ ခင်ကွယ်လွန်သွားခဲ့သည်။ ၁၉၃၅ခုနှစ်တွင် အိမ်ထောင်ကျ၍ ၁၉၄၃ ခုနှစ်တွင် ငယ်ငယ်ရွယ်ရွယ်နှင့် ကွယ်လွန်သွားသည့် ပထမဆုံး အမျိုးသမီးခေတ်စမ်းစာဆို ချစ်သူဟောင်း အတွက် သူ၏နှမြောတသ ယူကြုံးမရမှုမှာ နှိုင်းယှဉ်စာဖွဲ့ပြစရာ မရှိချေ။ ၀မ်းနည်းကြေကွဲမှုအစုစုသည် ဒေါသနှင့် အာဃာတအဖြစ်သို့ ပြောင်းလဲသွားသောအခါ ….
သူနှင့်ဘကြီးအောင်၏ ပြိုင်ဆိုင်မှုကြောင့် ရန်ကုန်တက္ကသိုလ် မြန်မာစာဌာန နှစ်ခြမ်းကွဲပြီး သူတို့နှစ်ဦး စင်ပြိုင်ပါမောက္ခများ ဖြစ်လာခဲ့သည်။
သူတို့နှစ်ဦးစလုံး နိုင်ငံတော်မှချီးမြှင့်သော ၀ဏ္ဏကျော်ထင်ဘွဲ့နှင့် သီရိပျံချီဘွဲ့များကို ရရှိခဲ့သည်။
သူတို့နှစ်ဦးစလုံး မြန်မာနိုင်ငံ၏ ထိပ်တန်းစာပေပညာရှင်များ ဖြစ်လာခဲ့သည်။ သို့သော် ………….
သူနှင့်ဘကြီးအောင်သည် ကမ္ဘာ့ရန်။ ။
ဘွရှင် ( စက်တင်ဘာ ၁ရက်၊ ၂၀၁၄ )

0 comments:

Post a Comment