လူ့ အခွင့်အရေးကို ဦးစားပေးသင့်သလား၊ အမျိုးသားရေးကို ဦးစားပေးသင့်သလား
ဒီရက်ပိုင်း အင်တာနက်သုံးတိုင်း တွေ့နေရတဲ့ post တွေကြောင့် ခေါင်းထဲမှာ
မေးခွန်းတစ်ခု အလိုလို ရောက်လာပါတယ်။ ကိုယ်တွေးတဲ့မေးခွန်းကို ကိုယ့်ဘာသာကိုယ်
ပြီးပြည့်စုံအောင် ဖြေနိုင်ဖို့ လုံလောက်တဲ့ ဗဟုသုတကလည်း မရှိလေတော့ ခုရေးနေတဲ့ အချိန်ထိလည်း
တွေးနေဆဲပါပဲ။ နှစ်ပေါင်းနှစ်ဆယ်ကျော် သုံးဆယ်နီးပါးကာလကို ဖြတ်သန်းပြီးတဲ့အထိ လူ့အခွင့်အရေးဆိုတဲ့
အသံတွေကို နားမဆန့်အောင် ကြားဖူးခဲ့သလို အမျိုးသားရေးဆိုတဲ့ ဟာတွေကိုလည်း
ဦးနှောက်နဲ့ မဆန့်အောင် သင်ကြားမှတ်သားခဲ့ရပါတယ်။ အဲဒီနေရာမှာ
အမျိုးသားရေးဆိုတဲ့ စကားလုံးကို အများဆုံး သုံးခဲ့တာက ကျွန်တော့်တစ်သက်နီးပါး
ခုချိန်ထိ လူချစ်လူခင် အင်မတန်ပေါတဲ့ အာဏာပိုင် အဖွဲ့အစည်း ယူနီဖောင်း ၀တ်/ချွတ်တွေ ဖြစ်ကြပြီး
လူ့အခွင့်အရေးဆိုတဲ့ စကားလုံးကို မြစ်ဆိပ်မှာ အ၀တ်လျှော်သလို ပေါပေါများများ သုံးစွဲတတ်တာက
ပြည်တွင်းပြည်ပ အတိုက်အခံ နိုင်ငံရေးသမားများနဲ့ နိုင်ငံခြားအခြေစိုက်
မြန်မာဘာသာနဲ့ ထုတ်လွှင့်တဲ့ မီဒီယာတွေ ဖြစ်ကြပါတယ်။