ပြိုကွဲခြင်း၏ နိဒါန်း
၁၉၄၇ ခုနှစ် သြဂုတ်လ ရက်တစ်ရက် သန်းခေါင်ယံအချိန်မှာ ဗြိတိသျှပိုင် အိန္ဒိယတိုက်ငယ်ဟာ နိုင်ငံသစ်နှစ်ခုအဖြစ် ထက်ခြမ်းကွဲပြီး လွတ်လပ်ရေးရရှိခဲ့ပါတယ်။ တစ်ခုက မူဆလင်တွေကြီးစိုးရာ ပါကစ္စတန်ဖြစ်ပြီး နောက်တစ်ခုကတော့ ဟိန္ဒူတွေကြီးစိုးတဲ့ အိန္ဒိယနိုင်ငံဖြစ်ပါတယ်။ ဒီလိုလွတ်လပ်ရေးရှိခဲ့ကြရာမှာ အိန္ဒိယနိုင်ငံကတော့ ကုန်းမြေအများစု တစ်စုတစည်းတည်းရှိတဲ့နိုင်ငံအဖြစ် လွတ်လပ်ရေး ရရှိခဲ့ပြီး ပါကစ္စတန်နိုင်ငံကတော့ အိန္ဒိယနိုင်ငံကို အလယ်မှာထားပြီး အရှေ့ပါကစ္စတန်(အရှေ့ဘင်ဂေါ)နဲ့ အနောက်ပါကစ္စတန်ရယ်လို့ နယ်မြေနှစ်ပိုင်းရှိတဲ့ နိုင်ငံအဖြစ် လွတ်လပ်ရေးရရှိခဲ့ပါတယ်။ ဒီလိုမျိုးနယ်မြေနှစ်ခြမ်းကွဲပြီး လွတ်လပ်ရေးရရှိခဲ့တဲ့အချိန်မှာ အုပ်ချုပ်ရေးအာဏာကို အနောက်ပါကစ္စတန်ဖက်ကပဲ လက်ဝါးကြီးအုပ်ထားခဲ့ပြီး အရှေ့ပါကစ္စတန်ကတော့ လက်အောက်ခံနယ်မြေအဖြစ် ရပ်တည်ခဲ့ရပါတယ်။ ကိုးကွယ်ယုံကြည်တဲ့ ဘာသာတူတွေဖြစ်ပေမယ့်လို့ အရှေ့နဲ့အနောက်ဟာ စာပေ၊ဘာသာစကားနဲ့ ယဉ်ကျေးမှုစရိုက် လက္ခဏာချင်း မတူကြပါဘူး။ နိုင်ငံရေးမှာ အနောက်သြဇာခံဖြစ်ခဲ့ရတဲ့ အရှေ့ဒေသဟာ စီးပွားရေး၊လူမှုရေး၊ပညာရေး စတဲ့နယ်ပယ်တွေမှာ အနောက်ဒေသလောက် ဖွံ့ဖြိုးတိုးတက်ခြင်း မရှိခဲ့ပါဘူး။ အဲဒီလိုမညီမျှမှုတွေကပဲ ဒီနိုင်ငံရဲ့ ဒေသကြီးနှစ်ခုကြားမှာ အက်ကြောင်းကြီးကြီးမားမား ဖြစ်လာစေခဲ့ပါတယ်။
ဘာသာစကား အရေးတော်ပုံ
၁၉၄၈ခုနှစ်မှာ ပါကစ္စတန်နိုင်ငံရဲ့ ပထမဆုံးဘုရင်ခံချုပ်(Governor general) မိုဟာမက် အလီဂျင်းနား က ပါကစ္စတန်နိုင်ငံရဲ့ နိုင်ငံတော်ဘာသာစကားအဖြစ် အူရဒူဘာသာစကားကို သတ်မှတ်ကြေငြာလိုက်ပါတယ်။ ဒီကြေငြာချက်ဟာ နှစ်ပိုင်းကွဲပြားနေတဲ့ ပါကစ္စတန်နိုင်ငံအတွင်း အင်မတန်ကြီးကျယ်တဲ့ အငြင်းပွားမှုကိုဖြစ်ပေါ်စေခဲ့ပါတယ်။ အူရဒူစကားဟာ အရှေ့ပါကစ္စတန်မှာ Muhajirs လူမျိုးများနဲ့ အရှေ့ပါကစ္စတန်မှာ Biharis လူမျိုးများသာ ပြောဆိုနေကြတဲ့ ဘာသာစကားဖြစ်ပါတယ်။ အူရဒူဘာသာစကားဟာ ရှေးအစဉ်အဆက် အိန္ဒိယမူဆလင်တွေရဲ့ ယဉ်ကျေးမှုစာပေဖြစ်ပြီး အိန္ဒိယတိုက်ငယ်မှာ အစ္စလာမ်ယဉ်ကျေးမှုရဲ့ အမှတ်သင်္ကေတဖြစ်ပါတယ်။ ဒါပေမယ့် ပါကစ္စတန်နိုင်ငံတွင်းက လူမျိုးစုတွေကတော့ မိမိတို့ကိုယ်ပိုင်ဘာသာစကားကိုပဲ ပြောဆိုနေခဲ့ကြတာပါ။ အနောက်ပါကစ္စတန်သားအများစုဟာ Punjabi စကားကိုပြောဆိုကြပြီးတော့ အရှေ့ပါကစ္စတန်သားတွေကတော့ ဘင်္ဂလီစကားနဲ့စာပေကိုပဲ သုံးစွဲနေကြပါတယ်။ ဘင်္ဂလီစာပေဟာ အစ္စလာမ်ဘာသာမ၀င်ရောက်ခင်ကတည်းက ပါဠိ၊သက္တတစတဲ့ ရှေးဟောင်းအိန္ဒိယစာပေတွေကနေ အစဉ်အလာကြီးမားစွာ ဆင်းသက်လာခဲ့တဲ့ စာပေတစ်ရပ်ဖြစ်ပါတယ်။ အဲဒီလို သမိုင်းအစဉ်အလာကြီးမားတဲ့ မိမိတို့ရဲ့ကိုယ်ပိုင်စာပေ၊ဘာသာစကားကို အနောက်ပါကစ္စတန်ရဲ့ အမိန့်ကြောင့် အူရဒူနဲ့အစားထိုးသုံးစွဲရမယ်ဆိုတဲ့အချက်ဟာ အရှေ့ပါကစ္စတန်သားတွေအတွက် ဘယ်လိုမှလက်ခံလို့မရတဲ့ ကိစ္စတစ်ခုဖြစ်နေခဲ့ပါတယ်။ အဲဒီအမိန့်ကိုဆန့်ကျင်ခဲ့တဲ့ အရှေ့ပါကစ္စတန်သားတွေကို အနောက်အုပ်စုသြဇာခံအစိုးရက ၁၉၅၂ခုနှစ် ဖော်ဖော်ဝါရီလ ၂၁ရက်နေ့မှာ ရက်ရက်စက်စက် နှိမ်နှင်းခဲ့လို့ လူအများအပြား သေဆုံးပြီး Language Martyrs' Day လို့အမည်ရတဲ့ အာဇာနည်နေ့ ပေါ်ပေါက်လာခဲ့ပါတယ်။ ခုနောက်ပိုင်းကာလမှာ UNESCO က အဲဒီနေ့ရက်ကို အပြည်ပြည်ဆိုင်ရာ မိခင်ဘာသာစကားနေ့ (International Mother Language Day) အဖြစ် သတ်မှတ်ခဲ့ပါတယ်။ အဲဒီအချိန်ကတည်းက စတင်ပြီး အရှေ့ပါကစ္စတန်သားတွေရဲ့ နှလုံးသားမှာ အမျိုးသားရေးစိတ်ဓာတ်တွေ ကိန်းဝပ်လာပြီး အနောက်ပါကစ္စတန်ရဲ့လက်အောက်ခံဘ၀ကနေ လွတ်မြောက်ဖို့ လမ်းစတွေရှာဖွေလာခဲ့ကြပါတယ်။
ပါကစ္စတန်အစိုးရဟာ နှစ်စဉ်ဘတ်ဂျက်ခွဲတမ်းချတဲ့အခါ အရှေ့ပါကစ္စတန်ဘက်ခြမ်းကို တစ်ဝက်ခေါက်ချိုးမက လျှော့နည်းတဲ့ ပမာဏသာချပေးပါတယ်။ အဲဒီလိုမတရားတဲ့လုပ်ရပ်တွေကြောင့် အရှေ့ပါကစ္စတန်ဒေသဟာ အနောက်ပိုင်းထက်စာရင် ဖွံ့ဖြိုးတိုးတက်မှု အင်မတန်နောက်ကျပြီး နှစ်စဉ်သဘာဝဘေးအန္တရာယ်တွေကြားထဲမှာ မချိမဆန့်ရပ်တည်ခဲ့ရပါတယ်။ အရှေ့ပါကစ္စတန်သားတွေဟာ ပါကစ္စတန်ရဲ့ နိုင်ငံရေးနယ်ပယ်မှာ နေရာမရတဲ့အပြင် ပါကစ္စတန်တပ်မတော်မှာလည်း နေရာပေးမခံခဲ့ရပါဘူ။ ပါကစ္စတန်တပ်မတော်တစ်ခုလုံးမှာ ဘင်္ဂလီတပ်မတော်သား အရေအတွက် ငါးရာခိုင်နှုန်းလောက်သာရှိပြီး အရာရှိအရေအတွက် နည်းနည်းလေးပဲရှိပါတယ်။ အနောက်ပါကစ္စတန်သားတွေက ဘင်္ဂလီတွေဟာ ပန်ချာပီတွေ၊ပထန်တွေလို စစ်တိုက်ရာမှာ အရည်အချင်းရှိတဲ့လူမျိုးတွေမဟုတ်ဘူးလို့ ယုံကြည်ထားကြပြီး တမင်တကာချောင်ထိုးထားခဲ့ပါတယ်။ အဲဒါကြောင့် ပါကစ္စတန်တပ်မတော်တစ်ခုလုံးကို စစ်ရေးစွမ်းရည်မြှင့်တင်ဖို့ အသုံးစရိတ်ကြီးကြီးမားမား သုံးစွဲတဲ့အချိန်မှာ အရှေ့ပါကစ္စတန်အတွက် ကန်ထရိုက်တွေ၊စစ်ဖက်အလုပ်အကိုင် အခွင့်အလမ်းတွေနဲ့ စစ်လက်နက်ပစ္စည်းအသုံးစရိတ်တွေ တစ်ပြားတစ်ချပ်မှမပါခဲ့ပါဘူး။ ၁၉၆၅ခုနှစ် အိန္ဒိယနဲ့ ပါကစ္စတန်စစ်ပွဲမှာတောင် အရှေ့ပါကစ္စတန်ဟာ အဆင့်နိမ့်ခြေလျင်တပ်မတစ်ခု၊စစ်လေယာဉ် ၁၅စင်းလောက်နဲ့ အနောက်ပါကစ္စတန်က အဆင့်မြင့်တင့်ကားတပ်တွေရဲ့ အကူအညီမပါပဲ အိန္ဒိယတပ်တွေကို ရင်ဆိုင်တိုက်ခိုက်ခဲ့ရပါတယ်။
ပါကစ္စတန်နိုင်ငံကို ထူထောင်သူတွေထဲမှာ Khawaja Nazimuddin နဲ့ Muhammad Ali Bogra(သို့) Huseyn Shaheed Suhrawardy တို့လို ဘင်္ဂလီလူမျိုးတွေ ပါဝင်ခဲ့ပေမယ့် သူတို့ကို အနောက်ပါကစ္စတန်သားတွေက ၀န်ကြီးချုပ်ရာထူးကနေ ဖယ်ရှားခဲ့တယ်လို့ အရှေ့ပါကစ္စတန်သားတွေက ယုံကြည်ခဲ့ကြပါတယ်။ ၁၉၅၁ခုနှစ် ပါကစ္စတန်နိုင်ငံရဲ့ ပထမဆုံးဝန်ကြီးချုပ် Liaquat Ali Khan လုပ်ကြံသတ်ဖြတ်ခံရအပြီးမှာ နိုင်ငံတော်ရဲ့ အချုပ်အချာအာဏာကို ထိန်းချုပ်နိုင်သူဟာ နိုင်ငံတော်သမ္မတနဲ့ စပ်တပ်ဖြစ်လာခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ အနောက်ပါကစ္စတန်သား စစ်ဗိုလ်ချုပ် Ayub Khan (27 October 1958 – 25 March 1969) နဲ့ Yahya Khan (25 March 1969 – 20 December 1971) တို့ရဲ့ စစ်အာဏာရှင်အုပ်ချုပ်ရေးက အရှေ့သားတွေကို နိုင်ငံတော်အုပ်ချုပ်ရေးကနေ ဘေးရောက်သွားအောင် တွန်းပို့ခဲ့ပါတယ်။ ဒီလိုမျိုး အဖက်ဖက်က အသာစီးယူပြီးဖိနှိပ်နေတဲ့ကြားထဲက အရှေ့ပါကစ္စတန်ရဲ့ လူထုခေါင်းဆောင် Sheikh Mujibur Rahman ဦးဆောင်တဲ့ Awami League ပါတီဟာ ပြည်လုံးကျွတ်အထွေထွေရွေးကောက်ပွဲမှာ အပြတ်အသတ်အနိုင်ရပြီး နိုင်ငံရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင်မယ့် အနေအထားကို ရောက်ရှိခဲ့ပါတယ်။ ဒါပေမယ့် အဲအချိန်က ပါကစ္စတန်လူထုပါတီ( Pakistan Peoples Party[PPP]) ခေါင်းဆောင် အနောက်ပိုင်းသား Zulfikar Ali Bhutto က အနိုင်ရပါတီခေါင်းဆောင် Sheikh Mujibur Rahman ကို ၀န်ကြီးချုပ်ရာထူးအပ်နှင်းဖို့ ပယ်ချပြီး အရှေ့နဲ့အနောက် ၀န်ကြီးချုပ်နှစ်ဦးထားဖို့ အဆိုပြုပါတယ်။ ဒါ့အပြင် အဲဒီ PPP ပါတီခေါင်းဆောင်ဟာ အနိုင်ရပါတီက အဆိုပြုတဲ့ အခြေခံဥပဒေပြင်ဆင်ဖို့အပါအ၀င် တောင်းဆိုချက် ၆ ချက်ကိုလည်း ပယ်ချခဲ့ပါတယ်။ အဲဒီလိုအခြေအနေတွေကို ဖြေရှင်းဖို့ ပါတီခေါင်းဆောင်နှစ်ဦးဟာ ပါကစ္စတန်သမ္မတ စစ်အာဏာရှင် ဗိုလ်ချုပ်ကြီး Yahya Khan နဲ့ ဒါကာမှာ တွေ့ဆုံဆွေးနွေးခဲ့ကြပေမယ့် နှစ်ဦးနှစ်ဖက်ကျေနပ်လောက်တဲ့ ရလာဒ်မျိုး မရရှိတဲ့အတွက် အရှေ့ပါကစ္စတန်ခေါင်းဆောင် Sheikh Mujibur Rahman က ပြည်လုံးကျွတ်ဆန္ဒပြပွဲကို စတင်အကောင်အထည်ဖော်ဖို့ ကြိုးစားလိုက်ပါတယ်။ အဲဒါကြောင့် ပြည်တွင်းစစ်ဖြစ်မှာကို အသဲအသန်ကြောက်ရွံ့တဲ့ Zulfikar Ali Bhutto က Sheikh Mujibur Rahman ဆီကို သူ့ရဲ့လူယုံတော် Dr.Mubashir Hassan ကိုစေလွှတ်ပြီး ထပ်မံဆွေးနွေးဖို့တောင်းဆိုခဲ့ပါတယ်။ အဲဒီထပ်မံတွေ့ဆုံပွဲမှာ Mr.Bhutto က သမ္မတ၊ Sheikh Mujibur Rahman က ၀န်ကြီးချုပ်ရာထူးရယူပြီး ညွှန့်ပေါင်းအစိုးရဖွဲ့ဖို့ နှစ်ဦးနှစ်ဖက် သဘောတူညီမှုရရှိခဲ့ပါတယ်။ ဒါပေမယ့် ပါကစ္စတန်စစ်တပ်ဟာ Mr.Bhutto ဖက်မှာ ရှိနေပါတယ်။ ၁၉၇၁ မတ်လ ၇ ရက်နေ့မှာ ၀န်ကြီးချုပ်လောင်းSheikh Mujibur Rahman ဟာ အရှေ့ပါကစ္စတန်ဒေသတစ်ခုလုံးအတွက် သမိုင်းဝင်မိန့်ခွန်းပြောကြားခဲ့ပါတယ်။ အဲဒီမိန့်ခွန်းမှာပါတဲ့ "Our struggle is for our freedom. Our struggle is for our independence." စကားကြောင့် အရှေ့ပါကစ္စတန်ဒေသတစ်ခုလုံး ခွဲထွက်ရေးအတွက် စိတ်အားထက်သန်လာခဲ့ကြပါတယ်။ အဲဒီလိုအခြေအနေတွေဖြစ်လာတာကြောင့် မတ်လ ၁၀ရက်နေ့နဲ့ ၁၃ရက်နေ့မှာ ပါကစ္စတန်လေကြောင်းလိုင်းတစ်ခုလုံးမှာ လက်မှတ်ဝယ်ထားတဲ့လူတွေကို ရွေ့ဆိုင်းပြီး အရှေ့ပါကစ္စတန်ကို စစ်သားတွေ စတင်ပို့ဆောင်ခဲ့ပါတယ်။ ဒါ့အပြင် စစ်သင်္ဘော MV Swat နဲ့အပြည့် စစ်တပ်တွေ ရောက်ရှိလာပါတယ်။ ဒါပေမယ့် အဲဒီစစ်သင်္ဘောကို စစ်တကောင်းဆိပ်ကမ်းက ဘင်္ဂလီလူမျိုး တာဝန်ရှိသူတွေက ပေးမ၀င်ခဲ့ပါဘူး။ တစ်ဖက်မှာလည်း ဒေသခံဆန္ဒပြသူတွေကို ပစ်ခတ်ဖို့ အထက်ကအမိန့်ပေးတာကို ဘင်္ဂလီစစ်သားတွေက ငြင်းဆန်ခဲ့ကြပါတယ်။ အဲဒီဖြစ်ရပ်ကနေစတင်ပြီး အရှေ့ပါကစ္စတန် တပ်တွင်းအာဏာဖီဆန်မှု စတင်ဖြစ်ပွားလာခဲ့ပါတော့တယ်။ အဲဒီလို အခြေအနေတွေကြောင့် အနောက်ပါကစ္စတန်အစိုးရဟာ ဘင်္ဂလီအမျိုးသားလှုပ်ရှားမှုကို နှိမ်နှင်းဖို့ Operation Searchlight ကို ၁၉၇၁ခုနှစ် မတ်လ ၂၅ရက်နေ့မှာ စနစ်တကျ စတင်ခဲ့ပါတယ်။
ဒီစစ်ဆင်ရေးမစခင် တစ်လအလိုမှာ ဒေသတွင်းက နိုင်ငံခြားသတင်းထောက်တွေကို ကြိုပြီး ပြည်နှင်ဒဏ်ပေးခဲ့ပါတယ်။ စစ်ဆင်ရေးစတင်ပြီး တစ်လအတွင်းမှာ အရှေ့ပါကစ္စတန်က အဓိကမြို့ကြီးတွေကို ထိန်းချုပ်နိုင်ခဲ့ပြီး လူထုခေါင်းဆောင်Sheikh Mujibur Rahman အပါအ၀င် စစ်ဖက်၊အရပ်ဖက် အတိုက်အခံနိုင်ငံရေးသမားတွေ၊ အမျိုးသားရေးလှုပ်ရှားသူတွေအားလုံးကို ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။ စစ်ဆင်ရေးစတင်တဲ့ အချိန်ကနေစပြီး အရှေ့ပါကစ္စတန်နေရာအနှံ့အပြားမှာ Genocide လူသတ်ပွဲကြီး စတင်ခဲ့ပါတော့တယ်။ အဲဒီလူသတ်ပွဲမှာ ပါကစ္စတန်စစ်တပ်ရဲ့ လက်ချက်နဲ့ အရှေ့ပါကစ္စတန်ပြည်သူ ခန့်မှန်းခြေ 200,000–3,000,000 အထိ သတ်ဖြတ်ခံခဲ့ရပါတယ်။ အနောက်ပါကစ္စတန် မူဆလင်စစ်သားတွေဟာ အရှေ့ပါကစ္စတန်က ဘင်္ဂလီဟိန္ဒူတွေကို အဓိကထားပြီး လိုက်လံသတ်ဖြတ်ခဲ့ပါတယ်။ ပါကစ္စတန်စစ်တပ်ဟာ ဒါကာမြို့က University of Dhaka ရဲ့ Residential hall တွေကို အဓိကပစ်မှတ်ထားတိုက်ခိုက်ခဲ့ပြီး အထူးသဖြင့် အဲဒီနေရာက ဟိန္ဒူဘာသာဝင်ဘင်္ဂလီတွေနေထိုင်ရာ Jagannath Hall ကို ရက်ရက်စက်စက်ခြေမှုန်းခဲ့ပြီး လူပေါင်း ၆၀၀ကနေ ၇၀၀အကြား တချိန်တည်းသတ်ဖြတ်ခံလိုက်ရပါတယ်။ ဒေသတစ်ခုလုံးအတိုင်းအတာ သေဆုံးသူအရေအတွက် စုစုပေါင်းရဲ့ လေးပုံသုံးပုံဟာ ဟိန္ဒူဘာသာဝင်တွေ ဖြစ်ကြပါတယ်။ ဒီလိုမျိုးသတ်ဖြတ်မှုတွေကို ဖုံးကွယ်ဖို့ ပေါ်လစီသတင်းဆောင်းပါးရေးဖို့အတွက် အနောက်ပါကစ္စတန်ဖက်ကနေ စေလွှတ်လိုက်တဲ့ သတင်းထောက်တစ်ယောက်ဟာ အဲဒီသတင်းတွေကိုယူဆောင်ပြီး ဗြိတိန်နိုင်ငံကို ထွက်ပြေးတိမ်းရှောင်သွားခဲ့ပါတယ်။ အဲဒီဖြစ်ရပ်တွေကို သူက ဗြိတိန်သတင်းစာ Sunday Times ကနေဖွင့်ချလိုက်တဲ့အတွက် တစ်ကမ္ဘာလုံး ဒီလူသတ်ပွဲအကြောင်းသိရှိသွားပြီး အိမ်နီးချင်း အိန္ဒိယနိုင်ငံကို နိုင်ငံတကာက ဒီသွေးချောင်းစီးမှုတွေကို တားဆီးပေးဖို့ အကူအညီတောင်းခံခဲ့ပါတယ်။ အဲဒါကြောင့် အိန္ဒိယ၀န်ကြီးချုပ် အင်ဒီယာဂန္ဒီဟာ အိန္ဒိယတပ်မတော်ကို တိုက်ပွဲဝင်ရန်ပြင်ဆင်ဖို့ အမိန့်ပေးခဲ့ပါတယ်။
လွတ်လပ်ရေးကြေငြာခြင်း
ဘင်္ဂလီခေါင်းဆောင် Sheikh Mujibur Rahman ရဲ့ လွတ်လပ်ရေးသမိုင်းဝင်မိန့်ခွန်းဟာ လူထုကြားကို တိုက်ရိုက်မရောက်ခဲ့ပါဘူး။ ဒါပေမယ့် သူဖမ်းဆီးခံရပြီး မကြာခင်မှာပဲ ၁၉၇၁ မတ်လ ၂၇ရက်နေ့ ည ၇နာရီ ၄၅မိနစ်အချိန်မှာ လူထုခေါင်းဆောင်ရဲ့ ကိုယ်စား Major Ziaur Rahman က ဘင်္ဂလီဘာသာနဲ့ အသံလွှင့်ကြေငြာခဲ့ပါတယ်။ အဲဒီမိန့်ခွန်းထဲက နောက်ဆုံးကောက်နုတ်ချက်ကတော့-
Today Bangladesh is a sovereign and independent country. On Thursday night, West Pakistani armed forces suddenly attacked the police barracks at Razarbagh and the EPR headquarters at Pilkhana in Dhaka. Many innocent and unarmed have been killed in Dhaka city and other places of Bangladesh. Violent clashes between E.P.R. and Police on the one hand and the armed forces of Pakistan on the other, are going on. The Bengalis are fighting the enemy with great courage for an independent Bangladesh. May Allah aid us in our fight for freedom. Joy Bangla. ဖြစ်ပါတယ်။ အဲဒီကြေငြာဖို့ အရှေ့ဘင်ဂေါစစ်သားတွေဟာ ရေဒီယိုစတေရှင်ကို ၀န်းရံပြီး အသံလွှင့်မှုပြီးဆုံးတဲ့အထိ စောင့်ရှောက်ခဲ့ကြပါတယ်။ နောက်တစ်ရက် မတ်လ ၂၈ရက်နေ့မှာ Major Ziaur Rahman က ကြေငြာချက်အသစ်တစ်ခု ထပ်မံအသံလွှင့်ခဲ့ပါတယ်။ အဲဒါကတော့-
This is Shadhin Bangla Betar Kendro. I, Major Ziaur Rahman, at the direction of Bangobondhu Sheikh Mujibur Rahman, hereby declare that the independent People's Republic of Bangladesh has been established. At his direction, I have taken command as the temporary Head of the Republic. In the name of Sheikh Mujibur Rahman, I call upon all Bengalis to rise against the attack by the West Pakistani Army. We shall fight to the last to free our Motherland. By the grace of Allah, victory is ours. Joy Bangla.
အဲဒီလိုမကြေငြာခင် လွတ်လပ်ရေးကြေငြာချက်ကို စတင်အသံသွင်းခဲ့တဲ့ မတ်လ ၂၆ရက်နေ့ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ လွတ်လပ်ရေးနေ့အဖြစ် တရားဝင်သတ်မှတ်ခဲ့ပြီး ပထမဦးဆုံး အိန္ဒိယနိုင်ငံဝန်ကြီးချုပ် အင်ဒီယာဂန္ဒီက အသိအမှတ်ပြုခဲ့ပါတယ်။
လွတ်မြောက်ရေးစစ်ပွဲ
မတ်လမှ ဇွန်လ
ပါကစ္စတန်တပ်တွေဟာ ကနဦးကာလတုန်းက ဘင်္ဂလီတွေကို လွယ်လင့်တကူ နှိမ်နှင်းနိုင်မယ်လို့မျှော်လင့်ခဲ့ကြပါတယ်။ ဒါပေမယ့် တကယ်တမ်းရင်ဆိုင်ရတဲ့အခါမှာတော့ သူတို့ရဲ့ ရက်ရက်စက်စက် သတ်ဖြတ်မှုတွေများပြားလာလေလေ ဘင်္ဂလီတွေရဲ့ခုခံတိုက်ခိုက်မှုတွေက ပိုများလာလေလေဖြစ်လာတာကို ကြုံတွေ့ရပါတယ်။ တစ်ရက်တခြား Mukti Bahini တော်လှန်ရေးအဖွဲ့ထဲ အဖွဲ့ဝင်သစ်တွေ ပိုပြီးဝင်ရောက်လာကြပါတယ်။ ဘင်္ဂလီတွေကိုချေမှုန်းဖို့အမိန့်ပေးတာကြောင့် ပါကစ္စတန်တပ်မတော်ထဲက ဘင်္ဂလီစစ်သားတွေဟာ သူတို့တာဝန်ထမ်းဆောင်နေတဲ့ တပ်ရင်းတပ်ဖွဲ့တွေကို စွန့်ခွာပြီး တော်လှန်ရေးသမားတွေနဲ့ လာရောက်ပူးပေါင်းခဲ့ကြပါတယ်။ အဲဒီတော်လှန်ရေးသမားတွေကို ပါကစ္စတန်ရဲ့မွေးရာပါရန်ဘက် အိန္ဒိယနိုင်ငံက နောက်ကွယ်ကနေ လက်နက်ခဲယမ်းမီးကျောက် အကူအညီတွေထောက်ပံ့ပေးခဲ့ပါတယ်။ အဲဒီတော်လှန်ရေးသမားတွေကို နှိမ်နှင်းဖို့ ပါကစ္စတန်ဖက်က ခြေလျင်တပ်မနှစ်ခုကို အရှေ့ပိုင်းကိုလေကြောင်းနဲ့စေလွှတ်ခဲ့ပြီး Razakars, Al-Badrs နဲ့ Al-Shams တို့လို အစိုးရလက်ဝေခံ အစ္စလာမ်မစ်စစ်သွေးကြွအုပ်စုတွေကို ပြည်သူ့စစ်ဖွဲ့ပြီး စေလွှတ်ခဲ့ပါတယ်။ အဲဒီပြည်သူ့စစ်အဖွဲ့ထဲကို ခွဲထွက်ရေးကိုဆန့်ကျင်တဲ့ ဘင်္ဂလီအချို့နဲ့ ဘင်္ဂလားရဲ့ ပြည်တွင်းနေ ဘီဟာလူမျိုးမူဆလင်တွေကပါ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။ ၁၉၇၁ခုနှစ် ဧပြီလ ၁၇ရက်နေ့မှာ ဘင်္ဂလားမြောက်ပိုင်း Meherpur ဒေသမှာ အနောက်ပါကစ္စတန်မှာ အကျဉ်းကျနေတဲ့ Sheikh Mujibur Rahman ကို သမ္မတအဖြစ်တင်မြှောက်ပြီး၊ Syed Nazrul Islam ကယာယီသမ္မတအဖြစ်၊ Tajuddin Ahmed က၀န်ကြီးချုပ်၊ ဗိုလ်ချုပ်ကြီး Muhammad Ataul Ghani Osmani က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ် စင်ပြိုင်အစိုးရတစ်ရပ်ကို ဖွဲ့စည်းတည်ထောင်လိုက်ပါတယ်။ အဲဒီအစိုးရအဖွဲ့ဟာ ပေါ်ထွန်းလာမယ့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသစ်အစိုးရအဖွဲ့အတွက် ပထမဆုံးအုတ်မြစ်ချခဲ့တာဆိုရင်လည်း မမှားပါဘူး။ ဒေသတစ်ခုလုံးမှာတော့ ပါကစ္စတန်တပ်တွေနဲ့ ဘင်္ဂလီတော်လှန်ရေးပြောက်ကျားတွေဟာ အကြီးအကျယ်ရင်ဆိုင်တိုက်ပွဲဖြစ်နေကြပါပြီ။ အဲဒီတိုက်ပွဲတွေကြောင့် ဘင်္ဂလီစစ်ဘေးဒုက္ခသည် ဆယ်သန်းကျော်အား အိမ်နီးချင်းနိုင်ငံတွေကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။ အများစုကတော့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ အိန္ဒိယနိုင်ငံ အာသံပြည်နယ်နဲ့ အနောက်ဘင်ဂေါပြည်နယ်တွေကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်။
ဇွန်လမှ စက်တင်ဘာ
ဇူလိုင်လ ၁၁ ရက်နေ့မှာ ပျံ့ကြဲနေတဲ့ ဘင်္ဂလားတပ်မတော်ကို စင်ပြိုင်အစိုးရ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Osmani ရဲ့ ဦးဆောင်မှုနဲ့ စနစ်တကျပြန်လည်ဖွဲ့စည်းခဲ့ပါတယ်။ ယခင် ပါကစ္စတန်တပ်မတော်ရဲ့ ကာနယ်ဟောင်း ဗိုလ်ချုပ်ကြီး Osmani ဟာ အိန္ဒိယအစိုးရရဲ့ အကူအညီနဲ့ တောတွင်းတော်လှန်ရေးပြောက်ကျား ရှစ်ထောင်ကျော်ကို စနစ်တကျ လက်နက်တပ်ဆင်လေ့ကျင့်ပေးခဲ့ပါတယ်။ Osmani ရဲ့ဘင်္ဂလားတပ်မတော်ဟာ အရှေ့ဘင်္ဂလားဒေသကို စစ်မျက်နှာ ၁၁ခုဖွင့်ပြီး ယခင်ပါကစ္စတန်တပ်မတော်မှာ တာဝန်ထမ်းဆောင်ဖူးတဲ့ အတွေ့အကြုံရှိတဲ့ ဘင်္ဂလီအရာရှိတွေကို ဗျူဟာမှူးတွေအဖြစ် ကွပ်ကဲခိုင်းပြီး ပါကစ္စတန်တပ်တွေရဲ့ ထောက်ပို့လမ်းကြောင်းတွေကို စနစ်တကျဖြတ်တောက်ခဲ့ပါတယ်။ အဲဒီအချိန်မှာ ဘင်္ဂလားတပ်မတော်အတွင်း မူလစစ်သည်အရေအတွက်ကို ထည့်မတွက်ပဲ အသစ်လေ့ကျင့်ထားတဲ့ ပြောက်ကျားစစ်သည်အရေအတွက် တစ်သိန်းလောက်ရှိနေပါပြီ။ ပထမဆုံး စစ်ဆင်ရေးကို Operiation Jackpot လို့အမည်ပေးခဲ့ပါတယ်။ပြောက်ကျား ၂၀၀၀ကနေ ၅၀၀၀ကြား နယ်စပ်ဖြတ်ပြီး ပါကစ္စတန်တပ်တွေကို ၀င်ရောက်တိုက်ခိုက်ခဲ့ကြပါတယ်။ ဒါပေမယ့် လေ့ကျင့်သားမပြည့်ဝမှု၊ လက်နက်ခဲယမ်းမလုံလောက်မှုစတဲ့ အားနည်းချက်တွေကြောင့် တချို့နယ်မြေတွေမှာ ပါကစ္စတန်တပ်တွေကို ထိထိရောက်ရောက် တိုက်ခိုက်နိုင်ခြင်း မရှိခဲ့ပါဘူး။ ဒါပေမယ့် စစ်တကောင်း၊ Mongla, Narayanganj နဲ့ Chandpur ဒေသတွေမှာ ပါကစ္စတန်ရေတပ်က သဘောင်္တွေကို သြဂုတ်လ ၁၅ရက်နေ့မှာ မိုင်းခွဲဖျက်ဆီးနိုင်ခဲ့ပါတယ်။
အောက်တိုဘာမှ ဒီဇင်ဘာ
ဘင်္ဂလားတပ်မတော်ဟာ တောတွင်းပြောက်ကျားတွေရဲ့ အကူအညီနဲ့ နေရာတော်တော်များများမှာ ပါကစ္စတန်တပ်တွေအပေါ် အောင်ပွဲခံနိုင်ခဲ့ပါတယ်။ အထူးသဖြင့် Kamalpur၊ Belonia နဲ့ Boyra စစ်မြေပြင်တွေမှာ အနိုင်ရရှိခဲ့ပါတယ်။ နောက်ပြီး Lalmonirhat နဲ့ Shalutikar ဒေသက လေယာဉ်ကွင်းတွေကိုယာယီထိန်းသိမ်းနိုင်ခဲ့ပြီး အဲဒီကွင်းတွေကနေတဆင့် အိန္ဒိယက လက်နက်ခဲယမ်းတွေကို ဘင်္ဂလားထဲ တင်သွင်းနိုင်ခဲ့ပါတယ်။
စစ်ပွဲအတွင်း အိန္ဒိယနိုင်ငံ တရားဝင် ၀င်ရောက်လာခြင်း
ဘင်္ဂလားတော်လှန်ရေးစစ်ပွဲမှာ အိန္ဒိယနိုင်ငံက တော်လှန်ရေးသမားတွေကို နောက်ကွယ်ကနေ အလုံးအရင်းထောက်ပံ့ကူညီနေတာကြောင့် ၁၉၇၁ခုနှစ် ဒီဇင်ဘာ ၃ရက်နေ့မှာ ပါကစ္စတန်လေတပ်မတော်(PAF) က အိန္ဒိယနိုင်ငံရဲ့ လေတပ်အခြေစိုက်စခန်းကို စစ်မကြေငြာပဲ အလစ်ဝင်တိုက်ခဲ့ပါတယ်။ အဲဒီစစ်ဆင်ရေးမှာ ပါကစ္စတန်ဟာ အဲခေတ်တုန်းက အလွန်ထင်ရှားတဲ့ အာရပ်ကမ္ဘာနဲ့ အစ္စရေးနိုင်ငံ ခြောက်ရက်ကြာတိုက်ပွဲရဲ့ အစ္စရေးစစ်ဗျူဟာကို အတုယူခဲ့တာဖြစ်ပါတယ်။ အဲဒီတိုက်ခိုက်မှုကြောင့် အရင်က ကန့်လန့်ကာနောက်ကွယ်ကနေ လှုပ်ရှားနေတဲ့ အိန္ဒိယနိုင်ငံဟာ ဘင်္ဂလားစစ်မြေပြင်ကို ပေါ်ပေါ်ထင်ထင် ၀င်ရောက်လာခဲ့ပါတော့တယ်။ ဒါပေမယ့် အိန္ဒိယဟာ ပါကစ္စတန်ကို တရားဝင်စစ်ကြေငြာခဲ့ခြင်း မရှိပါဘူး။ အိန္ဒိယဟာ အရှေ့ဘင်္ဂလားစစ်မြေပြင်ဆီကို တပ်မဟာသုံးခု စေလွှတ်လိုက်ပါတယ်။ အရင်တိုက်ခိုက်နေတဲ့ ဘင်္ဂလားတပ်မတော်၊ပြောက်ကျားတပ်ဖွဲ့တွေနဲ့ ပေါင်းလိုက်ရင် အဲဒီအရေအတွက်ဟာ အရှေ့ဘင်္ဂလားမှာတပ်စွဲထားတဲ့ ပါကစ္စတန်တပ်မတော်ရဲ့ တပ်မသုံးခုထက် အဆပေါင်းများစွာ များပြားတဲ့အရေအတွက်ဖြစ်ပါတယ်။ ပါကစ္စတန်ဖက်ကလည်း စုဆောင်းထားတဲ့ အပျော်တမ်းတပ်ဖွဲ့တွေ၊ ပြည်သူစစ်တွေနဲ့ သူတို့ရဲ့နာမည်ကျော် ကွန်မန်ဒိုအဖွဲ့ (SSS)ကို စေလွှတ်ပြီး အိန္ဒိယထိုးစစ်ကို ဟန့်တားဖို့ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် ပါကစ္စတန်တပ်တွေ အဓိကခြေကုပ်ယူရာ ဒါကာမြို့ကို လက်လွှတ်ဆုံးရှုံးလိုက်ရတဲ့အချိန်မှာတော့ ၁၉၇၁ခုနှစ် ဒီဇင်ဘာ ၁၆ရက်နေ့မှာ ပါကစ္စတန်တပ်တွေ လက်နက်ချခဲ့ကြပါတယ်။
ဒီစစ်ဆင်ရေးအောင်မြင်မှုမှာ အိန္ဒိယထောက်လှမ်းရေးအဖွဲ့ Research and Analysis Wing (RAW) ဟာ အဓိက အခန်းကဏ္ဍကပါဝင်ခဲ့ပြီးတော့ ပါကစ္စတန်တပ်တွေရဲ့ လှုပ်ရှားမှုတွေကို အောင်မြင်စွာ ထောက်လှမ်းသတင်းပို့နိုင်ခဲ့ပြီးတော့ တောတွင်းပြောက်ကျားတွေနဲ့ စနစ်တကျချိတ်ဆက်လုပ်ကိုင်နိုင်ခဲ့ပါတယ်။ ဘင်္ဂလားတပ်မတော်၊ တောတွင်းMukti Bahini ပြောက်ကျားတွေနဲ့ အိန္ဒိယတပ်မဟာသုံးခု ပူးပေါင်းတိုက်ခိုက်ခဲ့တဲ့ ဒီစစ်ဆင်ရေးဟာ တောင်အာရှသမိုင်းမှာ အကြီးမားဆုံးပူးပေါင်းစစ်ဆင်ရေးအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။ ပါကစ္စတန်တွေလက်နက်မချခင်အချိန်ထိ အိန္ဒိယနဲ့ ပါကစ္စတန်တို့ဟာ ဘင်္ဂလားစစ်မြေပြင်မှာ ကြည်းကြောင်းတိုက်ပွဲတွေ ဖြစ်ပွားရုံတင်မကပဲ ရေကြောင်း၊လေကြောင်းတိုက်ပွဲတွေလည်း အများကြီးဖြစ်ပွားခဲ့ပါသေးတယ်။ Chittagong, Barisal နဲ့ Cox's Bazar ဆိပ်ကမ်းတိုက်ပွဲတွေမှာ အိန္ဒိယလေတပ်ဟာ ပါကစ္စတန်ရေတပ်ကို ထိထိရောက်ရောက်ချေမှုန်းနိုင်ခဲ့ပါတယ်။ ယခင်ပါကစ္စတန်ရေတပ်သားဟောင်း ဘင်္ဂလီတပ်မတော်သားတွေကလည်း အိန္ဒိယတပ်မတော်ကို စစ်ဆင်ရေးမှာ အကူအညီအများကြီးပေးခဲ့ပါတယ်။
ပါကစ္စတန်လက်နက်ချခြင်း
၁၉၇၁ ခုနှစ် ဒီဇင်ဘာလ ၁၆ရက်နေ့မှာ ပါကစ္စတန်တပ်မတော်ရဲ့ အရှေ့ဘင်္ဂလားစစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး Lt.General A. A. K. Niazi နဲ့အဖွဲ့ဟာ အိန္ဒိယနဲ့ဘင်္ဂလားပူးပေါင်းတပ်မတော်ရဲ့ သေနာပတိချုပ် ဒုတိယဗိုလ်ချုပ်ကြီး Lt. General Jagjit Singh Aurora ဆီမှာ လက်နက်ချခဲ့ကြပါတယ်။ ဘင်္ဂလားဒေသတစ်ခုလုံးမှာ တပ်စွဲနေတဲ့ ပါကစ္စတန်စစ်သည် စုစုပေါင်း ၉၃၀၀၀ကျော်ဟာ ဒေသတ၀ှမ်းလုံးက အိန္ဒိယနဲ့ဘင်္ဂလားပူးပေါင်းတပ်တွေဆီမှာ လက်နက်ချခဲ့ကြပြီးတော့ ဒီလက်နက်ချပွဲဟာ ဒုတိယကမ္ဘာစစ်ပြီးကတည်းက အကြီးမားဆုံးလက်နက်ချပွဲအဖြစ် သမိုင်းဝင်သွားခဲ့ပါတယ်။
ပါကစ္စတန်တပ်မတော်၏ လက်နက်ချစာချုပ်
ပါကစ္စတန်လက်နက်ချသွားပေမယ့် အရှေ့ပါကစ္စတန်ဒေသကို လွတ်လပ်သော ဘင်္ဂလားဒေ့ရှ်နိုင်ငံအဖြစ် ကမ္ဘာက အသိအမှတ်ပြုဖို့ အချိန်ယူခဲ့ရပါတယ်။ ၁၉၇၂ခုနှစ် ဇူလိုင်လ ၂ရက်နေ့ ၁၂နာရီ ၄၅မိနစ်မှာ အိန္ဒိယနဲ့ ပါကစ္စတန်ငြိမ်းချမ်းရေးစာချုပ် ဆင်းမလားသဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ အဲဒီသဘောတူညီချက်ဟာ အနောက်ပါကစ္စတန်အနေနဲ့ ခွဲထွက်သွားတဲ့ အရှေ့ပါကစ္စတန်ဒေသ ဘင်္ဂလားဒေ့ရှ်ကို လွတ်လပ်သော အချုပ်အချာအာဏာပိုင်နိုင်ငံတစ်ခုအဖြစ် အသိအမှတ်ပြုလာဖို့ အုတ်မြစ်ချပေးနိုင်ခဲ့ပါတယ်။
လွတ်မြောက်ရေးစစ်ပွဲကာလအပြီးမှာ ပါကစ္စတန်နိုင်ငံရဲ့ စစ်အာဏာရှင်စနစ်ပြိုလဲသွားခဲ့ရပါတယ်။ သမ္မတဗိုလ်ချုပ်ကြီး Yaya Khan ဟာ သမ္မတရာထူးကို PPP ခေါင်းဆောင် Zulfikar Ali Bhutto ဆီကိုလွှဲပြောင်းပေးလိုက်ရပါတယ်။ အရှေ့ဘင်ဂေါစစ်မြေပြင်မှာ လက်နက်ချအညံ့ခံခဲ့ရတဲ့ ဒုတိယဗိုလ်ချုပ်ကြီး Niazi နဲ့ စစ်သည်တွေဟာလည်း ပါကစ္စတန်နိုင်ငံမှာ နိုင်ငံတော်ကိုသစ္စာဖောက်သူတွေအဖြစ် ရှုမြင်ခံခဲ့ရပါတယ်။ စစ်ပွဲအတွင်း ကျူးလွန်ခဲ့တဲ့ လူမျိုးတုန်းသတ်ဖြတ်မှု၊မုဒိန်းမှုစတဲ့ စစ်ရာဇ၀တ်မှုတွေကြောင့် ပါကစ္စတန်နိုင်ငံဟာ နိုင်ငံတကာရဲ့ထောက်ခံမှုကို ဆုံးရှုံးခဲ့ရပြီး ကမ္ဘာ့ကုလသမဂ္ဂရဲ့ ပြင်းပြင်းထန်ထန်ပြစ်တင်ရှုံ့ချခြင်းကို ခံခဲ့ရပါတယ်။ ပါကစ္စတန်ဖက်က စစ်တမ်းတွေက စစ်ပွဲအတွင်း သေဆုံးသူ ၂၆၀၀၀နဲ့ မုဒိန်းကျင့်ခံရသူ ရာဂဏန်းမျှသာရှိခဲ့တယ်လို့ ဖော်ပြခဲ့ပေမယ့် တခြားစစ်တမ်းတွေမှာတော့ သေဆုံးသူအရေအတွက် သုံးသန်းကျော်နဲ့ မုဒိန်းကျင့်ခံရသူ ဘင်္ဂလီအမျိုးသမီး ၂သိန်းခန့်ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
လွတ်လပ်ရေးစစ်ပွဲအပြီးမှာ အရှေ့ပါကစ္စတန်ကို ဆိုဗီယက်ပြည်ထောင်စု အပါအ၀င် နိုင်ငံတော်တော်များများက လွတ်လပ်သော အချုပ်အခြာအာဏာပိုင် ဘင်္ဂလားဒေ့ရှ်နိုင်ငံအဖြစ် အသိအမှတ်ပြုခဲ့ကြပေမယ့် ပါကစ္စတန်ရဲ့ မဟာမိတ် အင်အားကြီးနိုင်ငံအချို့က ချက်ချင်းအသိအမှတ်မပြုခဲ့ကြပါဘူး။ အမေရိကန်ပြည်ထောင်စုဟာ ဘင်္ဂလားဒေ့ရှ်ကို ၁၉၇၂ခုနှစ် ဧပြီလ ၈ရက်နေ့ကျမှ အသိအမှတ်ပြုခဲ့ပြီး ပါကစ္စတန်ရဲ့အရင်းနှီးဆုံးမဟာမိတ်ဖြစ်တဲ့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံကတော့ ၁၉၇၅ခုနှစ် သြဂုတ်လ ၃၁ရက်နေ့ထိ အသိအမှတ်ပြုဖို့ ငြင်းဆန်နေခဲ့ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် အလောင်းချင်းထပ်၊ သွေးချောင်းစီးပြီး လျှောက်လှမ်းခဲ့ရတဲ့ ခရီးကြမ်းအဆုံးမှာတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသစ်ဟာ တစ်ကမ္ဘာလုံး အသိအမှတ်ပြုရတဲ့ လွတ်လပ်သော အချုပ်အခြာအာဏာပိုင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတစ်ခု ဖြစ်လာခဲ့ပါတယ်။
နိုင်ငံတစ်ခုရဲ့သမိုင်းကြောင်းအပြည့်အစုံကို ဆောင်းပါးတစ်ခုအတွင်းမှာ တိတိကျကျ အသေးစိတ်ဖော်ပြဖို့ဆိုတာ မလွယ်ကူပါဘူး။ စာရေးသူအနေနဲ့ ဘင်္ဂလားဒေ့ရှ်ရဲ့ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းကို ဒီဆောင်းပါးမှာ အတတ်နိုင်ဆုံး ပြည့်စုံအောင်ကြိုးစားတင်ပြထားပါတယ်။ မြန်မာနိုင်ငံသားများအနေနဲ့ မျက်မှောက်ခေတ်နိုင်ငံရေးအခြေအနေနဲ့ နှိုင်းယှဉ်ပြီး သင်ခန်းစာယူနိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။ ကျေးဇူးတင်ပါတယ်။
ဘင်္ဂလားဒေ့ရှ်လွတ်လပ်ရေး စစ်ပွဲကာလအတွင်း မှတ်တမ်းဓာတ်ပုံများ
1969: အာဏာဆန့်ကျင်ရေးကာလအတွင်း Jinnah Avenue, ယခုအခေါ် Bangabandhu Avenue
6/12/1971 တွင် အိန္ဒိယနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်အား လွတ်လပ်သောနိုင်ငံအဖြစ် အသိအမှတ်ပြုခဲ့သည်
ဗုံးကြဲခံထားရသည့် The Palbari area of Jessore
မပူးပေါင်းရေး လှုပ်ရှားမှု ၁၉၇၀ ခုနှစ်ကာလအတွင်း လမ်းပေါ်စီတန်းဆန္ဒပြနေကြသည့် ကျောင်းသူများ
Bangabandhu Sheikh Mujibur Rahman၏ သတင်းစာရှင်းလင်းပွဲ၊ Dhanmondi residence. Dhaka, East Pakistan. March 1971
ပြည်လုံးကျွတ်တော်လှန်ရေးကာလ၊ ၁၉၆၉ခုနှစ်ဆန္ဒပြပွဲအတွင်းမှ အိမ်ခြေယာမဲ့ခလေးငယ်တစ်ဦး
Jessore Degree College ရှေ့ဖက် မျက်နှာစာအား လူသတ်ကွင်းအဖြစ်အသုံးပြုခဲ့ပုံ
ဘင်္ဂလားဒေ့ရှ်တော်လှန်ရေးတပ်ဖွဲ့ Mukti bahini မှ ခေါင်းဆောင်ဖြစ်သူ Kader Siddiqui အား အလေးပြုသည့် အခမ်းအနား၊ဒါကာ၊၁၈.၁၂.၁၉၇၁။
လွတ်လပ်ရေးစစ်ပွဲကာလအတွင်း အိန္ဒိယကြည်းတပ်မတော်စစ်သေနာပတိချုပ် Field Marshal Sam Manekshaw မှ တပ်သားများကို သံခမောက်အပ်နှင်းနေပုံ
Mukti Bahini တော်လှန်ရေးသမားများ၊၈.၁၂.၁၉၇၁
Rayer Bazar လူသတ်ကွင်းအနီးမှ အလောင်းများ
တော်လှန်ရေးအတွင်း ကျဆုံးသွားသော အာဇာနည်များအားဂုဏ်ပြုခြင်း အခမ်းအနား၊၂၁.၂.၁၉၇၁၊Shahid Minar အရှေ့ပါကစ္စတန်(ဘင်္ဂလားဒေ့ရှ်)
တော်လှန်ရေးမစတင်မှီ ဘင်္ဂလားဒေ့ရှ်၏ လွတ်လပ်ရေးဖခင်ကြီး Sheikh Mujibur Rahman ၏ မိန့်ခွန်းအား နာခံနေပုံ၊၇.၃.၁၉၇၁
ဘင်္ဂလီစစ်သားတစ်ဦး အိန္ဒိယစစ်သေနာပတိချုပ်အား လက်ဆွဲနှုတ်ဆက်အလေးပြုနေပုံ
အိန္ဒိယတပ်မတော်မှ လေ့ကျင့်ပေးနေသည့် ဘင်္ဂလီအရပ်သားများ( ဒေါက်တာအေးချမ်းရဲ့ The Development of a Muslim Enclave in Arakan သုတေသနစာတမ်းကို Hla Oo's Blog မှာဖော်ပြရာမှာ ဒီပုံကို ရခိုင်ပြည်နယ်က မူဂျာဟစ်သောင်းကျန်းသူများအဖြစ် မှားယွင်းဖော်ပြခဲ့သလို လူမှုဆက်သွယ်ရေးစာမျက်နှာတွေမှာ ဂျပန်တပ်တွေကို ခုခံဖို့ ဗြိတိသျှတွေဖွဲ့စည်းပေးခဲ့တဲ့ ဘင်္ဂလီအပျော်တမ်းကာကွယ်ရေးအဖွဲ့ V-Force အဖြစ်မှားယွင်းဖော်ပြနေတာ တွေ့ရပါတယ်)
ပါကစ္စတန်လက်အောက်မှ လွတ်မြောက်ရေးတိုက်ပွဲကာလအတွင်း သေဆုံးသူတို့၏ ရုပ်အလောင်းများ
ပါကစ္စတန်လက်အောက်ခံဘ၀ Yahia Khan အစိုးရအား ဆန့်ကျင်သူ လူထုဆန္ဒပြပွဲ( ၁၉၇၁ခုနှစ် ဧပြီလ)
Shahid Minar (၁၉၅၂ ဖေဖော်ဝါရီ ၂၁ ဘာသာစကားအရေးအခင်းကာလအတွင်း ကျဆုံးသွားသူများ၏ အာဇာနည်ဗိမာန်) ရှေ့တွင် မီးရှူးတိုင်ထွန်းညှိသည့် အခမ်းအနား
ထင်ရှားသည့် ဘင်္ဂလီလူမျိုးခွဲစိတ်ဆရာဝန် Dr. Fazle Rabbi အား ပါကစ္စတန်စစ်တပ်က Rayer Bazar Boddho Bhumi လူသတ်ကွင်းတွင် ယခုကဲ့သို့ ရက်ရက်စက်စက် နှိပ်စက်သတ်ဖြတ်ခဲ့သည်။
လွတ်လပ်ရေးစစ်ပွဲအတွင်း အသက်ပေးသွားကြသူများ
ပါကစ္စတန်စစ်သားများထံ မုဒိန်းကျင့်ခံခဲ့ရသည့် ဘင်္ဂလီအမျိုးသမီးငယ်
ပါကစ္စတန်စစ်သားများ လက်နက်ချနေပုံ
အောင်ပွဲရတော်လှန်ရေးတပ်မတော် Mukti Bahini ၏ ပြည်တော်ဝင်ခန်း
အိမ်နီးချင်းနိုင်ငံများသို့ နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသည့် စစ်ဘေးဒုက္ခသည်များ
စစ်ပွဲအတွင်းမှ မြေဇာပင်များ
လူထုခေါင်းဆောင်မှ ဒဏ်ရာရတော်လှန်ရေးတပ်သားတစ်ဦးအား နှစ်သိမ့်နေပုံ
Bangabandhu Sheikh Mujibur Rahman (လက်ရှိဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ် ရှိတ်ဟာဆီနာ၏ဖခင်) နှင့် ပါကစ္စတန်သမ္မတ Julfikar Ali Bhutto (ကွယ်လွန်သူ ပါကစ္စတန်ဝန်ကြီးချုပ် ဘနာဇီယာ ဘူတို၏ ဖခင်) တို့ ဒါကာမြို့ရှိ hotel Intercontinental တွင် တွေ့ဆုံစဉ်(၁၉၇၁)
တော်လှန်ရေးသမားများ အောင်ပွဲခံ၍ ပြန်လည်ရောက်ရှိလာစဉ်
ဘင်္ဂလားဒေ့ရှ်လူထုခေါင်းဆောင် Sheikh Mujibur Rahman ပါကစ္စတန်မှ ဘင်္ဂလားဒေ့ရှ်သို့ ပြန်လာစဉ်(၁၀.၁.၁၉၇၂)
ပါကစ္စတန်ဗိုလ်ချုပ်ကြီး General Niazi ပါကစ္စတန်တပ်များ၏ လက်နက်ချအခမ်းအနားတွင် လက်မှတ်ရေးထိုးနေပုံ။၎င်းဘေးတွင်ထိုင်နေသူမှာ အိန္ဒိယဗိုလ်ချုပ်ကြီး Aurora ဖြစ်သည်။
မြတ်သိန်းထွန်း(၁၄.၁၁.၂၀၁၂)
0 comments:
Post a Comment