ခေါင်းစဉ်ကတော့ ဆွဲဆောင်မှု တစ်စက်မှကို မရှိပါဘူး။ ဒါပေမယ့် အထဲမှာ တတ်သလောက်၊မှတ်သလောက် အနှစ်တွေထည့်ပေးထားပါတယ်။ သူများဆီမှာ သောက်ညင်အကပ်မခံရရင် စားမ၀င်၊အိပ်မပျော်တတ်တဲ့လူမျိုးဆိုတော့ခါ ဒီထက်ပိုကောင်းတဲ့ခေါင်းစဉ်ကို အုန်းစားခံပြီး မစဉ်းစားတော့ပါဘူး။ သည်းညည်းခံပြီး ဆက်ဖတ်တော်မူကြပါ။
တစ်ကိုယ်ရေ တစ်ကာယအတွက်တောင်မှ ကိုယ့်နိုင်ငံအတွင်းမှာ လုပ်ကိုင်စားသောက်လို့ အဆင်မပြေတဲ့အခါ မသွားချင်သွားချင်နဲ့ နိုင်ငံခြားဆိုတာကြီးကို လွန်ခဲ့တဲ့နှစ်အနည်းငယ်ကာလတုန်းက ကျွန်တော်ထွက်လာခဲ့ရပါတယ်။ အဆင်မပြေတဲ့ဘ၀ရဲ့ သိမ်ငယ်မှုတွေကို နိုင်ငံခြားထိ ခရီးဆောင်အိတ်ထဲခေါက်ထည့်ယူခဲ့ရတယ် ဆိုပါစို့။ သူများနိုင်ငံလေဆိပ်ရဲ့ လ၀ကကောင်တာက တာဝန်ကျဝန်ထမ်းက ကျွန်တော့်ရဲ့ ပတ်စပို့အနီရောင်လေးကို အခေါက်ခေါက်အခါခါ စစ်ဆေးရင်း သူ့နိုင်ငံထဲဝင်မယ့် ကျွန်တော့်ကို သိမ်ငယ်မှုတွေ ဆယ်ကီလိုစာလောက် ထပ်ထည့်ပေးလိုက်ပါတယ်။
လုပ်ငန်းခွင်ထဲရောက်တဲ့အခါ နိုင်ငံခြားသားတစ်ယောက်ဖြစ်တဲ့ ကျွန်တော့်ကို ဘယ်သူမှ အလေးအနက်ထား မိတ်ဆွေမဖွဲ့ကြပါဘူး။ သူတို့အတွက် နိုင်ငံခြားသားတွေ သူတို့နိုင်ငံမှာ ခုလိုမျိုးလာလုပ်တာ ရိုးနေပါပြီ။ ဒီအတွက် ကျွန်တော့်အနေနဲ့ ထူးထူးခြားခြား ဘာမှမခံစားရပါဘူး။ ကျွန်တော်တို့နိုင်ငံမှာတော့ အလုပ်ထဲနိုင်ငံခြားသားတစ်ယောက် လာလုပ်ရင် များသောအားဖြင့် အဲဒီလူဟာ VIP ဖြစ်နေတတ်ပါတယ်။ သူ့ထက်ရာထူးကြီးတဲ့လူပဲဖြစ်ဖြစ်၊ တန်းတူပဲဖြစ်ဖြစ် အရေးပေးဆက်ဆံတတ်ကြပါတယ်။ လိုအပ်တာထက်ပိုပြီး နွေးနွေးထွေးထွေး ရှိကြပါတယ်။ သူ့ရဲ့ လက်အောက်ငယ်သားဆိုရင်တော့ ပြောစရာမလိုတော့ဘူးပေါ့လေ။
အလုပ်ထဲလူတွေကတော့ ကျွန်တော်ဘယ်နိုင်ငံသားဆိုတာ သိပြီးသားဆိုတော့ ကျွန်တော်တို့ကြားမှာ မြန်မာနိုင်ငံအကြောင်းနဲ့ပတ်သက်ပြီး ပြောစရာစကား သိပ်မရှိခဲ့ပါဘူး။ သူတို့က မြန်မာနိုင်ငံအကြောင်းကို သိပ်စိတ်မ၀င်စားကြဘူးလေ။ ဒါပေမယ့် အလုပ်နဲ့ဆက်စပ်နေတဲ့ တခြားနိုင်ငံတွေက ဧည့်သည်တွေနဲ့ဆုံတဲ့အခါ နှုတ်ဆက်ကြရင်း Where are U come from? ဆိုတဲ့မေးခွန်းကို အမြဲကြုံခဲ့ရပါတယ်။
I' m from Myanmar.
Where is it?
It is beside Thailand.
Bangkok?
မြန်မာကို အရှေ့တောင်အာရှနဲ့ အိန္ဒိယ၊ဂျပန်၊တရုတ် စတဲ့ အာရှနိုင်ငံကြီးသားတွေကလွဲလို့ သိပ်မသိကြပါဘူး။ တချို့ကတော့ မြန်မာကို ထိုင်းနိုင်ငံထဲက မြို့တစ်မြို့လို့ထင်တတ်ကြပါတယ်။
No.It is a South East Asia's country.It's called Burma too.
Panama?
တခါတလေ ပနားမားနဲ့ မှားတတ်ကြပါသေးတယ်။ အဲဒီတော့ နောက်ဆုံးလက်နက်ကို ထုတ်သုံးလိုက်ရပါတော့တယ်။
Do U know Aung San Suu Kyi?
Wohh!!! I see,I see.I know her very well.She won Nobel peace prize.Your country is arr!!.......how to pronounce?
Myanmar.
Mranmar???
အဲဒီလိုနဲ့ မြန်မာနိုင်ငံအကြောင်းကို တတ်သလောက်မှတ်သလောက် မီးမောင်းကျိုးပျက် အင်္ဂလိပ်စကားနဲ့ သကောင့်သားနားလည်အောင် ရှင်းပြရပါတော့တယ်။ ဒီလိုမျိုး နောက်ဆုံးလက်နက်ထုတ်သုံးရတဲ့အခါတိုင်း ကျွန်တော့်ရင်ထဲမှာ ဆန့်ကျင်ဖက် ခံစားချက်နှစ်မျိုး အမြဲလိုလိုခံစားရပါတယ်။ အဲဒါကတော့ ကိုယ့်နိုင်ငံသားတစ်ယောက်ကို ကမ္ဘာကအသိအမှတ်ပြုတာ မြင်ရလို့ ဖြစ်ပေါ်လာတဲ့ ဂုဏ်ယူဝင့်ကြွားမှုနဲ့ နိုင်ငံတစ်ခုရဲ့နာမည်ဟာ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ရဲ့ နာမည်လောက် နိုင်ငံတကာအလယ်မှာ ပေါ်လွင်ထင်ရှားမှုမရှိတဲ့အဖြစ်ကို ဘ၀င်မကျမှုတို့ပဲ ဖြစ်ပါတယ်။ ကျွန်တော့်နေရာမှာ ဒီချုပ်ရဲ့အမာခံ အမေ့သား၊သမီးတွေဆိုရင်တော့ ဂုဏ်ယူဝင့်ကြွားတဲ့ခံစားချက်တစ်ခုပဲ ရှိမယ်ထင်ပါတယ်။
ဒေါ်စုကို ကျွန်တော်အရမ်းလေးစားပါတယ်။ ဒါပေမယ့် သူမကိုပုဂ္ဂိုလ်ရေးကိုးကွယ်နေတဲ့ လူတစ်ယောက်တော့ မဟုတ်ပါဘူး။ ကျွန်တော့်ရဲ့ခံယူချက်ကတော့ နိုင်ငံတော်ရဲ့အထက်မှာ ဘယ်သူဘယ်ဝါ၊ဘယ်ပုဂ္ဂိုလ်မှ မရှိစေချင်ပါဘူး။ သူမရဲ့ပေးဆပ်မှုတွေ၊ ကြိုးစားအားထုတ်မှုတွေကို ကျွန်တော် တလေးတစားအသိအမှတ်ပြုပါတယ်။ ဒီလိုမျိုးကြိုးပမ်းပေးဆပ်ခဲ့မှုတွေဟာ ကျွန်တော်တို့နိုင်ငံအတွက်သက်သက်ဖြစ်ပြီး သူမရဲ့ဂုဏ်သတင်းကျော်ကြားမှုအတွက် လုပ်ဆောင်ခဲ့တာ လုံးဝမဟုတ်ဘူးဆိုတာကိုလည်း ကျွန်တော်လေးလေးနက်နက် ယုံကြည်ထားပါတယ်။
ဒါပေမယ့် လက်ရှိအခြေအနေမှာတော့ မြန်မာနိုင်ငံရဲ့နာမည်ဟာ သူမလောက် ကမ္ဘာ့အလယ်မှာ ထင်ရှားခြင်းမရှိပါဘူး။ သန်းပေါင်း ၆၀ သော မြန်မာပြည်သူတွေကို မေးချင်ပါတယ်။ ဘာဖြစ်လို့ပါလဲ။
ကျွန်တော်တို့မှာ ကမ္ဘာ့အလယ်မှာ ရင်ဘောင်မတန်းနိုင်လောက်အောင် အစဉ်အလာကြီးမားတဲ့သမိုင်းကြောင်း မရှိခဲ့လို့လား။ မြန်မာဟာ မနေ့တစ်နေ့ကမှပေါ်လာတဲ့ အရှေ့တီမောနဲ့ တောင်ဆူဒန်တို့လို နိုင်ငံမျိုးမဟုတ်ပါဘူး။ နှစ်ပေါင်းထောင်ချီ ယဉ်ကျေးမှုအဆင့်အတန်းမြင့်မားစွာ နေထိုင်လာခဲ့တဲ့ ကျွန်တော်တို့ လူမျိုးစုတွေရဲ့ သမိုင်းကြောင်းကို ရှင်းပြတဲ့အခါ နားထောင်တဲ့လူမျိုးခြားဆီက ထိုက်တန်တဲ့အသိအမှတ်ပြုမှုမျိုး များသောအားဖြင့်မရခဲ့ပါဘူး။ ဘာကြောင့်လဲ။
နှစ်ပေါင်းများစွာ အပြင်ကနေ တံခါးပိတ်၊ အထဲကလည်း အပြင်မထွက်ရအောင် တံခါးပိတ်ခံထားရတဲ့ ကျွန်တော်တို့နိုင်ငံရဲ့ အခြေအနေကိုပဲ အပြစ်တင်ရမှာပါ။ တံခါးပိတ်ခံထားရတဲ့အချိန်မှာ အထဲမှာမွန်းကြပ်လွန်းတာကြောင့် လူအများစုက ခွေးတိုးပေါက်ကနေ လေးဖက်ထောက်၊ဖင်ဘူးဒေါင်းထောင်ပြီး တိုးဝှေ့ထွက်ခဲ့ကြရပါတယ်။ ခိုးကြောင်ခိုးဝှက်ထွက်ခဲ့ကြရပါတယ်။ ခွေးတိုးပေါက်ကထွက်ရတယ်ဆိုကတည်းက ဘယ်သူမှ ခေါင်းမော့ရင်ကော့ထွက်လို့မရပါဘူး။ အဲဒီတော့ အဲဒီလူတွေဟာအပြင်ရောက်တာနဲ့ ရှေ့ဆက်ရမယ့်ခရီးအတွက် သိမ်ငယ်မှုလေးတွေကိုယ်စီ ပါဆယ်ထုတ်ပြီးသား ဖြစ်နေမှာသေချာသလောက်ရှိပါတယ်။ အများစုကတော့ တရားမ၀င်အလုပ်သမား၊ အိမ်ဖော်၊ပြည့်တန်ဆာ၊ ဒုက္ခသည် စသဖြင့်ပေါ့လေ။ အစမကောင်းခဲ့လို့ အနှောင်းမသေချာတဲ့ဘ၀မှာ သမုဒ္ဓရာဝမ်းတစ်ထွာတင်မက အိမ်မှာကျန်ခဲ့တဲ့မိသားစုအတွက်ပါ လေးဖက်ယက်ပြီး ရှာကြံစားသောက်စုဆောင်းရတဲ့ဘ၀မှာ တိုင်းပြည်ဂုဏ်ရောင် ထွန်းပြောင်စေဖို့ဆိုတဲ့ အိပ်မက်ကို ဘယ်သူမှထည့်မက်ကြလိမ့်မယ် မထင်ပါဘူး။ ဒီလိုမျိုး ကိုယ်တိုင်ကိုယ်ကျ မလုပ်နိုင်ပေမယ့် ကျွန်တော်တို့မှာ ကျွန်တော်တို့နိုင်ငံအတွက် ဂုဏ်ယူချင်စိတ်မရှိကြဘူးလား။ ရှိပါတယ်။ အိမ်နီးချင်းနိုင်ငံတွေမှာကျင်းပတဲ့ မြန်မာအသင်းနဲ့ အိမ်ရှင်အသင်းကန်တဲ့ ဘောလုံးပွဲတွေကိုပဲ သွားကြည့်ပါ။ ရဲအဖမ်းအဆီးဒီလောက်များတဲ့ကြားထဲက ကြောင်ကြောင်ကျားကျား နီဂရိုးအကျီင်္နဲ့တူတယ်ဆိုပြီး အမုန်းကြီးမုန်းတဲ့ နိုင်ငံတော်အလံသစ်ကို ခေါင်းမှာစည်းတဲ့လူကစည်း၊ ကိုယ်မှာခြုံတဲ့လူကခြုံ၊ သီချင်းစာသားနဲ့ ပြည်သူတွေရဲ့ဘ၀ တစ်ခါမှတသားတည်းမကျဖူးတဲ့ နိုင်ငံတော်သီချင်းကို ငယ်သံပါအောင်အော်ဆိုရင်း လက်သီးလက်မောင်းတန်း အားပေးနေကြတဲ့ နိုင်ငံခြားရောက် အခြေခံမြန်မာအလုပ်သမားတွေကိုပဲ ကြည့်ပါ။ လက်ရှိဘ၀ရဲ့ ဒုက္ခဆင်းရဲတွေကိုခဏမေ့ပြီး နိုင်ငံအတွက်ဂုဏ်ယူခဲ့ကြတဲ့လူတွေပါ။ ဘာမှမရှိတဲ့ဘ၀မှာတောင် ရှိတာလေးနဲ့ ကျွန်တော်တို့ဂုဏ်ယူခဲ့ကြပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ ဂုဏ်ယူဝင့်ကြွားစိတ်ကို တခြားနိုင်ငံကလူတွေပါ အသိအမှတ်ပြုဖို့ လိုအပ်နေပါသေးတယ်။ အဲဒီတော့ ကျွန်တော်တို့ဘာလုပ်ကြမလဲ။
ဝါသနာအရ တစ်ပြားတစ်ချပ်မှမရပဲ သတင်းလိုက်နေတဲ့ ကျွန်တော့်ဆီကို နိုင်ငံတကာမှာရောက်ရှိနေတဲ့ မိတ်ဆွေသူငယ်ချင်းအပေါင်းအသင်းတွေဆီက ပေးပို့လာတဲ့သတင်းလေးတွေ အမြဲလိုလို ရောက်ပါတယ်။ များသောအားဖြင့် ဒေသတွင်းသတင်းစာတွေမှာပါတဲ့ သတင်းလေးတွေပါ။ ကျွန်တော်ကလည်း သူတို့ကို မှာထားပါတယ်။ အဲဒီသတင်းစာတွေမှာ မြန်မာအကြောင်းပါရင် ကျေးဇူးပြုပြီးပို့ပေးကြပါလို့။ဟုတ်ကဲ့ ပို့ပေးကြပါတယ်။ ရလာတဲ့သတင်းစာဖြတ်ပိုင်းလေးတွေ၊အင်တာနက်လင့်လေးတွေ ဖတ်ကြည့်ပြီး "မြန်မာကွ"လို့ လက်ခမောင်းထခတ်ရမယ့်အစား "မြန်မာတွေကွာ" လို့ စိတ်ပျက်လက်ပျက် ညည်းငြူခဲ့ရပါတယ်။ မလေးရှားနိုင်ငံမှာ မူးယစ်ဆေးဝါးရောင်းလို့ဖမ်းတဲ့အထဲ မြန်မာဘယ်နှစ်ယောက်ပါတယ်၊ ကမ်းခြေမှာ အပျော်ခရီးထွက်ရင်း ရေပေါ်စီးဆိုင်ကယ်စီးပြီး တိုးရစ်တစ်ယောက်ကို ၀င်တိုက်မိလို့ မြန်မာနိုင်ငံသားတစ်ယောက်ကို ဖမ်းထားတယ်၊ အရက်အတူတူသောက်ရင်း သတ္တိအရှိပြိုင်တယ်ဆိုပြီး တိုက်ပေါ်ကခုန်ချလို့ ဆေးရုံမှာမြန်မာဘယ်နှစ်ယောက်ကို အတွင်းလူနာအဖြစ်တင်ထားရတယ်၊ ဘယ်နှစ်ရက်နေ့က နိုက်ကလပ်နဲ့ မာဆက်တွေကို ရဲတွေဝင်စီးတာ မြန်မာမဘယ်နှစ်ယောက်မိတယ်၊ တရားမ၀င်အလုပ်သမားဖမ်းတဲ့နေရာမှာ မြန်မာအလုပ်သမားဘယ်နှစ်ယောက်မိတယ် စတဲ့သတင်းတွေ၊ ထိုင်းနိုင်ငံမှာ မြန်မာအချင်းချင်း စကားများလို့ ဓားနဲ့ထိုးကြတယ်၊ ရွှေဆိုင်ကို ဓားပြ၀င်တိုက်သွားတဲ့ မြန်မာနိုင်ငံသားဘယ်နှစ်ယောက်ကို ရဲက အသေဖမ်းမိတယ်၊ စင်္ကာပူမှာ မြန်မာမနှစ်ယောက် တိုက်ပေါ်က၊ဂုံးကျော်တံတားပေါ်က ခုန်ချပြီး ကိုယ့်ကိုယ်ကိုသေကြောင်းကြံတယ်၊ အိမ်ရှင်မရှိတုန်း အိမ်ရှင်ရဲ့ခလေးကို မြန်မာအိမ်ဖော်မက နှိပ်စက်လို့ ရဲဖမ်းခံရတယ်၊ တရုတ်ကနေ တရားမ၀င်ပြောင်းရွေ့အခြေချနေထိုင်တဲ့ နိုင်ငံခြားသားတွေကို ဖမ်းဆီးနှင်ထုတ်မယ့် စစ်ဆင်ရေးစပြီ၊ မြန်မာအများကြီးဖမ်းခံရတယ်၊ ကချင်စစ်ဘေးဒုက္ခသည်တွေကို တရုတ်အစိုးရကပြန်မောင်းထုတ်တယ်၊ယူအေအီးမှာ မြန်မာမတစ်ယောက်ကို သူ့ရည်းစား ဘင်္ဂလားက သတ်ပစ်ပြီး ရေမြောင်းထဲမှာ အလောင်းကိုပစ်သွားတယ်၊ ထိုင်း-မြန်မာနယ်စပ်မှာ မြန်မာဖက်က စစ်ပြေးတွေကို ထိုင်းစစ်တပ်ကဖမ်းမိတယ်.. အဲဒီလို ဗရုတ်သုတ်ခ အနိဌာရုံသတင်းတွေအများစုကို ဖတ်ခဲ့ရပါတယ်။ ကဲ!! အဲဒီသတင်းတွေထဲမှာ မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ ဂုဏ်ယူစရာ ဘယ်လိုသွားရှာရမလဲ။
နောက်ထပ်ဆိုးရွားတာတစ်ခု သွားတွေ့တာက မလေးရှားနိုင်ငံမှာ မြန်မာနာမည်ခံ ဒုက္ခသည်ကတ်ကိုင်ထားတဲ့ ဘင်္ဂလီတွေကြောင့် မြန်မာလူမျိုးတွေနာမည်ပျက်ရတဲ့ကိစ္စပါ။ တလောက မြန်မာရိုဟင်ဂျာဒုက္ခသည်အမည်ခံ ဘင်္ဂလီအမျိုးသမီးတစ်ယောက် သူ့ခလေးကို သတ်တဲ့သတင်း မလေးရှားကပို့လာပါတယ်။ နောက်ပြီး လမ်းပေါ်မှာလုယက်မှုတွေ၊ မြန်မာပိုင် စတိုးဆိုင်တစ်ဆိုင်ကိုဝင်ရောက်ရမ်းကားမှုတွေ၊ ပြန်ပေးဆွဲမှုတွေ၊ လူကုန်ကူးမှုနဲ့ မုဒိန်းမှု၊မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုတွေစတဲ့ မှုခင်းသတင်းတွေမှာ Myanmar National ဆိုပြီး ပါလာတော့ တော်တော် စိတ်မချမ်းသာဖြစ်ရပါတယ်။ နူရာဝဲစွဲဆိုတဲ့စကားဟာ ကျွန်တော်တို့နိုင်ငံရဲ့ လက်ရှိအခြေအနေနဲ့ ထပ်တူထပ်မျှပါပဲ။
ကျွန်တော်တို့ဟာ ဒီဘင်္ဂလီတွေလို နိုင်ငံမဲ့သူတွေမဟုတ်ကြပါဘူး။ ကိုယ်ပိုင်စာပေ၊ယဉ်ကျေးမှု၊ ဘာသာစကား၊သမိုင်းကြောင်း အစဉ်အလာနဲ့နေခဲ့တဲ့ လူမျိုးတွေပါ။ ဒါပေမယ့် ပါလီမန်ခေတ်နောက်ပိုင်း ကျွန်တော်တို့ပိုင်ဆိုင်ထားသမျှ ဂုဏ်ယူဝင့်ကြွားစရာတွေဟာ အာဏာရှင်အရိပ်ဆိုးအောက်မှာ ချောင်ထိုးခံခဲ့ရပါတယ်။ မှိုတက်နေခဲ့ရပါတယ်။ ခုချိန်မှာ အဲဒါတွေကိုထုတ်ပြပေမယ့် ငမွဲတစ်ယောက်လက်ထဲက ဆွေးမြေ့နေတဲ့ရှေးဟောင်းပစ္စည်းတစ်ခုလို တန်ဖိုးနားမလည်တဲ့လူတွေဆီမှာ အသိအမှတ်အပြုမခံရပါဘူး။ ခုလိုမျိုး ကျောမွဲလူတန်းစားအများအပြားရှိနေတဲ့ ကျွန်တော်တို့နိုင်ငံမှာ ဒီလူတွေအတွက် ပုဂ္ဂလိကဂုဏ်ယူဝင့်ကြွားစရာ အင်မတန်ရှားပါးပါလိမ့်မယ်။ ဒါပေမယ့် တပြည်သားတွေနဲ့ပုခုံးချင်းယှဉ်မယ့်အခါ နိုင်ငံရဲ့ဂုဏ်သိက္ခာဟာ နိုင်ငံသားတိုင်းအတွက် အင်မတန်အရေးပါပါတယ်။ ကိုယ့်မှာ ကိုယ်ပိုင်ဂုဏ်ယူစရာတစ်ခုမှမရှိရင်တောင်မှ ရောမမြို့သားတစ်ယောက်ဟာ တချိန်ကရောမအင်ပါယာအတွက် ဂုဏ်ယူဝင့်ကြွားနေပါလိမ့်မယ်။ ပြင်သစ်ကသူတောင်းစားတစ်ယောက်ဟာ နပိုလီယမ်ရဲ့အင်ပါယာကြီးအတွက် တခြားနိုင်ငံသားတွေရှေ့မှာ ဂုဏ်ယူဝင့်ကြွားနေပါလိမ့်မယ်။ ခု ဥရောပမှာ စီးပွားပျက်ကပ်ဆိုက်နေတဲ့ ဂရိနိုင်ငံက လူမွဲတစ်ယောက်ဟာလည်း အလက်ဇန္ဒားသည်ဂရိတ်ရဲ့ အင်ပါယာကြီးအတွက် ဂုဏ်ယူဝင့်ကြွားနေပါလိမ့်မယ်။ သူတို့ရဲ့ဂုဏ်ယူဝင့်ကြွားမှုကို လူမျိုးခြားတွေကလည်း အသိအမှတ်ပြုကြပါတယ်။ ဘာလို့လဲ။ အဖြေကတော့ သူတို့ရဲ့နိုင်ငံတွေဟာ တချိန်ကလောက် ကြီးကျယ်ခမ်းနားတဲ့အခြေအနေမှာ မရှိတော့ပေမယ့်လို့ အဲဒီသမိုင်းကြောင်းကို လူမျိုးခြားတွေခန့်ငြားလောက်တဲ့ အခြေအနေမျိုးမှာ ထိန်းထားနိုင်ဆဲဖြစ်လို့ပါပဲ။ ကျွန်တော်တို့ သူတို့လို ထိန်းသိမ်းဖို့ ဘာတွေများလုပ်ခဲ့ကြပါသလဲ။ တချိန်က မြန်မာလူမျိုးတွေဟာ ဗြိတိသျှအင်ပါယာရဲ့ပညာရေးသမိုင်းမှာ လျှမ်းလျှမ်းတောက်ထူးချွန်တဲ့လူမျိုးတွေဖြစ်ခဲ့ကြပါတယ်။ ၀ိတိုရိယဘုရင်မရဲ့ ပညာရေးရွှေတံဆိပ်ထူးချွန်ဆုကို အိန္ဒိယအင်ပါယာတစ်ခုလုံးမှာ ပထမဆုံးဆွတ်ခူးနိုင်ခဲ့သူဟာ မြန်မာနိုင်ငံကဖြစ်ပါတယ်။ အာရှတိုက်ထဲက ဗြိတိသျှကိုလိုနီနိုင်ငံအများအပြားကို နိုင်ငံရေးမျက်စိဖွင့်ပေးခဲ့သူဟာ မြန်မာနိုင်ငံကဖြစ်ပါတယ်။ အဲခေတ်တုန်းက မြန်မာပညာတတ်တွေဟာ ဘာသာစကားအများအပြားကို ကျွမ်းကျင်တတ်မြောက်ပြီး သက်ဆိုင်ရာနယ်ပယ်အသီးသီးမှာ စံပြုလောက်စရာ ကျမ်းအစောင်စောင်ကို ပြုစုနိုင်ခဲ့ကြပါတယ်။ ကမ္ဘာ့မှတ်ဥာဏ်အကောင်းဆုံး ဂင်းနစ်စံချိန်တင်ခဲ့သူ ရှိခဲ့ပါတယ်။ ကမ္ဘာ့ဂုဏ်သိက္ခာအရှိဆုံးရာထူးတစ်ခုဖြစ်တဲ့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရာထူးမှာ အောင်မြင်စွာတာဝန်ထမ်းဆောင်နိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ဟာ အဲဒီဂုဏ်သိက္ခာတွေကို ပုခုံးထမ်းလွှဲပြောင်းယူဖို့ ပျက်ကွက်ခဲ့ကြလို့ ခုလိုနိမ့်ကျတဲ့အနေအထားမျိုးကို ရင်ဆိုင်နေရတာပါ။ အဲဒီအတွက်အားလုံးမှာတာဝန်ရှိပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကပဲ မလေးရှားကမိတ်ဆွေတစ်ယောက်က မြန်မာအကြောင်းပါတဲ့သတင်းစာဖြတ်ပိုင်းလေးတစ်ခု ပို့လာပါတယ်။ ထုံးစံအတိုင်း စိတ်ဝင်တစားဖတ်ကြည့်တာပေါ့လေ။ ရေးထားတာက မြန်မာလူမျိုးတွေဟာ ကြောင်သားကိုအလွန်ကြိုက်ကြောင်း၊ အလုပ်အားလပ်ရက်တွေမှာ စုပြီးကြောင်သားဟင်းချက်စားကြကြောင်း၊ ကြောင်သားဟင်းကိုစားရင် ကိုယ်ခံအားအလွန်ကောင်းတယ်လို့ မြန်မာတစ်ယောက်နဲ့အင်တာဗျူးပြီး တင်ပြထားတာပါ။ တကယ့်ကိုအူကြောင်ကြောင်နိုင်တဲ့ သတင်းဖြစ်ပါတယ်။ ကြည့်ရတာ အဲဒီကြောင်သားဟင်းချက်စားတဲ့အကြောင်း ပြောပြသွားတဲ့မြန်မာအလုပ်သမားဟာ ရခိုင်လူမျိုးဖြစ်ဖို့များပါတယ်။ ရခိုင်ထဲမှာတောင် မာန်အောင်သားဖြစ်မယ်ထင်ပါတယ်။ မာန်အောင်သားတွေက ကြောင်သားကို တခြားဒေသကလူတွေထက် ပိုပြီးကြိုက်ကြလို့ပါ။ ဒီသတင်းကိုဖတ်ပြီး မလေးရှားသတင်းထောက်တွေလည်း မြန်မာပြည်ကသတင်းထောက်တချို့နဲ့ သိပ်မကွာဘူးလို့ တွေးမိပါတယ်။ အဲဒီလိုကြောင်သားဟင်းကြိုက်တဲ့အကြောင်း သတင်းစာထဲမှာ ဖော်ပြခံရတဲ့အတွက် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း ကြေးမုံသတင်းစာမှာ ကြော်ငြာထည့်ရင်ကောင်းမလား။ ဂုဏ်ယူချင်ပါတယ်ဆိုနေမှ ဗရုတ်သုတ်ခသတင်းတွေချည်းပဲ တွေ့နေရတယ်။
အပေါ်မှာပြောခဲ့သလို ကျွန်တော်တို့ဟာ ပြည်ပကို ခရီးဆောင်အိတ်ထဲ သိမ်ငယ်မှုတွေခေါက်ထည့်ပြီး ထွက်လာခဲ့တဲ့လူတွေပါ။ ဒီသိမ်ငယ်မှုတွေကို ဖယ်ရှားနိုင်ဖို့ အဲဒီရောက်တဲ့နိုင်ငံက လူတွေနဲ့ဆက်ဆံရေးဟာ တော်တော်အရေးကြီးပါတယ်။ သူတို့က ကျွန်တော်တို့ကိုလူရာမသွင်းချင်ရင် နဂိုကရှိနေတဲ့သိမ်ငယ်မှုဟာ နှစ်ဆတိုးလာပါတယ်။ အဲဒီလိုလူရာဝင်ဖို့အတွက်ဆိုရင် ကျွန်တော်တို့ရဲ့ပုဂ္ဂလိက အရည်အချင်းတစ်ခုတည်းတင်မကပဲ၊ မိခင်နိုင်ငံရဲ့ သြဇာ အရှိန်အ၀ါ ဂုဏ်သိက္ခာဟာလည်း ဆတူအရေးပါပါတယ်။ ကျွန်တော်ပြောတာမယုံရင် ထိုင်းနိုင်ငံသုဝဏ္ဏဘူမိလေဆိပ်က လ၀ကကောင်တာမှာ အမေရိကန်တစ်ယောက်နဲ့ ပြိုင်တူ ပတ်စပို့သွားထပ်ပြီး ရပ်ကြည့်ပါ။ သိလာပါလိမ့်မယ်။
ကျွန်တော့်တို့ တပြည်သားတွေနဲ့ဆက်ဆံတဲ့နေရာမှာ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိရှိနဲ့ ပြောဆိုဆက်ဆံနိုင်ဖို့က အထက်မှာပြောသွားတဲ့အချက်နှစ်ချက်စလုံး အရေးကြီးပါတယ်။ ပြည်ပမှာကြုံတွေ့ခံစားရတဲ့ သိမ်ငယ်မှု၊၀မ်းနည်းမှု၊စိတ်အားငယ်မှုတွေကို ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးရဲ့ ကောင်းသတင်းတွေအပေါ် ဂုဏ်ယူဝင့်ကြွားစိတ်နဲ့ အစားထိုးဖြေဖျောက်ရပါတယ်။ အဲဒီသတင်းတွေကြောင့် အားတက်ရပါတယ်။ မျှော်လင့်ချက်တွေ ပိုပြီးခိုင်မာစေပါတယ်။ လွန်ခဲ့တဲ့ဆယ်စုနှစ်ကာလအတွင်းက ကျွန်တော်တို့မှာ နိုင်ငံနဲ့ပတ်သက်ပြီး ဂုဏ်ယူစရာ များများစားစားမရှိခဲ့ပါဘူး။ မြန်မာနိုင်ငံရဲ့သတင်းတွေထဲမှာ သတင်းကောင်းဆိုတာ နိုင်ငံရေးသမားတစ်ယောက်စနှစ်ယောက်စ ထောင်ထဲကပြန်လွတ်တယ်ဆိုတဲ့သတင်းလောက်ပါပဲ။ အဲဒီအချိန်အတောအတွင်းမှာ ကျွန်တော်တို့ဟာ တချိန်ကရွှေထီးဆောင်းခဲ့တဲ့အကြောင်းတွေကို စားမြုံ့ပြန်ရင်းနဲ့ပဲ အားတင်းနေခဲ့ရပါတယ်။ တခါတလေ ဂုဏ်ယူစရာအသစ်အဆန်း ကိုယ့်ဘာသာရှာကြံဂုဏ်ယူကြရပါတယ်။ ဥပမာ မြန်မာအမျိုးသမီးဘောလုံးအသင်း လာအိုအသင်းကို အုပ်စုအဆင့်မှာ ဂိုးပြတ်နိုင်တယ်။ မြန်မာကျောင်းသား ဘယ်နှစ်ယောက် ACCA လား LCCI လား အဲဒီစာမေးပွဲမှာ တစ်ကမ္ဘာလုံးမှာ ရွှေတံဆိပ်ရတယ်။ အမေရိကန်က မြန်မာမိဘတွေကမွေးတဲ့ မြန်မာစကားမတတ်တဲ့ကောင်မလေးတစ်ယောက် ပေါ့ခ်သီချင်းတွေဆိုရင်း နာမည်ကြီးလာတယ်။ ဗြိတိန်မှာဆိုလား မြန်မာလူမျိုးမော်ဒယ်လ်တစ်ယောက် ဘစ်ကီနီအကျီင်္နဲ့ဓာတ်ပုံရိုက်တာ အရမ်းနာမည်ကြီးနေတယ်၊ မြန်မာစပါးကြီးမြွေလို့ တင်စားခေါ်ခံရတဲ့ မြန်မာလူမျိုးဖိုက်တာတစ်ယောက် အမေရိကမှာ နာမည်ကြီးနေတယ်၊ နောက်ပြီး ဆူချီရောင်းလို့ ချမ်းသာသွားတဲ့ မြန်မာလူမျိုးတစ်ယောက်ကို သမ္မတကခေါ်တွေ့ပြီး ဂုဏ်ပြုတယ် စသဖြင့်ပေါ့လေ။ ဒီကြားထဲ အမေရိကန်ရောက် မြန်မာမတစ်ယောက် အပြာကားမင်းသမီးဖြစ်ပြီး နာမည်ကြီးနေလေရဲ့ဆိုတာမျိုးက ပါလိုက်သေး။ ဂုဏ်ယူစရာပါးပါးလေးတွေ ကြုံခဲ့ရသလို သဲတချပ်ချပ်သတင်းတွေလည်း ကြားဖူးခဲ့ပါတယ်။ ဂုဏ်ယူစရာမရှိရင် ကြံဖန်ဆွဲစိဂုဏ်ယူတတ်တဲ့လူမျိုးဆိုတော့ခါ တခါတလေ မရှိတာအရှိလုပ်ပြီး သတင်းရေးတဲ့လူလည်း မြင်ဖူးပါတယ်။ ယုံတဲ့လူကလည်း ယုံကြပါတယ်။ စိတ်ချမ်းသာစရာကိုး။ အိမ်နီးချင်းနိုင်ငံတစ်ခုမှာထုတ်ဝေတဲ့ မြန်မာဂျာနယ်တစ်စောင်မှာ ရေးထားတာပါ။ Resident Evil ဇာတ်ကားက ခေါင်းဆောင်မင်းသမီး Milla Jovovich ဟာ မြန်မာသွေးပါတယ်ဆိုပဲ။ ဟုတ်မဟုတ်တော့မသိပါဘူး။ ဒါပေမယ့် ကျွန်တော်တို့လို နလပြိန်းတုံးစာဖတ်သူတွေအဖို့ကတော့ သတင်းထဲက ဇာတ်ကားအကြောင်းထက် အဲဒီဟာလေးက မနောခွေ့စရာပေါ့လေ။ ဂုဏ်ယူစရာရှားပါးနေတဲ့ခေတ်ဆိုတော့ခါ ကြံဖန်ဂုဏ်ယူရတာကိုး။ အဲဒီသတင်းကိုပြန်အမှတ်ရမိတော့ ကျွန်တော့်ရဲ့ ခင်မင်ရတဲ့ပြည်တွင်းနေမိတ်ဆွေတွေကို တော်တော်လေးကိုယ်ချင်းစာမိပါတယ်။ မြန်မာနိုင်ငံမှာနေတာချင်းအတူတူမှာ တခြားလူမျိုးတွေထက် သမိုင်းထဲမှာ ဂုဏ်ယူစရာနည်းနေတော့ သူတို့ခမျာ အဲဒီလိုပဲကြံဖန်ဆွဲစိဂုဏ်ယူနေရရှာပါလားဆိုပြီး တွေးနေမိပါတယ်။ ရာဇ၀င်မှာ ကုလားလို့ပါတိုင်း ငါတို့အမျိုးလို့ အတင်းဆွဲစိတာတောင် သူများတကာလောက် အရေအတွက်မရှိလေတော့ ဗန္ဓုလကို အဗ္ဗဒူလာလုပ်ပြီး ဂုဏ်ယူနေရတဲ့သူတို့အဖြစ်ဟာ ဂုဏ်ယူစရာရှားပါးလွန်းလို့ Milla Jovovich ကို မြန်မာသွေးပါတယ်ဆိုပြီး အတင်းဆွဲစိဂုဏ်ယူခဲ့ရတဲ့ ကျွန်တော်တို့မြန်မာတချို့ရဲ့အဖြစ်နဲ့ သိပ်တော့မထူးပါဘူး။
အထက်မှာပြောသွားသမျှ အတွေ့အကြုံတွေ၊ အကြောင်းအရာတွေဟာ ခု ၂၀၁၂ ခုနှစ်မတိုင်ခင် ကာလတုန်းက ကျွန်တော်ဖြတ်သန်းခဲ့တဲ့ဘ၀ထဲက အစိတ်အပိုင်းတချို့နဲ့ အဲဒီအပေါ်မှာမှတ်မိသလောက် ဆင်ခြင်သုံးသပ်ထားတာတွေဖြစ်ပါတယ်။ ဒီ၂၀၁၂ကတော့ ကျွန်တော်တို့အတွက် တော်တော်လပ်ကီးကောင်းတဲ့နှစ်ဖြစ်သလို တော်တော်ကြီးကိုကံဆိုးတဲ့နှစ်လည်းဖြစ်ပါတယ်။ ဒီ၂၀၁၂အတွင်းမှာ မြန်မာဆိုတာကို နိုင်ငံတကာက တော်တော်လေးအာရုံစိုက်ခံလာရပါတယ်။ သမ္မတဦးသိန်းစိန်ရဲ့ ရုန်းရင်းဆန်ခတ် ပြုပြင်ပြောင်းလဲရေးသတင်းတွေ၊ နိုင်ကျဉ်းတွေလွှတ်တဲ့သတင်းတွေ၊ စီးပွားရေးပိတ်ဆို့တာပြန်ဖွင့်တဲ့သတင်းတွေ၊ ဒေါ်စုနိုင်ငံတကာပတ်ပြီးဆုတွေလက်ခံ၊ သူမကိုဂူဏ်ပြုတဲ့အခမ်းအနားတွေမှာ မိန့်ခွန်းပြောတဲ့သတင်းတွေ၊ သူမကိုအားပေးကြတဲ့လူတွေက ကျွန်တော်တို့နိုင်ငံအပေါ် စိတ်ဝင်စားလာတာတွေ၊ ရင်းနှီးမြှုပ်နှံမှုတွေဝင်လာတာတွေ၊ မြန်မာဘောလုံးအသင်း အာရှဖလားခြေစစ်ပွဲအောင်မြင်မှု စတဲ့ ဂုဏ်ယူစရာသတင်းတွေနဲ့ပြည့်နှက်နေတဲ့ ချိုမြိန်တဲ့နှစ်တစ်နှစ်ပဲဖြစ်ပါတယ်။ သမ္မတဦးသိန်းစိန်ရဲ့ ကုလသမဂ္ဂအထွေအထွေညီလာခံမိန့်ခွန်းအပြီး နိုင်ငံတကာရဲ့အပြုသဘောတုန့်ပြန်ချက်တွေ ကြားလာရတာ၊ ဒေါ်စုကို နိုင်ငံတကာက နိုင်ငံရေးအဖွဲ့အစည်းတွေ၊ ထင်ရှားတဲ့ပုဂ္ဂိုလ်တွေက ၀ိုင်းဂုဏ်ပြုတာ စတဲ့မြင်ကွင်းတွေကို မြင်ရတာ ကျွန်တော်တို့အတွက် ရေမွှေးအကောင်းစားကိုဆွတ်ထားသလိုမျိုး သတိရတိုင်းမွှေးနေတဲ့ ဂုဏ်ယူပီတိဖြစ်မှုကို ခံစားခဲ့ရပါတယ်။ ဒါပေမယ့် ကံတရားဟာ ကျွန်တော်တို့အတွက်အကောင်းချည်းပဲသက်သက် မလာခဲ့ပါဘူး။ မသီတာထွေးရက်ရက်စက်စက် သတ်ဖြတ်ခံရမှုကနေစတင်ခဲ့တဲ့ ကုလား-ရခိုင်အဓိကရုန်းဟာ အပေါ်ကပြောသွားတဲ့ ချိုမြိန်မှုတွေကို အကုန်တိုက်စားသွားခဲ့ပါတယ်။ အင်တာနက်မီဒီယာလောကကို လက်ဦးမှုယူထားတဲ့ ဘင်္ဂလီတွေကြောင့် မြန်မာနိုင်ငံရဲ့နဂိုကတည်းက အောက်ဆုံးရောက်နေတဲ့ ဂုဏ်သိက္ခာဟာ ဆိုးဆိုးဝါးဝါးနာမည်ထပ်ပျက်ခဲ့ရပါတယ်။ အတိုက်အခံတွေအပေါ်မှာ မီဒီယာစစ်ဆင်ရေးလက်ကွက်စိပ်ခဲ့သလောက် ဒီတစ်ပွဲမှာတော့ အစိုးရမီဒီယာဟာ အံ့သြသင့်စရာကောင်းလောက်အောင် ငြိမ်သက်တွေဝေနေခဲ့ပါတယ်။ အဲဒီလိုအခြေအနေတွေကြောင့် မြန်မာဆိုတဲ့နိုင်ငံနာမည်နဲ့ ရခိုင်ဆိုတဲ့လူမျိုးနာမည်ဟာ နိုင်ငံတကာတံတွေးခွက်မှာ ပက်လက်မျှောခဲ့ရပါတယ်။ အတိုက်အခံတွေဖက်က ပူးပေါင်းပါဝင်ခဲ့လို့သာ နောက်ပိုင်းမှာ အမေရိကန်လိုအင်အားကြီးနိုင်ငံတွေရဲ့ ပြန်လည်ထောက်ခံမှုကို ရရှိနိုင်ခဲ့တာပါ။ ဒါပေမယ့်အမျိုးထိ၊ ဗုံးကြည့်ဆိုတဲ့ မူဆလင်ကမ္ဘာကတော့ မြန်မာကိုခုထိအခဲမကြေသေးပါဘူး။ မူဆလင်တိုင်းပြည်တွေမှာ အလုပ်လုပ်နေကြတဲ့ ရခိုင်၊မြန်မာတွေဟာ သူတို့ကိုယ်သူတို့ ဘယ်နိုင်ငံသား၊ဘယ်လူမျိုးပါလို့ ထုတ်ဖော်မပြောရဲလောက်တဲ့ အနေအထားကိုရောက်သွားခဲ့ရပါတယ်။ အဲဒါကိုကြည့်ရင် မိခင်နိုင်ငံရဲ့ဂုဏ်သိက္ခာဟာ ပြည်ပရောက်နေတဲ့ နိုင်ငံသားတွေအတွက် ဘယ်လောက်ထိသက်ရောက်မှု အားကြီးတယ်ဆိုတာ ရှင်းရှင်းလင်းလင်းသိနိုင်ပါတယ်။
နိုင်ငံတစ်ခုရဲ့ ဂုဏ်သိက္ခာအတက်အကျဟာ အဲဒီနိုင်ငံသားတွေရဲ့ ကိုယ်စီကိုယ်ငှကြိုးစားအားထုတ်မှု၊ စည်းလုံးညီညွတ်မှုစတဲ့အရာတွေနဲ့ တိုက်ရိုက်အချိုးကျပါတယ်။ နိုင်ငံတွင်းမှာ ကိုယ်ပိုင်ပြဌာန်းခွင့်၊ သယံဇာတခွဲဝေမှု၊ လူမျိုးရေးဝါဒ၊ ပြည်တွင်းစစ် ဘယ်လိုမျိုးစိတ်ဝမ်းကွဲပြားမှုတွေ ရှိနေပေမယ့်လို့ နိုင်ငံပြင်ပထွက်လာတဲ့အခါ ကျွန်တော်တို့အားလုံးဟာ Made in Burma(မြန်မာပြည်သား)အဖြစ် အော်တိုမက်တစ် တံဆိပ်ခတ်ခံထားရပြီးဖြစ်ပါတယ်။ ဘယ်တပြည်သားကမှ ဒီဟာက ရခိုင်၊ ဟိုဖက်က ဗမာ၊ အဲတစ်ယောက်က ချင်းဆိုပြီး ခွဲခြားမသိကြပါဘူး။ အဲဒီတော့ခါ ကျွန်တော်တို့အားလုံးဟာ မြန်မာဆိုတဲ့အမှတ်တံဆိပ်အောက်မှာ တစ်ထုတ်တည်း ရှိနေကြပါတယ်။ ပါလီမန်ခေတ်တုန်းက ကုလသမဂ္ဂဘက်မလိုက်နိုင်ငံများ အဖွဲ့ဝင်ဘ၀မှာ မြန်မာနိုင်ငံသားတွေဟာ ကမ္ဘာ့အလည်မှာပွဲလယ်တင့်ခဲ့ပါတယ်။ ခေါင်းပေါင်းစွန်တလူလူနဲ့မြန်မာဝန်ကြီးချုပ်ကို နိုင်ငံခြားတိုင်းပြည်တွေက ကောဇောနီခင်း ဂုဏ်ပြုကြိုဆိုခဲ့ကြသလို မြန်မာပတ်စပို့ဟာလည်း ဘယ်နိုင်ငံသွားသွား ငြင်းပယ်မခံခဲ့ရပါဘူး။ နယ်ပယ်အသီးသီးမှာ ထူးချွန်ထက်မြက်တဲ့ မြန်မာပညာရှင်တွေကြောင့် မြန်မာပြည်က ရန်ကုန်တက္ကသိုလ်ဟာ အာရှအကောင်းဆုံးတက္ကသိုလ်တစ်ခုအဖြစ် နာမည်ထင်ရှားခဲ့သလို မြန်မာကျောင်းသားအများအပြားဟာလည်း နိုင်ငံခြားတက္ကသိုလ်တွေက စကောလားရှစ်တွေအပြိုင်အဆိုင်ပေးတာ ခံခဲ့ရပါတယ်။ ရေမြင့်တဲ့အခါ ကြာတင့်ပါတယ်။ခုလိုမျိုး ရေမရှိတဲ့ညွှန်စပ်မှာပေါက်တဲ့ကြာကတော့ ရွံ့အလူးလူးနဲ့ ဘယ်သူမှမခူးချင်တာ သဘာဝပါ။ ဘာပဲပြောပြော ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ကျွန်တော်တို့နိုင်ငံက ခေါင်းဆောင်နှစ်ဦးရဲ့ ပြည်ပခရီးစဉ်အတွင်း အောင်မြင်မှုတွေဟာ ရွံ့လူးနေတဲ့ကျွန်တော်တို့လို ကြာပင်တွေကို ခဏတာရေဖြန်းပေးလိုက်သလိုပါပဲ။ ဒါပေမယ့် ပတ်ကြားအက်တွေလိုဖြစ်နေတဲ့ နိုင်ငံတွင်းကပြည်တွင်းစစ်ကို အရင်အဆုံးသတ်မှသာ ရေကန်သာ ကြာတိုင်းအေးတဲ့ ဘ၀ရောက်ကြရမှာပါ။
နိဂုံးချုပ်အနေနဲ့ တွေးထားသမျှအဆုံးသတ်ရရင် မြန်မာနိုင်ငံသား ဘယ်သူဘယ်ဝှာမဆို၊ မြန်မာနိုင်ငံသားမဟုတ်တော့ရင်တောင် မြန်မာလူမျိုးဘယ်သူဘယ်ဝှာမဆို တစ်ဦးတစ်ယောက်၊ဒါမှမဟုတ် အဖွဲ့တစ်ဖွဲ့၊အသင်းတစ်သင်းရဲ့ အောင်မြင်မှုဂုဏ်သိက္ခာစိန်နားကပ်ရောင်ဟာ နိုင်ငံတွင်းကပဲဖြစ်ဖြစ်၊ ပြည်ပမှာပဲဖြစ်ဖြစ် နေထိုင်နေကြတဲ့ မြန်မာနိုင်ငံသား၊ မြန်မာလူမျိုးအားလုံးအတွက် ဂုဏ်ယူဝင့်ကြွားစရာ၊ပါးပြောင်စရာ အောင်မြင်မှုပဲဖြစ်ပါတယ်။ အဲဒီတော့ ကျွန်တော်တို့အားလုံး ကြိုးစားကြဖို့လိုပါတယ်။ ဒီလိုပြောလို့ မင်းကရော နိုင်ငံဂုဏ်တက်အောင် ဘာလုပ်မှာလဲ မမေးပါနဲ့။ စာရေးသူဆိုတဲ့ လူမျိုးတွေက ကိုယ်သာအသုံးမကျချင်နေမယ်၊ တဖက်သားကို ကိုယ်ဖင်မနိုင်တဲ့ ပဲကြီးဟင်းတွေကို အရမ်းကောင်းတယ်ဆိုပြီး လှိမ့်ကျွေးတတ်ပါတယ်။ ခုလည်း ဒီသဘောပါပဲ....:-)
အဲဒါကြောင့် ခုလက်ရှိယဉ်ပြိုင်နေတဲ့ ဆူဇူကီးဖလားပြိုင်ပွဲဝင် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းနဲ့ ဂျပန်မှာကျင်းပနေတဲ့ Miss International Beauty Pageant 2012 ပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြုပြိုင်ပွဲဝင်နေတဲ့ မနန်းခင်ဇေယျာတို့ရရှိလာမယ့် အောင်မြင်မှုတွေကို မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ ဂုဏ်ယူဝင့်ကြွားစွာ မျှဝေခံစားပြီး နိုင်ငံတကာအလည်မှာ မြန်မာနိုင်ငံဆိုတဲ့ နာမည်တစ်ခု လူပုဂ္ဂိုလ်ဘယ်သူဘယ်ဝါထက်ပိုပြီး လျှမ်းလျှမ်းတောက်လာမယ့်တစ်နေ့၊ မြန်မာနိုင်ငံသားဆိုပြီး ခေါင်းမော့ရင်ကော့နိုင်မယ့်တစ်နေ့ကို စောင့်ဆိုင်းလျှက်ရှိပါကြောင်း......။
မြတ်သိန်းထွန်း(ခ)ငချွန်းယေ(ခ)စစ်ခွေး(ခ)ဘွရှင်မင်းတြားဂျီး
6.10.2012
သမိုင်းဆွေးနွေးချက်တွေနဲ့ ငြီးငွေ့နေကြတဲ့ ပိတ်သတ်တွေကို အအီပြေ ချဉ်စပ်လေး လက်သုပ်ကျွေးလိုက်ပါတယ်.
0 comments:
Post a Comment