ပေါက်ကရ လေးဆယ်

Subscribe:

Wednesday, February 6, 2013

ခွေးတရား



ဘုန်းတော်ကြီး - ကိုင်း တရားနာပရိတ်သတ်အပေါင်း သူတော်ကောင်းတို့ကို ဘုန်းကြီးတစ်ခုမေးမယ်။ ခွေးဖြစ်ရတာ ကောင်းသလားကွဲ့။

ပရိတ်သတ် - မကောင်းပါဘုရား

ဘုန်းတော်ကြီး - ဘာလို့မကောင်းတာတုန်း ပရိတ်သတ်ရဲ့။ ခွေးဆိုတာ လူတွေလို ၁၂ရာသီ သံသာဝကိစ္စမျိုး အချိန်ပြည့်တောင့်တစရာလည်း မလိုဘူး၊ တစ်နှစ်မှတစ်ကြိမ်ပဲ သူတို့အချိန်ရောက်တာ။ အဲလိုမျိုးဖြစ်လို့ ခုခေတ်အပျို၊လူပျိုတွေလို ဖုန်းနဲ့ကြူလိုက်၊ ဖေ့ဘုတ်ပေါ် တက်ပွားလိုက်၊ လက်ဆောင်တွေဝယ်ပေးလိုက် လုပ်စရာလည်းမလိုဘူး။ တစ်စုံတရာ အမှားအယွင်းဖြစ်လို့ ရုံးရောက်ဂတ်ရောက်လည်း မဖြစ်ဘူး။ မွေးလာတဲ့သားသမီးတွေကိုလည်း လူတွေလို အရွယ်ရောက်တဲ့အထိ တာဝန်ယူစရာမလိုဘူး။ အ၀တ်အစားကိစ္စလည်း ပူစရာမလိုဘူး။ Stress လည်းမရှိဘူး။ ပရက်ရှာလည်းမရှိဘူး။ တခြားတိရစ္ဆာန်တွေလို ပင်ပင်ပန်းပန်း အလုပ်လုပ်စရာလည်းမလိုဘူး။ ကဲ ခွေးဖြစ်ရတာ မကောင်းဘူးလား။
ပရိတ်သတ် - ကောင်းပါတယ် ဘုရား။

ဘုန်းတော်ကြီး - ခုနကပြောတော့ မကောင်းဘူးဆို။

ပရိတ်သတ် - ခု ကောင်းသွားပါပြီ ဘုရား။

ဘုန်းတော်ကြီး - ခွေးဆိုတာ ငရဲ၊ပြိတ္တာ၊တိရစ္ဆာန်၊အသူရကယ်ဆိုတဲ့ အပယ်လေးဘုံသားတွေထဲက တစ်မျိုးပဲ ပရိတ်သတ်ရဲ့။ ရှေးဘ၀ကုသိုလ်ကံနည်းပါးလို့၊ အကုသိုလ်ကံများလို့ ခုလိုတိရစ္ဆာန်ဘ၀ကိုရောက်နေရတာ။ ခွေးတိုင်းကိုကြည့်။ မစင်မစားတဲ့ခွေး မရှိသလောက်ပဲ။ အပုတ်အစပ်တွေ့တာနဲ့ လူးလိမ့်လိုက်တာပဲ။ အဟိတ်တိရိစ္ဆာန်ဖြစ်တဲ့အတွက် ကြီးနိုင်ငယ်ညှင်း အနည်းနဲ့အများရှိမှာပဲ။ အစားတစ်လုပ်အတွက် မာန်ဖီလုယက်စားသောက်ရတယ်။ အစားတလုပ်အတွက် ရိုက်ပုတ်ကြိမ်းမောင်းခြင်းခံရတယ်။ ဟောင်သံနဲ့ မာန်ဝင့်ကြတယ်။ ဟောင်သံကြောင့် လူဆီမှာဒဏ်ပေးခံရတယ်။ မွေးမယ့်သခင်မရှိတဲ့ဘ၀မျိုးမှာ အစားတစ်လုပ်အတွက် ခိုးဝှက်စားသောက်ရတယ်။ လူလိုမျိုး သားသမီးတွေကို ကံကြွေးချ ကျွေးမွေးသုတ်သင်ခဲ့တာမျိုး မရှိသလို မိဘကို သားသမီးကပြန်စောင့်ရှောက်တာမျိုး မရှိတဲ့အဟိတ်တိရိစ္ဆာန်ဖြစ်တာကြောင့် အသက်အရွယ်အိုမင်းလာတဲ့အခါ အမွှေးတွေကျွတ်၊ မျက်စိကမမြင်၊ အစွယ်ကကျွတ် အစားအသောက် ပုံမှန်ကျွေးမွေးမယ့်လူကလည်း မရှိတဲ့ဘ၀မျိုးနဲ့ လမ်းဘေးမှာ သေကြရတယ်။ အရွယ်မအိုခင် ရောဂါဘယအမျိုးမျိုး စွဲကပ်ပြန်တော့လည်း မြက်စားတာကလွဲရင် ကိုယ့်ကိုယ်ကိုဘယ်လိုကုသရမယ်ဆိုတဲ့ အသိဥာဏ်ကလည်း မရှိပြန်ဘူး။ ခိုကပ်စရာနေရာမရှိတဲ့ခွေးတွေဆိုရင် မိုးရွာကြီးထဲ စိုရွှဲပြီး မြေကြီးပေါ်မှာ အမွှေးတွေကိုလျှာနဲ့သပ်၊ ခြောက်အောင်လုပ်ပြီး အိပ်ကြရရှာတယ်။ ကဲ ခွေးဖြစ်ရတာ ကောင်းသလား ပရိတ်သတ်။

ပရိတ်သတ် - မကောင်းပါဘူး ဘုရား။

ဘုန်းတော်ကြီး - ဟေ!!! စောစောကပြောတော့ ကောင်းသွားပြီဆို။

ပရိတ်သတ် - ခု မကောင်းတော့ပါဘူး ဘုရား။

ဘုန်းတော်ကြီး - ငါးရာ့ငါးဆယ်နိပါတ်တော်လာ တို့များရဲ့ ဗုဒ္ဓမြတ်စွာဘုရားရှင် လေးသင်္ချေကမ္ဘာတစ်သိန်း ပါရမီတော်ဖြည့်တဲ့အချိန် နုစဉ်ကာလတုန်းက ဗာရာဏသီမင်းရဲ့ ဥယျာဉ်တော်က ခွေးအပေါင်းကိုအုပ်စိုးတဲ့ ခွေးမင်းဖြစ်တော်မူခဲ့သတဲ့ ပရိသတ်ရေ။ ဘာဖြစ်ခဲ့တုန်း။

ပရိတ်သတ် - ခွေးမင်းဖြစ်ခဲ့ပါတယ် ဘုရား။

ဘုန်းတော်ကြီး - တစ်ရက်မှာ တစ်ခုသောပြဿနာကြောင့် ဗာရာဏသီမင်း အမျက်တော်ရှပြီး မင်းဥယျာဉ်တွင်းက ခွေးလေခွေးလွင့်တွေကို အကုန်လုံးသုတ်သင်ဖို့ အမိန့်တော်ရှတဲ့အချိန်မှာ ခွေးတွေတော်တော်များများ အသတ်ခံရတော့ သုဿာန်မှာနေထိုင်တဲ့ ဘုရားလောင်းခွေးမင်းဟာ သူ့အတွက် အသက်အန္တရာယ် မကျရောက်ပေမယ့်လို့ သူ့အမျိုးအနွယ်တွေ အသတ်ခံရမယ့်ဘေးကနေ ကာကွယ်ဖို့ အရဲစွန့်ပြီး မင်းနေပြည်တော်ထဲကိုသွား၊ ဗာရာဏသီမင်းကြီးရဲ့ ရာဇပလ္လင်ရှေ့မှောက် အခစားဝင်ရောက်သတဲ့ ပရိတ်သတ်ရေ။ နည်းတဲ့သတ္တိလား။ အင်မတန်ရဲရင့်တဲ့ခွေး။ လူတွေတောင် သူ့လိုမလုပ်ရဲကြဘူး။ မင်းတို့မျက်စောင်း အကြောင်းသုံးပါးမရွေးဘူးတဲ့။ မယုံရင် နေပြည်တော်က ချုပ်ချုပ်ကြီးအိမ်ထဲ တစ်ယောက်တည်း ၀င်သွားကြည့်ပါလား။ ၀င်ရဲမလား ပရိတ်သတ်။ အဲဒီလိုလူတွေတောင် မလုပ်ရဲတဲ့အလုပ်ကို ခွေးကလုပ်တာ။ အမျိုးအနွယ်ကို ကာကွယ်စောင့်ရှောက်ဖို့ အကြီးအကဲတစ်ဦးရဲ့ တာဝန်နဲ့ဝတ္တရားကို အသက်နဲ့လဲပြီး ထမ်းဆောင်တာ။ လေးစားစရာမကောင်းဘူးလား ပရိတ်သတ်။

ပရိတ်သတ် - ကောင်းပါတယ် ဘုရား။

ဘုန်းတော်ကြီး - အဲဒီလိုခွေးတစ်ကောင်က ရာဇပလ္လင်ရှေ့ထိဝင်လာပြီး ဘုရင်ကိုတရားဟောလိုက်တာ ဘုရင်သံဝေဂရပြီး ဘုရားလောင်းခွေးမင်းရဲ့ အမျိုးအနွယ်တွေဟာ အသက်ချမ်းသာရာ ရခဲ့ပါတယ်။ ကဲ အဲဒီတော့ မေးပါပြီ။ ခွေးဖြစ်ရတာ ကောင်းသလား ပရိတ်သတ်။

ပရိတ်သတ် - ကောင်းပါတယ်ဘုရား။

ဘုန်းတော်ကြီး - စောစောကပြောတော့ မကောင်းဘူးဆို။

ပရိတ်သတ် - အခုကောင်းသွားပါပြီ ဘုရား။

ဘုန်းတော်ကြီး - ခုခေတ်မှာ လူထက်ဘုန်းကြီးတဲ့ခွေးတွေ ရှိတယ်ကွဲ့။ ဟိုးရှေးယခင်က စကြာဝတေးမင်းတွေ မွေးစားထားတဲ့ တိရစ္ဆာန်တွေ သခင်ရဲ့အရှိန်အ၀ါကြောင့် ဘုန်းကြီးသလိုမျိုး ခုခေတ်မှာလည်း နိုင်ငံ့ခေါင်းဆောင်တွေ၊ ပိုက်ဆံရှိတဲ့လူတွေမွေးထားတဲ့ ခွေးတွေက သာမန်လူတွေထက် ဘုန်းကြီးကြသကွဲ့။ သာမန်လူတွေမရနိုင်တဲ့ အရေးစိုက်မှုမျိုးကို ခံကြရသကွဲ့။ အဲဒီလို အရေးစိုက်ခံရတဲ့ ခွေးတွေက လူထက်အသိဥာဏ်ရှိတယ်လို့ ပြောလို့ရမလား ပရိတ်သတ်ကြီး။

ပရိသတ် - ရပါတယ် ဘုရား
- မရပါဘူး ဘုရား

ဘုန်းတော်ကြီး - အဲဒီမှာ စကွဲတာပဲ။ အပယ်လေးဘုံမှာပါတဲ့ အဟိတ်တိရိစ္ဆာန်ဆိုတာ ပါရမီဖြည့်နေတဲ့ အလောင်းတော်ကြီးတွေကလွဲရင် ဘယ်သောအခါမှ လူလောက်အသိဥာဏ်မရှိနိုင်ဘူး ပရိတ်သတ်ရဲ့။ အသိဥာဏ်မရှိလို့လည်း လူတွေလို သံသရာကလွတ်မြောက်ရာ တရားတွေကိုနားလည်နာကြားနိုင်ခြင်း မရှိတာပေါ့။ အဲတော့ လူတကာအရေးပေးခံရပေမယ့် တစ်ဘ၀တာအတွက်သာကောင်းတဲ့ အဲလိုခွေးဘ၀က ကောင်းသလား ပရိတ်သတ်။

ပရိတ်သတ် - မကောင်းပါဘူး ဘုရား

ဘုန်းတော်ကြီး - ခွေးဆိုတာ သခင်အပေါ် အရမ်းသစ္စာရှိတဲ့ တိရိစ္ဆာန်ပဲ ပရိတ်သတ်ရဲ့။ ထမင်းကြမ်းခဲလေးချကျွေးရုံနဲ့၊ ဘာမှမကျွေးပဲ တွေ့တိုင်းချော့မြှူပွတ်သပ်ပေးရုံနဲ့ အဲဒီလူအပေါ်အင်မတန် ခင်တွယ်တတ်တဲ့ တိရိစ္ဆာန်ဟာ ခွေးတစ်မျိုးပဲရှိတယ်။ သခင်အတွက် အသက်ကိုစွန့်ရဲတာလည်း ခွေးပဲ။ သခင်ဘယ်ဘ၀ပဲရောက်ရောက် သစ္စာမဖောက်တတ်တာ ခွေးပဲ။ စစ်မြေပြင်မှာ အနံ့ခံမိုင်းရှာရင်း နိုင်ငံအတွက် အသက်စွန့်သွားတဲ့ခွေးတွေလည်း အများကြီးရှိတယ်။ အဲဒီတော့ ခွေးဖြစ်ရတာ ဂုဏ်ယူစရာမကောင်းဘူးလား ပရိတ်သတ်ကြီး။

ပရိတ်သတ် - ကောင်းပါတယ် ဘုရား

ဘုန်းတော်ကြီး - သခင်အပေါ်မှာ သစ္စာရှိပေမယ့် လူစိမ်းသူစိမ်းဆိုရင် အမြဲရန်လိုတတ်တာ ခွေးပဲ ပရိတ်သတ်ရဲ့။ ခွေးတွေဟာ လူတွေကိုမှီခိုပြီး အသက်ရှင်ကြရတယ်။ ပိုင်ရှင်မဲ့ခွေးလေခွေးလွင့်တွေတောင်မှ လူနေအိမ်ခြေ၊ဈေးတွေကြားမှာ ခိုးဝှက်စား၊ အကြွင်းအကျန် အပုတ်အသိုးတွေကို ရှာဖွေစားသောက်ရင်း အသက်ရှင်ကြရတယ်။ ခွေးတွေဟာ များသောအားဖြင့် အစာကျွေးတဲ့လူ၊ သူတို့ကိုချော့မြှူယုယတဲ့ ဘယ်သူ့ကိုမဆို ခင်တွယ်တတ်ကြတယ်။ ဒီသခင်မကျွေးနိုင်တော့ရင် ရန်မရှာ၊သစ္စာမဖောက်ပေမယ့် သူ့ကိုလာကျွေးတဲ့ နောက်တစ်ယောက်ကို အမြီးနှံ့ပြဖို့ ၀န်မလေးတာ ခွေးပဲ ပရိတ်သတ်ရဲ့။ လူစိမ်းတွေကို ရန်လိုပေမယ့် သူ့ကိုကျွေးတာနဲ့ အဲဒီလူစိမ်းနဲ့ မိတ်ဆွေဖြစ်ဖို့ အရမ်းလွယ်တာလဲ ခွေးပဲ ပရိတ်သတ်။ အဲဒီတော့ ခွေးနဲ့တူတဲ့လူစားမျိုးက ကောင်းသလား ပရိတ်သတ်။

ပရိတ်သတ် - မကောင်းပါဘူး ဘုရား

ဘုန်းတော်ကြီး - ဘုန်းကြီးက ကောင်းတာပြောရင် ပရိတ်သတ်က ကောင်းတယ်လို့ပြန်ပြောတယ်။ ဘုန်းကြီးက မကောင်းဘူးဆိုရင် ပရိတ်သတ်က မကောင်းဘူး။ ပရိတ်သတ်ကြည့်ရတာ ဘုန်းကြီးဟောတဲ့တရားကို ဖောလိုလိုက်ဖို့လောက်ပဲ တရားလာနာကြပုံရတယ်။ ဟောတဲ့တရားထဲက တရားရတဲ့လူ၊ ဟောတဲ့တရားကို ဆင်ခြင်သုံးသပ်နိုင်တဲ့လူ တစ်ယောက်မှရှိပုံမပေါ်ဘူး။ ကိုယ်ပိုင်ဆင်ခြင်ဥာဏ်မရှိပဲ အပေါ်ကဟောတဲ့လူပြောသမျှ သံယောင်လိုက်နေလို့ကတော့ သံသရာမှာ တ၀ဲဝဲလည်ပြီး ဘယ်လိုလုပ် နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်မှာလဲ ပရိတ်သတ်ရဲ့။ အသိဥာဏ်ရှိတဲ့လူတွေတောင် မငြိမ်းချမ်းနိုင်တာ အသိဥာဏ်မရှိတဲ့ခွေးတွေကရော လူတွေလိုရုန်းကန်ရမယ်ဆိုရင် ဘယ်လိုလုပ် ငြိမ်းချမ်းနိုင်မှာလဲ။ ငတ်လာရင်၊ လိုချင်တောင့်တမှု ရှိလာရင် အသိဥာဏ်လေးနဲ့ မဆင်ခြင်နိုင်ရင် ခွေးပဲဖြစ်ဖြစ်၊ လူပဲဖြစ်ဖြစ် ခိုးမှာပဲ၊ လုမှာပဲ၊ အနိုင်ကျင့်ဗိုလ်ကျမှာပဲ။ အဲဒီနေရာမှာ ခွေးနဲ့လူက အတူတူပဲ။ အဲဒီတော့ လူကိုခွေးနဲ့နှိုင်းတာ နာစရာလား။ အရေးထားစရာလား ပရိတ်သတ်။

ပရိတ်သတ် - အရေးထားစရာမဟုတ်ပါဘုရား

ဘုန်းတော်ကြီး - အဲဒီလို ၀ါဒစွဲ၊ပုဂ္ဂိုလ်စွဲတွေ မှိုင်းမိပြီး ကိုယ်ပိုင်ဆင်ခြင်နိုင်စွမ်းမရှိတဲ့ ဘဒ္ဒကမ္ဘာသူ၊ကမ္ဘာသားများအတွက် ဘုန်းကြီးတို့ရဲ့ ဗုဒ္ဓမြတ်စွာဘုရားကိုယ်တော်မြတ်ကြီးက လွန်ခဲ့တဲ့ နှစ်ပေါင်း၂၅၀၀ကျော်ကာလကတည်းက ကိုယ့်အထင်၊ကိုယ့်အမြင်၊ ကိုယ့်အစွမ်းဖြင့် သံသရာတဖက်ကမ်း လှမ်းနိုင်ရန်အလို့ငှာ ရည်စူးပြီးသကာလ ကာလမပုဏ္ဏာတို့အား ယေဓမ္မော ဟေတုပဘ၀ါအစချီသည့် ကာလမသုတ္တန်ဒေသနာတော်အား ဟောကြားတော်မူခဲ့ပါလေကုန်တော့သတည်း

ပရိတ်သတ် - သာဓု........... သာဓု............. သာဓုပါ ဘုရား။

0 comments:

Post a Comment