skip to main |
skip to sidebar
တစ္ဆေများနှင့် ဘွ အပိုင်း(၁)
တစ္ဆေသရဲ..
နာမည်နဲ့တင်ဖြဲလိုက်တာ လူတွေကြက်သီးဖြန်းခနဲ ထပြီးကြောက်ကြတယ်။ မှတ်မှတ်ရရ
နှစ်တန်းနှစ်က ဘကြီးမောင်စောနှင်း ညဖက်တစ္ဆေ ခြောက်တဲ့အကြောင်း ပြောပြတော့
ကြောက်ပြီး ရှူးရှူးပေါက်ချင်တာ ထမသွားရဲပဲ အောင့်ထားရင်း မခံနိုင်လို့
လူကြားထဲမှာ ထွက်ကျဖူးတယ်။
တစ္ဆေအကြောင်းရေးတယ်ဆိုတော့
ဗီဒီယိုတွေထဲကလို မျက်နှာချင်းဆိုင်ခြောက်ခံဖူးလား မေးလာရင် ဟင့်အင်းလို့ပဲ
ဖြေရမှာပဲ။ ဒါပေမယ့် တစ္ဆေတကယ်ရှိတယ်၊ တကယ်ခြောက်တယ်ဆိုတာကို
လက်တွေ့ကြုံဖူးပါတယ်။ ခြောက်မှန်းမသိလို့ မကြောက်ပဲ နောက်မှပြန်သိရလို့
ကြောက်တာမျိုးလည်း ကြုံခဲ့ဖူးပါတယ်။ အဲဒီလိုကြုံခဲ့တုန်းက ကြောက်စိတ်က
ခုနေများပြန်စဉ်းစားမိရင် ဆံပင်တွေထောင်၊ ကြက်သီးတွေထ၊
မွှေးညှင်းတွေထောင်လာတဲ့အထိ ကြောက်ပါတယ်။တစ္ဆေခြောက်တဲ့အတွေ့အကြုံကို ကိုယ်တိုင်မဟုတ်ပဲ ဘေးကနေ
ပထမဦးဆုံးကြုံခဲ့တာကတော့ လေးတန်းနှစ်ကပါ။ ဈေးနားက
အဖိုးမောင်လုံးဖြူဗီဒီယိုရုံမှာ ကျော်ဟိန်းကားတွေ
ဆက်တိုက်တင်တဲ့အချိန်ပေါ့လေ။ အဲနေ့က အဖေပြည်ကို ပုဇွန်ခြောက်ကိစ္စနဲ့သွားတာ
ညဖက်ဘုတ်နဲ့ပြန်ရောက်မယ်ဆိုလို့ ကန်နားတန်းက အဘွားအိမ်မှာ
တစ်အိမ်လုံးမအိပ်ပဲစောင့်နေတဲ့ အချိန်။ မိန်းမတစ်ယောက်ရဲ့
စူးစူးဝါးဝါးအော်ဟစ်သံက ည ၁၁နာရီ လမ်းမီးငြိမ်းတဲ့အချိန်မှာ အိပ်မောကျခါစ
ကန်နားတန်းလမ်းကို လှုပ်နိုးလိုက်ပါတယ်။ အိမ်တွေဆီက ရေနံဆီမီးခွက်ရောင်တွေ
တဖြတ်ဖြတ်လင်းလာပြီး တံခါးဖွင့်သံ၊ လူလှမ်းခေါ်သံ၊ ခွေးဟောင်သံတွေနဲ့
လမ်းရဲ့အပေါ်ပိုင်းတစ်ပိုင်းလုံး ပွက်လောရိုက်သွားပါတယ်။ ဘွရဲ့အဖိုးက
သူကိုင်နေကျတုတ်ကောက်ကို ယူပြီး လက်နှိပ်ဓာတ်မီးတစ်လုံးနဲ့
အသံကြားရာလမ်းထိပ်ကို ထွက်သွားပါတယ်။ ဘွဆိုတဲ့သတ္တ၀ါလေးကလည်း
အဲလိုမျိုးထိတ်လန့်တကြားကိစ္စဆိုရင် အရမ်းစိတ်ဝင်စားတော့
အိမ်ကအဖွားမရိပ်မိခင် အိမ်ဘေးပေါက်က အသာလေးထွက်ပြီး အဖိုးနောက်ကနေ
ခပ်ခွာခွာလိုက်သွားပါတယ်။
ကန်နားတန်းလမ်းထိပ် လမ်းခွဆုံ
ကျောက်တိုင်နားမှာ လူနှစ်ဆယ်လောက် ဓာတ်မီးရောင်တ၀င်းဝင်းနဲ့
တရုံးရုံးဖြစ်နေတာ တွေ့လိုက်ရပါတယ်။ လူအုပ်ထဲတိုးကြည့်တော့ မိန်းမတစ်ယောက်က
လဲနေတဲ့ယောင်္ကျားတစ်ယောက်ကို ပွေ့ထားတာတွေ့ရပြီး အဲဒီလူက ဆန့်ငင်ဆန့်ငင်
တက်နေတာ တွေ့ရပါတယ်။ အဲဒီမိန်းမပုံစံကလည်း အရမ်းတုန်လှုပ်နေတဲ့
ပုံစံမျိုးပါ။ သူတို့နှစ်ယောက်က မြို့ပေါ်ကမဟုတ်ပဲ မြို့အနီးအနားက
ရွာတစ်ရွာကဖြစ်ပါတယ်။ အဲဒီမိန်းမက ရောက်လာတဲ့လူတွေကို အကျိုးအကြောင်း
ပြောပြပါတယ်။ သူတို့လင်မယား ဗီဒီယိုရုံကအပြန် သူ့ယောင်္ကျား
အရမ်းအိမ်သာတက်ချင်တယ်ဆိုပြီး ကန်နားတန်းလမ်းခွဆုံ ဘေးနားက
စာတိုက်ရုံးရဲ့နောက်ဖက် ခြံစည်းရိုးနားလေးမှာ အလေးစွန့်ပါတယ်တဲ့။ မိန်းမက
လမ်းပေါ်ကစောင့်နေတဲ့အချိန် သူ့ယောင်္ကျားဆီက အမလေးအော်သံကြားလို့
လှည့်ကြည့်လိုက်တော့ အမွှေးစုတ်ဖွားနဲ့ ဓာတ်တိုင်တစ်တိုင်စာလောက်မြင့်တဲ့
အကောင်ကြီးတစ်ကောင် သူ့ယောင်္ကျားအပေါ်က ခြံစည်းရိုးပေါ်မှာ
ထိုင်နေတာတွေ့ရပါတယ်တဲ့။ လဆန်းညဆိုတော့ လရောင်ကသိပ်မလင်းလို့
သဲသဲကွဲကွဲမမြင်ရပါဘူးတဲ့။ သူလည်းကြောက်လန့်ပြီး အသံကုန်အော်ရင်း
လမ်းထဲပြေးဝင်လာခဲ့တာ.. လူတွေလိုက်လာတဲ့အချိန် သူယောင်္ကျားဆီပြန်သွားတော့
ခုလိုတက်နေတာ တွေ့တယ်လို့ ပြောပြပါတယ်။ ကျင်ကြီးစွန့်ရင်းတန်းလန်း
တက်ပြီးသတိမေ့သွားတာဆိုတော့ ယောင်္ကျားဆီမှာ မစင်တွေပေလူးပြီး နံစော်နေပါတယ်။
အဲမိန်းမဆီက တစ္ဆေခြောက်တဲ့အကြောင်းလည်း ကြားရော၊ အစက အဖိုးမသိအောင်
တိတ်တိတ်လေးပြန်မလို့စိတ်ကူးထားတဲ့ ဘွတစ်ယောက် ကြောက်ပြီး
အိမ်ကိုတစ်ယောက်တည်း မပြန်ရဲတော့ပါဘူး။ အဲဒါနဲ့ အဖိုးကိုသွားခေါ်တော့
အဖိုးဆီမှာ တုတ်နဲ့နှစ်ချက်ဗျင်းခံလိုက်ရပါတယ်။
လေးတန်းစာမေးပွဲဖြေပြီး နွေရာသီကျောင်းပိတ်တော့ ဘွတို့အိမ်ဘေးက
မသီတာကြည်တို့မိသားစု ရန်ကုန်ကိုပြောင်းဖို့ စီစဉ်ကြပါတယ်။
သူတို့အပြီးမပြောင်းခင် ရပ်ကွက်ထဲက မိတ်ဆွေသင်္ဂဟတွေစုပြီး
တောင်နီကိုဘုရားဖူးထွက်ကြပါတယ်။ ခုလိုမျိုးဆိုင်ကယ် လမ်းမပေါက်သေးတော့
တောလမ်းအတိုင်း ခြေလျင်သွားကြရပါတယ်။ ရွာတွေ တောရိုင်းတွေ
တောင်တွေကိုဖြတ်ပြီးမှ တစ်တောင်လုံး ထူးဆန်းစွာ မြေသားအနီချည်းရှိတဲ့
တောင်နီကိုရောက်တာပါ။ အဲဒီတောင်က မြက်ပင်တွေက တခြားမြက်တွေနဲ့မတူပဲ
မွှေးပါတယ်။ အရမ်းနတ်ကြီးတဲ့နေရာပါ။ စကားပြောမှားလို့မရဘူးလို့
ရှေးလူကြီးတွေပြောသံကြားဖူးပါတယ်။ အဲဒါကိုတော့ ဆယ်တန်းအောင်ပြီးတဲ့အချိန်
တောင်နီကိုထပ်သွားတဲ့အခေါက်မှာ ကိုယ်တွေ့ကြုံခဲ့ရပါတယ်။
ဘွတို့အိမ်နားတ၀ိုက်က ခလေးတွေအကုန်ပါပြီး မိဘတွေပါ စုံစုံလင်လင်
အထုတ်အပိုးကိုယ်စီနဲ့သွားရတာ အရမ်းပျော်စရာကောင်းပါတယ်။
ထမင်းပန်းကန်မလောက်လို့ ငှက်ပျော်ဖက်နဲ့ တောထဲမှာစားရတာ
ခုထိမမေ့နိုင်တဲ့အတွေ့အကြုံတစ်ခုပါ။ အပြန်ကျတော့ ဒိုးတန်းဆိုတဲ့ရွာမှာ
ခဏနားပါတယ်။ ဒိုးတန်းနဲ့ဇိုင်ပင်ဆိုတာ မာန်အောင်ကျွန်းမှာ ချင်းလူမျိုးတွေ
အများဆုံးနေတဲ့ရွာတွေပါ။ အိမ်ခြေနည်းနည်းပဲရှိပါတယ်။ အဲဒီမှာ
အမဲသားပေါ်တာကို ပထမဆုံးအကြိမ်မြင်ဖူးခဲ့ပါတယ်။ ပေါ်ပြီးစလတ်လတ်ဆတ်ဆတ်
အမဲသားတွေ တဆတ်ဆတ်တုန်နေတာ ကြည့်ပြီး တော်တော်အသည်းယားမိပါတယ်။
အဲဒီကအမဲသားလေးပိဿာဝယ်ပြီး ငပုန်ကုန်းမှာချက်စားဖို့
ပြုတ်ပြီးအိုးနဲ့ယူလာခဲ့ပါတယ်။ အရီးငွေခင်က အဲဒီအိုးကို ရွက်ပါတယ်။
ဒိုးတန်းကစထွက်တဲ့အချိန် ညနေ၇နာရီခွဲနေပါပြီ။ ငပုန်ကုန်းကို သုံးနာရီလောက်
ထပ်လျှောက်ရတယ်ထင်ပါတယ်။ လမ်းတလျှောက်လုံး ဘွဒယ်ဒီနဲ့မာမီ
ကွိုင်တက်လာကြပါတယ်။ ပြဿနာက အဖေအရက်မူးလာလို့ပါ။
အဖေကမူးလာရင်အရမ်းရီရပါတယ်။ ပေါက်ကရတွေပြော၊ လူတကာကိုလိုက်စလုပ်နေလို့ အမေက
ဗျစ်တောက်ဗျစ်ကောက် ဆူတာပါ။ သူတို့လင်မယားကိုပြန်ဖြေရင်း အဖေကနောက်မှာ
ကျန်ခဲ့ပြီး အမေက အရီးစောရီတို့အဖွဲ့နဲ့ ရှေ့ဆုံးကရောက်သွားပါတယ်။
အလယ်မှာတော့ အရီးငွေခင်နဲ့ ဘွနှစ်ယောက်တည်းပါ။ အဲဒီလိုသွားရင်း
တစ်ဖွဲ့နဲ့တစ်ဖွဲ့ ခေါ်သံတကြားလောက် လှမ်းသွားပါတယ်။ အဖေတို့အုပ်စုကတော့
နောက်ဆုံးမှာပုလင်းလေးမော့ရင်း လိုက်လာပါတယ်။
ကွင်းတွေတစ်ကွင်းပြီးတစ်ကွင်းဖြတ်ရင်း တော်တော်မှောင်သွားပါပြီ။ လရောင်က
ခပ်ဝါးဝါးပဲလင်းပါတယ်။ ကွင်းတွေကိုဖြတ်ပြီး
အုန်းခြံတစ်ခုကြားကဖြတ်လျှောက်တော့ ဘွနဲ့အတူ လျှောက်နေတဲ့
အရီးငွေခင်ရွက်ထားတဲ့ အမဲသားအိုးအဖုံး ဂွမ်းဆိုပြုတ်ကျပါတယ်။
အဲဒါနဲ့ဘွကကောက်ပြီး ပြန်ဖုံးပေးပါတယ်။ ခြေလှမ်းသုံးလေးလှမ်းလောက်
ဆက်လှမ်းတော့ ထပ်ပြုတ်ကျပါတယ်။ အဲလိုမျိုးနှစ်ခါလောက်ထပ်ဖြစ်တော့
အရီးငွေခင်ရိပ်မိနေပါပြီ။ ဘွကိုတော့ ဘာမှမပြောပါဘူး။
အဲဒါနဲ့နောက်ခပ်လှမ်းလှမ်းမှာပြတ်ကျန်ခဲ့တဲ့ ဘွအဖေတို့လူစုကို
လှမ်းခေါ်ပါတယ်။ ဘွအဖေတို့က မူးမူးရူးရူးနဲ့ အော်ကြီးဟစ်ကျယ်စကားပြောနေတော့
အရီးငွေခင်ရဲ့ခေါ်သံကို မကြားပါဘူး။ ခေါ်လို့ပြန်မထူးတော့ သူတို့ဆီကို
နှစ်ယောက်သားပြန်လျှောက်လိုက်ပါတယ်။ အုန်းခင်းစပ်ကကွင်းထဲအထွက်မှာ
ဒေါ်ငွေခင်ခေါင်းပေါ်ရွက်ထားတဲ့ အမဲသားအိုးကို လှမ်းဆွဲတာခံလိုက်ရပါတယ်။
"ဟဲ့!! သောက်ပလုပ်တုတ်!!!..ဆွဲပြီဟဲ့..ငချွန်းယေ၊ မောင်တင်ကြည် လာကြပါအုန်းဟဲ့ ဒီမှာအမဲသားအိုးဆွဲနေပြီ"
အမဲသားအိုးကိုရွက်ရင်းတန်းလန်း တစ်ယောက်တည်းယိမ်းထိုးပြီး
အသံကုန်အော်ဟစ်လိုက်တဲ့ အရီးငွေခင်ကို ဘာဖြစ်မှန်းမသိတဲ့
ဘွကဘေးကနေကြောင်ကြည့်နေမိပါတယ်။ သူ့အော်သံကြားလို့
နောက်ကအဖေတို့အပြေးရောက်လာတော့မှ သူ့ခေါင်းပေါ်ရွက်ထားတဲ့အိုးကို
အပေါ်ကမမြင်ရတဲ့အရာတစ်ခုက အတင်းဆွဲလို့ သူအတင်းကိုင်ထားရတယ်၊
လူတွေအနားရောက်တော့မှ လွှတ်သွားတယ်ဆိုပြီးပြောပြပါတယ်။ အဲတော့မှ
တစ္ဆေခြောက်တာမှန်း သိလိုက်ရပါတယ်။ အဖေတို့အုပ်စုလည်း
ကြောက်လို့ဆတ်ဆတ်တုန်နေတဲ့ ဒေါ်ငွေခင်ကိုကြည့်ပြီး သောက်ထားတဲ့အမူးတွေ
ပြေသွားပုံရပါတယ်။
"ဒီအမဲသားအိုး ငါဆက်မရွက်ရဲတော့ဘူး
နင်တို့နှစ်ယောက်ပဲဆက်ကိုင်တော့။ ဒီညငပုန်ကုန်းမှာ အိပ်မယ်။
ဒီပုံစံနဲ့ဆက်သွားရင် ငအင်းသချိင်္ုင်းမှာ အကောင်လိုက်ထပ်တွေ့လိမ့်မယ်"
အဲဒီလိုပြောပြီး ဘုရားစာတွေတတွတ်တွတ်ရွတ်ရင်း ဘွလက်ကိုတင်းတင်းဆွဲပြီး
ဒေါ်ငွေခင်ဆက်လျှောက်လိုက်ပါတယ်။ အုန်းခင်းထဲဖြတ်တဲ့အချိန်မှာ
ကြောက်လွန်းလို့ မျက်စိတောင်မဖွင့်ရဲပါဘူး။ ဘွတို့လူစုအုန်းခင်းထဲကထွက်ပြီး
တဖက်ကွင်းစပ်ရောက်တော့ အုန်းခင်းထဲက လေမတိုက်ပဲတ၀ုန်းဝုန်းနဲ့
အုန်းပင်တွေလှုပ်ခါသံ ကြားလိုက်ရပါတယ်။
အထုတ်တွေ၊အိုးတွေ၊ဆိုင်းထမ်းတွေနဲ့ဆိုတော့ ထွက်ပြေးလို့မရပဲ
ခပ်သုတ်သုတ်နှင်ရင်း ညဆယ်နာရီကျော်လောက် ငပုန်ကုန်းရွာထဲ
ရောက်လာခဲ့ပါတော့တယ်။ အမှန်ကအဲနေ့ညက ညတွင်းချင်းမြို့ကိုရောက်အောင်
လျှောက်မလို့စီစဉ်ထားတာပါ။ ဒါပေမယ့် ဘယ်သူမှမသွားရဲတော့ပါဘူး။
အဲဒီရွာမှာပဲထမင်းချက်ပြုတ်စားသောက်ပြီး တစ်ညအိပ်လိုက်ရပါတယ်။
ဆက်ရန်...:p
0 comments:
Post a Comment