ပေါက်ကရ လေးဆယ်

Subscribe:

Friday, December 21, 2012

တေးပြုစာဆို အလိုရှိသည်

တေးပြုစာဆို အလိုရှိသည်



စန္ဒကိန္ဒရီ၏ လွမ်းမောဆို့နစ်ဖွယ် ငိုကြွေးသံသည် ကွန်ပြူတာမှတဆင့် နှလုံးသားတွင်းသို့ စီးဝင်လာသည်။ သီဆိုသူက မေသက်ထားဆွေ၊ လေးတန်းကျောင်းသူလေး၏ အနုပညာမှော်အစွမ်းကား နားဆင်သူအား လက်ရှိလောကအား မေ့လျှော့လျက် တောကြီးဂနိုင်တွင်းသို့ ဆွဲခေါ်သွားခဲ့သည်။ စန္ဒကိန္ဒရီနှင်အတူ ငိုပွဲဆင်ခိုင်းခဲ့သည်။ စန္ဒကိန္ဒရီ၏ သောကသည် နားဆင်သူ၏ နှလုံးသားကို ၀င်ရောက်ဖြစ်ညှစ်လျက် ရှိသည်။ ဤသီချင်းကို မူရင်းတေးသံရှင် မေ(ခေါ်) မလှရွှေ၊ မာမာအေးတို့ သီဆိုသည်ကို ကြိမ်ဖန်များစွာ နားဆင်ဖူးသည်။ သို့သော် သီချင်းစာသားနှင့် သံစဉ်အတွင်း နက်ရှိုင်းစွာပျော်ဝင်နေသည့် ရသသည် ဤတစ်ကြိမ်တွင် အပေါ်လွင်ဆုံးဖြစ်သည်ကို ရင်နှင့်ရင်း၍ ခံစားလိုက်ရသည်။

i tune software အတွင်းထည့်သွင်းထားသော အစီအစဉ်မကျသည့် တေးသီချင်းတို့ တစ်ပုဒ်ပြီးတစ်ပုဒ် ထွက်ပေါ်လာသည်။ တယောဦးတင်ရီ၏ တယောသံက လေးလေးတွဲ့ နွဲ့နှောင်းစွာ ထပ်မံထွက်ပေါ်လာပြန်သည်။ "သားချော့" တေး။ လူ့လောကတွင် မရှိတော့သည့် ဖခင်သည် မိမိအား ပွေ့ချီချော့သိပ်နေသယောင်ယောင်.. တဒင်္ဂလွတ်ထွက်သွားသော အသိစိတ်သည် လူလတ်ပိုင်းအရွယ်သို့ ချဉ်းနင်းဝင်ရောက်စ မိမိအား လေးဖက်တွားတတ်စ အရွယ်သို့ ဆွဲငင်ခေါ်ယူသွားခဲ့သည်။ တယောသံ တိတ်ဆိတ်သွားသည့်အချိန်တွင် အသိနှင့်ခန္ဓာပြန်ကပ်သည်နှင့် တပြိုင်နက် ဖော်ပြနိုင်စွမ်းမရှိသော ၀မ်းနည်းမှုကို စို့တက်လာသော မျက်ရည်တို့က သက်သေပြနေသည်။

ဒိုးပတ်မွှေသံ မြိုင်မြိုင်ဆိုင်ဆိုင်ထွက်ပေါ်လာပြန်သည်။ ဦးထွန်းရွှေ၏ ရွှေအိုးစည်။ ထိုင်နေရင်း ကချင်စိတ်က မရိုးမရွဖြစ်လာတော့သည်။ ထက၍မရသည့်အတွက် ခြေဖျားလှုပ်ရင်း စည်းလိုက်နေမိသည်။ စိတ်ကူးတွင်းသို့ လွန်ခဲ့သည့် ဆယ်စုနှစ်ခွဲကျော်ကျော်ကာလက မြို့မကျောင်းကြီး ဘုံကထိန် ၀င်ရောက်လာခဲ့သည်။ ဝေးကွာခဲ့ရသည့် ဇာတိမြေသို့ သီချင်းနှင့်အတူ အလည်ရောက်သွားသည်။ ပျော်ရွှင်မြူးတူး ကြည်နူးမှုတို့ကား နှိုင်းယှဉ်စရာနထ္ထိ။

ကီးဘုတ်သံ မြိုင်ဆိုင်စွာထွက်ပေါ်လာပြန်သည်။ အဆိုနှင့်အတီးကား လိုက်ဖက်စွာ မြူးကြွလျှက်... ရခိုင်အဆိုတော် ဦးမောင်သိန်း၏ "ရခိုင့်အာဇာနည်"။ ဆရာတော်ဦးဥတ္တမ သီချင်း။ တီးလုံးနှင့် သီချင်းစာသားတို့က မိမိလူမျိုးအတွက် ဂုဏ်ယူဝင့်ကြွားစိတ်က လက်ခမောင်းထတီးချင်စိတ် ပေါက်လောက်အောင် ဆွဲဆောင်မှုအားကောင်းလှသည်။ မျက်မှောက်ကာလအတွင်း ရင်ဆိုင်နေရသည့် သိမ်ငယ်မှုတို့က တဒင်္ဂမြေလျှိုးသွားခဲ့သည်။

သီချင်းများ တစ်ပုဒ်ပြီးတစ်ပုဒ် ထွက်ပေါ်လာတိုင်း မိမိ၏အာရုံက ဂီတ၏ဆွဲငင်ခေါ်ဆောင်ရာ နယ်ပယ်အသီးသီးသို့ မတူကွဲပြားသော ခံစားမှုအစုစုဖြင့် အလည်အပတ်သွားခဲ့သည်။ Facebook သူငယ်ချင်းများ၏ ကျေးဇူးကြောင့် မိမိကွန်ပြူတာအတွင်း မြောက်မြားစွာသော လက်ရွေးစင်တေးသီချင်းများစွာ စုဆောင်းခွင့်ရရှိခဲ့သည်။ မိမိလိုလူတစ်ယောက်အဖို့ နိစ္စဓူဝအပန်းဖြေစရာကား ဂီတပင်ဖြစ်သည်။ ဂီတသည် ခံစားမှုကို အသက်ဝင်စေသည်။ စာရေးသောလက်ကို ပိုမိုတက်ကြွစေသည်။

မိမိအနေဖြင့် အနုပညာတွင် နယ်နိမိတ်ကန့်သတ်မှုမရှိဟု လေးနက်စွာယုံကြည်ထားသည်။ ထို့ကြောင့် မဟာဂီတအစ၊ Hip Hop အဆုံး သီချင်းကောင်းလျှင် နှစ်ခြိုက်စွာနားထောင်လေ့ရှိသည်။ နိုင်ငံခြားသီချင်းများကိုပင် အပြည့်အ၀နားမလည်သော်လည်း သီချင်းကောင်းလျှင် ကောင်းသလို နှစ်ခြိုက်စွာ နားထောင်လေ့ရှိသည်။ များသောအားဖြင့် Celine Dionနှင့် Air Supply တို့၏ သီချင်းများကို နားထောင်သည်။ တစ်ခွန်းတစ်ပါဒမျှ နားမလည်သော်လည်း မြူးကြွသည့် စပိန်သီချင်းများကို ကြိုက်သည်။ ကြည်နူးဖွယ် အိန္ဒိယဇာတ်ဝင်တေးများကိုလည်း အလျဉ်းသင့်သလို နားထောင်လေ့ရှိသည်။ အများဆုံးနားဆင်ဖြစ်သည်မှာ မဟာဂီတနှင့် မြန်မာကာလပေါ်သီချင်းများ ဖြစ်သည်။ ထိုသီချင်းများက မိမိအား ခံစားမှုအပြည့်အ၀ ပေးစွမ်းနိုင်သည်။ စာရေးရန် အတွေးစကို မွေးဖွားပေးနိုင်သည့်အပြင် မှီငြမ်းကိုးကားရန် ဗဟုသုတကိုလည်း ရရှိစေနိုင်သည်။

မဟာဂီတသီချင်းတို့ကား လေးနက်ခန့်ငြားလှသည်။ တချို့သီချင်းတို့မှာ မိမိဗဟုသုတဖြင့် အပြည့်အ၀နားလည်ရန် လက်လှမ်းမမှီချေ။ ကာလပေါ်သီချင်းများမှာ မဟာဂီတလောက် နက်ရှိုင်းမှုမရှိသဖြင့် နားလည်ရလွယ်ကူသည့်အပြင် လိုက်ဆိုညည်းရန်လည်း လွယ်ကူသည်။ လေဘာတီမမြရင်၊ မလှရွှေ၊ မကြည်အောင်၊ မေလှမြိုင်၊ ကိုအံ့ကြီး၊ ဥသြဘသောင်၊ ပြည်လှဖေ၊ မေရှင် စသသည့် ခေတ်ဦးကာလပေါ်အဆိုတော်ကြီးများ၏ တေးသီချင်းများကို ခေတ်အဆက်ဆက် အဆိုတော်များစွာ ပြန်ဆိုခဲ့ကြပြီး လူကြိုက်များခဲ့ကြသည်။ နောက်ပိုင်းတွင် ဂီတနက်သန် ကိုစောငြိမ်း၊ ဂီတနက်သန် ကိုအုန်းလွင်၊ ကိုသန်းလှိုင်၊ တွံတေးသိန်းတန်၊ မြတ်လေး၊ စန္ဒရားချစ်ဆွေ၊ အကယ်ဒမီ စန္ဒယားလှထွဋ် စသဖြင့် တေးပြုစာဆို အဆိုတော်များစွာ ပေါ်ထွက်ခဲ့ကြသည်။ နန်းတော်ရှေ့ဆရာတင်၊ မြို့မငြိမ်း၊ ရွှေပြည်အေး၊ ရွှေတိုင်ညွှန့်၊ ရန်နိုင်ဆွေ စသဖြင့် အနုပညာမှော်အောင်သည့် တေးပြုစာဆိုများမှသည် ဘိုကလေးတင့်အောင်၊ ကန်မြဲအေးကျော်၊ ဂီတလုလင်မောင်ကိုကို၊ ဂီတာဖေ၀င်း၊ ကိုလေးညွှန့်၊ စိန်မောင်မြင့်၊ သောင်းတင်ဌေး၊ ရဲသီဟ ကိုတင်အောင်၊ ကိုသက်ဦး၊ အေ၀မ်းစိုးမြင့် စသည့် မြောက်မြားစွာသော တေးပြုစာဆိုများ၏ တေးသီချင်းများသည်လည်း ခေတ်အဆက်ဆက် မြန်မာ့ဂီတနယ်ပယ်တွင် သရဖူဆောင်းခဲ့ကြသည်။ ကိုမြကြီး၊ ၀င်းဦး၊ တင်တင်မြ၊ မာမာအေး၊ ထား၊ ကိုမင်းနောင်၊ မောင်မောင်ကြီး၊ တွံတေးသိန်းတန်၊ မောင်မောင်ညွှန့်၊ ဟင်္သတအောင်တင်ဝင်း၊ ဟင်္သတထွန်းရင်၊ ချိုပြုံး၊ ကိုတင်လှိုင်၊ ရီရီသန့် စသည့် မြောက်မြားစွာသော အဆိုတော်တို့သည်လည်း ခေတ်တစ်ခေတ်ကို ထူထောင်နိုင်ခဲ့ကြသည်။ နောက်ပိုင်း ခင်ညွှန့်ရီ၊ နီနီဝင်းရွှေတို့အပါအ၀င် အဆိုတော်အချို့ကလည်း ပြန်ဆိုတေးလောကတွင် အတိုင်းအတာတစ်ခုအထိ အောင်မြင်ခဲ့ကြသည်။ ကွယ်လွန်သွားကြပြီဖြစ်သည့် အနိုင်၊အောင်သူ၊ မင်းအောင်တို့ကလည်း မိုနိုလိုင်းတွင် ယခုအချိန်ထိ ထပ်ခါတလဲလဲ ပြန်ဆိုနေကြသည့် သီချင်းခေတ်တစ်ခုကို အောင်မြင်စွာ တည်ထောင်နိုင်ခဲ့ကြသည်။ အထက်ပါ အချိန်ကာလများသည် မြန်မာသံကာလပေါ် မိုနိုလိုင်း၏ ရွှေရောင်လွှမ်းသော နေ့ရက်များပင်ဖြစ်သည်။ သို့သော် ယခုအချိန်တွင်မူ မြန်မာသံတေးလောကသည် ရွှေရောင်ပြယ်၍ ထုံးရောင်ခြယ်သော အခါသမယသို့ ဆိုက်ရောက်လာနေပြီ ဖြစ်သည်။

မင်းမင်းလတ်မှအစပြု၍ မြန်မာနိုင်ငံတွင် ယခုအချိန်ထိ စတီရီယိုတေးတစ်ခေတ်သည် ပရိသတ်ခိုင်မာစွာ ရရှိလာခဲ့ပြီး ကော်ပီနှင့် ကိုယ်ပိုင်သံစဉ်သီချင်းများစွာ အဆင့်အတန်းမြင့်မားစွာ ထွက်ပေါ်လာခဲ့သည်။ ထိုအချိန်တွင် မြန်မာသံတေးလောကမှာ အကြိမ်ကြိမ်အဖန်ဖန် ပြန်ဆိုတေးသံသရာတွင် လည်ပတ်လျက်ရှိနေပြီး ထွက်ပေါ်လာသည့် သီချင်းသစ်များမှာလည်း အဆင့်အတန်းရှိသည့်၊ အနုပညာအရည်အသွေးမြင့်မားသည့်၊ ရသမြောက်သည့် သီချင်းကောင်းများ မပါရှိသလောက်ရှားပါးလာခဲ့သည်။ ကိုယ်ပိုင်သီချင်းသစ်များဖြင့် မယ်ဒလင်တစ်ခေတ်ထူထောင်မည့် အဆိုတော်တစ်ဦးပေါ်ထွက်လာပြီး ၎င်း၏နောက်တွင် နာမည်ရှေ့တွံတေးတပ်ထားသော အဆိုတော်များစွာ ဗျောက်သောက်ထပ်မံထွက်ပေါ်လာပြန်သည်။ ၎င်းတို့၏ သီချင်းတချို့မှာ ကောင်းမွန်သော်လည်း ရေးစပ်ထားသည့် အဖွဲ့အနွဲ့များမှာ ယခင်နာမည်ကြီးသီချင်းများမှ အတုယူထားသဖြင့် ရိုးအီလှသည်။ နောက်ပိုင်းတွင် အရည်အသွေးထက် အရေအတွက်ကို ဦးစားပေး၍ ပေါပေါလောလော ထုတ်လာသောကြောင့် မြန်မာသံတေးလောကမှာ လူအများပြက်ရယ်ပြုစရာ ဖြစ်လာခဲ့ရသည်။ အဆိုပါ တေးပြုစာဆို အဆိုတော်တို့သည် အနုပညာ၏ အသက်ဝိဥာဏ်ဖြစ်သော ရသကို ၎င်းတို့၏ဖန်တီးမှုအတွင်း ထည့်သွင်းနိုင်စွမ်းမရှိသည့်အတွက် ယခုကဲ့သို့ နေ၀င်ချိန်စောခဲ့ခြင်းဖြစ်သည်ဟု သုံးသပ်မိသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့ရေးစပ်သီဆိုဖန်တီးခဲ့သည့် တေးသီချင်းများတွင် နှစ်ခြိုက်ဖွယ် စကားလုံးအသစ်အဆန်းမပါရှိသည့်အပြင် လေးနက်သော အဓိပ္ပါယ်မပါပဲ ပေါ့ရွတ်သောစာသားများဖြင့်သာ ရေးဖွဲ့ထားသည်ကို တွေ့ရသည်။ ထိုသို့သော ပုဂ္ဂိုလ်များကြောင့် မြန်မာသံဂီတမြတ်နိုးသူတို့ ကာလပေါ်သီချင်းများကို အပေါင်းအသင်းများအကြားတွင် ဆိုညည်းမိလျှင် ဝေဖန်ပြက်ရယ်ပြုခံရသည်အထိ အခြေအနေဆိုးရွားသွားခဲ့ရသည်။ ထိုသို့သော ခေတ်ကာလအခြေအနေများကြောင့် မြန်မာသံဂီတသည် ဂုဏ်ပြုခံ၊ ချီးမြှောက်ခံ အဆင့်အတန်းမှသည် လမ်းဘေးသူတောင်းစား၏ အသက်မွေးဝမ်းကျောင်းရာ ဂီတအဆင့်အတန်းသို့ သက်ဆင်းခဲ့ရလေသည်။

လွန်ခဲ့သည့် ဆယ်စုနှစ်ကျော်ကာလအတွင်း အနောက်တိုင်းမှ Hip Hop ဂီတသည် မြန်မာနိုင်ငံအတွင်းသို့ အရှိန်အဟုန်ကြီးမားစွာ ၀င်ရောက်လာခဲ့ပြီး မကြာမီ လူငယ်ပရိသတ်များကြား၌ အခိုင်အမာနေရာ ရလာခဲ့သည်။ စကားလုံးအသစ်အဆန်းရေးဖွဲ့နိုင်မှုကြောင့် ၎င်းဂီတသည် လူငယ်များအပေါ်တွင် အလွန်သြဇာလွှမ်းမိုးထားနိုင်ခဲ့သည်။ Hip Hop ဂီတ မြန်မာပရိသတ်များအတွင်း အခိုင်အမာနေရာရလာပြီး များမကြာမီ သီချင်းရေးစပ်သူလူငယ်တချို့မှ အသစ်အဆန်းတီထွင်ဖန်တီးမှုတစ်ရပ် ပြုလုပ်ခဲ့ကြသည်။ ၎င်းမှာ ယခင်က မြန်မာသံတေးလောကအတွင်း နာမည်ကျော်ကြားလူကြိုက်များခဲ့သည့် တေးသီချင်းတချို့အား ခေတ်ပေါ် Hip Hop ဂီတဖြင့် ရောသမမွှေ၍ မြူးမြူးကြွကြွဖြစ်အောင် ဖန်တီးခြင်းပင်ဖြစ်သည်။ ၎င်းတို့၏ တီထွင်ဖန်တီးမှုသည် အတိုင်းအတာတစ်ခုထိ လူကြိုက်များခဲ့သော်လည်း ၎င်းဖန်တီးမှု၏ ဘေးထွက်ဆိုးကျိုးတို့က ယိုင်လဲလဲ တဲတဲသာကျန်တော့သည့် မြန်မာသံတေးလောကအား ပို၍ယိုင်လဲအောင် တွန်းလှဲလိုက်သကဲ့သို့ ဖြစ်သွားစေခဲ့သည်။ ယခင်က အမြတ်တနိုး တန်ဖိုးထားသီဆိုခဲ့ကြသည့် ဂန္တ၀င်သင်္ကြန်တေး၊ ကာလပေါ်တေးတို့သည် မိန်းမလျာနတ်ပွဲများ၊ နိုက်ကလပ်များ စသည့် အပျော်အပါးဆိုင်ရာများတွင် မူးရူးပျော်ပါးကခုန်ကြသည့် သီချင်းအဆင့်အတန်းသို့ ရောက်သွားကြလေသည်။ တစ်ယောက်လမ်းစဖောက်၍ ပေါက်သည်ကိုမြင်သည်နှင့် ငါးပွက်ရာငါးစာချမည့် အဆိုတော်များ၊ တေးရေးသမားများက တွေ့ကရာသီချင်းမှန်သမျှ ရောသမမွှေကြလေရာ တစ်ခေတ်တခါက ခိုင်ခိုင်မာမာရပ်တည်ခဲ့သည့် မြန်မာသံ ဂန္တ၀င်ဂီတသည် ပြည့်တန်ဆာဂီတအဖြစ်သို့ ရွေ့လျားသွားလေတော့သည်။

ခိုးကူးခွေများကြောင့် စီးပွားရေးအရ တွက်ခြေမကိုက်တော့သည့် တေးသံသွင်းလောကတွင် နာမည်ကြီးလိုသူအများစုနှင့် ၀ါသနာရှင်များသာ အဆိုတော်သစ်အဖြစ် ငွေထုပ်ပိုက်၍ ၀င်ရောက်လာတတ်ကြသည်။ အရည်အသွေးရှိသည့် မြန်မာသံသီချင်းသစ်များ ရေးသားသီကုံးနိုင်သည့် ပရော်ဖက်ရှင်နယ်သီချင်းရေးသမား ရှားပါးလှသည့် ဤခေတ်တွင် ၀ါသနာရှင်အများစုမှာ ယခင့်ယခင် အဆိုတော်များ ဖန်တရာကြေအောင် ထပ်တလဲလဲ ပြန်ဆိုပြီးဖြစ်သည့် တေးသီချင်းဟောင်းများကို ပြန်ဆိုကြသည့်အတွက် ပရိသတ်မှာ ရိုးအီငြီးငွေ့လျှက် ရှိနေကြသည်။ တချို့တချို့သော ၀ါသနာရှင်အဆိုတော်သစ်လေးများမှာ သီချင်းသစ်များဖြင့် ပွဲထွက်လာကြသော်လည်း ယခင်က အောင်မြင်ခဲ့သည့် အနိုင်၊ မင်းအောင်၊ အောင်သူ တို့၏ အသံနေအသံထား၊ သီချင်းဆိုပေါက်နှင့် သံစဉ်တို့ကို အတိအကျပုံတူကူးချကာ ပြန်လည်သီဆိုကြသဖြင့် မြန်မာသံ သီချင်းမြတ်နိုးသူ ပရိသတ်များ၏ နှစ်သက်လက်ခံမှုကို အပြည့်အ၀မရရှိနိုင်ချေ။ စု၊တု၊ပြု သင့်သည်မှန်သော်လည်း အတိအကျပုံတူကူးချသောအခါ အတုအား အစစ်လောက် မည်သူမျှ မနှစ်သက်သည်မှာ သဘာဝပင်ဖြစ်သည်။ ဤသို့သော အခြေအနေများသည် မီးဇာကုန်ဆီခန်းစ မြန်မာမှုဂီတနယ်ပယ်အား ပိုမိုအနုတ်လက္ခဏာပြလာစေခဲ့သည်။

မိမိတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှုကို ထိန်းသိမ်းကြသည့်နေရာတွင် အဟောင်းများကို တန်ဖိုးထားထိန်းသိမ်းရုံသက်သက်ဖြင့် မပြီးချေ။ ဂီတအနုပညာကား ပြတိုက်တွင်ပြစား၍ရသည့် အရာဝထ္ထုပစ္စည်းမဟုတ်ချေ။ မပျောက်ပျက်အောင် ထိန်းသိမ်းကြမည် ဆိုရာတွင် အဟောင်းကို တန်ဖိုးထားရုံတင်မက အဟောင်း၏တန်ဖိုးကို ပိုမိုမြင့်တက်စေမည့် အသစ်ဖန်တီးမှုကလည်း အလွန်အရေးပါလှပေသည်။ အဟောင်းကို အခြေပြု၍ အသစ်ဖန်တီးမှုမရှိပဲ အဟောင်းကိုသာ ထပ်တလဲလဲ သီဆိုတီးမှုတ်နေကြမည်ဆိုလျှင် လူအများ၏ တန်ဖိုးထားနှစ်သက်မြတ်နိုးမှုနေရာတွင် စိတ်ပျက်ငြီးငွေ့မှုတို့ အစားထိုးဝင်ရောက်လာမည်ဖြစ်သည်။ ပျက်စီးယိုယွင်းနေပြီဖြစ်သော ဈေးကွက်ကိုအပြစ်ထိုင်တင်ရုံနေမျှဖြင့် အလုပ်ဖြစ်နိုင်စရာအကြောင်းမရှိချေ။ အနုပညာ၏ သဘောသဘာဝတွင် ပင်ကိုအရည်အသွေးသာ ကောင်းမွန်မည်ဆိုပါက ဈေးကွက်သည် သူ့အလိုလိုဖြစ်ပေါ်လာမည်ဖြစ်သည်။ ခေတ်ပေါ်အနောက်တိုင်းဂီတကို ဈေးကွက်တွင် ယဉ်ပြိုင်မည်ဆိုလျှင် မိမိတို့ဖက်မှလည်း ဒေါင်ဒေါင်မြည်ကောင်းမွန်ရန် လိုအပ်သည်။ လူကြိုက်များစေရန်သက်သက်ဖြင့် မြန်မာသံအတွင်း ယခုခေတ်စားနေသော Rap စာသားများ ညှပ်ထည့်ဆိုခြင်းစသည့် မလုပ်သင့် မလုပ်ထိုက်သော လုပ်ရပ်များကို တေးပြုစာဆိုများ မကျူးလွန်ရန် လိုအပ်သည်။ လူပြိန်းကြိုက်ပြုလုပ်လျှင် လူပြိန်းသာကြိုက်မည်ဖြစ်သည်၊ ရေရှည်ခံမည်မဟုတ်ချေ။

အနောက်တိုင်းဂီတသည် အသစ်အဆန်း မရိုးနိုင်အောင် တီထွင်ဖန်တီးမှုများဖြင့် ကမ္ဘာ့ဈေးကွက်အတွင်း အောင်ပွဲခံလျှက်ရှိသည်။ မိမိတို့ကိုယ်ပိုင်ဂီတမှာမူ အဟောင်းသံသရာတွင်းက ရုန်းမထွက်နိုင်သေးချေ။ လူငယ်များအတွင်း ဂီတာသံ၊ ဒီဂျေသံကို နားဝင်ချိုသလောက် မြန်မာ့စောင်းသံကို နားဝင်ဆန်းလာကြပြီဖြစ်သည်။ မြန်မာသံဂီတ၏ ကျဆုံးခြင်းအတွက် အဓိကတာဝန်ရှိသူမှာ မည်သူတို့ဖြစ်မည်ထင်ပါသနည်း။ အနုပညာရသအားကောင်းစွာ ရေးဖွဲ့သီကုံးနိုင်စွမ်းမရှိသည့် တေးပြုစာဆိုတို့တွင် တာဝန်အပြည့်အ၀ရှိသည်ဟု မိမိအနေဖြင့် ယူဆမိသည်။ မည်သည့်တူရိယာ၊ မည်သည့်ဘာသာစကားဖြင့် ရေးဖွဲ့စေကာမူ ရသမြောက်သည့် အနုပညာဖန်တီးမှုသည် ၎င်းပေါ်ထွန်းရာနယ်နိမိတ်အပြင်ဖက်ထိ ထိုးဖောက်ပြန့်နှံ့နိုင်စွမ်းရှိသည်။ ဘင်္ဂလီဘာသာစကားဖြင့် ရေးဖွဲ့ခဲ့သည့် ရာဘင်ဒြာနတ်တဂိုး၏ ဂီတဉ္စလီသည် တကမ္ဘာလုံးသို့ ပြန့်နှံ့ခဲ့ဖူးသည်။ အိန္ဒိယ ဂန္တ၀င်တေးပြုစာဆို Ravi Shankar သည် အိန္ဒိယရိုးရာ Sitar ဖြင့် ကမ္ဘာသို့ထိုးဖောက်နိုင်ခဲ့ပြီး ကမ္ဘာကျော်တေးဂီတအဖွဲ့ Betles အဖွဲ့ကပင် ၎င်းတို့၏ ရော့ခ်သီချင်းတစ်ပုဒ်၌ Sitar တူရိယာကို တီးခတ်ထည့်သွင်း သီဆိုသည်အထိ အိန္ဒိယဂီတကို ကမ္ဘာ့အလည်တွင် ထည်ဝါစေနိုင်ခဲ့သည်။


Ravi Shankar (1920-2012)

မိမိတို့မြန်မာ့ဂီတအနေဖြင့် နိုင်ငံတကာဂီတနယ်ပယ်အတွင်း ထိုးဖောက်ဝင်ရောက်ရန် မဆိုထားနှင့်၊ နိုင်ငံတွင်းရှိ မျိုးဆက်သစ်ပရိသတ်များ လက်ခံနှစ်သက်သဘောကျလာစေရန် ရုန်းကန်နေရသော အနေအထားတွင် ရှိနေသည်။ လူငယ်ဆယ်ယောက်တွင် ရှစ်ယောက်မှာ မြန်မာသံကို ကြိုက်နှစ်သက်ခြင်း မရှိကြတော့ချေ။ စာပေနယ်ပယ်မှ သြဇာရှိသော ပုဂ္ဂိုလ်တချို့၏ ရေးသားဖော်ထုတ် ဟောပြောမှုများကြောင့် အနုပညာမြတ်နိုးသူ လူငယ်အချို့ မြန်မာ့ဂီတကိုတန်ဖိုးထားရကောင်းမှန်း သိလာသည့်အချက်တစ်ခုလောက်သာ အားတက်စရာရှိသည်။ အဆိုတော်များအနေဖြင့် ၎င်းတို့၏အောင်မြင်ကျော်ကြားမှုအတွက် လူကြိုက်များရာ လိုင်းကိုသာ ဦးစားပေးသီဆိုကြမည်ဖြစ်သည်။ မြန်မာသံကို ပိုင်နိုင်စွာသီဆိုနိုင်သည့် မေသက်ထားဆွေကဲ့သို့သော မျိုးဆက်သစ်ငယ်များစွာ ရှိနေပါသည်။ သို့သော် အဆိုပါမျိုးဆက်သစ်လေးများ ဂီတနယ်ပယ်အတွင်းခြေချသည့်အချိန်တွင် ပရိသတ်ရိုးအီနေသည့် သီချင်းဟောင်းကို ပြန်လည်သီဆိုချင်မည် မဟုတ်ချေ။ သူမကဲ့သို့သော ပါရမီရှင်လေးများသည် သီချင်းထဲမှ ရသကို ပရိသတ်ရင်တွင်းရောက်အောင် အပြည်အ၀ပို့ဆောင်နိုင်စွမ်းရှိသူများ ဖြစ်သည်။ သီဆိုနိုင်သူရှိပါလျက်၊ အားပေးမည့် ပရိသတ်ရှိပါလျက် အဘယ်ကြောင့် မြန်မာသံသီချင်းကောင်းများကို မဖန်တီးနိုင်ကြပါသနည်း။ အဘယ်ကြောင့် ထိုကွက်လပ်ကို ဖြည့်စွမ်းနိုင်ရန် မကြိုးစားကြပါသနည်း။ ဆေးရွက်ကြီးရောင်းရင်း ခဲတံတိုလေး တံထွေးဆွတ်ရေး၍ သီချင်းကောင်းများစွာ ဖန်တီးခဲ့သည့် ဂီတစာဆို ကန်မြဲအေးကျော်ကဲ့သို့ မြန်မာမှုရနံ့ထုံသင်းပျံ့သည့် သီချင်းကောင်းများစွာကို ဖန်တီးနိုင်သည့် တေးပြုစာဆိုများစွာ လိုအပ်နေပါသည်။ မဟာဂီတကို ထုံးလိုချေ၊ ရေလိုနှောက်ပြီး ထာဝရမရိုးနိုင်သည့် ဂန္တ၀င်သီချင်းကောင်းများစွာကို ရေးစပ်နိုင်ခဲ့သည့် အလင်္ကာကျော်စွာ ရွှေပြည်အေးကဲ့သို့ တေးပြုစာဆိုများစွာ လိုအပ်နေပါသည်။ ခံစားမှုရသကို သီချင်းထဲတွင် အပီပြင်ဆုံးထည့်သွင်းစပ်ဆိုပြီး တီးလုံးတီးကွက် အသစ်အဆန်းများတီထွင်ဖန်တီးနိုင်သည့် ဂီတနက်သန် ကိုစောငြိမ်းကဲ့သို့ တေးပြုစာဆိုများစွာ လိုအပ်နေပါသည်။ ခေတ်အခြေအနေ၊ ဘ၀အထွေထွေကို သီချင်းထဲ ပီပြင်စွာထည့်သွင်းစပ်ဆိုနိုင်သည့် ဂီတစာဆို အကယ်ဒမီမြတ်လေးကဲ့သို့ တေးပြုစာဆိုများစွာ လိုအပ်လျက် ရှိနေပါတော့သည်။




မြတ်သိန်းထွန်း (၂၀.၁၂.၂၀၁၂)

0 comments:

Post a Comment