skip to main |
skip to sidebar
တောတွင်းသား ဘွ (ပထမပိုင်း)
တောတွင်းသားဘွ
ဘွဖေ့ဘုတ်မသုံးတတ်သေးခင်ပေါ့လေ....
တပ်ကထွက်ပြီး အပြင်မှာအခြေအနေတွေဆိုးလာတော့ ခွေးတိုးပေါက်ကနေ
လေးဖက်ထောက်တိုးပြီး တိုးတက်ခမ်းနားလှပါတယ်ဆိုတဲ့ အာဆီယံနိုင်ငံတစ်ခုရဲ့
တောတွင်းတစ်နေရာမှာ ဘွအလုပ်သွားလုပ်ခဲ့ဖူးပါတယ်။ ဆီဆန်ဆား
အသေးသုံးတိုလီမုတ်စတွေဝယ်လို့ရတဲ့ အိမ်ဆိုင်သေးသေးလေးရှိတဲ့ အနီးဆုံးရွာဟာ
ဘွနေတဲ့ဂေဟာနဲ့ ငါးမိုင်လောက်ဝေးပါတယ်။
ဘွရဲ့ဂေဟာကတော့
တာလပတ်မိုး၊ ပီနံအိတ်ကာ၊ ကျပ်လုံးဝိုင်းလောက်ရှိတဲ့ အပင်တွေကိုခုတ်
အခက်အလက်တွေကို အချောသတ်ပြီး ပီနံကြိုးနဲ့ကျစ်ချည်ပြီး
ခင်းထားတဲ့ကြမ်းခင်းနဲ့ အထူးစပယ်ရှယ် လက်ရာမြောက်စွာ တည်ဆောက်ထားတဲ့
ရာဘာခင်းနောက်ဖက် တောရိုင်းထဲက တဲလေးဖြစ်ပါတယ်။ တဲနံရံပေါ်မှာနဲ့
ခေါင်မိုးအတွင်းပိုင်းမှာတော့ သတင်းစာထဲက ကောင်မလေးချောချောပုံတွေ
နေရာမလပ်အောင် ကပ်ပြီး အလှဆင်ထားပါတယ်။
ဧည့်ခန်းက
လူလေးငါးယောက်ထိုင်လို့ရအောင် ကျယ်ဝန်းပြီး ညဖက်မှာတော့
အိပ်ခန်းဖြစ်သွားပါတယ်။ အဲဒီဘေးမှာ အဖီလေးထုတ်ပြီး
မီးဖိုချောင်လုပ်ထားပါတယ်။ အိုးနှစ်လုံး၊ကြော်စရာ ဒယ်ပြားတစ်ခု၊
စဥ့်နှီတုံးနဲ့ ပန်းကန်ခွက်ယောက်လေးငါးခု၊ ဂက်စ်မီးဖိုတစ်လုံးနဲ့
ဂက်စ်အိုးတစ်အိုး၊ အဲဒီဘေးမှာ ရော်ဘာခြစ်တဲ့ဓားသွေးဖို့
ဓားသွေးကျောက်တွေနဲ့ ရေခွက်တွေ၊ တောခုတ်ဓားမကြီး စသဖြင့်ပေါ့လေ။
တအိမ်လုံးမှာ အဖိုးတန်ဆုံးဆိုလို့ ပန်နာဆိုးနစ်ရေဒီယိုကက်ဆက်လေးတစ်လုံးပဲ
ရှိတယ်။
အိမ်နောက်ဖက် မလှမ်းမကမ်းမှာ
တောင်ကျစမ်းချောင်းလေးတစ်ခုရှိပါတယ်။ အဲဒီစမ်းချောင်းလေးကို
ပေါင်လုံးလောက်တုတ်တဲ့ သစ်လုံးလေးငါးခုချ၊ သဲအိတ်တွေနဲ့ဆည်လိုက်တော့
ခြေသလုံးလောက်ပဲ နက်တဲ့ချောင်းလေးဟာ ပေါင်လယ်လောက်ထိ ရေပြည့်လာပြီး
ဆည်ထားတဲ့အပေါ်ကနေ ရေတံခွန်လေးလို လျှံကျနေပါတယ်။ ဘွအလုပ်ကပြန်လာရင်
အဲဒီပေါ်ကနေထိုင်၊ ခွက်နဲ့ခပ်ပြီး ရေချိုးတာပေါ့။ အဲဒီရေချိုးဆိပ်ရဲ့
အောက်ဖက် မလှမ်းမကမ်းမှာ တံတားလေးထိုးပြီး ကြယ်မြင်လမြင်
အိမ်သာလေးတစ်ခုလုပ်ထားပါတယ်။ ထွက်သမျှ ရေစီးနဲ့ပါသွားတော့
အနံ့အသက်ကင်းစင်ပြီး လုံးဝအိုကေမှာ စိုပြေနေတဲ့ ကြယ်ငါးပွင့်အဆင့်
အိမ်သာလေးပေါ့လေ။
ဘွရဲ့ဂေဟာမှာ မှီတင်းနေထိုင်ကြတာကတော့ ဘွပြီးရင်
နောက်ထပ် ၅ကောင်ရှိပါသေးတယ်။ မဲကျီမ၊ ရန်လို၊ အာနိုး၊ ခင်ညွှန့်၊ မနီ
ဆိုတဲ့ ဘွအချစ်တော် ခွေးငါးကောင်ပါ။ ဘွရောက်စက သူတို့အားလုံး တောထဲမှာ
ကိုယ့်ဘာသာ ရှာစားနေတဲ့ ခွေးရိုင်းတွေပါ။ အစာခေါ်ကျွေးရင်း ယဉ်သွားတော့
အိမ်ခွေးဖြစ်သွားပါတယ်။ တောလိုက်တဲ့နေရာမှာ လိုက်ကြည့်စရာ မလိုပဲ
စိတ်ချရတဲ့ကောင်တွေပါ။ တစ်ယောက်စာချက်စားရာကနေ ပိုလျှံတာလေးကိုပဲ
ကျွေးနိုင်ပေမယ့် သူတို့ဘာသာရှာစားတတ်တဲ့ကောင်တွေပါ။ ဖွတ်၊ဖား၊မြွေ
အကုန်ရှာစားပါတယ်။
မနက်မိုးလင်းတာနဲ့ ဓားသွေးပြီးရင် တစ်ယောက်တည်း
၅ဧကပတ်လည်ခြံထဲ ခွေးတစ်အုပ်နဲ့ အလုပ်ဆင်းရပါတယ်။ ဓားသွေးတယ်ဆိုလို့
ဗဟုသုတပြောရအုန်းမယ်။ ရော်ဘာခြစ်တဲ့ဓားဟာ အဖျားက
ခေါက်ချိုးထားတဲ့ပုံစံရှိပါတယ်။ အဲဒီဓားကို စသုံးတော့မယ်ဆိုတာနဲ့
ဓားသွေးကျောက်အကြမ်းစားနဲ့ အသွားဖောက်ရပါတယ်။ ပြီးရင် ချောကြမ်းခေါ်တဲ့
နည်းနည်းပိုချောတဲ့ကျောက်နဲ့ ထပ်လိုက်ရပါတယ်။ အသွားထက်လာပြီဆိုရင်
သင်ပုန်းကျောက်နဲ့ ထပ်သွေးရပါတယ်။ အဲဒီအဆင့်မှာ အသွားမှာရှိတဲ့
အစင်းကြောင်းတွေပျောက်ပြီး ဓားဟာအရမ်းထက်လာပါတယ်။ ဒါပေမယ့် မပြီးသေးပါဘူး။
အသွားထက်ရုံတင်မက ညက်သွားအောင် ကျောက်တံကျောက် (သမန်းကျောက်)နဲ့
ထပ်သွေးရပါတယ်။ နောက်အဆုံးအဆင့်မှာတော့ ဓားရဲ့အသွားကို လုံးဝမထိရပဲ
ဓားပြားပေါ်ကို ဓားသွေးကျောက်ပုံစံလုပ်ပြီး ကော်ပတ်စားထားတဲ့ သစ်သားပြားနဲ့
ထပ်ပွတ်ရသေးပါတယ်။ အဲဒီအဆင့်ရောက်သွားရင်တော့ ယင်မနားအဆင့် ဒါမှမဟုတ်
ဓားသွားပေါ် စက္ကူတင်ကြည့်ရင်တောင် ပြတ်တဲ့အဆင့် ရောက်သွားပါပြီ။
ရော်ဘာစေးက မိုးရွာရင်ခြစ်လို့မရပါဘူး။ အဲတော့ ဘွရှင် လေးဂွတစ်လက်နဲ့
တောကစားထွက်တာပေါ့လေ။ အိတ်ထဲမှာ ငါးဖမ်းပိုက်၊ငှက်ထောင်တဲ့ ကောင်းကင်ပိုက်၊
လောက်စာလုံး၊ ဂျင်ဂလိနဲ့ ကျောမှာ မှိန်းတစ်ချောင်းရယ် တောခုတ်ဓားရယ်ပါတယ်။
လိုလိုမယ်မယ် ညဖက်ရော်ဘာခြစ်တဲ့နေရာမှာ ဦးထုတ်မှာတပ်ပြီး မီးထွန်းရတဲ့
ဂက်စ်မီးခွက်မှာ သုံးတဲ့ဂက်စ်ကျောက်တွေကို ကိုလာပုလင်းတွေထဲ ထည့်ယူလာပါတယ်။
အဲဂက်စ်ကျောက်ထည့်ထားတဲ့ ပလတ်စတစ်ပုလင်းထဲရေတစ်ဝက်ထည့်ပြီး အဖုံးကို
လေလုံအောင်ဆို့လိုက်ရင် ဗျောက်အိုးလိုအသံအကျယ်ကြီးကွဲပါတယ်။ အဲဒါက တောထဲမှာ
ကျားလို၊၀က်ဝံလိုမျိုး အန္တရာယ်ရှိတဲ့ကောင်တွေကို
ခြောက်လှန့်ဖို့ဖြစ်ပါတယ်။
တောစပ်မှာ
ကောင်းကင်ပိုက်စထောင်လိုက်ပါတယ်။ ၀ါးလုံးနှစ်လုံးနဲ့
လူနှစ်ရပ်လောက်အမြင့်မှာ တန်းထားလိုက်တာပါ။ ပြီးရင်
ဆီအုန်းခင်းထဲတစ်နာရီလောက်ပတ်လိုက်တော့ တောကြက်တစ်ကောင်နဲ့
ဘုတ်တစ်ကောင်ရလိုက်ပါတယ်။ အဲဒါပြီးတော့ တစ်မိုင်လောက်အဝေးက
ချောင်းရေကြီးနေတဲ့နေရာမှာ ငါးဖမ်းပိုက်သွားတန်းပြီးတာနဲ့
တစ်နေ့ကထောင်ထားတဲ့ တောဝက်ကိုင်းဖက်ကို ခြေဦးလှည့်လိုက်ပါတယ်။ တောဝက်တွေက
မိုးရွာပြီးလူနံ့ပျောက်တဲ့အချိန် ဆီအုန်းခင်းထဲ
ဆီအုန်းသီးစားထွက်လေ့ရှိပါတယ်။ သူတို့လာနေကျလမ်းမှာ ခြေရာကောက်ပြီး
ဆိုင်ကယ်ဘရိတ်ကြိုးကို ကွင်းလျှောလုပ်၊ နိုင်လွန်ကြိုးကြီးနဲ့တွဲပြီး
သုတ်ကိုင်းထောင်တာပါ။ ၀က်ကသုတ်ကိုင်းမိရင် တမွန်းတည့်တာနဲ့ သေတတ်ပါတယ်။
ဝက်ဆိုတဲ့အမျိုးက အပူဒဏ်မခံနိုင်ဘူးလေ။ ညွှန်မလူးရရင် သေရော။
သေသွားရင်စားမကောင်းတော့ဘူး။ အဲဒါကြောင့် သုတ်ကိုင်းကို အမြဲသွားစစ်ရတယ်။
ကိုင်းနားရောက်တော့ ရုန်းသံကြားလိုက်ရတယ်။ ၀က်သုတ်ကိုင်းမိနေပါပြီ။
များသောအားဖြင့် တောဝက်ကသုတ်ကိုင်းမိရင်
ရုန်းကန်ရင်းကြိုးနဲ့အပင်တွေနဲ့ပတ်ပြီး လှုပ်မရဖြစ်နေတတ်ပါတယ်။ ဒီတစ်ခေါက်
ရုန်းသံသိပ်အများကြီး မကြားရတော့ ကြိုးပတ်နေပြီထင်ပြီး တိုးသွားတာ
ရှူးခနဲအသံတချက်ကြားလိုက်ရပြီး ဗြုန်းဆို တောဝက် အချိန် ၅၀လောက်တစ်ကောင်
ဘွရှင်ကိုလိုက်ပက်ပါတော့တယ်။
သတိမလွတ်လိုက်တာ
တော်တော်ကံကောင်းတယ် ပြောလို့ရတယ် နောက်ကိုအားတကုန်ခုန်ဆုတ်လိုက်တော့
ခြေအကျမှာ နောက်ကအပင်နဲ့ငြိပြီး လူကပက်လက်လန် လဲကျသွားပါတယ်။ ၀က်နှုတ်သီးနဲ့
ကိုယ့်ပေါင်ကြားနဲ့ ထိခါနီးဆဲဆဲ.. နောက်က သုတ်ကိုင်းကြိုးတင်းသွားလို့
ဝက်လည်း သူ့အရှိန်နဲ့သူ ဖင်ထိုင်ကျသွားပါတယ်။ အဲအချိန်မှ လူကသတိဝင်လာပြီး
မှိန်းဖြုတ်ပြီး တအားဆောင့်ထိုးလိုက်တာ ချက်ကောင်းထိသွားလို့
ဝက်ငြိမ်ကျသွားတယ်။ အဲတော့မှပဲ သက်ပြင်းချနိုင်တော့တယ်။ အကယ်၍
သုတ်ကိုင်းကြိုးသာ တင်းမသွားရင်၊ သုတ်ကိုင်းကြိုးသာပြတ်သွားရင် ၀က်နှုတ်သီးက
သစ်ခေါက်ခွာစားနေကျ ဓားသွားလောက်ထက်တဲ့ အစွယ်နှစ်ချောင်းလက်မှာ
ဘွပေါင်ကြားကဥစ္စာလေး အရင်းကနေပြုတ်ပြီး တောကြီးမျက်မည်းထဲမှာ တစ်ယောက်တည်း
ဘွပျက်သွားလောက်ပြီ။
ဝက်သေသွားတော့ ဘေးနားက
ထင်းခြောက်တွေကောက်ပြီး မီးမြှိုက်၊ အခေါက်ပေါ်ကအမွှေးတွေလောင်ပြီး
အရေပြားဖောင်းကြွလာတဲ့အချိန် ဓားနဲ့နာနာခြစ်၊ အဲလိုမခြစ်ရင်
တချိန်လုံးညွှန်လူးထားတဲ့ တောဝက်က အရမ်းနံတယ်။ ဓားနဲ့ခြစ်ပြီး
ကိုယ်လုံးဖွေးဖွေးဖြူသွားတော့ ရင်ခွဲ၊ လေးပေါင်လေးဖက်ခြမ်းပြီး
ပီနံအိတ်ထဲထည့်၊ ရိုးရာအရ နှုတ်သီးဖျား၊
လျှာဖျား၊နားရွက်ဖျား၊အမြီးဖျားတွေကို ပိန်းရွက်နဲ့ နတ်တင်၊ နီးစပ်ရာ
ရော်ဘာခင်းတွေဆီက မြန်မာတွေကို မတ်စိပို့ပြီး အရက်ဝယ်လာခိုင်း။ ပြီးရင်
တဲကိုပြန်ပြီး အစေ့တွေမျိုးကျဲစိုက်ထားတဲ့ ဘွကိုယ်ပိုင်စိုက်ခင်းကနေ
ငရုတ်သီးခူး၊ ချဉ်ပေါင်ညွှန့်ဆိတ်၊ ဘွမရောက်ခင်ကလူတွေ စိုက်ခဲ့တဲ့
သံပုရာပင်ကနေ အရည်ရွှန်းရွှန်း ဆယ်လုံးလောက်ခူးပြီး
ချက်ပြုတ်ဖို့ပြင်ဆင်ရတာပေါ့လေ။ အဲနေ့ညက ဘွရဲ့တဲဂေဟာမှာ ၀က်ခေါင်းသုတ်၊
ဝက်ကလီဇာဆီပြန်၊ ၀က်လက်စွပ်ပြုတ်နဲ့ အရက်ငဲ့သောက်ရင်း
ဖဲဝိုင်းပျော်ပျော်ပါးပါးကြီး ခင်းကြတော့တာပေါ့။ ကက်ဆက်ထဲက
တွံတေးသိန်းတန်ရဲ့ ထွေးညိုသီချင်းကို သံပြိုင်လိုက်ဆိုရင်း အမြည်းစားလိုက်၊
အရက်သောက်လိုက်နဲ့ ဘ၀မှာ အပျော်ဆုံးအချိန်တွေပေါ့လေ။ အရင်ဖမ်းမိထားတဲ့
တောကြက်နဲ့ ငှက်ကို ဆားဆနွင်းလေးလူးပြီး ကြွပ်ကြွပ်ကျော်၊
ငါးပိုက်တန်းကမိထားတဲ့ငါးတွေကိုတော့ ဟင်းများနေလို့ ဆားနယ်ထားလိုက်ရဲ့။
နောက်အဆင်ပြေတဲ့အချိန် အဲနေရာပြန်သွားပြီး တောတွင်းသားတခေါက်တော့
ပြန်သွားလုပ်မယ် စိတ်ကူးယဉ်ထားတယ်။
0 comments:
Post a Comment