ပေါက်ကရ လေးဆယ်

Subscribe:

Wednesday, February 6, 2013

ဘွပျက်ချိန်

ဘွပျက်ချိန်

တချိန်ကပေါ့လေ ခုလိုမျိုး လက်တော့ပ်လေးဖွင့်၊ မက်ဒေါ်နယ်လေး တကိုက်မြုံ့လိုက်၊ ကိုလာလေးသောက်လိုက်၊ ဒန်ဟေးလေးဖွာလိုက်နဲ့ ဖေ့ဘုတ်သုံးဖို့မပြောနဲ့ တစ်နာရီ၃၀၀တန် အင်တာနက်ဆိုင်နား ယောင်လို့တောင် မကပ်နိုင်တဲ့ဘ၀မျိုးမှာ ဘွရှင် ရှင်သန်ခဲ့ရဖူးပါတယ်။ (ညည်းရင်းနဲ့ ကြွားတဲ့နည်း မသိရင်မှတ်ထား ခိခိ)

စောက်ချိုးမပြေလို့ အလုပ်ပြုတ်လာပြီး ကိုယ့်ကိုလူရာမသွင်းတာကို မရိပ်မိပဲ ကိုယ်ကလူရာသွင်းဆက်ဆံနေတဲ့ အသိုင်းအ၀ိုင်းဆီကနေ ပိုက်ဆံချေးပြီး နိုင်ငံခြားသွားဖို့ စိတ်ကူးယဉ်ပြီး Deposit မပေးရတဲ့ အင်တာဗျူးတွေကို နင်းကန်လိုက်ဖြေနေတဲ့ အချိန်ပေါ့။ နေတာက ကျောက်မြောင်းရှစ်လွှာက တိုက်ခန်းတစ်ခန်းမှာပါ။ ဘွတို့သူငယ်ချင်းနှစ်ယောက်ကို သားအရင်းလိုချစ်တဲ့ အိမ်ပိုင်ရှင်က တစ်နှစ်ကိုးသီတင်း အလကားနေခွင့်ပေးထားတဲ့ တိုက်ခန်းဖြစ်ပါတယ်။ အလကားသာပေးမနေရင် ဘွတို့ရတဲ့ကုမ္ပဏီလစာလေးနဲ့ သွားကြားတောင်ညှပ်မှာ မဟုတ်ပါဘူး။ အဲဒီသွားကြားညပ်စရာမပြည့်တဲ့ နှစ်ပြားတပဲလစာလေးရနေတဲ့ အလုပ်ပြုတ်တော့ နေရင်းထိုင်ရင်း ထမင်းငတ်ကိန်းဆိုက်သွားတာပေါ့လေ။အတူနေသူငယ်ချင်းကတော့ သူအလုပ်ကပြန်လာရင် ထမင်းတနပ် မရှိတဲ့ကြားက ဖဲ့ကျွေးရှာပါတယ်။ အလုပ်သွားခါနီး သုံးစရိတ်နည်းနည်းပါးပါး ပေးသွားတတ်ပါတယ်။ ဒီလောက်ပဲ သူ့ခမျာတတ်နိုင်ရှာပါတယ်။ တရက်တလေ အဲတုန်းက ရည်းစားလေးက သူ့အိမ်ကထမင်းချိုင့်လေး ဘွအတွက်ယူလာပေးတတ်ပါတယ်။ ငတ်တလှည့် မွတ်တလှည့်ပေါ့လေ။ လမ်းထိပ်က ကွမ်းယာဆိုင်မှာလည်း အကြွေးတွေတော်တော်များနေပြီ။ ၀င်ဖြေတဲ့အင်တာဗျူးတွေကလည်း တစ်ခုမှမအောင်ပါဘူး။ ခုပြန်တွေးကြည့်တော့ အံ့သြစရာကောင်းတာတစ်ခုက အဲလောက်ဘိုင်ပြတ်တဲ့ ဘွရှင် ကွမ်းယာဆိုင်ကလွဲရင် ဘယ်သူ့ဆီမှာမှ အကြွေးမတင်ခဲ့ပါဘူး။ ဘယ်တင်ပါ့မလဲ။ အကြွေးလို့မမှတ်ပဲ တောင်းသုံးတာကိုး။ များများစားစားမဟုတ်ပါဘူး။ ထမင်းဖိုး ငါးရာစ၊တစ်ထောင်စပေါ့လေ။ ရန်ကုန်ရောက်စက ပုဇွန်တောင်၊ဒေါပုံဖက်မှာ ထမင်းစရိတ်ရဖို့ ကျောက်တစ်ထမ်း အစိတ်နဲ့ဝင်ထမ်းဖူးတဲ့ လူက နိုင်ငံတကာက Customer တွေကို အင်းဂလိပ်လို ဘွတ်ရွှတ်ပြောရတဲ့ အဲယားကွန်းခန်းထဲက အလုပ်ဝင်လုပ်ပြီးနောက်ပိုင်း ဘ၀င်ဖင်ဆောင့်ပြီး အဲလိုအလုပ်မျိုးလုပ်ဖို့ စိတ်မကူးပဲ အစာအိမ်ဖြစ်ခါနီးထိ ထမင်းငတ်ခံနေခဲ့ပါတယ်။ အဲဒီအချိန်မှာ လူအထင်သေးခံရမှာ သေမလောက်ကြောက်တဲ့ ဘွကို လောကဓံကကောင်းကောင်း ပညာပေးလိုက်ပါတယ်။

အလုပ်ပြုတ်တာ လပိုင်းလောက်အတွင်း အိမ်မှာအတူနေတဲ့ ကျေးဇူးရှင်သူငယ်ချင်းက ကာတာကိုအလုပ်လုပ်ဖို့ ထွက်သွားပါတယ်။ ဟိုမှာက ခုသူ့မိန်းမဖြစ်လာမယ့် ဘွအချစ်ဆုံးသူငယ်ချင်း လေယာဉ်ပျံစပယ်ယာမလေး ရှိနေတာကိုး။ အဲတော့ စားစရာမရှိတဲ့ဘွတစ်ယောက် နေ့လည်စာကို အနီးအနားက ရခိုင်ဘုန်းကြီးကျောင်းတွေမှာ ဝေရာဝိစ္စ၀င်လုပ်ရင်း ဆွမ်းကျန်လေးကပ်စားရတော့တာပေါ့။ ညစာကတော့ ကြုံရာပေါ့လေ။ မကြုံရင်လည်း ဥပုဒ်စောင့်လိုက်တာပေါ့။ အဲလောက်ထိအခြေအနေဆိုးတာတောင် ညဖက်ဆိုက်ကားလေးဝင်နင်းမယ် စိတ်မကူးပါဘူး။ လူအထင်သေးမှာ ကြောက်တယ်လေ။ ဘ၀င်ဖင်ဆောင့်ပြီး အငတ်ခံနေပါတယ်ဆိုမှ။ တစ်ရက်ကျတော့ ဘွရဲ့ဘ၀င်တွေကို ချွတ်မယ့်လူတစ်ယောက်နဲ့ တိုးပါတော့တယ်။

ဘွအခင်ဆုံးနဲ့ ဘွအပေါ်အကောင်းဆုံး သူငယ်ချင်းတစ်ယောက်ရဲ့ အိမ်ကို ညနေတိုင်း ဘွသွားလည်လေ့ရှိပါတယ်။ သူက အိမ်မှာသူတစ်ယောက်တည်းရှိတဲ့အချိန် ဘွကိုအမြဲထမင်းခေါ်ကျွေးတတ်ပါတယ်။ သူအစ်ကိုမိသားစုရှိနေရင်တော့ သူကလည်းကပ်နေရတာမို့ မခေါ်ဖြစ်ပါဘူး။ သူအလုပ်အကိုင်အဆင်ပြေရင် တခါတလေ အရက်တိုက်တတ်ပါတယ်။ ဘွငြီးငြူသမျှ အမြဲနားထောင်ပေးတတ်တဲ့ သူငယ်ချင်းပါ။ တရက်ကျတော့ သူ့အဖေမာန်အောင်က တက်လာပါတယ်။ ဘွကျောင်းသားဘ၀က စာသင်ပေးတဲ့ ဆရာပါ။ သူက သူ့သားဆီကို အမြဲလာလည်နေတဲ့ ဘွကို အကဲခတ်ပါတယ်။ တစ်ရက် ဘွသွားလည်တဲ့အချိန် သူမူးနေတာနဲ့ တိုးပါတော့တယ်။ သူက ဘွအခန်းထဲလှမ်းဝင်လိုက်တာနဲ့

"ဟေ့ကောင် လာစမ်း ဒီကို"

"ဟုတ်ကဲ့ ဆရာ"

"မင်း တစ်နေ့ တစ်နေ့ ငါတို့အိမ်ကို ဘာလာလုပ်တာလဲ"

"လာလည်တာပါ ဆရာ"

"လာလည်ရအောင် မင်းမှာ အလုပ်မရှိဘူးလား"

"ကျွန်တော် နိုင်ငံခြားသွားမလို့ ကြိုးစားနေပါတယ် ဆရာ"

"ကြီးကြီးကျယ်ကျယ် ငါမြင်တာကတော့ မင်းစောက်ပျင်းထူပြီး ဟိုလူ့အိမ်ကပ်စား၊ ဒီလူ့အိမ်ကပ်စားလုပ်နေတာပဲ တွေ့တယ် မင်းမရှက်ဘူးလား။ သူများတွေကြည့်စမ်း၊ အလုပ်နဲ့အကိုင်နဲ့ ကိုယ့်ထမင်းကိုယ်ရှာစားတတ်နေပြီ။ မင်းက အလေလိုက်နေဖို့ပဲ သိတယ်။ ငါ့သားက အိမ်မှာပန်းတိမ်လုပ်နေတာ။ မင်းတို့ကောင်တွေ လာလည်တိုင်း ဧည့်ခံနေဖို့မအားဘူး။ ခုမင်းနဲ့ပေါင်းလို့ ငါ့သားတောင် ပျက်ချင်နေပြီ။ နောက်တစ်ခါ ငါတို့အိမ်ကို မင်းလာလည်တာ မမြင်ချင်ဘူး။ ငါ့သားနဲ့လည်း အပေါင်းအသင်းလုပ်စရာ မလိုဘူး။ သွားတော့။"

"ဟုတ် .. ဟုတ်ကဲ့ ဆရာ"

"ဟုတ်ကဲ့ လုပ်မနေနဲ့ မမြင်ချင်ဘူး ခုထွက်သွားတော့"

ပြန်ပြောစရာစကား တစ်ခွန်းမှရှာမတွေ့ပဲ ကုပ်ကုပ်လေး လှည့်ပြန်လာရပါတယ်။ သူငယ်ချင်းက နောက်ကလိုက်လာပြီး ဘွကို လက်ဖက်ရည်ဆိုင်မှာ ချော့ပါတယ်။ ရင်ထဲမှာတော့ ၀မ်းနည်းမှုက ဆို့နင့်တင်းကြပ်နေပါတယ်။ စော်ကားတယ်လို့တော့ စိတ်မနာပါဘူး။ ကိုယ့်ကိုတချိန်က စေတနာအပြည့်နဲ့စာသင်ပေးဖူးတဲ့ဆရာဆီမှာ ပြောခံရလို့ ၀မ်းနည်းမိတာပါ။ ဒါက ဒဲ့ဆော်ခံရတာပေါ့လေ။ သွယ်ဝိုက်သောနည်းလမ်းနဲ့ ဘေးဆောင့်ကန်ခံရတာမျိုးလည်း အဲတုန်းက ကြုံခဲ့ရပါတယ်။

ဘွရဲ့ကျောင်းနေဖက် ဗိုလ်ကြီးနေ၀င်းထက် ရန်ကုန်သင်တန်းလာတက်တော့ သူ့ကို ကျောင်းနေဖက်သူငယ်ချင်းတွေဆီ ဘွအလည်ခေါ်သွားခဲ့ပါတယ်။ အဲဒီမှာ စစ်သမိုင်းပြတိုက်နဲ့ မလှမ်းမကမ်းမှာ ကွမ်းယာရောင်းနေတဲ့ သူငယ်ချင်းဆီသွားလည်ကြပါတယ်။ အဲဒီတစ်ယောက်က တကယ့်သားလိမ္မာပါ။ မိဘကို ကွမ်းရောင်းပြီးလုပ်ကျွေးနေတာပါ။ သူ့အဖေကတော့ သောက်လိုက်၊မူးလိုက်ပေါ့လေ။ အိမ်ရဲ့အဓိက၀င်ငွေကို ဘွသူငယ်ချင်းပဲ ရှာပေးနေတာပါ။ သူ့ဆိုင်ရောက်တော့ သူ့အဖေက ဘွနဲ့ပါလာတဲ့ ဗိုလ်ကြီးကို ရွှန်းရွှန်းဝေအောင် နှုတ်ဆက်ပါတယ်။ ဘွကိုတော့ အဖက်မလုပ်ပါဘူး။ ပြန်ခါနီးမှ မကောင်းတတ်တဲ့ပုံစံနဲ့ မေးပါတယ်။

"ဟိုကောင် ဘူးသီး မင်းအခုဘာလုပ်နေလဲ အရင်အလုပ်ပြုတ်သွားပြီဆို"

"ဟုတ်ကဲ့ ဘကြီး ကျွန်တော်အခု အလုပ်ရှာနေပါတယ်"

"မင်းလုပ်ချင်ရင်တော့ အလုပ်တစ်ခုရှိတယ် ရွှေတိဂုံမှာ သန့်ရှင်းရေးလုပ်ရမှာ လစာကတစ်သောင်းလောက်တော့ရမယ်"

"တစ်သောင်းတည်းနဲ့ ဘကြီးရယ် ဘယ်လောက်ပါ့မလဲ"

"တန်ရာတန်ရာတော့ ရမှာပေါ့ကွ ထမင်းစားချင်ရင် အလုပ်တော့လုပ်ရမှာပဲ ရန်ကုန်မှာ အလုပ်မလုပ်ပဲ မင်းကို ဘယ်သူကတင်ကျွေးမှာလဲ"

"ဟုတ်ကဲ့ ဘကြီး ကျွန်တော်လုပ်မယ်ဆိုရင် ပြန်ဆက်သွယ်လိုက်ပါမယ်"

"အေး ပြီးရော"

ကျောင်းနေဖက်သူငယ်ချင်းတွေရှေ့မှာ မျက်နှာငယ်ငယ်နဲ့ နားထောင်ခဲ့ရပါတယ်။ အဲဒီလိုအဖြစ်မျိုးတွေ ကြုံလိုက်ပြီးနောက်ပိုင်းမှာတော့ ဘွရန်ကုန်မှာ မနေချင်တော့ပါဘူး။ အဲဒီလိုဖြစ်နေတဲ့အချိန်မှာ ဘွဆီကို သူတော်ကောင်းနှစ်ယောက် ရောက်ချလာပါတယ်။ ဆြာ Mg Mg Lwin နဲ့(သားလေး) Thxalay Thxaly တို့နှစ်ကောင် ညဖက်ကြီး ဘွဆီကိုရောက်လာတော့ အဲညက သားလေးစပွန်ဆာနဲ့ ဘီယာသောက်ဖြစ်ပါတယ်။ မူးပြီးအခန်းပြန်ရောက်တော့ အဲနှစ်ကောင် သောင်းကျန်းတာနဲ့ တစ်ညလုံးမအိပ်ရပါဘူး။ မနက်ကျမှ သားလေး ဘွတို့ကို ဘီယာတိုက်တဲ့ပိုက်ဆံက သူ့မာမီ ဖုန်းဘီလ်သွင်းခိုင်းလိုက်တဲ့ပိုက်ဆံဆိုတာ သိရပြီး အဲပိုက်ဆံကုန်သွားလို့ သူအိမ်မပြန်ရဲတော့ဘူး၊ ဘွတို့နဲ့နေမယ်ဆိုပြီး ပြောလာပါတယ်။ မောင်မောင်လွင်ကလည်း သူကွန်ပြူတာသင်မလို့ မာန်အောင်ကတက်လာတာ ခုပါလာတဲ့ပိုက်ဆံတွေကုန်သွားလို့ ငတ်နေတယ်ဆိုပြီး ရင်ဖွင့်ပါတယ်။ မဟာဒုက် ဘွရှင်ဆီမှာ အဖီလာဆွဲတဲ့ သူတော်ကောင်းနှစ်ယောက်ပါ။ သားလေးက သူ့မှာပေါင်စရာMp4တစ်ခုရှိတယ်။ အဲဒါ သံလမ်းမှာသွားပေါင်မယ်လို့ပြောတော့ သုံးယောက်သား ပိုက်ဆံ၃၀နဲ့ ကျောက်မြောင်းကနေ သံလမ်းကို ဘတ်စ်ကားစပယ်ယာဆီမှာ အသနားခံပြီး ချီတက်ကြပါတယ်။ အပေါင်ဆိုင်က သူ့ပစ္စည်းကို လက်မခံပါဘူး။ အဲဒါနဲ့စိတ်ဓာတ်ကျနေတဲ့ သားလေးကို ဘွတို့အကြီးနှစ်ယောက်က ချော့မော့ပြီး စမ်းချောင်းကသူ့အိမ်ကိုလိုက်ပို့ပါတယ်။ သားလေးအိမ်ကိုရောက်တော့ သူ့မာမီက သားလေးကို ဖုန်းဖိုးငွေတွေသုံးလိုက်တဲ့ကိစ္စနဲ့ ပွက်လောရိုက်အောင် ဆူပူပြီး မောင်မောင်လွင်ကိုပါ ရစရာမရှိအောင် ကောပါတော့တယ်။ သူနဲ့ပေါင်းလို့ သားလေးပျက်စီးတာ ဘာညာနဲ့။ ဘွကိုပါ အဖျားခတ်ပြီး ဆူပါတယ်။ ငယ်ငယကတည်းက အိမ်နီးနားချင်း မိဘလိုဆုံးမလာခဲ့သူဆိုတော့ ပြန်ပြောစရာစကား ရှာမတွေ့ပါဘူး။ အဲနေ့က မာမီနှင်ချလို့ ဘွတို့နှစ်ကောင် သားလေးတို့အိမ်က မျက်နှာဇီးရွက်လောက်နဲ့ ကုပ်ကုပ်လေး လှည့်ပြန်ခဲ့ရပါတယ်။ ညကတည်းက ထမင်းမစားရသေးတာ အဲအချိန်မှာ ညနေ၄နာရီထိုးပါပြီ။ ဗိုက်ဆာဆာနဲ့ အဆူခံလာရတော့ ထွက်လာတဲ့ဒေါသက အနားကမောင်မောင်လွင်ဆီရောက်သွားပါတယ်။ သူ့ကိုလှိမ့်ကောတော့ သူကဘွကိုချော့ပါတယ်။ မင်းဗိုက်ဆာရင် ငါကြံဖန်ပေးပါ့မယ်တဲ့။ အဲဒါနဲ့ သူ့အမျိုးရှိတဲ့ ရွှေဂုံတိုင်ကို ဗိုက်ဟောင်းလောင်းနဲ့ ဆက်လျှောက်တာပေါ့လေ။ အဲဒီက မယ်သီလရှင်စာသင်တိုက်မှာ သူ့ဒေါ်ကြီး သီလရှင်ဆီက ပိုက်ဆံ၂၀၀နဲ့ မုန့်ဟင်းခါးတစ်ပွဲဝယ်၊ ထမင်းဖြူနှစ်ပွဲမှာပြီး နှစ်ကောင်သား ငတ်ခဲ့သမျှ ဗိုက်ဖြည့်လိုက်ကြပါတယ်။

စားပြီးကျောက်မြောင်းကို လမ်းလျှောက်ပြန်လာရင်း သူက ဘွကို ဟိုင်းကြီးက သူ့အမျိုးတွေဆီမှာ အလုပ်လုပ်ဖို့သွားမလား အဖော်စပ်ပါတယ်။ ရန်ကုန်မှာမနေချင်တဲ့ဘွကလည်း သဘောတူတာပေါ့။ ဒါပေမယ့် သူ့မှာရော ဘွမှာပါ လမ်းစရိတ်တပြားမှမရှိပါဘူး။ အဲဒါနဲ့ ငါကြံပါ့မယ်ဆိုပြီး ဘွအသိဦးပဉ္စင်းတစ်ပါးဆီးမှာ ပိုက်ဆံတစ်ရာချေးပြီး အင်းစိန်ကအစ်မ၀မ်းကွဲဆီ ပိုက်ဆံသွားတောင်းတော့ ဟိုင်းကြီးသွားဖို့လမ်းစရိတ်ရခဲ့ပါတယ်။ လမ်းစရိတ်ရတော့ နေတဲ့တိုက်ခန်းကို အဲမှာကျန်ခဲ့တဲ့ အောင်မျိုးပိုင်ဦးလေးနဲ့ သူ့သူငယ်ချင်း ရခိုင် အဆိုတော် မြတ်ခိုင်ကျော်ကို အပ်ပြီး နှစ်ကောင်သား ဟိုင်းကြီးကို ဖျာလိပ်ပြီး အပြီးထွက်ခဲ့ကြပါတော့တယ်။ မသွားခင် ရည်းစားလေးကို နှုတ်ဆက်တော့ သူ့ခမျာငိုကျန်ခဲ့လေရဲ့။

ရန်ကုန်က ပုသိမ်ကိုကားစီး၊ ပုသိမ်က အရမ်းနှေးတဲ့ရှပ်ပြေးနဲ့ ဟိုင်းကြီးကျွန်းဆီ ဆက်သွားရတာပေါ့။ လမ်းတလျှောက်လုံး သူငယ်ချင်းနှစ်ယောက် ဟိုရောက်ရင် ဘာလုပ်မယ်၊ညာလုပ်မယ် အစီအစဉ်တွေဆွဲတော့ ဘွကကွမ်းယာဆိုင်ဖွင့်မယ်၊ ဆယ်တန်းတွေကို ကျူရှင်ပြမယ်၊ သူက ငါးဖမ်းလှေလိုက်မယ်တဲ့။ ဟိုင်းကြီးကိုရောက်တော့ သူ့အမျိုးတွေရှိတဲ့စံပြရွာမှာ အားလုံးက နွေးနွေးထွေးထွေးကြိုဆိုခဲ့ကြပါတယ်။ အဲဒီဟိုင်းကြီးနယ်တ၀ိုက်က မာန်အောင်မျိုး ရခိုင်လူမျိုးတွေအများဆုံးနေတဲ့နေရာပါ။ မြန်မာတစ်နိုင်ငံလုံးမှာ အရမ်းဝေးတဲ့ဒေသနှစ်ခု စကားပြောတဲ့လေသံ တထပ်တည်းတူတာ မာန်အောင်ကျွန်းနဲ့ဟိုင်းကြီးကျွန်းပဲ ရှိပါလိမ့်မယ်။ ဘွအတွက်ကတော့ တစ်ခါမှမရောက်ဖူးပေမယ့် ပုသိမ်ကနေ ရှပ်ပြေးပေါ်တက်ကတည်းက ကိုယ့်မာန်အောင်စကား ကြားရလို့ အိမ်ပြန်ရောက်သွားသလိုပါပဲ။ ဟိုင်းကြီးမှာ ဘွတို့တည်းတဲ့အိမ်က မောင်မောင်လွင်ရဲ့ အစ်ကိုနဲ့ ကွန်ပစ်၊ငါးမြှား၊ကဏန်းနှိုက်လိုက်ရင်း အရမ်းပျော်စရာကောင်းပါတယ်။ ဟင်းသီးဟင်းရွက်ရှားပြီး သားငါးပုဇွန်အရမ်းပေါတဲ့ဒေသပါ။ ထမင်းဝိုင်းမှာ ဟင်းဆိုလို့ ငရုတ်သီးကြိတ်တစ်ခွက်ပဲပါပြီး ကျန်တာ ငါးဟင်း၊ပုဇွန်ဟင်း၊ကဏန်း၊ကင်းမွန်၊ ဂုံး အလျှံပယ်ကျွေးပါတယ်။ တစ်ရက် အိမ်မှာအမျိုးတွေစုံတော့ ဘွတို့ဟိုင်းကြီးကို လာရင်းကိစ္စပြောပြပါတယ်။ အဲဒီမှာ စတွေ့တော့တာပါပဲ။ ဆြာမောင်မောင်လွင်ရဲ့ ဘကြီးက

"ဘာပြောတယ် မင်းတို့ ပိုက်ဘုတ်မှာ လိုက်မယ်ဟုတ်လား"

"ဟုတ်ကဲ့ ဘကြီး ကျွန်တော်တို့မှာ သုံးစရာတစ်ပြားမှ မရှိတော့ပါဘူး။ အလုပ်တစ်ခုလုပ်ချင်လို့ ဒီမှာကလည်း ငါးဖမ်းလှေလိုက်မယ့် အလုပ်ပဲရှိတော့ တစ်လငါးသောင်းစရိတ်ငြိမ်းဆိုရင် သုံးလေးလလောက်လုပ်တာနဲ့ ကျွန်တော်တို့အတွက် နည်းနည်းပါးပါး စုမိမယ်ထင်လို့ပါ"

"ဟေ့ကောင်တွေ မင်းတို့ကို ငါပြောမယ် ပိုက်ဆွဲတယ်ဆိုတာ ငါတို့ဆီမှာ စာမတတ်ပေမတတ် ကျောင်းမနေဖူးတဲ့ကောင်တွေ လုပ်တာ မင်းတို့ကဘွဲ့ရပြီးသားလူတွေ ဘယ့်နှယ်ကွာ မင်းတို့ပညာအရည်အချင်းနဲ့ ပိုက်ဆွဲကြမယ်လို့ ကြံကြီးစီရာ ငါတို့တမျိုးလုံးမှာ ဘွဲ့ရဆိုလို့ ဒီကောင် မောင်မောင်လွင်တစ်ကောင်ပဲရှိတာ ဒီကောင်ပိုက်ဆွဲရင် ငါတို့ကို လူတွေဘာပြောကြမလဲ သူ့အမေငါ့ညီမက ငါ့ကိုဘာပြောမလဲ အမျိုးသိက္ခာကျမယ့်အလုပ်တော့ လုံးဝခွင့်မပြုနိုင်ဘူး။ မင်းလည်းမလုပ်နဲ့။ အိမ်မှာ ဒီကောင်နဲ့အတူတူ အေးအေးဆေးဆေးနေ။ တသက်လုံးနေလည်း ဘာမှမဖြစ်ဘူး။ မင်းတို့ကိုတင်ကျွေးရတာ ငါတို့အတွက် ဘာမှအပန်းမကြီးဘူး"

စေတနာအပြည့်နဲ့ ပွင့်ပွင့်လင်းလင်း ယတိပြတ်တားမြစ်လိုက်တဲ့ ဘကြီးရဲ့စကားအဆုံးမှာတော့ ဘွတို့နှစ်ယောက် ပိုက်ဆွဲပြီးရလာတဲ့ငွေနဲ့ ကွမ်းယာဆိုင်လေးတည်မယ်ဆိုတဲ့ စိတ်ကူးအငွေ့ပြန်သွားပါတယ်။ မောင်မောင်လွင်အတွက် သူ့အမျိုးအိမ်မှာတသက်လုံးထိုင်စားလို့ ကိစ္စမရှိပေမယ့် တစိမ်းဖြစ်တဲ့ဘွအတွက်မလွယ်ပါဘူး။ အဲဒါကြောင့် ပလန်ဘီဖြစ်တဲ့ ခလေးတွေကို ကျူရှင်ပြဖို့အလုပ်ကို မေးစမ်းကြည့်ပါတယ်။ ဘကြီးက..

"ကျူရှင်ပြဖို့တော့ မလွယ်ဘူးကွ။ ခုကနွေရာသီကျောင်းပိတ်ရက်လေ။ ကျောင်းတွေပြန်ဖွင့်မှ ပြလို့ရမှာ။ ဒါပေမယ့် ဒီမှာက ကျူရှင်ပြချင်တိုင်း ပြလို့မရဘူး။ လိုင်စင်လုပ်ရတယ်။ ဟိုင်းကြီးရဲစခန်းမှာ ပိုက်ဆံပေးရတယ်။ မြို့နယ်ပညာရေးမှူးကို သွားကန်တော့ရတယ်။ ပြီးတော့ ခလေးတွေက သူ့အတန်းကဆရာဆီမှာပဲ တက်ကြတာ။ ဖြစ်နိုင်မယ်မထင်ဘူးကွာ"

ဘကြီးရဲ့စကားအဆုံးမှာတော့ ဘွရဲ့ပလန်ဘီလေး ထပ်ပြီးအငွေ့ပျံသွားပါတော့တယ်။ ဘကြီး ဘွရှင်အကြောင်းမေးရင်း တပ်ကထွက်လာမှန်းသိသွားတော့ အပြစ်တင်ပါတော့တယ်။

"မင်းကွာ မိုက်လုံးကြီးလိုက်တာ တပ်ကအရာရှိမပြောနဲ့၊ ငါတို့ဆီမှာ ရေတပ်စခန်းက ရဲဘော်အဆင့်တောင် ဘယ်လောက်အာဏာရှိလဲဆိုတာ မင်းကိုပြချင်တယ်။ အစိုးရအမှုထမ်းတွေရဲ့ မိဘတွေ ဒီမှာ ဘယ်လောက်လက်မထောင်နိုင်လဲ မင်းမသိလို့။ တခြားသွားမကြည့်နဲ့။ ငါ့သားတစ်ကောင်က ရဲ။ ရဲမှာတောင် မီးရထားမှာလိုက်နေရတဲ့ ရဲ။ ရဲတပ်သားအဆင့်ပဲရှိတယ်။ အဲဒါတောင်မှ ငါ့သားရဲမျက်နှာနဲ့ ငါခုဒီမှာ သူများလို မင်းကင်းလိုက်စောင့်စရာမလိုဘူး။ လူအားမနာမပြောရဲဘူး။ မင်းမိဘတွေအစား ငါရင်နာတယ် ခွီးးး။"

ဘာပြန်ပြောရမှန်းတောင် မသိတော့ပါဘူး။ စကားဝိုင်းသိမ်းတော့ နှစ်ကောင်သား စိတ်ပျက်လက်ပျက်နဲ့ ညနေတုန်းကဖမ်းမိတဲ့ကဏန်းတွေ ဒိုင်သွင်းလို့ရတဲ့ငွေနဲ့ ဘီအီးဝယ်ပြီး အိမ်ရှေ့ကတံတားမှာ ထိုင်သောက်ရင်း ဂစ်တာမိုးလင်းပေါက် တီးခဲ့ကြပါတယ်။ မောင်မောင်လွင်ကို မူးမူးနဲ့ ရန်ကုန်ပြန်စရိတ်ရှာပေးဖို့ ပူဆာတော့ နောက်တစ်ရက် သူ့ခမျာ အဒေါ်ဆီက တောင်းပြီး ငွေလေးထောင် ဘွကိုပေးပါတယ်။ အဲဒါနဲ့ရှပ်ပြေးစီးပြီး ပုသိမ်ပြန်လာတော့ သင်္ကြန်တွင်းဖြစ်လို့ ကားခဈေးတက်ပြီး သင်္ဘောစီးပြီးပိုတဲ့ငွေနဲ့ မလောက်တော့ပါဘူး။ ငါးရာလိုနေပါတယ်။ အဲဒါနဲ့ ကားလက်မှတ်ရောင်းတဲ့အဒေါ်ကြီးကို အသနားခံရတာပေါ့လေ။ ထမင်းလည်းမစားရသေးတော့ ဆာလှပြီ။ အဒေါ်ကြီးကသဘောကောင်းရှာပါတယ်။ ထိုင်ခုံနောက်ဆုံးကတစ်ခုံ ပါလာတဲ့ငွေနဲ့ရောင်းပေးပြီး လမ်းမှာစားဖို့ မုန့်ပါဝယ်ပေးလိုက်ပါတယ်။ အဲဒါနဲ့ ရန်ကုန်ပြန်ရောက်လာတာပေါ့လေ။

အဝေးပြေးကနေ အင်းစိန်ကအစ်မအိမ်ထိ ဘတ်စ်ကားစီးဖို့ ပိုက်ဆံတပြားမှမရှိပြန်တော့ ထုံးစံအတိုင်း စပယ်ယာဆီ အသနားထပ်ခံပြီး အင်းစိန်ရောက်လာခဲ့ပါတယ်။ သင်္ကြန်တွင်းဆိုတော့ လှိုင်သာယာအဝေးပြေးကနေ တောက်လျှောက်ရေပက်ခံလာရလို့ အ၀တ်အစားတွေ၊အိတ်တွေ အကုန်လုံးရွှဲလာပါတယ်။ အဲဒီမှာတစ်ညအိပ်ပြီး အစ်မဆီကပေးတဲ့မုန့်ဖိုးနဲ့ ကျောက်မြောင်းကိုပြန်၊ အဲကနေ သိမ်ဖြူကွင်းက ရခိုင်ရေကစားမဏ္ဍပ်တွေဖက် ခြေဦးလှည့်ရင်း မာန်အောင်မဏ္ဍပ်ဖက်ရောက်တော့သူများတွေ ပျော်ပျော်ပါးပါး ရေလောင်းနေကြတာကို ငေးကြည့်တာပေါ့လေ။ ၀င်တော့မလောင်းနိုင်ပါဘူး။ ရေတစ်ခါလောင်း ဘယ်လောက်ဆိုလား ပိုက်ဆံပေးရတယ်လေ။ သွားလောင်းရင် ညနေစားစရာမကျန်ပဲနေမှာပေါ့။ မဏ္ဍပ်မှာ ဘယ်သူမှ ဘွကို အဖက်မလုပ်ကြတော့ အသာကုပ်ကုပ်လေး လှည့်ပြန်ခဲ့ရပါတယ်။ အခန်းပြန်ရောက်တော့ အပြီးသွားပြီလို့ပြောပြီးမှ အလုပ်မလုပ်ပြန်ပြန်လာလို့ ကျန်ခဲ့တဲ့သူငယ်ချင်းဦးလေးက မကြည်ပါဘူး။ ခနဲ့သလိုလိုစကားပြောလာတော့ ဒေါသကထောင်းခနဲ ထွက်သွားပါတယ်။ တကယ်တော့ သူက ဘွတို့ကို အလကားပေးနေတဲ့အိမ်မှာ လာကပ်နေတဲ့လူပါ။ ခု သူ့မျက်နှာက အိမ်ရှင်ပုံစံမျိုး ဘွကိုလာဆက်ဆံတော့ တော်တော်တင်းသွားပါတယ်။ ဒါပေမယ့် အသက်အများကြီးကြီးတဲ့လူဖြစ်လို့ ဘာမှတော့ ပြန်မပြောလိုက်ပါဘူး။

ထွက်လာတဲ့ဒေါသကို ဖက်ကြမ်းတစ်လိပ်မီးညှိဖွာပြီး အခန်းဝရန်တာမှာ ပြန်ဖြေခဲ့ရပါတယ်။ အဲဒီအချိန်မှာ ကိုယ့်ကိုယ်ကို နက်နက်ရှိုင်းရှိုင်းကြီး ပြန်သုံးသပ်မိခဲ့ပါတယ်။ အမေကနောက်အိမ်ထောင်ပြုသွားပြီ။ ညီမလေးတွေက အဖွားနဲ့ကပ်နေရတယ်။ အမေ့ဆီကပိုက်ဆံမပို့လို့ ကျောင်းတက်ဖို့အခက်အခဲဖြစ်နေတယ်။ အဖေကဆုံးသွားပြီ။သူတို့အတွက် အားကိုးရာဆိုလို့ ငါတစ်ယောက်ပဲ ရှိတော့တယ်။ ငါခုလို အထည်ကြီးပျက်လျှောက်လုပ်နေရင် ငါ့ညီမလေးတွေ ငါ့လိုမျိုးလူရာမ၀င်ဖြစ်တော့မယ်။ အဲဒီတော့ ပိုက်ဆံရမယ့် ဘယ်အလုပ်မျိုးမဆို ငါလုပ်မှဖြစ်တော့မယ်ဆိုပြီး ဆုံးဖြတ်ချက်ချလိုက်ပါတယ်။ နောက်တစ်ရက်မှာတော့ ဘွရှင်ဆိုတဲ့ ဆောင့်ကြွားကြွားသတ္တ၀ါဟာ ဘောင်ချာတစ်အုပ်နဲ့ နှစ်လုံးထီရောင်းသမားဘ၀ကို ရောက်သွားပါတော့တယ်။

ပြီးပါပြီ....:p

0 comments:

Post a Comment