ပေါက်ကရ လေးဆယ်

Subscribe:

Sunday, May 11, 2014

ရခိုင်သားတို့ အိမ်ပြန်ချိန်


ဓာတ်ပုံ - အေးမောင်
သတိ - အက်တမ်ဗုံး (ပေါက်ကွဲတတ်သည်)

တစ်ယောက်စ၊နှစ်ယောက်စမှသည် အသုတ်လိုက်၊ အသုတ်လိုက်မှသည် အစုလိုက်၊အပြုံလိုက် တစ်ရက်ပြီးတစ်ရက်၊ တစ်လပြီးတစ်လ၊ တစ်နှစ်ပြီးတစ်နှစ် တရွေ့ရွေ့ထွက်ခွာလာခဲ့သည့် နောက်ပိုင်းတွင် အဖရခိုင်ပြည်ကား ခြောက်ကပ်မှုအပေါင်း သရဖူဆောင်းလျှက် ရှိနေလေတော့သည်။ တစ်ခေတ်တစ်ခါက စည်ကားမှုအပေါင်းကား အိပ်ရာဝင်ပုံပြင်တစ်ပုဒ် ဖြစ်ခဲ့ရလေပြီ။ ပွဲလမ်းသဘင်တို့သည်လည်း တချိန်က ကြက်ဝိုင်းမျှပင် မစည်နိုင်တော့ချေ။ သန်သန်မာမာ အရွယ်ကောင်းတို့ကား ရခိုင်ပြည်၌ ရှားပါးလှချေသည်။ စစ်တမ်းကောက်လျှင် နို့သောက်နှင့် ဒုတ်ထောက်အရွယ်တို့ကို အများဆုံးတွေ့ရပေလိမ့်မည်။ ယောင်္ကျားသားများ မဆိုထားလင့်၊ အရွယ်ကောင်း မိန်းမများပင် မွေးရပ်မြေအား စွန့်ခွာ၍ ရေကြည်ရာ၊မြက်နုရာသို့ ၀မ်းစာရှာထွက်ကြရလေသည်။ တရပ်တမြေတွင် ကာယ၊ဥာဏတို့ကို အရင်းတည်၍ ၀င်ငွေရှာပြီး ရသည့်ဝင်ငွေဖြင့် ရခိုင်ပြည်မှ ခလေးသူငယ်၊ အိုမင်းမစွမ်းများ ရှင်သန်ရပ်တည်ရေးကို ဖြည့်ဆည်းရလေသည်။ များမကြာသော ကာလအတွင်း မိသားစုလိုက်ပါ တရပ်တရွာသို့ ပြောင်းရွေ့ကြလေသည်။ ဤကား ရခိုင်ပြည်တွင် နစ္စဒူဝဖြစ်ပျက်နေသည့် သင်္ခါရတရားများ ပင်တည်း။

ဖိနှိပ်မှု၊ ခွဲခြားမှု၊ ချောင်ထိုးထားမှု အစုစုသော လောကဓံတို့သည် ရခိုင်ဒေသအား နှစ်ပေါင်းများစွာ ဖိစီးနေခဲ့သည်မှာ ကြာခဲ့လေပြီ။ တစ်အိမ်တစ်ယောက် လုပ်အားပေး၊ တစ်အိမ်ဘယ်လောက် အလှူငွေမထည့်မနေရ၊ တစ်အိမ်ကျောက်တစ်ကျင်း၊ သစ်ဘယ်နှစ်လုံး၊ ၀ါးဘယ်နှစ်စည်း စသဖြင့်သော အခွန်အကောက်တို့သည် လည်းကောင်း၊ ရှားပါးလှသည့် စီးပွားရေးလုပ်ကွက်တို့အတွက် ဌာနဆိုင်ရာတို့အား အပြိုင်အဆိုင် ဆွမ်းတော်တင်၊ နေ့စဉ်ဦးချကန်တော့နေရသည့် အဖြစ်တို့သည်လည်းကောင်း၊ စိတ်ဝင်စားလောက်စရာ၊ စိတ်အားတက်ကြွလောက်စရာ ဘ၀တိုးတက်မြင့်မားရာ အခွင့်အလမ်းတို့ကင်းမဲ့သော ပတ်ဝန်းကျင်တွင် လတ်လျားလတ်လျား စိတ်လေလွင့်နေရသည့် အခြေအနေတို့သည်လည်းကောင်း ဒေသတွင်းရှိ ရခိုင်လူငယ်လူရွယ်တို့အား ရေခြားမြေခြားသို့ စွန့်စားသွားရောက်ရန် တွန်းအားပေးလျှက် ရှိကုန်၏။

စစ်အာဏာရှင်ခေတ်တလျှောက်၌ သွားရင်းလာရင်း တစ်ဖက်က ခလုပ်တိုက်၍ အချုပ်ထဲရောက်ရသူများ၊ အမြင်ကပ်ပုဒ်မဖြင့် ပညာပြခံရသူများသည်လည်း ဒေသကိုစွန့်ခွာကြရရှာသည်။ ကိုယ့်သွေးကိုယ့်သားတို့အား မတရားဖိစီးနှိပ်စက်မှုများကို ရင်နှင့်မဆန့် မြင်ရဖန်များလာသည့်အခါ တော်လှန်လိုစိတ် ထကြွသူအပေါင်းတို့သည်လည်း ဒေသကို စွန့်ခွာကြရရှာသည်။ ဤသို့ဖြင့် ရခိုင်ပြည်၏ ပြင်ပ၊ မြန်မာနိုင်ငံ၏ နယ်စပ်တလျှောက်တွင် ရခိုင်တော်လှန်ရေး၊နိုင်ငံရေး အဖွဲ့အစည်းတို့ ပေါ်ထွန်းလာခဲ့လေသည်။

အဖရခိုင်ပြည်အား သူ့ကျွန်ဘ၀မှ ကယ်တင်ရန်တည်းဟူသော ရည်မှန်းချက်ဖြင့် အသက်နှင့်ရင်း၍ တော်လှန်ကြလေသည်။ ဘ၀အားနှစ်မြှုပ်၍ တော်လှန်ကြကုန်၏။ တော်လှန်ရင်း မပြန်နိုင်သည့် ဘ၀သို့ ဆိုက်ရောက်ကြကုန်၏။ တော်လှန်ရေးနိုင်ငံရေးမှတဆင့် ဘ၀အရေးသို့ လှမ်းမျှော်ကြည့်သောအခါ မွေးရပ်မြေနှင့် ဝေးသထက်ဝေးသည့် တတိယနိုင်ငံအစုစုသို့ ပြောင်းရွေ့အခြေချကြလေကုန်၏။ တတိယနိုင်ငံသို့ရောက်ပြီး ပျောက်သွားသည့်ပုဂ္ဂိုလ်များ ရှိသကဲ့သို့ ရောက်သည့်နေရာမှနေ၍ ဆက်လက်တော်လှန်သူအပေါင်းလည်း ရှိကြလေကုန်၏။ မရောက်နိုင်ပဲ ကျန်နေရသူအပေါင်းမှာလည်း သမိုင်းပေးတာဝန်အရ ဆက်လက် တော်လှန်ကြကုန်၏။ ရခိုင်တော်လှန်ရေးကား ဤသို့ဖြင့် ဆက်လက်ရှင်သန်နေလေတော့သည်။

ရေနက်ဆိပ်ကမ်း၊ ရထားလမ်းနှင့် ရွှေဂက်စ်ပိုက်လိုင်း အပိုင်းပိုင်းသော စီမံကိန်းတို့ ရခိုင်ပြည်တွင်း ခြေကုပ်ယူသည့် အခါသမယ၀ယ် အဝေးရောက် ရခိုင်တော်လှန်ရေးလောကသားတို့ နိုင်ငံရေးဖက် လှည့်ကြရပြန်သည်။ အန်ဂျီအိုတန်ခိုးဖြင့် အမျိုးဂုဏ်တက်အောင် ကြံဆောင်ရလေသည်။ တချို့သော ပုဂ္ဂိုလ်များကား အမျိုးအတွက် အိတ်ထဲထည့်၍ အားသွန်ခွန်စိုက် ကြိုးပမ်းကြလေသည်။ အနှီပုဂ္ဂိုလ်တို့၏ လုံ့လ၀ီရိယစိုက်ထုတ်မှုတို့ကြောင့် ရခိုင်ပြည်မှ စတင်၍ မြန်မာနိုင်ငံအား ကန့်လန့်ဖြတ်သန်းသည့် ပိုက်လိုင်းကြီးတလျှောက် ရွှေဓာတ်ငွေ့တို့ တရုတ်ပြည်သို့ လျှောလျှောလျှူလျှူ ရောက်ရှိသွားကြလေပြီ။ မည်သို့ပင်ဆိုစေကာမူ ရွှေဂက်စ်ကမ်ပိန်းမှာ ယခုအချိန်ထိ ရှင်သန်နေဆဲပင်။ ကာယ၊ဥာဏအားပင်မက ရခိုင်တို့၏ ဂုဏ်သိက္ခာအား ချနင်း၍ ရိုဟင်ဂျာဟူသော နာမအား အသိအမှတ်ပြုပါသည်ဟု လက်မှတ်ရေးထိုးရယူခဲ့သည့် အန်ဂျီအိုဖန်ငွေများဖြင့် တပြည်ခြား၌ တ၀မ်းတစ်ခါးလှခြင်းသာ အဖတ်တင်ကျန်ခဲ့သည်။ အနှီကြိုးစားအားထုတ်မှုတို့ကြောင့် အဖရခိုင်ပြည်ကား ထူးမခြားနား အခြေအနေမှ ထိုနည်း၎င်းအခြေအနေသို့ ပြောင်းလဲခဲ့လေသည်။ ရခိုင်သားအပေါင်းကား တော်လှန်၍ ကောင်းဆဲပင်။

ဆရာတင် တပည့်မွေး၍ မသာအိမ် ထမင်းဝင်လွေးတတ်သည့် ရခိုင်သား လူပေါ်လူဇော်တချို့ကား လွန်ခဲ့သည့် နှစ်အနည်းငယ်ကာလက မလေးရှား၌ ဂိုဏ်းထောင်စားခဲ့ဖူးသည်။ အမေရိကန်နိုင်ငံသားတည်းဟူသော ဘွဲ့ထူးဂုဏ်ထူးဖြင့် ယူအမ်ဒုက္ခသည်ကတ်ကို အကြောင်းပြု၍ အဖရခိုင်ပြည်အား ကယ်တင်မည်ဟု လက်ခမောင်းခတ်ခဲ့လေသည်။ ရခိုင်ငပြိန်းအပေါင်းကား အနှီဂိုဏ်းဆရာအား အားရ၀မ်းသာ အနေကဇာတင်၍ ဘုရားစင်ပေါ်၌ ပန်း၊ရေ၊ဆီမီးဆက်ကပ်လျှက် ပူဇော်ပသကြလေသည်။ ပလ္လင်ပေါ်ရောက်သည့်ခဏ မျောက်ဗီဇပြသည့်အခါ ကိုးကွယ်ဆက်ကပ်သူ အပေါင်းမှာလည်း အချင်းချင်း တစ်ယောက်မျက်နှာ တစ်ယောက်မကြည့်နိုင်ဖြစ်ကာ မရှိသည့်အရှက် ကွဲသည့်ကိန်း ဆိုက်ကြလေကုန်တော့သည်။ ပလ္လင်လွတ်သွားသည့် မျောက်ကား မျောက်သဘာဝအတိုင်း နီးစပ်ရာ သစ်ကိုင်းတို့အား တွဲခိုလျှက်။ မျောက်ကိုးကွယ်သူတို့သာ သစ်ကိုင်းလွတ်ဘ၀ ရောက်သွားကြလေသည်။ ဟက်တက်ကွဲ၍ ပက်လက်လန်သွားကြလေသည်။ မည်သို့ပင်ဖြစ်စေကာမူ ရခိုင်သားအပေါင်းကား တော်လှန်၍ ကောင်းဆဲပင်။

အရွေ့မရှိလျှင် အလုပ်မရှိ။ ပေးဆပ်မှုမည်မျှပင်ရှိစေကာမူ အောင်မြင်မှုဖြစ်ဖြစ်မြောက်မြောက် မရှိလျှင် အသိအမှတ်ပြုရန် ခက်ခဲလှချေသည်။ အောင်မြင်မှုအား လက်ဆုပ်လက်ကိုင် မပြနိုင်သောအခါ ရခိုင်တော်လှန်ရေး၊နိုင်ငံရေး အင်အားစုတို့မှာ ကိုယ်စီပေးဆပ်မှုအစုစုဖြင့် ဂုဏ်တုပြိုင်ဆိုင်ကြကုန်၏။ တော်လှန်ရေးလောက၌ လူယုံကြည်အောင် ပြောနိုင်ဆိုနိုင်စွမ်းရှိသူတို့သာ နေရာရကြလေသည်။ မိမိ၏ စွမ်းပကားဖြင့် မျှော်လင့်ထားသမျှ ဖြစ်မလာသောအခါ စိတ်ကူးယဉ်ခြင်းဖြင့် ရူးသွပ်ကြကုန်၏။ ရခိုင်ပြည်သိမ်းဗျူဟာအား လေးဂွကိုင်လျှက် တစ်နာရီအတွင်း ဟောပြောပို့ချနိုင်စွမ်းရှိသည့် တော်လှန်ရေးသမားတို့ အလျှိုအလျှို ပေါ်ထွက်လာခဲ့လေသည်။ ရခိုင်သားအပေါင်းကား ဤသို့ ဆက်လက်တော်လှန်နေဆဲပင်။

မည်သို့ပင်ဆိုစေကာမူ အနှီတော်လှန်ရေး အင်အားစုများအား အဝေးရောက် ရခိုင်ပြည်သူတို့ မျှော်လင့်နေဆဲပင်။ ချွေးနဲစာထဲမှဖဲ့၍ ၎င်းတို့စားဝတ်နေရေးအတွက် တတ်အားသရွေ့ ဖြည့်ဆည်းလျှက် ရှိနေကြသည်။ ရံဖန်ရံခါ အဖွဲ့အစည်းအတွက် ဘဏ္ဍာငွေကုံလုံကြွယ်ဝသည့် အခါသမယတွင် ဆင်းရဲဒုက္ခရောက်နေသည့် ရခိုင်ပြည်သူများထံ ပြန်လည်လှူဒါန်းတတ်သော တော်လှန်ရေးအဖွဲ့တချို့ကို ကြုံရခဲစွာ ရှားရှားပါးပါး မြင်ခဲ့ဖူးသည်။ သို့သော် မိမိဖြတ်သန်းမှုတလျှောက် ကြုံဆုံခဲ့ရသော ရခိုင်နိုင်ငံရေး၊ တော်လှန်ရေးသမား အများစုကား ရခိုင်ပြည်သူတို့ကို ကျေးဇူးရှင်ဟု မည်သည့်အခါမျှ မသတ်မှတ်ခဲ့ကြပေ။ ၎င်းတို့၏ အောင်မြင်မှုမရှိသော ပေးဆပ်မှုအစုစုတို့ အပေါ်၌သာ ဂုဏ်ယူဝင့်ကြွားလျှက် ကိုယ့်ဘာသာ ရခိုင်ပြည်သူတို့၏ ကျေးဇူးရှင်အဖြစ် သွေးနထင်ရောက်လျှက် ရှိနေကြကုန်၏။

မျှော်လင့်သမျှတို့ ဖြစ်မလာသည့်အခါ အတိတ်သို့တမ်းတကြကုန်၏။ ထိုသို့တမ်းတခြင်းပင်လျှင် စကားပြောကောင်းပါက လူကြိုက်များ၊နေရာရနိုင်ကြောင်း ရခိုင်တော်လှန်ရေး၊ နိုင်ငံရေးသမားအချို့ သိရှိလာကြလေသည်။ ဤသို့ဖြင့် အစည်းအဝေး၊ အခမ်းအနားများတွင် အတိတ်သမိုင်းအား တမ်းတရန် အနှီနိုင်ငံရေးသမားတို့ မိုက်လုကြလေ၏။ မိုက်လုရင်း မကျေမနပ်ဖြစ်ကာ ကွယ်ရာ၌ အပြန်အလှန် အတင်းတုတ်ကြလေသည်။ မိုက်လုရန် အခွင့်အရေးရှိသည့် အခမ်းအနားတို့ ပြတ်လပ်သည့် သမယ၀ယ် အနှီပုဂ္ဂိုလ်တို့ ဖေ့ဘုတ်တက်၍ စာရေးကာ သူ့ထက်ငါအပြိုင်အဆိုင် တမ်းတကြပြန်သည်။ တချို့မှာမူ စာရေး၍ပင် အားမရနိုင်ဖြစ်ကာ ကိုယ့်ဘာသာ ဗီဒီယိုရိုက်၍ ယူကျုတွင်တင်ပြီး တမ်းတကြပြန်သည်။ အိမ်ခန်းတွင်းမှ ရိုက်ကူးထားသော အနှီဗီဒီယိုတွင် အမေရိကန်နိုင်ငံ၌ နေထိုင်ကြောင်း သိသာထင်ရှားစေခြင်း အလို့ငှာ ကုန်တိုက်မှ ဒေါ်လာအနည်းငယ်ပေး၍ ၀ယ်ထားသော အမေရိကန်အလံအား နောက်ခံထား၍ ကုတ်အကျီင်္ဝတ် ကြောင်လျှာသီးဆွဲကာ CNN သတင်းကြေငြာသူ ရှုံးလောက်သည့် ဟန်ပန်အမူအရာ၊ ဂီတစာဆို မောင်ကြေးမုံ အရှုံးပေးရလောက်သည့် လေသံဖြင့် ကြည့်ရှုသူအပေါင်း မျက်ရည်ပေါက်ပေါက်၊ အံကြိတ်တက်ခေါက်ရလေအောင် ကြံဆောင်ခဲ့လေသည်။ ဤကား ရခိုင်တော်လှန်ရေး၏ မရိုးနိုင်သော ပြဇာတ်တစ်ပုဒ်ပင်တည်း။

ရခိုင်ပြည်သူအပေါင်း၏ မျှော်လင့်အားထားရာ တော်လှန်ရေးအဖွဲ့တို့သည်ကား ရခိုင်ပြည်နှင့်ဝေးရာ ဒေသအချို့ရှိ အခြားလူမျိုးတို့၏ လက်နက်ကိုင်တပ်များတွင် အဖီဆွဲ၍ အခြေစိုက်လျှက် ရှိကြကုန်၏။ အဖရခိုင်ပြည်အတွက် ကချင်ပြည်အား အစိုးရတပ် ထိပါးလာသောအခါ အသက်ဖြင့်လဲ၍ တိုက်ပွဲဝင်ကြရလေ၏။ အဖရခိုင်ပြည်အတွက် ကရင်ပြည်အား အစိုးရတပ် ထိပါးလာသောအခါ အသက်ဖြင့်ရင်း၍ ခုခံကြရလေ၏။ ရခိုင်ပြည်တွင်း ကုလားသောင်းကျန်းသည့် အခါ၌မူ အနှီတော်လှန်ရေးသမားတို့၏ သေနတ်မှ ကျည်တစ်ချက်ပင် ဖောက်သံ မကြားခဲ့ရချေ။ ရခိုင်တို့၏ အောင်တပ်မတော်ကြီးသည်ကား ဗီဒီယိုအတွင်းမှ စစ်ရေးပြလျှက် ပြည်သူတို့၏ လက်ခုပ်သံအား ခံယူလျှက်ရှိနေသည်။

တချို့ရခိုင်တော်လှန်ရေးသမားတို့သည်ကား ဖေ့ဘုတ်၌ သေနတ်ပုံတင်၍လည်းကောင်း၊ ပြောက်ကျားယူနီဖောင်းဝတ်ပုံ တင်၍လည်းကောင်း၊ သေနတ်ပစ်ခတ်နေသည့်ပုံ တင်၍လည်းကောင်း၊ ယူနီဖောင်းဖြင့် ထမင်းချက်စားနေသည့်ပုံ တင်၍လည်းကောင်း တော်လှန်လျှက် ရှိကြကုန်၏။ ခိုင်လုံသော အကြောင်းပြချက်ကြောင့် မီဒီယာတွင် ယူနီဖောင်းဝတ်ဓာတ်ပုံဖြင့် မမြင်ဖူးခဲ့သော၊ ရခိုင်ပြည်သူ အများစု မကြားဖူးခဲ့သော စစ်ဦးစီးချုပ်တစ်ဦးသည် များမကြာသေးမှီအချိန်က ယူနီဖောင်းအသစ်စက်စက်၌ ပန်းတိမ်ဖိုတွင် အထူးစပယ်ရှယ်ပြုလုပ်ထားသည့် အပွင့်အခက်၊ ကော်လံဂျက်တို့ကို တပ်ဆင်လျှက် ခန့်ငြားစွာ ပေါ်ထွက်လာလေသည်။ တပည့်များကား ဆရာ၏ရုပ်ပုံလွှာအား အများပြည်သူ ဖူးမြော်နိုင်စေရန် အလို့ငှာ အလုအယက် တင်ကြလေသည်။ ဤကား ရခိုင်တော်လှန်ရေးမှ နာမည်ကြီး မော်ဒယ်လ်တချို့၏ ပုံရိပ်မြှင့်တင်ရေးနည်းဗျူဟာပင် ဖြစ်ပေတော့သည်။

အစိုးရနာမည်အပြောင်းအလဲဖြစ်ပြီးနောက်ပိုင်း အမျိုးသားရင်ကြားစေ့ရေးဟု နဖူးစည်းထိုး၍ ပိတ်ထားသည့် တံခါးများကို ဖွင့်လိုက်သည့်အခါ တိုင်းရင်းသားတော်လှန်ရေးသမားတို့ အလျှိုအလျှို ၀င်ထွက်ကြကုန်၏။ ထိုပုဂ္ဂိုလ်များထဲတွင် သမိုင်းကောင်းသော၊ သမိုင်းမကောင်းသော ရခိုင်နိုင်ငံရေး၊ တော်လှန်ရေးသမား တချို့လည်း ပါဝင်လာကြလေသည်။ ကုလားဒဏ်ကြောင့် ထောင်းထောင်းကြေလျှက်ရှိသည့် ရခိုင်ပြည်သည် ၎င်းပုဂ္ဂိုလ်တို့အား သောင်းသောင်းဖြဖြ ကြိုဆိုလေ၏။ လူအများအပြားရှေ့ မဟောရသည်မှာ ကြာခဲ့ပြီဖြစ်သဖြင့် အနှီပုဂ္ဂိုလ်တို့မှာ ပရိသတ်ဗိုလ်ပါတို့အလယ်တွင် မိုက်ခဲခြင်းအာသာအား တ၀ကြီး ဖြေကြလေတော့သည်။ ဓာတ်ပုံတို့ကား ပလူပျံလျှက်။ သို့သော် စင်ပေါ်၌ မည်သည့်အကြောင်းအရာကို ဟောသနည်း၊ ဟောသောအကြောင်းအရာတွင် ရခိုင်ပြည်အတွက် အကျိုးရှိစေမည့် အချက်မည်မျှပါသနည်း ဟူသောမေးခွန်းအတွက် အဖြေရှာမရချေ။ ပြန်ကြားရေးလုပ်သည့် ပုဂ္ဂိုလ်များကား ဓာတ်ပုံသာ လှိုင်လှိုင်တင်လျှက် ရှိကြလေကုန်၏။ ဤသည်ကား နိုင်ငံရေးဇာတ်ခုံပေါ်တက်စ တော်လှန်ရေးသမားအချို့၏ ပါဖောင်းမန့် တစိတ်တဒေသပင်တည်း။

များမကြာသောကာလတွင် ရခိုင်ပြည်၌ ရခိုင်အမျိုးသားညီလာခံကြီးကို ဆင်ယင်ကျင်းပရန် ရခိုင်နိုင်ငံရေး၊တော်လှန်ရေးလောကမှ ပုဂ္ဂိုလ်အချို့ ကြိုးပမ်းလျှက် ရှိကြသည်။ အဆိုပါညီလာခံအား အကြောင်းပြု၍ ပြည်ပမှ ရခိုင်တော်လှန်ရေး၊ နိုင်ငံရေးအင်အားစုတို့ အိမ်ပြန်လာကြပေအုန်းမည်။ အစိုးရ၏ လူလည်ကြီးများ၊ ကလိမ်ကကျစ်များဖြင့် ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့သည် ပြည်ပမှဝင်လာမည့် ရခိုင်အင်အားစုများတွင်းမှ ကျပ်မပြည့်သည့်၊ ရိုးအသည့် ပုဂ္ဂိုလ်များ၊ ကိုယ်ကျိုးရှာမည့် ပုဂ္ဂိုလ်များအား ဆည်ဝမှ စောင့်သည့်ဗျိုင်းကဲ့သို့ ဖမ်းစားရန် စောင့်ဆိုင်းလျှက် ရှိနေသည်။ အစိုးရအဆက်ဆက်သည် တိုင်းရင်းသားများအား နလပိန်းတုံးအဖြစ် ရှုမြင်ကြသော်လည်း ယခုအချိန်တွင် အနှီငြိမ်းချမ်းရေးဖော်ဆောင်သည့် ပုဂ္ဂိုလ်များ၏ လက်ထဲတွင် ၎င်းတို့ဆက်ဆံရမည့် တိုင်းရင်းသား တော်လှန်ရေးသမားတစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက်၊ အကျင့်စရိုက်စသည့်တို့ကို လေ့လာပြုစုထားသော မှတ်တမ်းများ ရှိပြီးဖြစ်နေမည်မှာ မြေကြီးလက်ခတ်မလွဲပင်။ အချိုကြိုက်သူကို အချိုနှင့်မျှား၊ အချဉ်ကြိုက်သူကို အချဉ်နှင့်မျှား၊ အမြှောက်ကြိုက်သူအား ဂွေးတက်အောင် မြှောက်ပေး၍ နဖားကြိုးထိုးရန် ၀န်လေးလိမ့်မည် မဟုတ်ချေ။ ထိုကဲ့သို့သော အခြေအနေများအား ရင်ဆိုင်ရန် ပြည်တော်ပြန်မည့် ရခိုင်နိုင်ငံရေးသမားအချို့မှာ အဆင်သင့်ဖြစ်ပုံ မရသေးချေ။ စင်ပေါ်တင်၍ ကြိုးဆွဲကခိုင်းခြင်းခံရမည့် အလားအလာရှိသူ များစွာရှိနေလေသည်။

ရခိုင်သားမှန်လျှင် များသောအားဖြင့် အတ္တကြီးကြသည်။ သို့သော် နိုင်ငံရေးနယ်ပယ်သည် အတ္တအား ရှေ့တန်းတင်ရမည့် နေရာမဟုတ်ချေ။ ပြည်တွင်းရခိုင်နိုင်ငံရေးလောက၏ လတ်တလောအနေအထားတချို့အား ဖြတ်သွားဖြတ်လာ စောင်းငဲ့ကြည့်သည့်အချိန်တွင် ကိုယ့်အိမ်ကွင်း၌ ဒိုင်မရှိပဲ အသင်းသားအချင်းချင်းလူချကစားနေကြသည့် ကစားသမားတချို့ကို တွေ့ရသည်။ ပြိုင်ဖက်အသင်းခြေထောက်အောက် ဘောလုံးရောက်နေချိန်တွင် ခံစစ်ကိုစုစည်းရန် မစဉ်းစားပဲ နေရာလုကြသည်။ ခြေထိုးကြသည်။ သက်သေအထောက်အထားမရှိပဲ အပြန်အလှန် အပုပ်ချနေကြသည်။ အနှီပုဂ္ဂိုလ်များအတွက် မေးခွန်းတစ်ခုရှိနေသည်။ ပါတီနှင့်ရခိုင်ပြည် မည်သည်ကို ပိုချစ်ပါသနည်း။ ရခိုင်ပြည်အား ပိုချစ်သည်ဆိုလျှင် လက်ရှိစိတ်ဓာတ်အား အချိန်မှီ ပြင်ဆင်ရန်လိုအပ်ပေသည်။ အိမ်ကွင်း၌ကစားမည့်ပွဲတွင် အနှီစိတ်ဓာတ်၊အကျင့်စရိုက်တို့ဖြင့် ယှဉ်ပြိုင်မည်ဆိုပါက ပရိတ်သတ်ထံမှ ရေသန့်ဗူးခွံနှင့် ဖိနပ်များရောက်လာပေလိမ့်မည်။ ရခိုင်တို့တချိန်တည်း ယှဉ်ပြိုင်ကစားရမည့် ပြိုင်ဖက်သည် တစ်သင်းတည်း မဟုတ်ချေ။ အစိုးရအသင်း၊ ဒီမိုအသင်းနှင့် ကုလားအသင်းတို့သည် ဗျူဟာမြောက်စွာဖြင့် ရခိုင်အသင်းအား အရှက်တကွဲရှုံးနိမ့်အောင် အလဲထိုးရန် အဆင်သင့်ရှိနေလေသည်။ ရခိုင်သားအပေါင်းကား တော်လှန်၍ ကောင်းနေဆဲပင်။

ရခိုင်ပြည်၏ အနာဂတ်သည် ပြည်တွင်းအခြေစိုက်သည့် ရခိုင်နိုင်ငံရေးအင်အားစုများ၊ ပြည်ပအခြေစိုက်သည့် တော်လှန်ရေး၊နိုင်ငံရေး အင်အားစုများ၏ ဟန်ချက်ညီညီ ကြိုးပမ်းအားထုတ်မှုများပေါ်တွင် လုံးလုံးလျားလျား မှီခိုလျှက်ရှိသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖက်ဒရယ်ပြည်ထောင်စုစနစ် မဖြစ်သေးသည့် အနေအထားတွင် ပြည်နယ်အစိုးရများ၏ အာဏာရရှိမှုမှာ အကန့်အသတ်များစွာ ရှိနေသကဲ့သို့ ဗဟိုအစိုးရ၏ ရွေးချယ်ခံပုဂ္ဂိုလ်များ ပါဝင်နေခြင်းသည်လည်း ရခိုင်ပြည်တွင်း နိုင်ငံရေးလှုပ်ရှားသူများအတွက် အကျဉ်းအကြပ်ဖြစ်လျှက် ရှိနေသည်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီခေတ်တလျှောက် တခြားဒေသများနှင့် မတူပဲ ရခိုင်ပြည်အတွင်း ပြည်နယ်ပါတီဥက္ကဌမှသည် မြို့နယ်ရပ်ကွက် ကျေးလက်ပါတီယူနစ်အထိ ရခိုင်သားများသာ ခန့်အပ်ခံခဲ့ရဖူးသည်။ သို့သော် ယခု ပြည်နယ်အစိုးရမှ ကြံ့ခိုင်ရေးပါတီဝင်ရခိုင်များကဲ့သို့ လူမျိုးထက် ဗဟိုအစိုးရကိုသာ သစ္စာခံသည့် ဗိုလ်ချုပ်စောဖြူအပါအ၀င် ရခိုင်မဆလများကြောင့် ရခိုင်ပြည်၏ နဂိုအရောင် မပြောင်နိုင်ခဲ့ချေ။ လက်ရှိမျိုးဆက် ခံစားနေရသည့် ဒုက္ခဆင်းရဲအစုစုတို့သည် ယခင်မျိုးဆက်တို့၏ အသုံးမကျမှုကြောင့်ဟု ယတိပြတ်ပြောနိုင်သည့် အထောက်အထားများစွာ ရှိနေသည်။ ယခုအချိန်တွင် လက်ရှိမျိုးဆက်၌ ယခင်မျိုးဆက်တို့၏ အသုံးမကျမှုတို့ကို အဖတ်ဆည်၍ အဖရခိုင်ပြည်အား ပြန်လည်ကယ်တင်ရန် အခွင့်အရေးတစ်ရပ် ရှိနေလေသည်။ မည်သို့မည်ပုံ ကြိုးပမ်းအားထုတ်ကြပါမည်နည်း။

အဖရခိုင်ပြည်သည် အဝေးမှပြန်လာမည့် မျိုးချစ်ပုဂ္ဂိုလ်များအား ငံ့လင့်နေလေသည်။ သို့သော် Self-promotion လုပ်မည့် မျိုးခြစ်ပုဂ္ဂိုလ်များသာ ၀င်လာလျှင် နူရာဝဲစွဲ၊ လဲရာဖိထောင်းခံရသည့် ဘ၀သို့ ဆိုက်ရောက်သွားပေလိမ့်မည်။ နာတာရှည်လူမမာအတွက် အမှန်တကယ် နားလည်တတ်ကျွမ်း၍ စေတနာရှိသော သမားတော်သာလျှင် အသင့်တော်ဆုံးဖြစ်ပေလိမ့်မည်။ လူမမာကုရန်အတွက် ပျောက်စေဆရာ၊ အောက်လမ်းအထက်လမ်း၊ နတ်ကတော်တို့ ကြွရောက်လာလျှင် အနှီလူမမာ စောစီးစွာ အသက်ထွက်ပေအံ့။ ပြီးခဲ့သည့် ဆယ်စုနှစ်နှစ်စုစာ ကာလအတွင်း ရခိုင်ပြည်မှ ပြင်ပသို့ ထွက်ခွာသွားသူများထဲတွင် အနည်းအကျဉ်းသာ ရခိုင်ပြည်သို့ ပြန်လာနိုင်ခဲ့ကြသည်။ အိမ်နီးချင်းနိုင်ငံများတွင် ကြုံရာကျဘန်းဘ၀ဖြင့် ငွေစုပြီး ရခိုင်ပြည်သို့ ပြန်လာသောအခါ ပါလာသည့်ငွေဖြင့် အထိုင်ချရန်မဖြစ်နိုင်သဖြင့် လာရာလမ်းသို့ ပြည်လှည့်ကြရသူများလည်း တပုံတခေါင်းပင်။ တချို့သော ပြည်ပမှပြန်လာသူများသည် အဖရခိုင်ပြည်အတွက် ဒုက္ခများအား ပါဆယ်ထုတ်၍ ပြန်လာကြသည်။ HIV ရောဂါပိုးပါလာသူ၊ အေအိုင်ဒီအက်ရောဂါဖြင့် ဘ၀၏ နောက်ဆုံးအချိန်ကို ရောက်နေသူ၊ မူးယစ်ဆေးဝါးသုံးစွဲသူ၊ မူးယစ်ဆေးဝါးများအား ရခိုင်ပြည်တွင်း ပြန်လည်ဖြန့်ဖြူးသူ အစရှိသော ပုဂ္ဂိုလ်တို့ကြောင့် ဌာနေကျန်ရခိုင်သားတို့မှာ နူရာဝဲထပ်စွဲခံကြရပြန်သည်။ တခြားဒေသများနည်းတူ လာဘ်ပေးလာဘ်ယူ၊ အဂတိလိုက်စားမှု၊ ဒုစရိုက်မှု ထူပြောသည်မှန်သော်လည်း ရိုးမခြား၍ တပါးနယ်အသွင် အလုံပိတ်နေသည့် ရခိုင်ဒေသသည် တခြားနယ်များထက် တရားဥပဒေစိုးမိုးမှု ပိုမိုနည်းပါးပြီး အလွန်အကျွံ ဖြစ်ချင်တိုင်းဖြစ်နေသည့် အခြေအနေမျိုးအား ရင်ဆိုင်နေရသည်။ ၀န်နှင့်အား မမျှသည့်အတွက်ကြောင့် ပြည်တွင်းအခြေစိုက် ရခိုင်နိုင်ငံရေးအင်အားစုတို့မှာ အနှီအချင်းအရာတို့အား စိတ်ပျက်လက်ပျက် လက်ပိုက်ထိုင်ကြည့်နေကြရသည်။ ၎င်းပြဿနာထက်ဆိုးသော ဘင်္ဂလီဆူပူသောင်းကျန်းမှုကိုသာ အာရုံစိုက်နေကြရသည်။ ထို့ကြောင့် အိမ်ပြန်လာမည့် အဝေးရောက် ရခိုင်နိုင်ငံရေးအင်အားစုတို့သည် ပြည်တွင်းအင်အားစုတို့ ထမ်းနေရသည့် မနိုင်ဝန်အား ကူညီထမ်းဆောင်ရန် ပြင်ဆင်ထားကြပါ၏လော။

ဘင်္ဂလီဆူပူသောင်းကျန်းမှုကြောင့် ဒေသလုံခြုံရေးအခြေအနေ စိတ်မချရသေးသော်လည်း ပြည်ပရောက်ရခိုင်သားတို့မှာ တစစပွင့်လင်းလာသော မြန်မာ့နိုင်ငံရေးအခြေအနေကို အားကိုးလျှက် အိမ်ပြန်ရန် မျှော်လင့်နေကြသည်။ သို့သော် အနှီပုဂ္ဂိုလ်တို့ အိမ်ပြန်ရောက်ချိန်တွင် မည်သို့မည်ပုံရပ်တည်ရမည်ကို ကာယကံရှင်များပင် မှုန်ဝါးဝါးဖြစ်နေဆဲဖြစ်သည်။ နိုင်ငံရပ်ခြားတွင် နှစ်ရှည်လများ ကြာခဲ့သည်နှင့်အမျှ အနှီပုဂ္ဂိုလ်များတွင် သင့်တင့်လျောက်ပတ်သော အသက်မွေးဝမ်းကျောင်းပညာ၊ လုပ်ငန်းအတွေ့အကြုံစသည်တို့ ပါလာကြမည်မှာ မုချပင်။ ၎င်းတို့တတ်ကျွမ်းသော ပညာရပ်များသည် အခွင့်အလမ်းသာ ရှိပါက အဖရခိုင်ပြည်အား ပြန်လည်တည်ဆောက်ရာတွင် အုတ်တစ်ချပ်၊သဲတစ်ပွင့်မက အသုံးတည့်မည်မှာ မလွဲပင်ဖြစ်သည်။ သို့သော် အနှီအခွင့်အလမ်းအား မည်သူတို့ ပုံဖော်ကြပါမည်နည်။ ရခိုင်တော်လှန်ရေး၊ နိုင်ငံရေးသမားတို့မှလွဲ၍ အနှီပုဂ္ဂိုလ်တို့အတွက် ဆောင်ကြဉ်းပေးနိုင်မည့်လူ မမြင်ချေ။ ထို့ကြောင့် ရှေ့ဆုံးမှအိမ်ပြန်ဝင်လာကြသည့် ရခိုင်နိုင်ငံရေးအင်အားစုများနှင့် ဒေသအခြေစိုက်နိုင်ငံရေးအင်အားစုများ၏ ပုခုံးထက်၌ အဆိုပါတာဝန်ကြီးတစ်ရပ် တည်ရှိနေသည်ကို ကွက်ကွက်ကွင်းကွင်း မြင်နိုင်သည်။ အိမ်ပြန်ရင်ငံ့လင့်နေကြသည့် အဝေးရောက်ရခိုင်သားများ ညစဉ်ရက်ဆက် မက်လျှက်ရှိသည့် အနာဂတ်အိမ်မက်တို့သည် ထိပ်ဆုံးတွင်ရပ်တည်နေကြသည့် ရခိုင်လူမျိုးများ၏ ကြိုးပမ်းအားထုတ်မှုအပေါ်တွင် မူတည်နေသည်။ ဤနေရာ၌ ကိုယ်ကျိုးရှာသမားများအတွက် နေရာမရှိချေ။

နေအိမ်ခြံမြေတို့ကို ရောင်းချ၍ ရခိုင်ပြည်၏ပြင်ပသို့ အပြီးတိုင်ထွက်ခွာသွားသူများ၏ နေရာတွင် စီမံကိန်းတို့စတင်သည်နှင့် တပြည်သားတို့ အစားဝင်လာကြသည်။ တရပ်တပါးတွင် အိမ်ငှားဘ၀ဖြင့် ရပ်တည်နေကြသည့် အဝေးရောက်ရခိုင်သားတို့မှာ ရခိုင်ပြည်သို့ ပြန်လည်အခြေချမည့်အချိန်တွင် ယခင်ကဲ့သို့ ကိုယ့်အိမ်ကိုယ့်ယာဖြင့် နေထိုင်နိုင်မည့် အနေအထားမျိုး မရှိတော့ချေ။ အဆိုပါပုဂ္ဂိုလ်တို့သည် ရခိုင်ပြည်၏ လက်ရှိအနေအထားကြောင့် ပြန်လာရန် တွန့်ဆုတ်နေကြပေလိမ့်မည်။ ကိုယ့်အိမ်ကိုယ့်ယာဖြင့် မနေရသော်လည်း ရခိုင်ပြည်၏ပြင်ပ၌ ရပ်တည်နေသည့် ၀င်ငွေအနေအထား၊ အလုပ်အကိုင်အခွင့်အလမ်းမျိုး ရှိမည်ဆိုပါက ၎င်းတို့အနေဖြင့် ပိုင်ဆိုင်သမျှ ထုတ်ပိုးပြီး အဖရင်ခွင်သို့ အပြေးလှမ်းလာကြမည်မှာ ဧကန်မုချပင်။ အနှီပုဂ္ဂိုလ်တို့အား လက်ကမ်းကြိုဆိုရန် ရခိုင်နိုင်ငံရေးအင်အားစုတို့ အစီအစဉ်ဆွဲပြီး ဖြစ်ပါ၏လော။

ဖွံ့ဖြိုးတိုးတက်မှုကင်းမဲ့ခြင်း၊ ပညာရေးအဆင့်အတန်း နိမ့်ပါးခြင်းနှင့် အလုပ်အကိုင်အခွင့်အလမ်း ရှားပါးခြင်းတို့ကြောင့် ဌာနေကျန်ရခိုင်သားများ၏ နေထိုင်ရပ်တည်ရေးသည် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုအား တိုက်ရိုက်အကျိုးသက်ရောက်စေသည်။ နေ့စဉ်ရပ်တည်ရေးအတွက် စည်းကမ်းမဲ့ သစ်ဝါးခုတ်မှု၊ မီးသွေးဖုတ်မှုနှင့် အထိန်းအကွပ်မရှိ ပုဇွန်ကန်များကြောင့် ရခိုင်ပြည်ရှိ သစ်တောများ၊ ဒီရေတောများမှာ တစ်နှစ်ထက်တစ်နှစ် ထိခိုက်ပျက်စီးနေရသည်။ နှစ်စဉ်ဆိုင်ကလုန်းမုန်တိုင်းဒဏ် ခံနေရသည့် ရခိုင်ပြည်၏ သဘာဝတံတိုင်းများအား ရခိုင်သားတို့ကိုယ်တိုင် ဖျက်ဆီးနေခြင်းပင်တည်း။ ထို့အပြင် ငါး၊ပုဇွန်များ မျိုးပွားရာ ချောင်းငယ်ကမ်းပါးတွင် နေ့စဉ်ဝမ်းစာအတွက် ဂျမ်းပိုက်ဆွဲခြင်းကြောင့် ငါးပုဇွန်များမျိုးသုန်းပျက်စီးမည့် အခြေအနေမှာလည်း တစ်နှစ်ထက်တစ်နှစ် ပိုမိုဆိုးရွားလာနေသည်။ ဤအတိုင်းဆက်သွားမည် ဆိုပါက လာမည့်နှစ်ငါးဆယ်ကျော်ကာလတွင် ရခိုင်ပြည်သည် လက်ရှိဘင်္ဂလားဒေ့ရှ်၏ အနေအထားသို့ သက်ဆင်းသွားပေလိမ့်မည်။ မည်သို့မည်ပုံ တားဆီးကြပါမည်နည်း။

ရေနက်ဆိပ်ကမ်း စီမံကိန်းကြောင့် ရခိုင်ပြည်သည် ပြန်လည်စည်ကားလာမည့် အလားအလာများစွာ ရှိနေသည်။ သို့သော် ရခိုင်ပြည်၌ ရခိုင်သားတို့ ပြန်လည်မစုစည်းနိုင်လျှင် အနှီစည်ကားမှု၊ ဖွံ့ဖြိုးတိုးတက်မှုတို့သည် တပါးလူမျိုးအကျိုးအတွက်သာ ဖြစ်နေပေလိမ့်မည်။ စီမံကိန်း၏ ပထမအဆင့် အခြေခံအဆောက်အအုံများ တည်ဆောက်သည့် ကာလ၌ပင် ဒေသခံရခိုင်အများစုမှာ ပေါ်လာသော အလုပ်အကိုင်အခွင့်အလမ်းများတွင် အရိုးအရင်းသာ ကိုက်ရသည့် အနေအထားတစ်ရပ်တွင် ရှိနေလေသည်။ အဘယ်ကြောင့်ဖြစ်ပါသနည်း။ အစိုးရက ရခိုင်မြေမှ ဈေးပေါပေါဖြင့် ချရောင်းလိုက်သည့် စီမံကိန်းများသည် တစ်ဖက်ရင်းနှီးမြှုပ်နှံသူများ၏ အလိုကျ တည်ဆောက်နေရခြင်းကြောင့် ဖြစ်သည်ဟုပြောလျှင် မှားမည်မထင်ပေ။ သို့သော် အနှီစီမံကိန်းတို့ မစတင်မှီကာလက ဒေသခံရခိုင်တို့မှာ ရောက်ရှိလာမည့် စိမ်ခေါ်မှုများ ရင်ဆိုင်ရန် (သို့) အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေးအတွက် ကြိုတင်ပြင်ဆင်ထားရန်၊ လေ့ကျင့်ထားရန် ပျက်ကွက်ခဲ့ကြသည်။ နိုင်ငံရေးအင်အားစုများဖက်မှလည်း ထိရောက်စွာ ထိုးဖောက်နိုင်စွမ်း မရှိခဲ့မှုကြောင့် အခြေခံအဆောက်အအုံ တည်ဆောက်ရေး လုပ်ငန်းများတွင် ဒေသခံရခိုင်သားတို့မှာ နိုင်ငံခြားသားအလုပ်သမားများ၏ လက်တိုလက်တောင်း အခိုင်းခံ နေ့စားအလုပ်ကြမ်းသမားများဘ၀သို့ သက်ဆင်းခဲ့ရသည်။ နည်းပါးသည့် လုပ်ခလစာများကိုသာ ရရှိခဲ့ကြသည်။

များမကြာမှီကာလတွင် အနှီရေနက်ဆိပ်ကမ်းတို့၌ နိုင်ငံတကာ ပင်လယ်ကူး သင်္ဘောများစွာ ဆိုက်ကပ်လာပေလိမ့်မည်။ အလုပ်အကိုင်အခွင့်အလမ်းများစွာ ထပ်မံပေါ်ပေါက်လာပေအုန်းမည်။ နဂိုရှိရင်းစွဲအနေအထားဖြင့် ဒေသခံရခိုင်သားတို့ အနှီအခွင့်အလမ်းများအား ပြည့်ပြည့်၀၀ဖမ်းဆုတ်နိုင်ပါမည်လော။ ရာနှုန်းပြည့်ပေါ်ထွက်လာရန် အလားအလာရှိသည့် လုပ်ငန်းရပ်များစာရင်း၊ အနှီလုပ်ငန်းများတွင် ၀င်ရောက်လုပ်ကိုင်မည့် ကျွမ်းကျင်လုပ်သားဦးရေ၊ လေ့ကျင့်သင်ကြားပေးရန် လိုအပ်သည့် အခြေအနေများ၊ အသေးစားရင်းနှီးမြှုပ်နှံမှုများတွင် ဒေသခံနှင့် ပြည်ပအခြေစိုက် ရခိုင်စီးပွားရေး လုပ်ငန်းရှင်များ ပါဝင်နိုင်မည့် အခွင့်အရေးများ၊ ရေရှည်ရင်းနှီးမြှုပ်နှံမှုများအား ဒေသအကျိုးဖြစ်ထွန်းစေရေးအတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဇယား(၂)ပါ ပြဌာန်းချက်များကို အခြေခံ၍ စည်းမျဉ်းစည်းကမ်းများ သတ်မှတ်ရန် အချက်အလက်များ စသည့် ဗျူဟာမြောက် အစီအစဉ်များအား ကြိုတင်ချမှတ်ရန် မဖြစ်မနေလိုအပ်ပေသည်။ ဥပမာအနေဖြင့် ဆိပ်ကမ်းလုပ်ငန်းတွင် မရှိမဖြစ်သည့် သယ်ယူပို့ဆောင်ရေး (Logistic) လုပ်ငန်းရပ်များတွင် ဒေသခံရင်းနှီးမြှုပ်နှံသူများအား ဦးစားပေးလုပ်ကိုင်ခွင့်ရရှိလျှင် ဒေသခံလုပ်သားတို့အတွက် အလုပ်အကိုင်အခွင့်အလမ်းများစွာ ပေါ်ပေါက်လာမည်မှာ မြေကြီးလက်ခတ်မလွဲပင် ဖြစ်သည်။ သို့သော် ယခုအချိန်တွင် ဒေသခံတို့အနေဖြင့် သင်္ဘောတစ်စင်း ဆိုက်ကပ်သည်နှင့် လှေလေးလှော်၍ အစားအသောက်သွားရောင်းမည့် အဆင့်မျိုးသာ စဉ်းစားနေလျှင် ထိုအဆင့်ဖြင့်သာ ရခိုင်သားတို့ ကျန်ရစ်ပေလိမ့်မည်။

ရခိုင်သားတိုင်း အိမ်ပြန်လိုကြသည်။ ၎င်းတို့၏ဆန္ဒအား ဖြည့်ဆည်းပေးရန်မှာလည်း ရခိုင်သားတိုင်း၏ တာဝန်ပင်ဖြစ်သည်။ ရေမြင့်လျှင် ကြာတင့်မည်မှာ လောကနိယာမပင်တည်း။ အရာရာ နောက်မကျမှီ အခါသမယတွင် ရခိုင်ပြည်တွင်း၊ ရခိုင်ပြည်ပြင်ပနှင့် နိုင်ငံရပ်ခြားတွင် အခြေစိုက်နေထိုင်လျှက် ရှိနေကြသည့် ရခိုင်လူမျိုး တတ်သိပညာရှင်အားလုံး ပူးပေါင်းအားထုတ်ကြမှသာ လိုရာပန်းတိုင်သို့ ရောက်ကြရပေလိမ့်မည်။ အိမ်ပြန်လမ်းတွင် ရွှေအိုးထမ်း၍ မလာနိုင်သော်လည်း မွေးရပ်မြေ၌ ရခိုင်သားတို့ ရွှေအိုးများစွာ တူးဖော်နိုင်ကြပေလိမ့်မည်။ ကိုယ့်ရပ်ကိုယ့်ရွာ၌ ကိုယ့်သွေးသားတို့ စုစည်းမိသည့် တစ်နေ့တွင် ရခိုင်ပြည်အား မည်သူထိပါးဝံ့မည်နည်း။ ရခိုင်သားတို့ မည်သူ့ထံတွင် အောက်ကျို့ခံရမည်နည်း။ ပန်းကျင်းစည်သံဟိန်း၍ ရန်မီးတို့ငြိမ်းသည့်အချိန် ၀ံလက်၏အားမာန်ဖြင့် ရက္ခိတတို့ အောင်လံလွှင့်ထူနိုင်စေကြောင်း ဆုတောင်းလျှက်….

ရက္ခိုင်သားလေ ..သာစွလေ
သာယာအီးလေ.. သာစွလေ။

ငချွန်းယေ
26.3.2014(4:40AM)
မှတ်ချက်။ ရခိုင်သားများသာ ၀င်ရောက်ဖိုက်ကြပါရန်

0 comments:

Post a Comment