skip to main |
skip to sidebar
ဘွရှင်၏ အချစ်များ အပိုင်း(၁)
ဘွရှင်၏ အချစ်များ
အသက် ၁၅နှစ် မရိုးမရွဖြစ်စအရွယ်...
ပြင်ကောက် Tin Ma Ma တို့ရွာကို တောကြက်တောင်ဘုရားပွဲကနေ အလည်သွားတာ
ရောက်တာနဲ့ အဲကသူငယ်ချင်းတွေက အုန်းရည်အရက်(ဓနိရည်အရက်)၊
မရမ်းသီးတစ်တောင်း၊ဆားတစ်ခွက်၊ ရှမ်းဒေါင်းတစ်စည်းနဲ့ ဧည့်ခံကြတယ်။
ကျွန်တော်တို့ကျေးလက်ဒေသရဲ့ ထုံးစံအရ ရောက်လာတဲ့ဧည့်သည်ကို
လိုလေးသေးမရှိအောင်ဧည့်ခံတဲ့နေရာမှာ တကယ့်ရှာမှာရှား။အိမ်မှာကြက်ရှိရင်ကြက်၊ ကြက်မရှိရင်ဆိတ်၊ ဆိတ်မရှိရင် နွားပေါ်ကျွေးတယ်ဆိုတဲ့ ဒေသမျိုးတွေ။
စားပြီးသောက်ပြီးတော့ အိမ်ရှင်သူငယ်ချင်းက မေးလာတယ်။ ရည်းစားပြောမလားတဲ့။
ဘွရှင်ကလည်း အဲဒါမျိုးကြုံချင်လို့ တကူးတက ဒီရွာကိုလာတာလေ ခိခိ။
အဲဒါနဲ့ သူငယ်ချင်း လူပျိုခေါင်းက ရွာပတ်ပြီး အပျိုရှာပါလေရော။
ဖြစ်ချင်တော့ ရွာမှာရှိတဲ့အပျိုစာရင်းဝင် အပျိုမတွေက အဲနေ့ညက
ဘုတ်ကင်ပြည့်နေကြတယ်။ သူသွားရှာတဲ့အချိန်ကလည်း နောက်ကျသွားတာကိုး။
ကျွန်တော်တို့ဆီမှာ အပျိုအိမ်ကို သွားလည်ပြီး သူသဘောတူရင်
မီးခွက်လေးရှေ့မှာချ၊ လက်တကမ်းကနေ စကားပြော လူပျိုလှည့်တဲ့
ရိုးရာထုံးစံတစ်ရပ်ရှိပါတယ်။ များသောအားဖြင့် ည၇နာရီလောက်ကနေ
ည၉နာရီလောက်ထိပေါ့လေ။
နောက်ဆုံး ကျွန်တော့်သူငယ်ချင်း ခမျာ
ကျွန်တော့်အတွက်အပျိုမရှာမတွေ့လေတော့ အပျိုစာရင်းမ၀င်သေးတဲ့
၁၄နှစ်သမီးလေးတစ်ယောက်ကို အတင်းစည်းလုံးပြီး ကျွန်တော့်ကို
ဧည့်ခံခိုင်းပါတော့တယ်။ ဖြစ်ချင်တော့ ရပ်ရွာရဲ့တရားဝင်အပျိုစာရင်းဝင်
မဟုတ်လေတော့ မိဘတွေငြိုငြင်မှာစိုးပြီး အိမ်ရှေ့ခန်းမှာ သူများတွေလို
ပြောခွင့်မရပါဘူး။ ဗီဒီယိုရုံဘေးက မြေကွက်လပ်မှောင်ရိပ်စပ်လေးမှာ
နှစ်ယောက်ဆောင့်ကြောင့်ထိုင်ရင်း သမီးရည်းစားစကားပြောခွင့် ရခဲ့ပါတယ်။
ကောင်မလေးကြည့်ရတာ ကျွန်တော့်သူငယ်ချင်းကို အားနာလို့သာ လိုက်လာရတာ တစ်ခါမှရည်းစားပြောဖူးပုံ မပေါ်ပါဘူး။
စထိုင်တာနဲ့ ကျွန်တော်ကနာမည်စမေးပါတယ်။ သူက သူ့နာမည်ကို မပွင့်တပွင့်
တိုးတိုးလေးပြန်ပြောပါတယ်။ စကားတစ်ခွန်းနဲ့တစ်ခွန်းကြားမှာ နှစ်ယောက်သားရဲ့
တံတွေးမြိုချသံက တော်တော်ကျယ်ပါတယ်... ရင်တွေကလည်း ဗရမ်းဗတာခုန်လို့ ခိခိ
ကျွန်တော်က ရှိသမျှသတ္တိတွေစုစည်းပြီး ထပ်မေးလိုက်ပါတယ်..
"ရည်းစားရှိလားငှင်"
နောက်ဆုံး "ဟင်" ဆိုတော့စကားက ရင်ခုန်လွန်းတာကြောင့် တုန်ရီပြီး "ငှင်..."
ဖြစ်သွားပါတယ်။ စကားအဆုံးမှာတော့ "ဂလု"ဆိုတဲ့ တံတွေးမြိုချသံက
ကပ်လိုက်လာပါတယ်။
"အာ!!!! ဘယ်လိုလုပ်ရှိမှာလဲ သမီးက ခုမှ ၁၄နှစ်ပဲရှိသေးတာ ရည်းစားထားရင် အိမ်က သတ်မှာပေါ့"
"တိန်!!!!"
စိတ်ထဲက ရေရွတ်လိုက်တာပါ အင်း... ဘယ့်နှယ်ဆက်ပြောရပါ့...
ကောင်မလေးက သူ့လက်ဝါးနှစ်ဖက်ကို ပွတ်ချေရင်း တိတ်ဆိတ်နေပါတယ်။
ကျွန်တော်ကလည်း ဆက်ပြောစရာစကားလုံးတွေ ရှာမတွေ့လို့
ချွေးပြန်နေတဲ့အချိန်......
ဗီဒီယိုရုံထဲက သီဟတင်စိုးရဲ့
ရဲရဲတောက် တော်လှန်ရေးမိန့်ခွန်းသံနဲ့အတူ အဖွားကြီးတစ်ယောက် ပြာတီးပြာရာနဲ့
ရုံထဲကပြေးထွက်လာပါတယ်။ မှောင်ရိပ်ထဲက ကျွန်တော်တို့နှစ်ယောက်ကို
ဝင်တိုက်မိလုနီးပါး ဖြတ်ပြေးသွားပြီး ကျွန်တော်တို့နဲ့
လက်တကမ်းကျော်ကျော်လောက်မှာ ရုတ်တရက်ရပ်လိုက်ပါတော့တယ်။
အဲဒီနောက်မှာတော့....
ပြင်းထန်တဲ့ ရေကျသံနဲ့အတူ ကျွန်တော်တို့နှစ်ယောက်ရဲ့ ခြေထောက်တွေကို သေးစက်တွေလာစင်ပါတော့တယ်..
ဟဲ့!!သောက်ပလုပ်တုတ်.........ခွီးးးးးးး
ရင်ခုန်မှုတွေ ဘယ်ချောင်ကြားရောက်သွားမှန်း မသိသလို ကောင်မလေးလည်း
ထွက်ပြေးသွားလိုက်တာ လှစ်ခနဲပါပဲ။ ကျွန်တော်လည်း အဘွားကြီးရဲ့
သေးစီးကြောင်း သံစဉ်တွေကြားမှာ မျက်နှာထိလာမစင်ခင်
အလျင်အမြန်ဆုတ်ခွာခဲ့ရပါတော့တယ်။ မှောင်ရိပ်ထဲ သဲသဲကွဲကွဲ မမြင်လိုက်ရတဲ့
မျက်နှာလေးကို တစ်ခါတလေတော့ လွမ်းမိပါရဲ့။။။
ယုံချင်ယုံ မယုံချင်နေ
ဘွရှင်ရဲ့ ပထမဦးဆုံး လတ်လတ်ဆတ်ဆတ်ရင်ခုန်သံတွေဟာ သေးကွက်နဲ့အတူ ရေစုန်မျှောခဲ့ရပါတယ် ပိတ်သတ်ကြီးရယ် ဟင့်
0 comments:
Post a Comment