ပေါက်ကရ လေးဆယ်

Subscribe:

Tuesday, December 18, 2012

သိုင်းလောက၏ စိမ်ခေါ်သံ (တတိယပိုင်း)


သိုင်းလောက၏ စိမ်ခေါ်သံ (တတိယပိုင်း)

သိုင်းလောက၏ အခြေအနေကား ဆူပွက်သယောင်ယောင်၊ ငြိမ်သက်သယောင်ယောင် ခန့်မှန်းရခက်လှသည်။

ဆယ့်နှစ်လေးလုံးပူး အထိမ်းအမှတ်အဖြစ် ကမ္ဘာပျက်မည်ဟူသော ဟောကိန်းကိုအံတုလျက် ရှောင်လင်ဂိုဏ်းက အောင်လံတလူလူလွင့်၍ ချီတက်လာသည်။ လူအများက ၀ူတန်းဂိုဏ်းနှင့် ထိပ်တိုက်တိုးလျှင် ယခင်ကဲ့သို့ အနိဌာရုံများမြင်ရတော့မည်ဟု စိုးရိမ်ထိတ်လန့်လျက်ရှိနေကြသည်။ သို့သော် ၀ူတန်းဂိုဏ်းကား ပါးနပ်လှချေသည်။ ဤတစ်ကြိမ်၌ လူအများကဲ့ရဲ့ခံရမည့်အရေးကို လိမ္မာပါးနပ်စွာရှောင်ရှားသွားသည်။ သို့သော် ရှောင်လင်ဂိုဏ်း၏ လူတန်းရှည်အနီးတွင်မူ ကင်မရာလျှပ်စီးလက်သံများက တဖြတ်ဖြတ်...။ရှောင်လင်ဂိုဏ်းသည် အစဉ်အလာအရ ပြည်သူဖက်မှ မားမားမတ်မတ်အနစ်နာခံ ရပ်တည်ခဲ့သည်။ ထို့အတွက် ခေတ်အဆက်ဆက် အသက်စွန့်သွားခဲ့ရသူ ကိုယ်တော်များမှာ ဒုနှင့်ဒေးပင်။ သို့သော် ဤတစ်ကြိမ်တွင်မူ ရှောင်လင်ကိုယ်တော်တချို့ ကုန်းဆင်းတွင် ဘီးတပ်ခံလိုက်ရသည်ဟု ဖွဘုတ်သတင်းရပ်ကွက်မှ အသံသဲ့သဲ့ထွက်လာသည်။ ကိုယ်ယောင်ဖျောက်ထားသော ပွဲဖြစ်မြောက်ရေး ကော်မတီသည် သိုင်းလောကထဲတွင် လျှို့ဝှက်ဝင်ရောက်လှုပ်ရှားနေသည်မှာ အချိန်ကာလအတိုင်းအတာတစ်ခုထိ ကြာမြင့်နေပြီဖြစ်ကြောင်း သိုင်းလောကအကဲခတ် ဆန်းစစ်လေ့လာသူများက ပွားကြသည်။ ယခင်က မိမိသဘောဆန္ဒအလျောက် မဟုတ်မခံ သတ္တိမာန်ဖြင့် အများပြည်သူအတွက် အနစ်နာခံရဲကြသော်လည်း သိုင်းလောက၏ အကြီးကျယ်ဆုံး အရေးအခင်းတစ်ခုဖြစ်သည့် ရွှေဝါရောင်တော်လှန်ရေးကာလအပြီး အချို့အတွက် ယခင်ကဲ့သို့ သတ္တိသွေးများနိုးထရန် ခေတ်နှင့်အညီ ပွဲစီစဉ်သူ(၀ါ)အော်ဂနိုက်ဇာ လိုလာသည်။ ထို့ကြောင့် လျှို့ဝှက်ပွဲဖြစ်မြောက်ရေးကော်မတီမှာ အလုပ်ဖြစ်လျှက်ရှိသည်။

အော်မေ့ဂိုဏ်းချုပ်ကိုယ်တိုင်က လက်ပတောင်းသူရဖူလုပွဲ သွေးမြေကျမှုများနှင့်ပတ်သက်၍ တရားဥပဒေအတိုင်း တိတိကျကျစစ်ဆေး ဖော်ထုတ်အရေးယူပါမည်ဟု ကတိပြုထားသည့်တိုင် ပွဲစီစဉ်သူများက ပွဲဖြစ်မှ ပွဲစားခရမည်ဖြစ်သဖြင့် ရှောင်လင်များအား စည်းရုံးကြသည်။ ရှောင်လင်ဂိုဏ်း၏ သဘောသဘာဝအရ မတရားမှုကို လက်ပိုက်ကြည့်မနေနိုင်ခြင်းကြောင့် တစ်ပါးပါသည်နှင့် နောက်မှအပါးတစ်ရာ ပါဝင်လာကြသည်။ ရှေ့ဆုံးတန်းကိုသာ ဘီးတပ်ပေးရန်လိုသည်၊ နောက်တန်းကား အလိုအလျှောက်လိမ့်ပြီးသားပင်....။(ဤကား ဗေဒ၀ိဇ္ဇာ ပလေတိုဒီမို၏ အလိုတည်း)

ဤတွင် အဖြူရောင်သိုင်းလောက၌ စိတ်ဝမ်းကွဲပြားမှုများ ဖြစ်ပေါ်လာတော့သည်။ တဖက်က ဤသို့လုပ်ဆောင်ခြင်းသည် အပိုသက်သက်ဖြစ်သည်၊အကျိုးမရှိ။ တဖက်ကမူ လိုအပ်၍လုပ်သည်ဟူ၍ စောဒကတက်ကြသည်။

ဝူတိန့်ရှိန်ကား ပြုံးနေသည်။ လက်ဝဲရံဆင်ထားသော ထောင်ချောက်သည် အသက်ဝင်လာပြီဖြစ်သည်။ မကြာခင်ကျင်းပတော့မည့် သိုင်းလောကပထမဓားနေရာလုပွဲတွင် သူအလွယ်တကူအနိုင်ရတော့မည်ဟု တစ်ယောက်တည်းတွေးကာ စိတ်ချမ်းသာလျက်ရှိသည်။ သို့သော်....

********************************************

ဝမ်ကျားပေါင်၏ သံတမန်ကား သိုင်းလောကသားများအလယ်တွင် သတင်းစာရှင်းလင်းပွဲ လုပ်နေသည်။

"၀တို့မဆိရင် နီတို့ဘာဖစ်တွားမယ်ထင်လဲ.. ၀တို့က နီတို့သိုင်းလောကဂျီး တာယာစိုပျေဝပျောရေးအတွက် အကူအညီပေးနေတာ ၀တို့က ဆွေမျိုးပေါက်ဖော်လို တဘောထားပီး ဒီနေရာမှာ စီးပွားရေးလာလုပ်တာ ၀တို့ကို အထင်မလွဲပါနဲ့ ၀ တဂယ်စေတနာနဲ့ပြောတာပါ ၀လေ နီတို့ကို အရမ်းချစ်တယ် ၀တို့လူမြိုးဒွေ ဒီကနေထွက်တွားရင် နီတို့အလုပ်လက်မဲ့ဖစ်ကုန်မှာကို မကြည့်ရက်လို့ ၀တို့အနစ်နာခံပီး နေနေရတာ ၀တို့ကို နားလည်ပေးပါ လွန်တာရှိ ၀န္ဒာမိ တွေ့ပချိ တွေ့ပချိ"

သိုင်းလောကသားများကား မဟာဂရုဏာတော်ရှင် သံတမန်ကြီး၏ တော်ကီကြားတွင် သေးပေါက်ချင်သလိုလို၊ ချီးပါချင်သလိုလို ဖြစ်ကုန်ကြသည်။ သံတမန်က ဆက်လက်သြ၀ါဒ ချွေပြန်သည်။

"၀တို့က ပွိလင်းမှုကို ကြိုက်ဒယ် ဘာလုပ်လုပ် ပွိပွိလင်းလင်းပဲ လုပ်ဒယ် နီတို့အထင်လွဲနေသလို မီးလောင်ဗုံးဟာ ၀တို့ဆီကပေးတာ မီဟုတ်ဘူး ဘယ်ကရလဲ ၀လည်းမတိဘူး ၀တို့နော် ပစ်စီးအကောင်းစားဒွေပဲ ထုတ်တယ် မီးလောင်ဗုံးနော် အဲဒါအပေါစား ၀တို့အဲဟာမျိုး မသုံးဘူး"

သံတမန်၏ သတင်းစာရှင်းလင်းပွဲအပြီးတွင် သိုင်းလောက၌ ထိုကိစ္စနှင့်ပတ်သက်၍ ပွက်လောရိုက်သွားပြန်သည်။ ၀မ်ပေါင်းဂိုဏ်းက လက်ပတောင်းသရဖူလုပွဲတွင် သုံးသောဗုံးမှာ မီးလောင်ဗုံးဖြစ်သည်ဟု ပွင့်ပွင့်လင်းလင်း ၀န်ခံကာ ကိုယ်ဖော့ပညာဖြင့် ရှောင်တိမ်းသွားချေပြီ။ သိုင်းလောကတစ်ခုလုံး၏ လက်ညှိုးတို့သည်ကား သွပ်ဒိုင်းကိုကိုနှင့် ၀ူတန်းဂိုဏ်းသို့ တပြိုင်နက်ထိုးလာချေပြီ။

*******************************************
ထိုသို့ အခြေအနေရှုပ်ထွေးနေစဉ်ကာလအတွင်း ထိုင်းနယ်စပ်အနီးတွင် အခြေစိုက်သော သိုင်းဂိုဏ်းတို့ လက်နက်အစုံအလင်ဖြင့် ငြိမ်းချမ်းစွာစစ်ရေးပြ အဲလေ ဆန္ဒပြကြလေသည်။ ၀ူတန်းဂိုဏ်း၏ သွပ်ဒိုင်းများကား အမြီးကုပ်လျှက် အီးပင်ကျယ်ကျယ်မပေါက်ဝံ့ကြချေ။ ပေါက်လျှင်လည်း တဖက်က ၎င်းတို့အီးထက်အသံပိုကျယ်သော လက်ပစ်ဗုံးဖြင့် ထုမည်မှာ ဧကန်မလွဲပင်။ နယ်ဝေးတွင် ဤသို့ အစွယ်ကျွတ်နေသော်လည်း သွပ်ဒိုင်းကား ခေသူမဟုတ်ချေ။ ပြည်မ၌ သူကြည့်မရသည့် သိုင်းသမားတို့အား ဂိုဏ်းအင်အားသုံး၍ လိုက်လံဖမ်းဆီးလျှက်ရှိနေသည်။ သို့သော် ခုတ်ရာတခြား၊ ရှရာတခြားပင်။ အဓိကပွဲဖြစ်မြောက်ရေးကော်မတီမှာ ကန့်လန့်ကာနောက်ကွယ်၌ ဒီဂျေဖွင့်၍ Gamnam Style ကလျက်ရှိနေသည်။ ၀ူတန်းဂိုဏ်းတောင်းပန်ပါ ဟူသော တောင်းဆိုသံများကြားတွင် ၀ူတိန့်ရှိန်၏ ဒုတိယအကြိမ်မြောက် သိုင်းလောကပထမဓားဘွဲ့ ဆက်ခံရေးသည်လည်း တစတစမှုန်ဝါးလာလေတော့သည်။

*************************************************
ဗေဒင်က၀ိ ပလေတိုဒီမိုက နံကြားထောက်၍ မေးခွန်းထုတ်လိုက်သည်။

"အော်မေ့ဂိုဏ်းနဲ့ မဟာမိတ် ရှစ်ပူးအဖွဲ့တို့ ငြိမ်သက်နေတယ် လက်ရှောင်နေတယ် ကျန်တဲ့အင်အားစုသေးသေးလေးတွေကို ခုပွဲဖြစ်အောင် ဘယ်သူကြိုးကိုင်နေသလဲ"

ပရိသတ်က တစ်ယောက်တပေါက် ထအော်ကြသည်။ အသံများတိတ်ဆိတ်သွားသောအခါ ပလေတိုဒီမိုက အောင်မြင်ခန့်ငြားသော ပညာရှိလေသံဖြင့်..

"အားလုံးမှားတယ်.. ခင်ဗျားတို့ပြောတာ တစ်ယောက်မှ မဟုတ်ဘူး တကယ်တမ်းကြိုးကိုင်နေတာက.............................................."

စကားစ တချက်ဖြတ်လိုက်ပြီး ပရိသတ်ကို လှမ်းကြည့်လိုက်သည်။ ပရိသတ်က သူ့စကားကို စိတ်ဝင်စားစွာ စောင့်မျှော်လျက် ရှိနေသည်။

"တကယ်တမ်း ကြိုးကိုင်နေတာက..............
!!!!! လက်!!!!
ဟုတ်တယ် ကိုင်လို့ရတာ လက်ပဲလေ ကြိုးပဲကိုင်ကိုင်၊ ဘာပဲကိုင်ကိုင် လက်နဲ့ပဲ ကိုင်လို့ရမှာ ခြေထောက်နဲ့သွားကိုင်လို့ရမလား တော်တော်တုံးတဲ့လူတွေ ဒါလေးတောင်မသိကြဘူး ဟွန်း "

ပရိသတ်ထံမှ အာမေဋိတ်သံ သံပြိုင်ထွက်ပေါ်လာတော့သည်။

"!!!! ကိန် !!!!!"

***********************************************

သိုင်းလောကအတွင်း အဖြူရောင်သိုင်းသမား အချင်းချင်း၊ အဖြူရောင်နှင့် အနက်ရောင်သိုင်းသမားများလည်း ရင်ဆိုင်တိုက်ခိုက်လျက်ရှိနေကြသည်။ နေရာအနှံ့ စိတ်ဝမ်းကွဲပြားမှု အက်ကြောင်းများစွာ ပေါ်ပေါက်လာတော့သည်။ စတုထ္ထမဏ္ဍိုင် ဂိုဏ်းပေါင်းစုံသိုင်းအဖွဲ့ကြီးကလည်း အခွင့်ရရ မရရ ၀ူတန်းဂိုဏ်းကို လှိမ့်ဆော်လျက်ရှိသည်။ အဆိုပါအကျိုးဆက်နှင့် သက်ဆိုင်ခြင်းရှိမရှိ အတိအကျမသိရသော်လည်း မဏ္ဍိုင်ငယ်သုံးလေးချောင်းခန့် အုပ်စုဖွဲ့ဝိုင်းချိုးခံရသည်ဟု ဖွဘုတ်သတင်းရပ်ကွက်က အခိုင်အမာဆိုလာသည်။ မျက်နှာဖုံးစွပ်သိုင်းရာဇာ မဟာကြောင်၏ စံအိမ်တော်တွင်လည်း မဟာကြောင်နှင့် အဖြူရောင်သိုင်းသမားများ၊ အနက်ရောင်သိုင်းသမားများ သိုင်းကွက်လုံးဝထုတ်မသုံးပဲ ဘတပြန်၊ကျားတပြန် နဘန်းလုံး ဖက်ကိုက် တိုက်ခိုက်လျက်ရှိနေကြသည်။ ထိုအတောအတွင်း ကေအိုင်အေဂိုဏ်းမှ သူ့နယ်မြေအတွင်း လက်နက်ပုန်းဖြင့် ချုံခိုတိုက်ခိုက်သည့် သတင်းများလည်း ထွက်လာသည်။ သိုင်းလောကကား တနေ့တခြား ပိုမိုရှုပ်ထွေးလာလေသည်။ မည်သို့ပင်ဖြစ်ပျက်နေစေကာမူ အညတရဘ၀မှ သိုင်းလောက၏ အကျော်ကြားဆုံး သိုင်းလုလင်တစ်ဦးဖြစ်လာသော မောင်ထိန်လင်းကား ဘီလူးမသိုင်းဒေ၀ီ Khine Soe Lung ၏ စံအိမ်တော်အတွင်း သိုင်းလောကပျိုဖြူတသိုက်၏ ဧည့်ခံမှုဖြင့် ဇိမ်ကျလျက်ရှိသည်။ လုံမပျိုအချောအလှတသိုက်ကြားတွင် အသွင်နှစ်မျိုးဖြင့် သူ၏အံ့မခန်း သိုင်းစွမ်းရည်များကို ထုတ်ပြလျက်ရှိရာ ၀ူတန်းဂိုဏ်းမှ လက်ယာရံ Hmuu Zawပင် ၎င်း၏သိုင်းကွက်များအား ခွေးတိုးပေါက်မှချောင်းကြည့် လေ့လာသင်ယူနေရကြောင်း FNG မှပြောကြားသွားပါသည်။

*************************************************

ဓားချင်းထိခတ်သံများ စီဝေနေသည့် သိုင်းလောကအတွင်း မျက်နှာစိမ်းများစွာ ၀င်ထွက်နေကြသည်။ သိုင်းလောကသား အချင်းချင်း ရင်ဆိုင်တိုက်ပွဲဖြစ်တိုင်း သူတို့ဝင်ပါတတ်သည်။ သို့သော် ကောင်းသော လာခြင်းမဟုတ်ချေ။ သိုင်းလောကအတွင်း အက်ကြောင်းများစွာ ဖြစ်လာလေလေ သူတို့ကျေနပ်လေလေဖြစ်သည်။ အဖြူရောင်လည်းမဟုတ်၊ အနက်ရောင်လည်းမဟုတ်သော ထိုမျက်နှာစိမ်းတို့သည်ကား...

"မူဂျာဟစ် စဏ္ဍာလဂိုဏ်း"

ဘုံပျောက်နေသော စဏ္ဍာလတို့သည် အနောက်ဖက်သိုင်းလောက အရှုပ်တော်ပုံအတွင်း ရှောင်လင်ဂိုဏ်းနှင့် အကြီးအကျယ်ရန်ငြိုးဖွဲ့ခဲ့ဖူးသည်။ ရှောင်လင်ဂိုဏ်းအား အကြမ်းဖက်သမားများအဖြစ် စွပ်စွဲဖူးသည်။ သို့သော် ၎င်းတို့နှင့် လားလားမျှမပတ်သက်သော လက်ပတောင်းသိုင်းလောက အရေးအခင်းတွင် ရှောင်လင်ဂိုဏ်း၏ အမာခံထောက်ခံသူများ ဖြစ်လာပြန်သည်။ ယခင်ကလည်း ၀ူတိန့်ရှိန်၏ ၀ူတန်းဂိုဏ်းအား ထောက်ခံလိုက်၊ ရှုံ့ချလိုက် အမျိုးမျိုးလုပ်ဖူးသည်။ သိုင်းလောကထဲမှ ဂုဏ်သရေရှိပုဂ္ဂိုလ်ကြီးတစ်ဦးအား အပြင်မှစိမ်ခေါ်ဖူးသည့်၊ သိုင်းလောကအား အမျိုးမျိုးနာမည်ဖျက်ဖူးသည့် မူဂျာဟစ်ဂိုဏ်းချုပ်တစ်ဦးသည် ဂရုဏာတရားကြီးမားသူတစ်ဦးအသွင်ဖြင့် အင်တာဗျူးဖြေလျက်ရှိသည်။

"ချွန်ဒေါ် သိုင်းလောကကို အရမ်းစေဒနာ ရှိပါဒယ် မှန်တာပြော သစ္စာပါ ဟွန်နက်စလီး အိုင်နဲဗား လိုင်း သိုင်းလောကနော် ၀ူတန်းဂိုဏ်း အရမ်းရက်စက်ဒယ် အားလုံးဖိနှိပ်ခံနေရဒယ် ဆိုးမဲင်းနီး ပရက်ရှာ အဲဒီဘွဒွေက လွတ်မြောက်စေချင်ဒယ် အမေရိကန်နော် ချွန်ဒေါ့်အကြောင်း ကောင်းကောင်းသိတယ် ချွန်ဒေါ်မရိုးသားရင် အဲဒီမှာ ချွန်ဒေါ် ပလာတာရိုက်လို့ ဘယ်ရပါ့မလဲ ခွဲထွက်ရေး ဟုတ်လား နဲဗား နဲဗား အစ်ဒစ်အမ်ပေါ့ဆေးဘဲ ရှစ်ထ်!!! အဲဒီအပိုင်းသေးသေးလေး ဘာလုပ်မှာလဲ ချွန်ဒေါ်က သိုင်းလောကတစ်ခုလုံး တိုးတက်အောင်လုပ်မှာ ခွဲထွက်ရင် တပိုင်းလေးပဲ တိုးတက်နေမှာပေါ့ အမ်းအိုင် ရိုက်ထ်"

သိုင်းရာဇာ ၀ါကာအူးဒင်းက မခို့တရို့လေသံလေးနှင့် ပဲတဆုတ်ကြီးပေးပြီး ဖြေသွားခြင်းဖြစ်သည်။ မကြာမှီ မလ္လာယုကျွန်းဆွယ်တွင် ခိုကပ်နေသည့် ဆာဒူးကိုကိုကြီးဆိုသည့် မူဂျာဟစ်ခေါင်းဆောင်မှ ကြေငြာချက်တစ်စောင် ထုတ်ပြန်လိုက်သည်။

"သို့

နာဇီဝါဒီ သိုင်းလောကသားအပေါင်းတို့ခင်ဗျား

မိမိတို့သည်လည်း သိုင်းလောကသားများဖြစ်သည့် အားလျော်စွာ လက်ပတောင်းတောင်အရေးအခင်းတွင် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် တချိန်က မိမိတို့ Skin Head Terrorist များဟု အထင်အမြင်လွဲမှားစွာ ချစ်စနိုး ခေါ်ဆိုခဲ့သည့် ရှောင်လင်ကိုယ်တော်များအား မိမိတို့နှစ်ရှည်လများ တောင်းရမ်းစုဆောင်းထားသည့် ငွေကြေးဖြင့် စရိတ်ခံ၍ နိုင်ငံခြားတွင် ခေတ်မှီဆေးကုသနည်းများဖြင့် စရိတ်ခံကုသပေးလိုပါသည်။ နတ်လူသာဓု ခေါ်ကြပါစေကုန်"

သိုင်းလောကသားများမှာ သာဓုခေါ်ရကောင်းနိုးနိုး၊ ဆာလမ်ပေးရကောင်းနိုးနိုးဖြစ်ကာ ၀မ်ပေါင်းကောင်းမှု သက်သေပြု၍ သူတောင်းစားအား သာဓုပြန်ခေါ်ရကိန်း ဆိုက်ရလေကုန်တော့သတည်း။

ဆက်ရန်( ကုန်ကြမ်းထပ်ရလျှင်).......:p

0 comments:

Post a Comment