skip to main |
skip to sidebar
အွန်လိုင်းပျော် ငပေါများ ဂရု
လူတွေသိပ်မသိကြသေးတဲ့ ဂရုလေးတစ်ခုအကြောင်း ပြောပြပါရစေ။
ဂရုထဲမှာ လူတွေသိပ်မများပါဘူး။ ဆယ်ယောက်ကျော်လေးပဲ ရှိတာပါ။ ဒါပေမယ့်
အဲဒီဆယ်ယောက်ကျော်ကျော် အရေအတွက်ထဲက ပုဂ္ဂိုလ်တွေဟာ ဖေ့ဘုတ်မှာ
တစ်နေကုန်တနေခန်း ကိုးတောင်ကိုးကျင်း လျှောက်မွှေ၊ ရန်ဖြစ်၊
ဆဲဆိုနေတဲ့လူတွေ၊ လူတကာကို မထိတထိ ကလိတိတိ ရိတတ်တဲ့လူတွေ၊ HTML
တွေဖန်တီးပြီး လူတကာလာဆဲတာကို အရသာခံနေတဲ့လူတွေ၊ လှတပတချစ်စရာပုံလေးတွေ
တင်ထားလို့ ကောင်လေးတွေ ၀ိုင်းဝိုင်းလည်နေတဲ့ ကောင်မလေးတွေ အားလုံး
သူ့နေရာနဲ့သူ ထိတ်ထိတ်ကြဲ နာမည်ကြီးတဲ့လူတွေပါ။ ဥပမာ ဘာဘာရိုဟင်ဂျာလို
လူမျိုးပေါ့။ အားလုံးသိလိုက်ကြမှာပါ။အဲဒီဂရုလေးနာမည်က
အွန်လိုင်းပျော် ငပေါများဂရုလို့ ခေါ်ပါတယ်။
ဒီအတိုင်းရှာကြည့်လို့မရနိုင်တဲ့ လျှို့ဝှက်ဂရုလေးပါ။ အဖွဲ့ဝင်အရေအတွက်ကို
တင်းတင်းကြပ်ကြပ် ကန့်သတ်ထားတဲ့ ဂရုလေးပါ။ ဘာလို့ကန့်သတ်ထားလဲဆိုတော့
အဖွဲ့ဝင်တွေထဲမှာ ပုခုံးပေါ်အပွင့်တွေ ရှိနေတဲ့လူတွေလည်းပါတယ်။ ပြီးတော့
အဲဒီအပွင့်နဲ့လူတွေကို အပြင်မှာ အသက်နဲ့ရင်းပြီးတိုက်နေတဲ့
တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးသမားတွေလည်း ပါတယ်။ နောက်ပြီး
အစိုးရကိုတစ်ခွန်းမှ မကောင်းကြောင်းမပြောပဲ အတိုက်အခံတွေကို ပက်ပက်စက်စက်
ရှုံ့ချတတ်တဲ့ လူတွေလည်းပါတယ်။ ပုခုံးပေါ်အပွင့်တင်ထားပေမယ့် အတိုက်အခံတွေကို
လက်ခုပ်တီးအားပေးတဲ့ လူတွေလည်းပါတယ်။ အတိုက်အခံတွေဖက်ကနေ အမာခံရဲရဲတောက်
ထောက်ခံတတ်တဲ့ လူတွေလည်းပါတယ်။ စိတ်ထဲဘ၀င်မကျရင် ဘယ်အပင်ကိုမဆို
သေးကော့ပန်းဖို့ ၀န်မလေးတဲ့ (အဲလေ) ဘယ်ဖက်ကိုမဆို ဝေဖန်ဖို့ ၀န်မလေးတဲ့
ဘွရှင်လို ဂွသမားတွေလည်းပါတယ်။ အဲဒီလိုအရောင်မတူညီကြတဲ့ လူတွေစုစည်းထားတဲ့
ဂရုလေးတစ်ခုပါ။ တခြားဂရုတွေမှာလည်း ဒီအတိုင်းပဲ။ ဘာထူးလဲလို့ မေးလာခဲ့ရင်
ရှင်းပြချင်ပါတယ်။
အဲလူတွေအပြင်မှာ မွှေနှောက်၊
ပေါက်ကရလျှောက်ရေး၊ လူတကာနဲ့ရန်ဖြစ် ဒါမှမဟုတ် ကြီးကြီးကျယ်ကျယ်တွေ
ပွားလို့ညောင်းသွားပြီဆိုရင် အဲဂရုလေးဆီသွားပြီး အပန်းဖြေတတ်ကြပါတယ်။
ဂရုရဲ့စည်းကမ်းချက်တစ်ခုကတော့ အဖွဲ့ဝင်အားလုံး မျက်နှာဖုံးချွတ်ပြရတာပါ။
အပြင်မှာ ဘာပုံတွေပဲ ပရိုဖိုင်းတင်ထားထား အထဲရောက်တာနဲ့ ပထမဆုံး
ဓာတ်ပုံအမှန်တင်ပြရပါတယ်။ အပြင်မှာ ကြီးကြီးကျယ်ကျယ်
နိုင်ငံရေး၊လူ့အခွင့်အရေး၊ အမျိုးသားရေးတွေ လျှောက်အော်နေတဲ့လူတွေဟာ
အထဲရောက်တာနဲ့ ခလေးတွေလို ပေါတောတောတွေ လျှောက်ရေးကြပါတယ်။ တင်ထားတဲ့
ဓာတ်ပုံအမှန်တွေကို ဖိုတိုရှော့နဲ့ အပြန်အလှန်ရုပ်ပြောင်လုပ်ပြီး
ဝိုင်းဟားကြပါတယ်။ ရည်းစားအကြောင်း၊ အိမ်ထောင်ဖက်အကြောင်း၊
သားသမီးအကြောင်း၊ အလုပ်အကြောင်း ပွင့်ပွင့်လင်းလင်း ရင်ဖွင့်ကြပါတယ်။
တစ်ခါတလေ ကွန်မန့်သုံးလေးရာကျော်တဲ့အထိ အပြင်းအထန် ရန်ဖြစ်တတ်ကြပါတယ်။
စိတ်ကောက်ပြီး တစ်ယောက်ယောက်ထွက်သွားရင် ကျန်ခဲ့တဲ့လူတွေက ပြန်မလာမချင်း
လိုက်ချော့တတ်ကြပါတယ်။ သတင်းတွေ၊အတင်းတွေနဲ့ မွန်းကြပ်နေတဲ့
ဖေ့ဘုတ်ကြီးထဲမှာ အဲနေရာလေးက ကျွန်တော်တို့အတွက် တကယ့်အိုအေစစ်လေးပါ။
အပြင်ဖေ့ဘုတ်လောကကြီးထဲမှာတော့ ဒီဂရုထဲကလူတွေရဲ့
သုံးပုံနှစ်ပုံလောက်ဟာ လူတချို့က အစိမ်းလိုက်ဝါးစားချင်သူတွေ၊
တွေ့တဲ့နေရာမှာ အပြတ်ရှင်းချင်သူတွေ၊ ဆုငွေထုတ်ခံထားရသူတွေ၊
သူတို့ကိုယ်စီကိုယ်ငှ ရပ်တည်နေရတဲ့အဖွဲ့အစည်းကသာ သူတို့ဂရုထဲက
အပေါင်းအသင်းတွေအကြောင်း သိသွားရင် ချက်ချင်းရာထူးပြုတ်သွားနိုင်တဲ့လူတွေ
ဖြစ်ကြပါတယ်။ ဘယ်လိုမျိုးအခြေအနေတွေ ရှိနေပါစေ အားလုံးဟာခုချိန်ထိ
ဒီဂရုလေးကို သံယောဇဉ်ကြီးစွာ ဖက်တွယ်ထားကြပါတယ်။ ဖေ့ဘုတ်မသုံးပဲကြာနေပြီး
ပြန်ဝင်လာတာနဲ့ နိုတြီတွေအရင်မကြည့်ပဲ ငပေါထဲ လှမ်းတံခါးခေါက်တတ်ကြပါတယ်။
အမြဲတမ်းတွေ့ရလေ့ရှိတဲ့ စတေးတပ်က "ငပေါဒွေ ဘူမှမရှိကြဘူးလား" ဆိုတာမျိုး
ဖြစ်ပါတယ်။ စစ်ဗိုလ်တွေကလည်း သူတို့ရဲ့ တိုက်ပွဲအတွေ့အကြုံတွေကို
ပြောပြလေ့ရှိသလို သူပုန်ကလည်း သူ့အကြောင်း အမြဲဖောက်သည်ချတတ်ပါတယ်။
အပြင်မှာထုတ်မပြောရဲတဲ့ သူတို့ရဲ့သက်ဆိုင်ရာအဖွဲ့အစည်းတွေအကြောင်း
အတင်းတုတ်တတ်ကြပါတယ်။ တစ်ခါတလေ သူပုန်ဆီကို စစ်သားတွေက
သူတို့လိုချင်တဲ့ပစ္စည်းလေးတွေ မှာတတ်သလို သူပုန်လိုချင်တဲ့ဥစ္စာလေးတွေလည်း
စစ်သားတွေက သူတို့တတ်နိုင်တဲ့ဖက်က ကူညီပေးကြပါတယ်။ ဥပမာ ဘောလုံးကန်အကျီ င်္
တို့လိုမျိုး၊ စာအုပ်လိုမျိုးတွေပေါ့လေ။ နောက်ပြီး အထဲက တစ်ယောက်ယောက်မှာ
အရေးအကြောင်းတစ်ခုခုဆိုရင် ဘယ်လောက်ပဲဝေးကွာနေပါစေ ရောက်တဲ့နေရာက
တိုက်ရိုက်ဖြစ်စေ၊ လူကြုံနဲ့ဖြစ်စေ သတင်းမေးတတ်ကြပြီး အကူအညီပေးတတ်ကြပါတယ်။
အပြင်မှာအကြောင်းတစ်ခုနဲ့ အပြန်အလှန်ခွန်းကြီးခွန်းငယ်
ရန်ဖြစ်ကြပြီးတိုင်း ငပေါထဲဝင်ပြီး အချင်းချင်းပြန်ချော့တတ်ကြပါတယ်။ အကယ်၍
တစ်စုံတစ်ယောက်က အဖွဲ့ဝင်တစ်ယောက်ယောက်ကို အပြင်မှာ
အကြောင်းမဲ့လာစော်ကားပြောဆိုနေမယ်ဆိုရင် အားလုံးဝင်ဖိုက်တတ်ကြပါတယ်။
ခံယူချက်ချင်းမတူပေမယ့် အဖွဲ့ဝင်တစ်ယောက်ယောက်က အပြင်မှာ
သူ့ရဲ့ရပ်တည်ချက်အတိုင်း ရေးသားဖို့အတွက် အကိုးအကားအချက်အလက်
လိုအပ်လာပြီဆိုရင် အထဲကလူတွေက သူရေးမယ့်ဥစ္စာကို လက်သင့်မခံနိုင်ပေမယ့်လို့
လိုအပ်တာလေးတွေကို ကူညီရှာပေးတတ်ကြပါတယ်။
ဂရုထဲမှာ
ပွင့်ပွင့်လင်းလင်း ဓာတ်ပုံအမှန်တွေတင်ပြီးနေကြတာကြောင့်
လူသစ်လက်ခံတော့မယ်ဆိုရင် အဲလူကို ခေါ်သွင်းလာတဲ့လူက လူသစ်ရဲ့ဓာတ်ပုံအမှန်၊
သူ့ရဲ့အကြောင်း ထောက်ခံချက်အရင်ဆုံး ပေးရပါတယ်။ ပြီးရင် အဖွဲ့ဝင်အားလုံးရဲ့
ဆန္ဒမဲကို ကောက်ခံပါတယ်။ ကန့်ကွက်မဲတစ်မဲပါတာနဲ့ လက်မခံပါဘူး။
အားလုံးသဘောတူမှပဲ လက်ခံပါတယ်။ အရင်ကတော့ အဲလောက်မတင်းကြပ်ပါဘူး။
နောက်ပိုင်း အဖွဲ့ဝင်တွေထဲက တချို့ဟာ အပြင်မှာ လူချစ်လူခင်အရမ်းပေါသလို
ရန်သူတွေလည်း ၀ိုင်းဝိုင်းလည်နေတာကြောင့် ခုလိုတင်းကြပ်လိုက်တာပါ။ ဂရုရဲ့
အက်ဒမင်ကို အလှည့်ကျလုပ်ရပါတယ်။ အထဲရောက်လာပြီးမှ သံသယဖြစ်စရာတွေ တွေ့လာရင်
ချက်ချင်းထုတ်ပယ်ပါတယ်။ ခုတော့ လူသစ်လက်မခံတော့ပါဘူး။
ဒီဂရုထဲကလူတွေကို အပြင်ဖေ့ဘုတ်ကလူတွေအနေနဲ့
ဒီလောက်ထိစည်းလုံးကြလိမ့်မယ်လို့ ယောင်လို့တောင် တွေးမိမှာမဟုတ်ပါဘူး။
အချင်းချင်း တစ်ယောက်နဲ့တစ်ယောက် ခံယူချက်ချင်း
လုံးဝဆန့်ကျင်ဖက်ဖြစ်နေပေမယ့်လို့ ခုချိန်ထိ သစ္စာဖောက်တာမျိုး
မရှိဖူးပါဘူး။ အပြင်ဖေ့ဘုတ်မှာကတော့ နည်းနည်းလေး သဘောထားကွဲလွဲတာလောက်နဲ့
တစ်သက်လုံးမဟာမိတ်တွေကနေ လုံးဝရန်သူကြီးတွေဖြစ်ကုန်တာမျိုးတွေ
မြင်ဖူးပါတယ်။ တစ်ယောက်ကိုတစ်ယောက် ခြေထိုးဖို့ချောင်းနေတာမျိုးတွေလည်း
အမြဲတွေ့နေရပါတယ်။
လူတိုင်းဟာ တစ်ယောက်နဲ့တစ်ယောက်
ဘယ်လိုမှမတူနိုင်ကြပါဘူး။ လူတွေဟာ အဲလိုမတူညီမှုတွေထဲက ခံယူချက်တူညီမှုရှိတဲ့
လူအချင်းချင်း ရွေးချယ်ပေါင်းသင်းတတ်ကြပါတယ်။ တချို့နေရာတွေမှာ လုံးဝဥသုံ
ခံယူချက်ချင်း မတူညီတဲ့လူတွေကတော့ ပေါင်းသင်းရခက်လိမ့်မယ်လို့
တော်တော်များများက ထင်ကြပါလိမ့်မယ်။ တကယ်တော့ ခံယူချက်တွေ၊
ယုံကြည်ချက်တွေဆိုတာ အတ္တရဲ့အခက်အလက်တွေပါ။ အဲဒါလေးတွေ ခွာချလိုက်ရင်
လူဆိုတာအတူတူပါပဲ။ ကူညီရိုင်းပင်းတတ်ကြပါတယ်၊ သံယောဇဉ်တွယ်တတ်ကြပါတယ်၊
ခင်မင်ရင်းနှီးတတ်ကြပါတယ်၊ ပျော်ပျော်ပါးပါး လွတ်လွတ်လပ်လပ် နေတတ်ကြပါတယ်။
တကယ်ပြောတာပါ။ အပြင်မှာ တစ်ဖက်နဲ့တစ်ဖက် သေနတ်ပြောင်းချင်း ချိန်ပစ်နေကြတဲ့
စစ်သားနဲ့သူပုန်ဟာ ငပေါထဲမှာ စစ်တိုက်တဲ့ဂိမ်းအကြောင်း
စိတ်ပါလက်ပါဆွေးနွေးနေတတ်ပါတယ်။ NLD နဲ့ ကြံ့ခိုင်ရေးဟာ ငပေါထဲမှာ
အင်တာနက်လိုင်းနှေးတဲ့အကြောင်း စိတ်ညီလက်ညီဝေဖန်နေတတ်ကြပါတယ်။ အပြင်မှာ
လူတကာကို ရန်စနေတဲ့လူက အထဲမှာဟင်းကောင်းကောင်းချက်ပြလေ့ရှိပါတယ်။
နိဂုံးချုပ်အနေနဲ့ပြောရရင် ကျွန်တော်တို့ငပေါတွေဟာ အပြင်လောကမှာ
ပေါက်ကရမျိုးစုံလျှောက်လုပ်နေပေမယ့် ညီညွတ်ခြင်းမရှိတဲ့ စည်းလုံးမှုကို
သံယောဇဉ်ဆိုတဲ့ စည်းဝိုင်းလေးခတ်ပြီး မမျှော်လင့်ပဲ
ဘ၀ရဲ့ချမ်းမြေ့မှုတစိတ်တဒေသကို ရှာဖွေတွေ့ရှိခဲ့ကြတာပါ။ အပြင်လောကမှာတော့
အားလုံးနီးပါးဟာ မြန်မာနိုင်ငံဆိုတဲ့စည်းတစ်ခုကို မေ့ထားကြပြီး
တူညီရာအစုအဖွဲ့တွေနဲ့ မတူညီတဲ့အရာတွေကို ဆန့်ကျင်ရင်း
အတ္တရဲ့ဆွဲခေါ်ရာနောက်ကို စီးမျှောလျက်ရှိနေကြပါတယ်။ အကယ်၍သာ
ဖြစ်နိုင်မယ်ဆိုရင်ပေါ့လေ...
အားလုံးကို ငပေါဂရုလေးလို စည်းဝိုင်းလေးခတ်ပြီး ထားချင်စမ်းပါဖိ....:p
0 comments:
Post a Comment