skip to main |
skip to sidebar
တောတွင်းသား ဘွ (ဒုတိယပိုင်း)
တောတွင်းသား ဘွ (ဒုတိယပိုင်း)
မလေးရှားနိုင်ငံရဲ့ အပင်ပန်းဆုံးအလုပ်တွေထဲမှာ ဆီအုန်းသီးထိုးတဲ့
လုပ်ငန်းပြီးရင် ရော်ဘာခြံလုပ်ငန်းဟာ တစ်ခု အပါအ၀င်ဖြစ်ပါတယ်။
နေရေးထိုင်ရေး၊ စားရေးသောက်ရေးကအစ ကိုယ့်ဘာသာဖြစ်သလို ဖန်တီးယူရတာမို့
မလွယ်ကူလှပါဘူး။ တောရိုင်းတရိစ္ဆာန်တွေ ရှိနေတဲ့ တောကြီးမျက်မည်းထဲမှာ
တစ်ယောက်တည်း အလုပ်လုပ်ရတာမို့လည်း တော်ရုံသတ္တိနဲ့ မရပါဘူး။အဖေဆုံးပြီးတဲ့နောက်ပိုင်း သားအကြီးဖြစ်တဲ့အတွက် အိမ်ထောင်ဦးစီးတာဝန်ကို
မယူမနေရ လွှဲပြောင်းယူခဲ့ရတာမို့ မထူးဇာတ်ခင်းရတော့မယ့် ဘွလိုလူအတွက်က
ငွေရဖို့ဆို ဘာမဆိုလုပ်မှဖြစ်တော့မယ့် အနေအထားကို ဆိုက်ရောက်သွားခဲ့ရပါတယ်။
အရင်က ဘွတို့အိမ်ရဲ့ အဓိကစီးပွားရေးဖြစ်တဲ့ ဆေးပြင်းလိပ်ခုံလုပ်ငန်းကလည်း
တစတစလုံးပါးပါးလာတဲ့အချိန် အဖေမဆုံးခင် ချဲလုပ်ငန်းဖက် ခြေဦးလှည့်ရာကနေ
အတွင်းပစ္စည်းတွေပါ ပြောင်သွားတော့ မိသားစုမှာ ဘာတစ်ခုမှ လက်ဆုပ်လက်ကိုင်
မကျန်တော့လို့ ခုလိုမျိုး စွန့်စားခဲ့ရတာပါ။
ရော်ဘာစေးမခြစ်ခင်
ရော်ဘာခြံတစ်ခုရပြီဆိုတာနဲ့ ပထမဦးဆုံးလုပ်ရတာက ရော်ဘာပင်တန်းတွေကြားက
တောရိုင်းပင်တွေကို ခုတ်ထွင်ရှင်းလင်းရပါတယ်။ အဲဒီကိစ္စကလည်း တစ်ရက်တည်းနဲ့
မပြီးပါဘူး။ ၅ဧကပတ်လည် ခြံတစ်ခြံမှာ လူတိုးမပေါက်အောင်
ပိတ်နေတဲ့တောရိုင်းပင်တွေကို တစ်ယောက်တည်းရှင်းရတာ စစ်တပ်ထဲမှာ
ဖက်ထိပ်လုပ်ခဲ့ဖူးတဲ့လူတောင်မှ လက်တွေပေါက်ပြဲတဲ့အထိ
ခုတ်ထွင်ရှင်းလင်းရတာပါ။ အဲဒီအဆင့်ပြီးရင် အစေးကြောင်းဖောက်၊ ဇွန်းတပ်၊
ခွက်ချိတ်လုပ်ရပါတယ်။ ရော်ဘာစေးက အစေးကြောင်းဖောက်ပြီး တစ်ပတ်လောက်ထိ
အစေးကောင်းကောင်း မထွက်ပါဘူး။ အရမ်းထက်တဲ့ဓားနဲ့ တစ်ရက်နှီးတစ်ပြားစာ
အနှစ်သားမပေါက်အောင် ဂရုစိုက်ပြီး ခြစ်ယူရပါတယ်။ အနှစ်သားပေါက်ရင်
အထဲကရေတွေထွက်လာပြီး အစေးကခွက်ထဲမရောက်ပဲ လမ်းမှာယိုစီးကျသွားတတ်ပါတယ်။
နောက်ပြီး ခြစ်ပြီးသား အပွေးပြန်တက်တဲ့အချိန်မှာ အဲဒီအနှစ်သားထိတဲ့နေရာက
အဖုအထစ်တွေဖြစ်ပြီး ခြစ်ရခက်တတ်လို့ ခြံပိုင်ရှင်တွေက
အလုပ်ဖြုတ်ပစ်တတ်ပါတယ်။
ကျွမ်းကျင်တဲ့
ရော်ဘာစေးခြစ်သမားဖြစ်ဖို့အတွက် ကိုယ်ပိုင်ခြံ
(တစ်ဝက်စား၊သုံးပုံနှစ်ပုံစား၊ ငါးပုံသုံးပုံစား) မဖြစ်ခင်မှာ ခုတ်လှဲခါနီး
အပင်အိုကြီးတွေကို တစ်လစာအပြတ်ငှားပြီး ထရိမ်နိမ်သဘောမျိုး
ခြစ်တာကျင့်ယူရပါတယ်။ အဲဒီအပင်အိုကြီးတွေက ကျီးပေါင်းတွေ၊
အဖုအထစ်တွေပြည့်ပြီး အခေါက်ကိုမနည်းရှာခြစ်ယူရတာပါ။ အဲလိုအပင်မျိုးတွေက
အောက်ကြောင်းခြစ်လို့အစေး မရတော့ပါဘူး။ အပေါ်ကိုနှစ်ကြောင်းလှန်
ထိုးယူရပါတယ်။ အရမ်းလည်းပင်ပန်းသလို လက်လည်းဝင်ပါတယ်။ အဲဒီအပင်အိုတွေကို
ခြစ်ရင်းကနေ ဓားကို ကျွမ်းကျွမ်းကျင်ကျင် ကိုင်တတ်သွားပြီဆိုမှ
အပင်ပျိုတွေကို ခြစ်လို့ရတာပါ။ လက်ဝါးက အဲဒီအချိန်မှာ အသားမာတက်နေပါပြီ။
ရော်ဘာစေးခြစ်တော့မယ်ဆိုရင် အကျီင်္လက်ရှည်၊ ဘောင်းဘီရှည်၊ ဦးထုပ်နဲ့
တောစီးလည်ရှည်ဖိနပ် စီးရပါတယ်။ တောတစ်ခုလုံး အငုတ်တွေနဲ့ပြည့်နှက်နေလို့
တောစီးမစီးလို့မရပါဘူး။ အကျီင်္လက်ရှည်ကတော့ အနီးအနားကအပင်တွေနဲ့
ခြစ်မိမှာစိုးလို့ပါ။ ဦးထုပ်ကတော့ နေပူဒဏ်ကာကွယ်ဖို့ပေါ့လေ။ နောက်မပါမဖြစ်
ယူဆောင်လာရတာကတော့ ခြင်ဆေးခွေထွန်းဖို့ သံဗူးလေးဖြစ်ပါတယ်။ အဲဒီသံဗူးထဲ
ခြင်ဆေးခွေထည့်ထွန်းပြီး သောက်ရေဗူးနဲ့ ဘေးလွယ်အိတ်ပါ တပါတည်းခါးမှာချိတ်
ယူလာရပါတယ်။ တောထဲစ၀င်ပြီဆိုတာနဲ့ ခြင်တွေကအုံခဲပြီး လိုက်လာတတ်ပါတယ်။
ခြင်ဆေးခွေမပါလို့ မဖြစ်ပါဘူး။ ဘေးလွယ်အိတ်ထဲမှာတော့ ဂျင်ဂလိ၊ ခဲသီး၊
လောက်လေးဂွစတာတွေကို ထည့်ယူလာရပါတယ်။ တောထဲမှာ မတော်တဆအန္တရာယ်ဖြစ်ရင်
ကာကွယ်နိုင်အောင်လို့ပါ။ ပြီးရင် ဓားမြှောင်ကြီးတစ်ချောင်းကိုလည်း
ခါးမှာချိတ်ပြီး ယူလာရပါတယ်။ လက်နက်တွေက အဲလောက်နဲ့ မပြည့်စုံသေးပါဘူး။
တောထဲက ရော်ဘာပင်တန်းတွေကြားမှာ မှိန်းဆယ်ချောင်းလောက်ကို နေရာမှတ်ပြီး
ဝှက်ထားရပါသေးတယ်။ ပြီးတော့ ကိုလာပလတ်စတစ်ပုလင်းတွေထဲ
ဂက်စ်ကျောက်တွေထည့်ပြီး ၀ှက်ထားရပါသေးတယ်။ ကျားတို့၊၀က်ဝံတို့နဲ့
ရင်ဆိုင်တွေ့ရင် အဲပုလင်းထဲ ရေထည့်၊ လေလုံအောင်ပစ်ပြီး ဗျောက်အိုးဖောက်
ခြောက်လှန့်လွှတ်ဖို့အတွက် ဖြစ်ပါတယ်။
တစ်ယောက်တည်းလုပ်ရတာဖြစ်တဲ့အတွက် အန္တရာယ်က တောရိုင်းတရိစ္ဆာန်တစ်ခုတည်း
မဟုတ်ပါဘူး။ နိုင်ငံခြားအလုပ်သမားတွေကို အန္တရာယ်ပေးတတ်တဲ့ ဓားပြတွေလည်း
ရှိပါသေးတယ်။ ဘွရှင်အလုပ်လုပ်တဲ့အချိန်မှာ သက်တော်စောင့်ပေးတဲ့
ခွေးတစ်အုပ်ကြောင့် အလုပ်လုပ်တဲ့အချိန်တွင်းမှာ ဆိုးဆိုးဝါးဝါးတော့
မကြုံဖူးခဲ့ပါဘူး။ ခြံထဲမှာ တောဝက်သိုက်တွေ မနည်းရှိပါတယ်။
အင်မတန်လက်ရာမြောက်တဲ့ အသိုက်တွေပါ။ ခြုံပင်တွေကို ကိုက်ဖြတ်ပြီး
စုပုံတင်ပြုလုပ်ထားတဲ့ အသိုက်တွေဖြစ်ပါတယ်။ အဝေးကကြည့်ရင် ပုံ့ပုံ့လေးနဲ့
အသိုက်မှန်းမသိသာပါဘူး။ မိုးရွာလို့တောင်မှ ရေမ၀င်နိုင်တဲ့အထိ
စေ့စပ်လှပါတယ်။ ဘွရှင်ခြံထဲဝင်ပြီဆိုတာနဲ့ ခွေးတွေထဲက နှစ်ကောင်က
တစ်တောလုံးပတ်ပြေးပြီး ဟောင်တတ်ပါတယ်။ အသိုက်ထဲက၀က်တွေ
ထွက်ပြေးအောင်ပေါ့လေ။ ကျန်တဲ့သုံးကောင်က ဘွရှင်နားမှာ စောင့်နေတတ်ပါတယ်။
အင်မတန်အားကိုးရတဲ့ သားသမီးငါးကောင်ကြောင့် ဘေးမသီရန်မခ အလုပ်လုပ်ရပေမယ့်
နိစ္စဒူဝကြုံတွေ့ရတဲ့ ပြဿနာက ပိုးမွှားပြဿနာပါ။ ခြင်တွေက
ခြင်ဆေးခွေထွန်းထားတဲ့ကြားထဲကနေ အုံခဲကိုက်တတ်ကြပါတယ်။
ခြင်ကိုက်တာလောက်တော့ ဘွရှင်မမှုပါဘူး။ ခြင်ကိုက်လို့ယားရင်
ကုတ်စရာမလိုပါဘူး။ ဓားကိုင်ရလွန်းလို့ အသားမာတွေအမြှောင်းလိုက်ထပြီး
ကျားလျှာလောက်ကြမ်းတဲ့ လက်ဝါးနဲ့ ပွတ်ရုံနဲ့ ကိစ္စပြီးပါတယ်။ အားနဲ့ပွတ်ရင်
သွေးစို့တဲ့အထိ ရော်ဘာစေးခြစ်သမားရဲ့ လက်ဝါးကကြမ်းပါတယ်။ ဘွရှင်ကြောက်တာက
မွှားတွယ်ခံရတာပဲ ဖြစ်ပါတယ်။ မွှားတွယ်ပြီဆိုရင် တွယ်စကမသိသာပါဘူး။
တဖြည်းဖြည်း တွယ်ခံရတဲ့နေရာမှာ သွေးစုနာပေါက်သလို ယားပြီးနာလာပြီဆိုမှ
သိရပါတယ်။ အဲအချိန်မှာ သွေးဝပြီးလုံးနေတဲ့မွှားကို အစွယ်ပါပါအောင်
ဇာဂနာနဲ့အနာခံဆွဲနှုတ်ရပါတယ်။ အစွယ်မပါလာရင် အဲနေရာကအနာဖြစ်တတ်ပါတယ်။
အစွယ်ပါအောင်နှုတ်ပြီးရင်တောင် တစ်ပတ်ဆယ်ရက်လောက်ထိ အဲနေရာက
ယားပြီးနာနေတတ်ပါတယ်။ အလုပ်သိမ်းပြီး တဲရောက်တာနဲ့ ရေမချိုးခင် လူရော
ခွေးတွေပါ မွှားနှုတ်ရတာ အလုပ်တစ်ခု ဖြစ်နေပါတယ်။ ခွေးတွေခမျာ မျက်ခမ်းတွေမှာ
မွှားတွေစီပြီး တအီအီနဲ့ သနားစရာကောင်းလှပါတယ်။ နောက်တစ်ခုကတော့
ကျွတ်တွေပါ။ လူနံ့ရတာနဲ့ ခေါင်းထောင်လာပြီး ခေါင်းတယမ်းယမ်းနဲ့
တွန့်လိမ်ကောက်ကွေး လိုက်တတ်ပါတယ်။ ကျွတ်ဆီမှာ သွေးဝအောင်ကိုက်ခံရပြီဆိုရင်
မနာပေမယ့် ယားပြီး သွေးမတိတ်တော့ပါဘူး။ စာရွက်နဲ့ကပ်မှပဲ သွေးတိတ်ပါတယ်။
အဲဒါကြောင့် ကျွတ်မကပ်နိုင်အောင် တောစီးဖိနပ်မှာ ခြေအိတ်စုတ်ကို ဖြတ်၊
ဆားရည်စိမ်ပြီး ပတ်ထားရပါတယ်။
ရော်ဘာစေးခြစ်တဲ့အလုပ်က
အလုပ်ချိန်သတ်သတ်မှတ်မှတ် မရှိပါဘူး။ မိုးတိတ်လို့ ပင်စည်ခြောက်တဲ့အချိန်
ထခြစ်ရပါတယ်။ တခါလေ မနက်လေးနာရီ၊ တခါတလေ ညနေထခြစ်ရပါတယ်။ မိုးရွာလို့
ပင်စည်စိုနေရင် အစေးကရေနဲ့ပျော်ဝင်ပြီး ခွက်ထဲမရောက်ပဲ
အလဟဿဖြစ်သွားတတ်လို့ပါ။ နောက်ပြီး အစေးခြစ်ထားတဲ့ အစေးကြောင်းထဲ ရေထိရင်
အခေါက်ပုတ်ပြီး အစေးမထွက်တော့လို့ ခြစ်လို့မဖြစ်ပါဘူး။
အဲလိုမိုးရွာတဲ့အချိန်မှာ ဟင်းစားရှာထွက်ရင်း စားစရိတ်သက်သာအောင်
လုပ်ရတာပေါ့လေ။ ညဖက်ရော်ဘာစေးထွက်ခြစ်ရင် ဦးထုပ်မှာ မီးခွက်တပ်၊
ဂက်စ်ကျောက်ကို ဗူးထဲထည့်၊ ဗူးအပေါ်ယံခွက်ထဲမှာ ရေထည့်၊ ရေကတစ်စက်ချင်း
ဂက်စ်ကျောက်ပေါ်ကျလို့ ထွက်လာတဲ့ဓာတ်ငွေ့နဲ့ မီးထွန်းရပါတယ်။
တစ်ရက် သက်တော်စောင့်ခွေးတစ်အုပ် ပါတဲ့ကြားက ဘွရှင် အလုပ်လုပ်ရင်း
အန္တရာယ်နဲ့ တွေ့ပါတယ်။ မိုးရွာလို့ လေးရက်တိတိအလုပ်မဆင်းဖြစ်တဲ့
နောက်ပိုင်း တောထဲဝင်တော့ ရော်ဘာပင်တစ်ပင်မှာ ပျားဒူအုံကြီးတစ်အုံ
ဖွဲ့နေတာကို တွေ့ရပါတယ်။ လူတစ်ယောက်ဖက်မက ကြီးပြီး
ငါးပေကျော်လောက်နီးနီးရှိတဲ့ ရွံ့နဲ့လုပ်ထားတဲ့ ပျားဒူအုံကြီးပါ။
တစ်ခါမှမမြင်ဖူးတော့ အန္တရာယ်ရှိမှန်းလည်း မသိပါဘူး။ ဖြစ်ချင်တော့ အဲနေ့က
ဦးထုပ်ဆောင်းဖို့ မေ့ကျန်ခဲ့ပါတယ်။ အဲအပင်နားရောက်တော့
ဝီခနဲအသံတစ်ချက်ကြားလိုက်ပြီး ခေါင်းကိုတူနဲ့ဆောင့်ထုခံရသလို
ပူခနဲဖြစ်သွားပြီး လူကဖင်ထိုင်ကျသွားပါတယ်။ ခွေးနှစ်ကောင်လည်း
တအိုင်အိုင်အော်ပြီး ထွက်ပြေးသွားကြပါတယ်။ လူကသတိဝင်လာပြီး ကြည့်တော့
ရှေ့မှာတ၀ီဝီပျံနေတဲ့ ပျားဒူတစ်ကောင်တွေ့လိုက်ပါတယ်။ တော်တော်ကြီးပါတယ်။
လက်မလောက်ရှိပါတယ်။ အဲအကောင်ကြည့်ရတာ ပျားဒူအုံကို ကင်းစောင့်နေတဲ့ကောင်
ဖြစ်မှာပါ။ ဘွရှင်ကို သုံးလေးပတ်ပျံပြီး ပျားဒူအုံဖက်ပျံသွားပါတယ်။ အုံထဲက
တ၀ုန်းဝုန်းအသံထွက်လာတော့မှ လူကသတိဝင်လာပြီး လက်ထဲကဓားလွှတ်ချ၊
ဖနောင့်နဲ့တင်ပါး တသားတည်းကျအောင် ထွက်ပြေးခဲ့ရပါတော့တယ်။ ခေါင်းမှာ
ကြက်ဥသီးလောက် အဆိပ်တက်ပြီးရောင်နေတဲ့ အဖုကြီးနဲ့ မျက်နှာတစ်ခုလုံး
နီမြန်းပြီး အဲနေ့က အလုပ်မလုပ်နိုင်ခဲ့ပါဘူး။
အဲဒါနဲ့
အနီးဆုံးရော်ဘာခြံက ဘကြီးငပသုန်ဆီ သွားလည်ခဲ့ပါတယ်။ ဘကြီးက
အသက်ငါးဆယ်ကျော်ပါပြီ။ သူ့ကိုအကျိုးအကြောင်းပြောပြတော့ သူက
ဒီညအရက်နဲ့မြည်းစရာ အထူးစပါယ်ရှယ် အမြည်းတစ်ခွက်ရပြီလို့ပြောပါတယ်။
ညရောက်တော့ ဘကြီးက ဘွရှင်ရဲ့ခြံထဲလိုက်လာပြီး အ၀တ်စုတ်တွေကို
တုတ်နဲ့ပတ်၊ရေနံဆီဆွတ်ပြီး မီးတုတ်တစ်ခုလုပ်၊ ခြံထဲနှစ်ယောက်သား
ဝင်သွားလိုက်ပါတယ်။ ပျားတူအုံရှိတဲ့အပင်ရောက်တော့
ခြေသံလုံလုံလျှောက်သွားပြီး ပျားတူအုံအ၀ကို မီးတုတ်နဲ့
မှိုင်းတိုက်လိုက်ပါတယ်။ အထဲမှာ တ၀ုန်းဝုန်းနဲ့ဆယ်မိနစ်လောက်
ရုန်းရင်းဆန်ခတ်ဖြစ်သံ ကြားလိုက်ရပြီး အသံတိတ်သွားတဲ့အချိန် ရွံ့အကာတွေကို
ဖဲ့ချလိုက်တာနဲ့ အထဲမှာ ပျားတူကောင်အသေတွေ တပြုံကြီးနဲ့ သားလောင်းအိမ်တွေ
တွေ့ရပါတယ်။ ပျားတူက ပျားလို အရည်စုတဲ့အကောင်မျိုးမဟုတ်ပဲ
အသားစားတဲ့ပျားမျိုးဖြစ်လို့ အထဲမှာ ကြွက်လိုမျိုးအကောင်တွေရဲ့ အရိုးတွေ
တွေ့ရပါတယ်။ သားလောင်းအိမ်တွေကို ဖဲ့ယူပြီး တဲပြန်ရောက်တာနဲ့ ရေနွေးထဲ
ခါချ၊ ဇကာနဲ့စစ်ချလိုက်တော့ ဒယ်အိုးတစ်လုံးစာ ပျားတူလောင်းတွေ ရလိုက်ပါတယ်။
အဲဒီအကောင်တွေကို ကြက်သွန်ဆီသတ်၊ ဆားလေးလူးပြီးကြော်၊ ကျက်တာနဲ့
ဘကြီးကိုယ်တိုင်ချက်ထားတဲ့ ဆန်အရက်လေးနဲ့ နှစ်ယောက်သား မြည်းလိုက်တာ
မိုးလင်းသွားတယ်။ တသက်နဲ့တကိုယ် စားဖူးသမျှ အစားအစာတွေထဲမှာ အကောင်းဆုံး၊
အဆိမ့်ဆုံးအမြည်းပါပဲ။ ခေါင်းပေါ်က ပျားတူတုပ်လို့ ရထားတဲ့ ကြက်ဥလောက်ရှိတဲ့
အဖုကြီးကိုတောင် မေ့သွားတယ်..ဟီးဟီး။
(နောက်အပိုင်းတွေကျရင်
အရက်ဝယ်မရတဲ့ အစ္စလာမ်ဘာသာရေးနယ်မြေ သရိမ်ကမ်းနူးဒေသမှာ ရခိုင်သားတွေ
ကိုယ်တိုင်အရက်ချက်သောက်ပုံ၊ တစ္ဆေခြောက်ခံရပုံ၊ ဘိန်းရှူပုံ၊
အော်ပရာဇီလိုက်ဖမ်းပုံ၊ ကျားနဲ့ရင်ဆိုင်တွေ့ခဏ်းတွေကို တင်ဆက်မှာဖြစ်ပါတယ်)
0 comments:
Post a Comment