ပေါက်ကရ လေးဆယ်

Subscribe:

Tuesday, January 29, 2013

ပင်လယ်ထဲက ဘွ

ကျွန်းသားဆိုတော့ မွေးကတည်းက ပင်လယ်ထဲကလူပေါ့လေ။ ဒါပေမယ့် Life Guard certificate မရခင်အထိ ရေကူးနည်းစနစ်တွေထဲက ခွေးကူးတစ်မျိုးတည်းကိုပဲ ပိုင်ပိုင်နိုင်နိုင်ကူးတတ်တဲ့ အာဂကျွန်းသားအစစ်ပါ။ ရေပြင်သက်ကယ်နည်းစနစ်သင်တန်းမှာ ဘွကိုရေကူးပြီးရေနစ်တဲ့လူကို ကယ်တတ်အောင် သင်ကြားပေးခဲ့တဲ့ ဆရာသခင်ကျေးဇူးရှင်တွေထဲမှာ မူဆလင်တစ်ယောက်ပါပါတယ်။ ကြုံတုန်းလေး ပြောပြတာ။ တော်ကြာ ရှိရှိသမျှကုလား ၀ါးလုံးချီးသုတ်ရမ်းပြီး မုန်းနေတဲ့လူလို့ ထင်မှာစိုးလို့။
မာန်အောင်ကနေ ဘယ်နေရာကိုပဲသွားသွား ပင်လယ်ဖြတ်ပြီးသွားရပါတယ်။ အာဂကျွန်းသားဘွကတော့ အဲပင်လယ်ကိုဖြတ်တိုင်း လှိုင်းမူးပါတယ်။ စက်လှေ၊သင်္ဘောစီးလို့တစ်ခုတည်း မူးတတ်တာမဟုတ်ပါဘူး။ ကားစီးရင် ကားမူးပါတယ်။ လေယာဉ်ပျံစီးရင်လည်း မူးပါတယ်။ ရဟတ်ယာဉ်စီးရင်လည်း မူးပါတယ်။ အဲဒီလိုမူးတတ်လို့ ရိုလာကိုစတာလိုဟာမျိုးတွေကို ဝေးဝေးရှောင်တတ်ပါတယ်။ စီးလို့မမူးတာ ဆိုင်ကယ်၊ဆိုက်ကားနဲ့ နွားလှည်းရယ် နောက် စက်ဘီးရယ်ပဲ ရှိတယ်။

ရေကျွမ်းကျွမ်းကျင်ကျင် မကူးတတ်သေးပဲ ခွေးကူးပဲကူးတတ်တဲ့၊ လှိုင်းအရမ်းမူးတတ်တဲ့ ဘွတစ်ယောက် ကမ်းမမြင်၊လမ်းမမြင် ပင်လယ်ကြီးထဲမှာ တစ်လကိုးသီတင်း ငါးဖမ်းလှေလိုက်ဖူးခဲ့ပါတယ်။ ကမ်းကနေ လေးညနီးပါးခုတ်မောင်းရတဲ့ ပင်လယ်မှာ ထိုင်းသူဌေးပိုင် ၀ါလတ်လှေလေးနဲ့ ငါးဖမ်းခဲ့တာဖြစ်ပါတယ်။ ၀ါလတ်လှေဆိုပေမယ့် ပိုက်က၀ါလတ်ပိုက်မဟုတ်ပဲ ပလာတူးဖမ်းတဲ့ ပိုက်အသေးစားတွေဖြစ်ပါတယ်။ စုစုပေါင်း ပဲ့နင်းအပါအ၀င် လှေသား ၁၀ယောက်ပါတဲ့ ငါးဖမ်းသင်္ဘောအသေးစားလေးဖြစ်ပါတယ်။

အဲလိုမျိုး ရေကူးမတတ်ပဲနဲ့ အသက်စွန့်ပြီး လှေနဲ့လိုက်သွားရတဲ့အကြောင်းရင်းက ကုန်းပေါ်မှာ အသက်အန္တရာယ်ရှိလို့ပါ။ ဘွအလုပ်လုပ်နေတဲ့ ပုဇွန်ကန်မှာ ဘွအပါအ၀င် မာန်အောင်သားသုံးယောက် မန်နေဂျာနဲ့ပြဿနာတက်ပြီး သတ်ဖို့လိုက်လို့ ပင်လယ်ထဲထွက်ခါနီး အဲဒီလှေမှာ အလုပ်သမားအဖြစ်လိုက်သွားခဲ့ရတာ ဖြစ်ပါတယ်။ ပဲ့နင်းက ထိုင်မွေးစားမိဘတွေလက်မှာ ကြီးပြင်းလာတဲ့ မြန်မာစကားတစ်ခွန်းနှစ်ခွန်းပဲတတ်တဲ့ မွန်လူမျိုးဖြစ်ပါတယ်။ ထိုင်းနိုင်ငံသားပါ။ စက်ဆရာကတော့ ထိုင်းတောင်ပိုင်းက မူဆလင်ဖြစ်ပါတယ်။ ၀က်သားမစားပေမယ့် ဟင်းရည်ဆမ်းစားတတ်ပြီး အရက်အရမ်းကြိုက်တဲ့ အဖိုးကြီးပါ။ ကျန်တဲ့လူတွေကတော့ အကုန်လုံး ရခိုင်တွေဖြစ်ကြပါတယ်။ ကျောက်ဖြူဇာတိ ဘုန်းကြီးလူထွက် လတ်လတ်ဆတ်ဆတ်တစ်ယောက်နဲ့ တန်းကြီး၊သစ်ပုံ၊ခအုန်းမော်၊ပြားကြီး၊ ဘူးရေမြက်က မာန်အောင်သားတွေ ဖြစ်ကြပါတယ်။

ထွက်ခါနီးဆဲဆဲ ကမန်းကတန်း တက်လိုက်လာရလို့ အ၀တ်အစားဝတ်ထားတဲ့ တစ်စုံရယ်၊ ကြွတ်ကြွတ်အိတ်နဲ့ ထုတ်ထားတဲ့ အကျီင်္တစ်ထည်နဲ့ ရှမ်းဘောင်းဘီတစ်ထည်ကလွဲရင် ကျန်တာဘာမှမယူခဲ့ရပါဘူး။ စက်လှေမှာက ရေခဲပုံးတစ်ပုံးထဲမှာ ၀က်သား၊သခွားသီး၊ခရမ်းချဉ်သီး၊ ရှောက်ရွက်၊ ပဒဲကော၊ ငရုတ်သီးစိမ်းနဲ့ ခ၀ဲသီးတွေ ပါလာတာ တွေ့ပါတယ်။ ကမ်းကနေ ငါးဖမ်းကွက်ရောက်ဖို့ သုံးရက်ခရီး လေးညနီးပါးမောင်းရပါတယ်။ လမ်းမှာ လှိုင်းသိပ်မရှိတာကြောင့် သိပ်မမူးပါဘူး။ ဒါပေမယ့် ဖမ်းမယ့်နေရာရောက်လို့ စက်လှေလည်း ကျောက်ချရော၊ လှိုင်းအိပဲ့အိပဲ့ကြားမှာ တလိမ့်လိမ့်လူးနေတဲ့ စက်လှေကြောင့် တရိပ်ရိပ်မူးလာပြီး စားထားသမျှ အကုန်ထိုးအန်ပါတော့တယ်။

လှိုင်းမူးတယ်ဆိုပြီး နားခွင့်မရှိပါဘူး။ ငှက်ဆိုးထိုးသံနဲ့တူတဲ့ ပဲ့နင်းခန်းက အလုပ်ဆင်းချိန် ဥသြဆွဲသံနဲ့အတူ ညနေသုံးနာရီမှာ ပိုက်စချရပါတယ်။ အရှိန်နဲ့ခုတ်မောင်းနေတဲ့ စက်လှေပေါ်ကနေ ပိုက်တွေကို တလက်ချင်း ငြိထွေးတာမျိုးမရှိရလေအောင် သေချာချရပါတယ်။ ပိုက်ချချိန်က အလွန်ဆုံး ၃နာရီလောက်ပဲ ကြာမယ်ထင်ပါတယ်။ မပင်ပန်းပါဘူး။ စက်လှေမောင်းနေတာကြောင့် လှိုင်းမူးလည်းနည်းနည်း သက်သာပါတယ်။ ပိုက်ချပြီးတာနဲ့ စက်လှေကိုကျောက်ချပြီး ထမင်းချက်ရပါတယ်။ ပါလာတဲ့ဝက်သားက သုံးလေးရက်နဲ့ကုန်သွားပါတယ်။ နောက်ရက်တွေမှာတော့ ဖမ်းမိတဲ့ငါးတွေကိုပဲ ချက်စားရပါတယ်။

လှိုင်းမူးတော့ ထမင်းစားမ၀င်ပါဘူး။ ကြိတ်မှိတ်မြိုချထားသမျှလည်း စားပြီးခဏနေရင် ပြန်အန်ထွက်ပါတယ်။ သုံးလေးရက်လောက်ကြာတော့ လူက အားပြတ်ပြီး ဖြူဖတ်ဖြူရော်ဖြစ်နေပါပြီ။ ဒါပေမယ့်နားခွင့်မရှိပါဘူး။ ညနေ ခြောက်နာရီနောက်ပိုင်း ပိုက်စဆွဲပါတယ်။ ပိုက်က ပလာတူးဖမ်းတဲ့ အဏုမြူပိုက်သေးသေးလေးတွေပါ။ အဲပိုက်ကို ကားတာယာနှစ်လုံးကြားမှာ ညှပ်၊ အောက်မှာစက်နဲ့တာယာကို လည်အောင်လုပ်ပြီး လူကအလိုက်သင့်ဆွဲတင်ရတာပါ။ လူတစ်ယောက်စီ အလှည့်ကျဆွဲရပါတယ်။ စက်နဲ့လည်ပြီးဆွဲတယ်ဆိုပေမယ့် ငါးပါရင်ပါသလို လေးပြီး ပင်ပန်းပါတယ်။ ခဲတွဲပြီး ပင်လယ်ရေအောက်ကြမ်းပြင်မှာ ချထားတဲ့ပိုက်တွေဖြစ်လို့ ပိုက်ဆွဲတဲ့အခါပါလာတဲ့ ရွံ့တွေကြောင့် လူတွေအကုန်လုံး ပေလူးပြီး ကျွဲရုပ်ထွက်သွားပါတယ်။ ဆွဲပြီးတက်လာတဲ့ပိုက်တွေကို စက်လှေရှေ့ပိုင်းမှာ ၀ါးလုံးတန်းနဲ့ဖြန့်ပြီး ငါးဖြုတ်ရပါတယ်။ ရသမျှငါးတွေကို ခြင်းတွေထဲ စုပုံထည့်ထားရပါတယ်။

ပင်လယ်ထဲမှာက လှိုင်းကြီးလေ ငါးပိုရလေဖြစ်ပါတယ်။ တသက်နဲ့တကိုယ်တစ်ခါမှ အပြင်မှမမြင်ဖူးတဲ့ လှိုင်းလုံးကြီးတွေကြားမှာ အစပိုင်းက သေးထွက်ကျမတတ် ကြောက်ခဲ့ပါတယ်။ လှိုင်းပေါ်စက်လှေရောက်သွားတာနဲ့ ဘေးကပင်လယ်ကိုမမြင်ရတော့ပါဘူး။ လှိုင်းအောက်ပြန်ရောက်တဲ့အချိန် နောက်ထပ်တစ်လုံးလာတဲ့အချိန်မှာ စက်လှေဦးကိုကြည့်လိုက်ရင် ကောင်းကင်ကိုမမြင်ရတော့ပဲ ထိပ်မှာ အမြှုပ်တွေနဲ့ လှိုင်းလုံးကြီးကိုပဲ မြင်ရပြီး စက်လှေကရေအောက်ရောက်သွားတော့မယ့် ပုံစံမျိုးဖြစ်နေပါတယ်။ လှိုင်းအရိုက်မှာ ရေတွေက မီးသတ်ပိုက်နဲ့ထိုးလိုက်သလို လူကိုဝင်ဆောင့်လို့ တကိုယ်လုံးဆာသွားပြီး လူပါယိုင်သွားပါတယ်။ အဲလိုအချိန်မျိုးမှာ ရေထဲပြုတ်မကျအောင် ပိုက်တင်တဲ့ဝါးလုံးတန်းနဲ့ဖြစ်ဖြစ်၊ အနားက တစ်ခုခုမှာ ကြိုးချည်ပြီး ခါးမှာပတ်ထားရပါတယ်။ ပိုက်ဆွဲလိုက်၊ ငါးဖြုတ်လိုက်၊ ထိုးအန်လိုက်နဲ့ ဘွတစ်ယောက် ပင်လယ်ထဲမှာ ငရဲကျနေခဲ့ပါတယ်။

အန်ချင်တာကို မထိန်းနိုင်ပဲ ထိုးအန်တော့ လေပြင်းကြောင့် ဘေးကလူတွေပါ အန်ဖတ်ပေကုန်တာပေါ့။ ကိုယ့်ဒုက္ခနဲ့ကိုယ်ဆိုတော့ အားမနာနိုင်တော့ပါဘူး။ အဲဒီလိုအန်နေတာကိုမြင်တော့ စက်ဆရာအဖိုးကြီးက သူဝါးနေကျဘိန်းစာရွက်ဆိုတဲ့ အရွက်တစ်မျိုးကို ၀ါးခိုင်းပါတယ်။ တော်တော်ခါးပါတယ်။ ဒါပေမယ့်ခဏပဲသက်သာပြီး ထပ်အန်ပါတယ်။

ပင်လယ်ထဲမှာ သတိတချက်မထားမိတာနဲ့ အန္တရာယ်တွေ့တတ်ပါတယ်။ အခန့်မသင့်ရင် သေတတ်ပါတယ်။ သေရင် ကမ်းပေါ်အလောင်းပြန်မရောက်တော့ပါဘူး။ ပင်လယ်ထဲမှာပဲ ပစ်ချသင်္ဂြိုလ်ကြပါတယ်။ တာယာနှစ်လုံးကြားကနေ တက်လာတဲ့ ငါးတွေလုံးထွေးနေတဲ့ ပိုက်တွေမှာ တခါတလေ အဆိပ်ပြင်းတဲ့ ပင်လယ်ဂျပ်မြွေတွေပါတတ်ပါတယ်။ ကိုက်ခံရရင် ဆေးမမှီပါဘူး။ ငါးရှဉ့်နဲ့ခပ်ဆင်ဆင်တူလို့ သတိမထားပဲ ကိုင်မိတတ်ပါတယ်။ နောက်တစ်မျိုးက အဆိပ်ပြင်းတဲ့ ပင်လယ်ငါးခူကျားတွေပါ။ စူးမိရင်စူးတဲ့နေရာမှာ ယောင်ကိုင်းပြီး ဆေးအချိန်မှီမကုနိုင်ရင် ဖြတ်ပစ်ရတဲ့အထိ အဆိပ်ပြင်းပါတယ်။ တစ်ရက်ပိုက်ဆွဲရင်း ဘွတစ်ယောက် ဂျပ်မြွေတစ်ကောင်ရဲ့ လည်ပင်းကို ပိုက်နဲ့လုံးပြီးသွားကိုင်မိပါတယ်။ အမြီးပြားပြားက ပိုက်နဲ့မငြိပဲ တဖြတ်ဖြတ်ရုန်းနေတာမြင်တော့မှ ဂျပ်မြွေမှန်းသိတာပါ။

ပိုက်ဆွဲလို့ညောင်းရင် ငါးဝင်ဖြုတ်ရပါတယ်။ မနားရပါဘူး။ ငါးဖြုတ်တဲ့နေရာမှာလည်း တော်တော်ဒုက္ခရောက်ပါတယ်။ ငါးတွေထဲမှာ အဓိကမိတာက အကြေးမပါတဲ့ ပလာတူးတွေဆိုပေမယ့် တခြားအကြေးပါတဲ့ငါးတွေ၊ အဆူးနဲ့ငါးတွေပါ ပါလာတော့ လက်ဖ၀ါးမှာ ငါးဆူးတောင်တွေ စူးခံရပါတယ်။ အလုပ်လုပ်တဲ့အချိန် သွေးပူနေလို့မသိသာပေမယ့် ထမင်းစားတဲ့အချိန် အရမ်းစပ်ပါတယ်။ ဆူးကျန်ခဲ့ရင်လည်းချက်ချင်း ထွင်လို့မရပါဘူး။ ပြည်တည်တဲ့အထိ စောင့်ပြီးမှ ပြည်တွေကို ဖောက်ထုတ်ပြီး ထွင်ယူရပါတယ်။

ဘွတစ်ယောက် လှိုင်းမူးပြီး သုံးလေးရက်ဆက်တိုက် အန်နေတာမြင်တော့ ပဲ့နင်းက ဆေးကုပေးပါတယ်။ သူပေးတဲ့ဆေးက ပလာတူးအစိမ်းကို စားခိုင်းတာပါ။ မစားရဲတော့ တတ်သမျှဗမာစကားနဲ့ ဆဲပါတယ်။ ဘေးကလူတွေကလည်း အတင်းစားခိုင်းတော့ ပထမဆုံးသူစားခိုင်းတဲ့ ငါးဗိုက်ထဲက ကလီစာကို အစိမ်းလိုက်မြိုချရပါတယ်။ ညှီလွန်းလို့ အန်မထွက်အောင် ပါးစပ်အတင်းပိတ်ထားရပါတယ်။ ရင်ဘတ်တစ်ခုလုံးပျို့တက်လာလို့ မျက်ရည်တွေတောင်ကျတဲ့အဆင့် ဖြစ်သွားပါတယ်။ ကလီစာမြိုပြီးတာနဲ့ ငါးအသားကိုထပ်စားရပါတယ်။ ငါးတစ်ကောင်လုံးဝါးပြီး မြိုချပြီးတော့မှ ပဲ့နင်းက သံပုရာသီးတစ်စိတ်နဲ့ အရက်တစ်ခွက်တိုက်ပါတယ်။ နာရီဝက်လောက်ကြာတော့ အံ့သြစရာကောင်းလောက်အောင်ပဲ လှိုင်းမူးသမျှပျောက်သွားပါတယ်။ နောက်ထပ် ၂ရက်တိတိ အဲလိုမျိုး အစိမ်းစားခိုင်းပြီးနောက်ပိုင်း လှိုင်းလုံးဝမမူးတော့ပါဘူး။

ပိုက်တွေအကုန်ဆွဲပြီး၊ ငါးတွေဖြုတ်ပြီးတာနဲ့ အမျိုးအစားခွဲပြီး ဗန်းတွေထဲထည့် ရေခဲရိုက်ပြီး စက်လှေဝမ်းဗိုက်ထဲက အကန့်ထဲထည့်ရပါတယ်။ အဲလိုရေခဲရိုက်ဖို့ ကမ်းကနေဗိုက်ထဲထည့်လာတဲ့ ရေခဲတွေကို အရင်ဆင်းတူးရပါတယ်။ တူးပြီးသားရေခဲခြင်းတွေကို ကုန်းဘတ်ပေါ်ထမ်းတင်ရတဲ့အလုပ်ဟာ လှိုင်းလေကြားမှာ မတရားပင်ပန်းလှပါတယ်။ ငါးတွေဗန်းနဲ့ရေခဲရိုက်ပြီးတာနဲ့ အကန့်ထဲထည့်ဖို့ ၀မ်းဗိုက်ထဲတစ်ခါထပ်ဆင်းရပါတယ်။ အထဲမှာ ငါးနံ့တွေကြောင့် အောက်ဆီဂျင်အလုံအလောက်မရပါဘူး။ ခဏခဏ အပေါ်ပြန်တက်ပြီး ခေါင်းပေါ်ကနေ ရေလောင်းချ အသက်ဝအောင် ရှူရပါတယ်။ ရောင်းတန်းမ၀င်တဲ့ ငါးတွေကိုတော့ ရေခဲပါးပါးနဲ့ ငါးပုပ်အကန့်ထဲမှာ စုပေါင်းထည့်ရပါတယ်။ အဲဒီငါးပုပ်တွေကို မွေးမြူရေးအစာကြိတ်တဲ့ စက်ရုံတွေက၀ယ်ပါတယ်။

အကုန်လုံးကိစ္စ၀ိစ္စပြီးတဲ့အချိန် မနက်သုံးနာရီထိုးပါပြီ။ ရေချိုးဖို့ ၀မ်းဗိုက်ထဲက ပင်လယ်ရေတွေကို စုပ်ထုတ်နေတဲ့ ပိုက်လုံးနားမှာ ရွံ့တွေနဲ့ပေလူးပြီး မျက်လုံးနှစ်လုံးပဲပေါ်တော့တဲ့ ဘွတို့အုပ်စု တန်းစီရပါတယ်။ အလှည့်ကျ ဆားငန်ရေနဲ့ တစ်ကိုယ်လုံးက ရွံ့တွေကိုစင်အောင်ဆေးချပြီး ဆပ်ပြာမတိုက်ခင် စကေးနဲ့တစ်ယောက်ကို ရေချိုနှစ်ခွက်စီရပါတယ်။ ဆားငန်ရေက စေးကပ်လွန်းလို့ ဆပ်ပြာတိုက်ရင် အမြှုပ်မထွက်တဲ့အတွက် ရေချိုတစ်ခွက်အရင်လောင်းချိုး၊ ပြီးရင် ဆပ်ပြာတိုက်၊ ပြီးတာနဲ့ ကျန်တဲ့ရေချိုတစ်ခွက်နဲ့ တိုက်ထားတဲ့ဆပ်ပြာတွေကို စင်အောင်ချွေတာချိုးယူရပါတယ်။ ဆပ်ပြာမစင်ရင်လည်း ထပ်မရတော့ပါဘူး။ တစ်ယောက်ကို တစ်ရက်မှာရေချိုနှစ်ခွက်ပဲ ချိုးခွင့်ရှိပါတယ်။

ရေချိုးပြီးတာနဲ့ ထမင်းစား၊ ပြီးရင် အိပ်ရာဝင်ရပါတယ်။ မအိပ်ချင်သေးရင်တော့ ငါးမျှားလို့ရပါတယ်။ ငါးကွမ်းရှပ်တွေမိရင် ပဲ့နင်းဆီမှာ စာရင်းနဲ့အပ်ပြီး လှေကမ်းကပ်တဲ့အချိန် သူဌေးဆီမှာ ပိုက်ဆံထုတ်ယူလို့ရပါတယ်။ ဘွမှာက သူများလို အကျီင်္ဝတ်စရာအများအစားမပါတော့ ၀တ်အိပ်ဖို့ စိုနေတဲ့အ၀တ်အစားတွေကို ခြောက်အောင်မီးထိုင်ကင်နေရလို့ ငါးမမျှားနိုင်ပါဘူး။ ပင်လယ်ထဲမှာနေရတဲ့အချိန်မှာ စိတ်ပျက်စရာအကောင်းဆုံးက လှေပဲ့ပိုင်းမှာ အိမ်သာတက်ရတာပါ။ အိမ်သာမပါပါဘူး။ လှေပဲ့ပိုင်းမှာ စတီးကိုင်းနှစ်ခုတပ်ပေးထားပြီး ပြုတ်မကျအောင် အဲဒီကိုင်းကိုကိုင်ပြီး အိမ်သာတက်ရပါတယ်။ ဘာအကာအရံမှမရှိလို့ ဘေးကလူတွေအကုန်မြင်နေရတော့ တော်တော်လေး စိတ်ပျက်ဖို့ကောင်းပါတယ်။ လှိုင်းကြီးတဲ့နေ့တွေဆိုရင် တကိုယ်လုံးလှိုင်းရိုက်ခံရပြီး စိုရွှဲလို့၊ ဘုရားတပြီး အိမ်သာတက်ရပါတယ်။ အိပ်ရတာကလည်း ပဲ့နင်းအခန်းအပေါ်က ထပ်ခိုးလေးမှာပါ။ စက်လှေရဲ့ပုံစံအတိုင်းပဲ နောက်ဖက်ကမြင့်ပြီး အထဲကိုခွက်ဝင်နေတဲ့ မတ်တပ်ရပ်လို့မရတဲ့ အခန်းလေးဖြစ်ပါတယ်။

ဘွတို့အဖွဲ့တွေထဲမှာ အရယ်ရဆုံးနဲ့ ပဲ့နင်းဆီမှာအဆဲခံရဆုံးက အရမ်းကြောက်တတ်တဲ့ ကျောက်ဖြူသား ဘုန်းကြီးလူထွက်ပဲဖြစ်ပါတယ်။ သူက ငယ်ငယ်လေးကတည်းက ဘုန်းကြီးဝတ်ခဲ့တဲ့လူဆိုတော့ ပုဆိုးတောင်ကောင်းကောင်း မ၀တ်တတ်တဲ့အပြင် စကားပြောရင်လည်း တခါတလေ ဘုန်းကြီးလေသံနဲ့ယောင်ပြီး ပြောတတ်ပါတယ်။ ဘာစိတ်ကူးပေါက်လို့ လူထွက်လာလဲတော့ မသိပါဘူး။ လှိုင်းအရမ်းကြီးတဲ့ညတွေဆိုရင် သူ့မှာကြောက်လွန်းလို့ နေစရာမရှိပါဘူး။ ငါးဖြုတ်ရင်း ပဌာန်းရွတ်တတ်လို့ အရမ်းရယ်ရပါတယ်။ ဘယ်လောက်ပဲ ဆဲဆဲ စိတ်မဆိုးတတ်ပါဘူး။ သူလုပ်သမျှ အလွဲလွဲအချော်ချော်ဖြစ်နေလို့ စက်လှေပေါ်မှာ သူ့ကိုမဆဲဖူးတဲ့လူ မရှိသလောက်ပါပဲ။ တစ်ညမှာ သူ့ကြောင့် ဘွတို့ဒုက္ခတော်တော်ရောက်ခဲ့ပါတယ်။

အဲညကလှိုင်းအရမ်းကြီးပါတယ်။ ဘုန်းကြီးလူထွက်တစ်ယောက် အပေါ့သွားချင်ပေမယ့် လှိုင်းကြီးလို့ အောက်မဆင်းရဲပါဘူး။ လူတွေအကုန်လုံး ပင်ပန်းပြီးအိပ်ပျော်နေကြတော့ တစ်ယောက်တည်းအောက်မဆင်းရဲတာနဲ့ ပဲ့ပိုင်းအခန်းဝမှာ ရေသန့်ဗူးနဲ့ ရှူးပေါက်လိုက်ပါတယ်။ ဖြစ်ချင်တော့ လှိုင်းမတရားကြီးလို့ စက်လှေကလူးတော့ သူပေါက်တဲ့ရှူး ရေသန့်ဗူးထဲ မ၀င်ပဲ ဘေးမှာစိုရွှဲသွားပါတော့တယ်။ ပဲ့ပိုင်းကမြင့်နေတော့ သူပေါက်လိုက်တဲ့ သေးတွေက အခန်းထဲစီးဝင်လာပါတယ်။ ပထမဆုံး သူ့ဘေးမှာ ဆန်အိတ်ခေါင်းအုံးအိပ်နေတဲ့ ဘူးရေမြက်ကဘိုးတော်ဆီ လာစိုပါတယ်။ ဘိုးတော်က တခြမ်းစောင်းအိပ်နေတော့ သူ့နံဘေးတစ်ခြမ်းလုံး ရွှဲသွားပါတယ်။ ဒုတိယမြောက်က ဘွပါ။ ကျောတစ်ခုလုံး ရှူးတွေပေပြီး ပူပူနွေးနွေးဖြစ်လာတော့ အိပ်ရာကနိုးလာပါတယ်။ လက်နဲ့စမ်းပြီး နမ်းကြည့်တော့ ရှူးရှူးတွေဖြစ်နေတယ်။ အဲဒါနဲ့ပေါက်ကွဲပြီး ဓာတ်မီးထစမ်းပြီးထိုးကြည့်တော့ ရေသန့်ဗူးကိုင်ပြီး အခန်းဝမှာကွတတကြီးဖြစ်နေတဲ့ ဘုန်းကြီးလူထွက်ကို တွေ့တော့..သူက..

"အဟီး... ငါရှူးပေါက်တာ လှိုင်းကြီးလို့ ပုလင်းထဲမကျပဲ အပြင်မဆိုစလောက် စင်သွားဒယ် ဆောရီး ဆောရီး"

အကုန်လုံး ၀ိုင်းဆဲကြတော့ သူ့ခမျာ သွားလေးဖြဲပြီး တောင်းပန်ပါတယ်။ ဘုန်းကြီးလူထွက်ကောင်းမှုနဲ့ အဲညက တခန်းလုံး သေးစော်နံနံနဲ့ အ၀တ်လဲစရာမရှိပဲ အိပ်ခဲ့ရပါတော့တယ်။ နောက်တစ်ရက်နှစ်ရက်မှာတော့ ရိက္ခာလည်းပြတ်ခါနီး၊ ငါးလည်း မှန်းထားသလောက် ရခါနီးဖြစ်တာရယ်၊ မုန်တိုင်းသတိပေးချက်ရှိတာရယ်ကြောင့် နီးစပ်ရာကျွန်းတစ်ခုကို အမြန်ပြန်ဝင်ရပါတယ်။ အဲဒီမှာပဲ့နင်းနဲ့စက်ဆရာကလွဲရင် ကျန်တဲ့လူတွေက ကျွန်းပေါ်မတက်ရပါဘူး။ နှစ်ရက် ကျွန်းဘေးမှာ လေငြိမ်အောင်စောင့်ပြီး ကမ်းကိုပြန်လာခဲ့ပါတယ်။ ငါးကလီစာအစိမ်းစားပြီးကတည်းက ကမ်းပြန်ဝင်တဲ့အချိန်အထိ ဘွ လုံးဝလှိုင်းမမူးတော့ပါဘူး။ ဒါပေမယ့် ကုန်းပေါ်လည်းတက်ရော မြေကြီးတစ်ခုလုံးယိမ်းထိုးပြီး လမ်းလျှောက်လို့မရတော့ပါဘူး။ လှိုင်းမူးသလိုမျိုး အသားကုန်မူးပြီး ထိုင်ချလိုက်ရပါတယ်။ ဘေးကလူလာတွယ်တော့မှ မတ်တပ်ရပ်လို့ရပါတယ်။

လှေသမားအလုပ်က ကမ်းကိုလှေပြန်ဝင်ရုံနဲ့ မပြီးသေးပါဘူး။ မိလာတဲ့ငါးတွေကို ကဲ့ထုတ်ရပါသေးတယ်။ ၀မ်းဗိုက်ထဲက ငါးဗန်းတွေကို လက်ဆင့်ကမ်းသယ်ပြီး စက်ရုံကအအေးခန်းကားထဲ ထည့်ပေးရပါတယ်။ သူဌေးက စားစရာတွေ၊ လစ်ပိုပုလင်းတွေ ၀ယ်ပေးပါတယ်။ 


အဆိုးဆုံးအလုပ်ကတော့ ရောင်းတန်းမ၀င်တော့ ငါးတွေကို ရေခဲပါးပါးနဲ့ ဒီအတိုင်းသိပ်ထည့်ထားတဲ့ အကန့်ထဲက ငါးပုပ်တွေကို ကဲ့ထုတ်ရတဲ့အလုပ်ပဲဖြစ်ပါတယ်။ ပုပ်စော်က အရမ်းနံပြီး အဲဒီဝမ်းဗိုက်အကန့်ထဲဆင်းရတူးရတာ ငါးမိနစ်ပြည့်အောင်ခံနိုင်ဖို့ မနည်းအားတင်းထားရပါတယ်။ အထဲမှာအသက်အောင့်ပြီး တူးရတာပါ။ သုံးလေးမိနစ် အပေါ်တက် ရေလောင်းခံ၊ အသက်ဝအောင်ရှူပြီးမှ ထပ်တူးယူရပါတယ်။ တူးပြီးသားတွေကို ခြင်းနဲ့အပေါ်ထမ်းတင်ပေးရပါတယ်။ အဲလိုတူးရင်း အထဲမှာအောက်ဆီဂျင်ပြတ်ပြီး သေသွားတဲ့လူတွေ မနည်းပါဘူး။ အဲဒီငါးပုပ်တွေကို အမှုန့်ကြိတ်ပြီး မွေးမြူရေးအစာလုပ်တယ်လို့ သိရပါတယ်။ 


ငါးပုပ်တူးပြီးရင် ဘယ်လောက်ပဲ ဆပ်ပြာအကောင်းစားနဲ့တိုက်တိုက် အပုပ်နံ့မပျောက်ပါဘူး။ ခန္ဓာမှာအပုပ်နံ့က စွဲကျန်ခဲ့ပါတယ်။ အဲဒီလိုနံတဲ့ငါးပုပ်နံ့ကို ပျောက်အောင်လုပ်နိုင်တာ တစ်ခုပဲရှိပါတယ်။ အဲဒါက ဆန်ဆေးရေပါ။ ဆန်ဆေးရေနဲ့ ပွတ်သပ်တိုက်ချွတ်လိုက်ပြီး ဆပ်ပြာပြန်တိုက်လိုက်ရင် အပုပ်နဲ့မကျန်တော့ပါဘူး။ အဲလိုဆန်ဆေးရေနဲ့ သန့်ရှင်းရေးလုပ်ပြီးတာနဲ့ ဘွတို့အုပ်စု သူဌေးဆီကပေးတဲ့ဝင်စရိတ်နဲ့ဝယ်ထားတဲ့အ၀တ်အစားတွေဝတ်၊ ရွှေပြည်နန်းသနပ်ခါး ဖွေးနေအောင်လိမ်းပြီး ထားဝယ်မအရက်ဆိုင်မှာ ကာရာအိုကေဆိုရင်း ဖွန်ကြောင်ဖို့ သွားကြပါတော့တယ်။ ကမ်းမမြင်၊လမ်းမမြင် ပင်လယ်ထဲမှာ တစ်လလောက် ဆန့်ကျင်ဖက်လိင်ကို မမြင်ခဲ့ရတော့ ကမ်းပေါ်မှာ မြင်မြင်သမျှ ဣထ္ထိယတွေ လှနေတာ တစ်သက်မှာအဲတစ်ခါ ပထမဆုံးကြုံဖူးခဲ့တယ်။ တော်သေးတယ်။ ဘွကြောင်သမျှကောင်မလေးတွေ အဲတုန်းကပြန်မကြိုက်ခဲ့လို့။ ပြန်ကြိုက်လို့ကတော့ မျက်စိထဲတွေ့သမျှ အကုန်လှနေတော့ ဆွဲစိပလိုက်မှာ.....:p

0 comments:

Post a Comment