ပေါက်ကရ လေးဆယ်

Subscribe:

Thursday, January 31, 2013

တောတွင်းသား ဘွ (စတုတ္ထပိုင်း)

တောတွင်းသား ဘွ (စတုတ္ထပိုင်း)

လူတွေဟာ လောကဓံကိုရင်ဆိုင်ရင်း ကိုယ့်ကိုယ်ကိုရင့်ကျက်လာအောင် တည်ဆောက်ယူရပါတယ်။ ကိုယ်ကိုယ့်ကို ရင့်ကျက်အောင် မကြိုးစားဘူးဆိုရင်တောင် လောကဓံက ရင့်ကျက်အောင် ဖန်တီးပေးသွားတတ်ပါတယ်။ ဒီအပိုင်းမှာတော့ ဘွရှင်ရဲ့ လှိုင်းလှေထန်တဲ့ လောကဓံမြစ်မှာ မတတ်တတတ်နဲ့ အလျားလိုက်ခွေးကူးကူးခဲ့ရတဲ့ ဘ၀တစိတ်တဒေသကို ထပ်မံတင်ဆက်သွားပါမယ်။လူဆိုတဲ့အမျိုးဟာ များသောအားဖြင့် အသိုင်းအ၀န်းနဲ့နေတတ်တဲ့ သတ္တ၀ါတစ်မျိုးပါပဲ။ ရှားရှားပါးပါး တချို့တလေလောက်ပဲ တစ်ယောက်တည်းသီးသန့်နေတတ်ကြတာပါ။ အဲလိုမျိုးအဖော်အပေါင်းနဲ့ နေတတ်တဲ့လူဟာ အသိုင်းအ၀ိုင်းနဲ့ကင်းကွာပြီး အဖော်ကင်းမဲ့တဲ့နေရာမှာ တစ်ယောက်တည်း ရက်ပေါင်းများစွာနေရတဲ့အချိန်မှာ အထီးကျန်ခြင်းဆိုတဲ့ လောကဓံနဲ့ထိပ်တိုက်တိုးပါတော့တယ်။ အထီးကျန်ခြင်းဟာ ပျင်းရိခြင်း၊ငြီးငွေ့ခြင်း၊စိတ်ပျက်ခြင်း၊ အားငယ်ခြင်းဆိုတဲ့ လက်နက်မျိုးစုံနဲ့ လူကိုတိုက်ခိုက်တတ်ပါတယ်။ ခံနိုင်ရည်မရှိရင်တော့ ဂေါက်သွားတတ်ပါတယ်။

တောထဲစရောက်တော့ ခြံမရခင်တစ်လလောက်ပဲ သူများဆီမှာကပ်နေရတော့ မိုးတွင်းလည်းဖြစ်တဲ့အတွက် တဲမှာလူမပြတ်ပါဘူး။ ရော်ဘာခြံရတော့ ကိုယ့်ဘာသာတစ်ယောက်တည်း အလုပ်လုပ်ရတဲ့အချိန် တစ်လလောက်ကြာလာတော့ အပေါ်မှာပြောခဲ့တဲ့ ဝေဒနာတွေကို လက်တွေ့ခံစားလာရပါတော့တယ်။ အချိန်သတ်မှတ်ချက်မရှိပဲ မိုးသာရင်သာသလို ရော်ဘာခြစ်ရတော့ အိပ်ချိန်၊စားချိန်က ပုံမှန်မရှိပါဘူး။ ချွတ်ခြုံကျနေတဲ့ အိမ်စီးပွားရေးအခြေအနေကြောင့် ကြောက်တတ်တဲ့ဘွတစ်ယောက် ညကြီးသန်းခေါင် တောကြီးမျက်မည်းထဲမှာ အားတင်းပြီးအလုပ်ဆင်းခဲ့ရပါတယ်။ ပတ်ပတ်လည်မှ လူတစ်ယောက်မှမရှိတဲ့နေရာ၊ မရှိတဲ့အချိန်မျိုးမှာ အလုပ်လုပ်ခဲ့ရတာပါ။ အစပိုင်းမှာ တော်တော်ကြောက်ပါတယ်။ သစ်ကိုင်းခြောက်ကြွေသံ၊ တောဝက်တိုးသံ၊ မျောက်တရေးနိုးထအော်သံ၊ ငှက်ဆိုးထိုးသံ အစရှိတဲ့ ညဖက်တောတွင်းသံတွေက ဘွကို တော်တော်ခြောက်လှန့်ခဲ့ပါတယ်။ ကြောက်တာမှ ဆံပင်တွေထောင်၊ မွှေးညှင်းတွေထောင်တဲ့အထိ ကြောက်ခဲ့တာပါ။ ရော်ဘာစေးခြစ်နေရင်း ဘေးကနေ ဗြုန်းခနဲတောကောင်တစ်ကောင် ထပြေးတာမျိုးကြုံတာနဲ့ ငယ်သံပါအောင်အော်ပြီး ထွက်ပြေးဖူးပါတယ်။

တစ်ပတ်နှစ်ပတ်လောက်ကြာတော့ နည်းနည်းကျင့်သားရသွားပါတယ်။ အစပိုင်းကလောက် မကြောက်တော့ပါဘူး။ အသံကြားရင် အဲနေရာထိသွားကြည့်ရဲတဲ့ သတ္တိတွေရလာပါတယ်။ သွားကြည့်တိုင်း အန္တရာယ်မတွေ့တော့ တောနဲ့ဘွ တစတစပိုရင်းနှီးလာခဲ့ပါတယ်။ နှစ်လလောက်ကြာတော့ ခြံထဲကအပင်၂၀၀၀ကျော်ကို ဘယ်နေရာက ဘယ်နှစ်ပင်မြောက်မှာ ဘာရှိတယ်ဆိုတာကအစ မှတ်မိလာပါတယ်။ ကြောက်တာပျောက်သွားပေမယ့် တိုးလာတဲ့ရောဂါက ငြီးငွေ့ခြင်းပါ။ စကားပြောဖော်ရချင်လို့ ငါးမိုင်လောက်ဝေးတဲ့ သူများခြံတွေကို မိုးရွာလို့ အလုပ်မလုပ်ရတဲ့အချိန် လမ်းလျှောက်သွားလည်တတ်ပါတယ်။ ကုန်းတက်ကုန်းဆင်း အရမ်းပင်ပန်းတဲ့ခရီးကို အသွားအပြန် နေ့ချင်းသွားလည်တဲ့အထိ ငြီးငွေ့မှုကို ဖြေဖျောက်ဖို့ ကြိုးစားခဲ့ပါတယ်။

ရွာထဲကနေ ရလာတဲ့သတင်းစာဟောင်းတွေဆီက ကောင်မလေးပုံတွေ၊ ခလေးပုံတွေကို တဲနံရံမှာအပြည့်ကပ်ပြီး စိတ်ကူးယဉ်နေတတ်ပါတယ်။ တခါတလေ အဲပုံတွေကို လူအမှတ်နဲ့စကားပြောပြီး အပျင်းဖြေပါတယ်။ ဖဲထုတ်တစ်ထုတ်ရှိတော့ အဲဖဲထုတ်ကို လူအများနဲ့ဝိုင်းဖွဲ့ကစားသလိုမျိုး တစ်ယောက်တည်း စကားတွေပြောပြီး ခလေးလေးတွေလို ကစားနေတတ်ပါတယ်။ အလုပ်လုပ်ရင်း ရသမျှသီချင်းတွေ အသံဝင်တဲ့အထိ အော်ဆိုတတ်ပါတယ်။ ဆိုစရာသီချင်းကုန်သွားရင် အလွတ်ရတဲ့ ကက်ဆက်ပြဇာတ်တွေကို မိန်းမသံ၊ယောင်္ကျားသံ ဇာတ်စကားတွေ တစ်ယောက်တည်းပြောရင်း ပြဇာတ်ခင်းနေတတ်ပါတယ်။ ဥပမာ ပျဉ်းမငုတ်တိုတို့လို ပြဇာတ်မျိုးတွေပေါ့လေ။တခါတလေ မြန်မာ့အသံကလွှင့်သလိုမျိုး သတင်းကြေငြာနေတတ်ပါတယ်။ အဲအချိန်တစ်ယောက်ယောက် မြင်ရင် ဘွရှင်ရူးနေပြီလို့ ထင်မှာသေချာပါတယ်။ တကယ်တော့ ကိုယ့်ကိုတိုက်ခိုက်နေတဲ့ လောကဓံကြောင့် ရူးမသွားအောင် စိတ်ကိုထွက်ပေါက်ပေးတဲ့ သဘောပါ။

နောက်ပိုင်း ခွေးတစ်အုပ်ရောက်လာတော့ ဘွရှင်အတွက် မိသားစုတစ်စုရလိုက်သလိုပါပဲ။ တချိန်လုံးခွေးတွေနဲ့စကားပြောနေလို့ ခွေးတွေတောင်ဘွရှင်စကားကို နားလည်လာပါတယ်။ ဥပမာ နာမည်ခေါ်ရင် ခေါ်ခံရတဲ့ခွေးအနားလာတာမျိုး၊ ဒီကစောင့်နေဆိုရင် ဘယ်မှမသွားပဲ စောင့်နေတတ်တာမျိုးပေါ့လေ။ ခွေးတွေမရောက်ခင် တစ်ညမှာ ဘွရှင်အန္တရာယ်နဲ့ တိုးပါတယ်။ ဘွရှင်ရဲ့ခြံ မနီးမဝေးမှာ ဒူးရင်းပင် ဆယ်ပင်လောက်ရှိတဲ့ ခြံတစ်ခုရှိပါတယ်။ ရော်ဘာခြံဟောင်းပါ။ ညဖက်အလုပ်လုပ်ရင်း ဗိုက်ဆာလာလို့ အဲခြံမှာဒူးရင်းသီးကြွေကျတာ သွားကောက်စားမလို့ သွားတာပါ။ လုပ်သက်နည်းနည်းရလာပြီဆိုတော့ လူကသိပ်မကြောက်တော့ပါဘူး။ ဦးထုတ်မှာတပ်ထားတဲ့ မီးခွက်ကမီးရောင်နဲ့ ဒူးရင်းပင်တွေအောက်မှာ ဒူးရင်းသီးလိုက်ရှာနေတုန်း ခြံနောက်ဖက် တောစပ်ကနေ တ၀ုန်းဝုန်းနဲ့တောတိုးသံ ကြားလိုက်ရပါတယ်။ အဲဒါနဲ့ အသံကြားတဲ့ဖက် မျက်နှာမူလိုက်တော့ ဦးထုတ်ကမီးရောင်က ခြုံတောထဲစူးခနဲရောက်သွားပါတယ်။ ရင်ထဲထိတ်ခနဲဖြစ်သွားပြီး ကျောမှာချပ်ထားတဲ့မှိန်းကိုဖြုတ်၊ အိတ်ထဲကလက်ဆွဲဓာတ်မီးကိုပါ ဖွင့်ပြီးရင်ဆိုင်ဖို့ အသင့်ပြင်လိုက်ပါတယ်။ မိနစ်ပိုင်းအတွင်း အနီရောင်တောက်နေတဲ့ မျက်လုံးနှစ်လုံးကို ပထမဆုံးမြင်လိုက်ရပြီး ခြုံထဲကနေ အကောင်တစ်ကောင်ရဲ့ ခေါင်းထိုးထွက်လာပါတယ်။ ပထမတော့လှည့်ထွက်ပြေးမလို့ စဉ်းစားလိုက်ပြီး ဘယ်လိုမှမလွတ်နိုင်ဘူးဆိုတာ သတိရတာနဲ့ ပါလာတဲ့မှိန်းနှစ်ချောင်းထဲက လက်ထဲကိုင်ထားတဲ့မှိန်းကို ဘွရှင်ဆီပြေးလာတဲ့အကောင်ဆီကို အားတကုန်ပစ်ထည့်လိုက်ပါတယ်။ တောထဲမှာဖြစ်လို့ ကြားကအပင်တွေနဲ့ငြိလို့လားတော့ မသိပါဘူး။ အဲအကောင်ဆီက မှိန်းထိလို့ အော်သံမကြားရပဲ တရှူးရှူးနဲ့နှာမှုတ်သံပဲ ကြားရပြီး တောတိုးသံတော့ရပ်သွားပါတယ်။ ခဏငြိမ်သွားတော့မှ သတိရပြီး ဂက်စ်ကျောက်ထည့်ထားတဲ့ ကိုလာကော်ပုလင်းကို ရေတစ်ဝက်အမြန်ထည့် အဖုံးလေလုံအောင်ပိတ်ပြီး အဲဒီချုံထဲလှမ်းပစ်လိုက်တော့ ခဏနေတာနဲ့ ဖောင်းခနဲထပေါက်တာ တစ်တောလုံးပဲ့တင်ရိုက်ပြီးဟိန်းသွားပါတယ်။ အဲတော့မှချုံထဲကကောင် ကုန်းပေါ်တက်ပြေးတော့ ဓာတ်မီးနဲ့လှမ်းထိုးကြည့်တာ နွားပေါက်တစ်ကောင်လောက်ရှိတဲ့ အကောင်တစ်ကောင်ဖြစ်နေတာ တွေ့ရပါတယ်။ အဲလိုကောင်မျိုးတစ်ခါမှ မမြင်ဖူးပါဘူး။ အနက်ရောင်ကိုယ်လုံးမှာ နောက်ပိုင်းကအဖြူရောင်တဘက်ကြီးခြုံထားသလိုမျိုး၊ ဆင်လိုနှာမောင်းရှိတဲ့ တိရစ္ဆာန်ဖြစ်ပါတယ်။ သေချာမမြင်လိုက်ရပေမယ့် ဓာတ်မီးရောင်အောက်မှာ နှာမောင်းပါတဲ့၊ အဖြူနဲ့အနက်ကြားတိရစ္ဆာန်မှန်းတော့ တွေ့လိုက်ရပါတယ်။ ဘာကောင်မှန်း အဲတုန်းကမသိလိုက်ပါဘူး။ အဲအကောင်ထွက်ပြေးသွားတော့မှ ဒူးရင်းသီးလည်း ဆက်မကောက်ရဲတော့ပဲ ကိုယ့်ခြံထဲပြန်ပြေး လာခဲ့ပါတယ်။ ပစ်လိုက်တဲ့မှိန်းတောင် ပြန်မရှာခဲ့ရပါဘူး။နောက်တစ်ရက် ဘကြီးငပသုံဆီသွားပြီး အကျိုးအကြောင်းပြောပြတော့မှ ညတုန်းက ဘွရှင်တွေ့တဲ့အကောင်ဟာ ကြံ့သူတော်မှန်းသိရပါတယ်။ တကယ့်ရှားပါးတိရစ္ဆာန်အမျိုးအစား ဖြစ်တယ်လို့ နောက်ပိုင်းမှာ သိရပါတယ်။ ကြံ့သူတော်တွေဟာ လူသူမနီးတဲ့ တောကြီးတွေမှာနေထိုင်ကြပြီး မီးရောင်မြင်ရင် တောမီးလောင်တယ်ထင်ပြီး လာငြိမ်းတတ်ပါတယ်တဲ့။ ဘွရှင်ဦးထုတ်က မီးရောင်ကြောင့် တောမီးထင်ပြီးအနားကို ရောက်လာတာပါ။ လူမှန်းသိတော့မှ ထွက်ပြေးသွားတာဖြစ်ပါတယ်။ လူကိုအန္တရာယ်မပြုတတ်တဲ့ တိရစ္ဆာန်ပါ။ တကယ်လို့ အဲနေရာမှာသာ ကျားဖြစ်နေရင်တော့ ဘွရှင်ဒီစာကိုရေးခွင့်ရမယ် မထင်ပါဘူး။ အဲဒီလိုအတွေ့အကြုံတွေကြောင့် တောထဲမှာတဖြည်းဖြည်း သတ္တိရှိလာသလို ကိုယ့်ကိုယ်ကိုလည်း ယုံကြည်မှုပိုရှိလာခဲ့ပါတယ်။

အထီးကျန်မှုကို အသဲတထိတ်ထိတ် စွန့်စားခန်းတွေ၊ စူးစမ်းရှာဖွေမှုတွေနဲ့ တခါတလေဟင်းစားရှာထွက်တာတို့၊ အမဲလိုက်တာတို့၊ နောက် ငါးဖမ်းတာတို့နဲ့ တတ်နိုင်သလောက် ဖြေဖျောက်ခဲ့ရပါတယ်။ ဘွရှင်ရဲ့ရော်ဘာခြံနောက်ဖက်မှာ အစိုးရသစ်တောကြိုးဝိုင်းကြီးရှိပါတယ်။ အဲဒီတောထဲကို သစ်မွှေးရှာတဲ့လူတွေ ခဏခဏရောက်တာ တွေ့ရပါတယ်။ တရက် သူတို့တောထဲကထွက်လာတော့ သူတို့သွားခဲ့တဲ့လမ်းကြောင်းအတိုင်း လိုက်ကြည့်တော့ တစ်နာရီလောက်ပတ်ရှာရင်း တောထဲမှာအပင်တစ်ပင်လှဲပီး အထဲကအနှစ်တွေကို ထွင်းပြီးယူသွားတာတွေ့ရပါတယ်။ သစ်မွှေးဆိုတာ အပင်ရဲ့အနှစ်မှာရှိတယ်လို့ သိထားတော့ သူတို့ထွင်းသွားတဲ့နေရာနားက အစအနတွေကိုနမ်းကြည့်တော့ တော်တော်မွှေးတာတွေ့ရပါတယ်။ အဲဒါနဲ့ အဲဒီမွှေးတဲ့ သစ်အစအနလေးတွေ ကောက်ပြီးပြန်လာခဲ့ပါတယ်။ သစ်မွှေးအနံ့ကိုသိပြီးနောက်ပိုင်း ဘယ်မှာရောင်းရမှန်းမသိပေမယ့် အားရင်တောထဲဝင်၊ စိတ်ထင်ရာအပင်ကို လွန်နဲ့ဖောက်ပြီး အထဲကအစာကိုနမ်းကြည့်တဲ့ အလုပ်တစ်ခုကို အပျင်းပြေလျှောက်လုပ်နေမိပါတယ်။ ခဏခဏသွားရှာပေမယ့် သစ်မွှေးပင်တစ်ပင်မှ မတွေ့ခဲ့ရပါဘူး။ သစ်မွှေးပင်အမျိုးအစားကိုလည်း ဘွရှင်မသိပါဘူး။ အိတ်ထဲမှာအမြဲဆောင်ထားတဲ့ သစ်မွှေးစလေးကအနံ့ကိုပဲ သိတာပါ။ စိတ်ကူးယဉ်ပြီး အဲလိုလျှောက်လုပ်ရတာ ဘွရှင်အတွက်ပင်ပန်းပေမယ့် အပျင်းပြေပါတယ်။

ဘွရှင်ရဲ့တောနဲ့ မနီးမဝေးမှာတော့ မျက်စိတဆုံးဆီအုန်းခင်းကြီးရှိပါတယ်။ ဘွရှင်အတွက် အဓိကစားနပ်ရိက္ခာပေးတဲ့ တောကြီးပေါ့လေ။ ဆီအုန်းခင်းထဲမှာ တောဝက်၊တောကြောင်၊ ဖွတ်၊ တောကြက်နဲ့ ငှက်မျိုးစုံရှိသလို သဘောင်္ပင်၊ ခရမ်းကစော့ပင်၊ တောငှက်ပျောပင်တို့လို အလေ့ကျပေါက်တဲ့ သီးပင်စားပင်တွေရှိပါတယ်။ နောက်ပြီးတောင်ပို့မှိုတွေရတတ်ပါတယ်။ ဆီအုန်းခင်းကြားက ဖြတ်စီးနေတဲ့တောင်ကျချောင်းဘေးက ၀ါးရုံတွေဆီကနေ မျှစ်တွေလည်း လိုသလောက်ချိုးလို့ရပါတယ်။ တောဝက်တွေကတော့ နေ့ခင်းဖက်တောရိုင်းထဲမှာအိပ်ပြီး ညဖက်မှဆီအုန်းသီးစားထွက်ကြတာပါ။ တောကြက်တွေက ညဖက်ဆီအုန်းပင်နိမ့်နိမ့်တွေမှာ အိပ်တတ်ပါတယ်။ အောက်ကနေလက်နဲ့လှမ်းဖမ်းဆွဲလို့တောင် ရတတ်ပါတယ်။

တောထဲမှာတဲပေါ်ကနေအောက်ဆင်းတာနဲ့ တောစီးဖိနပ်မစီးလို့မရပါဘူး။ မြွေပါးကင်းပါးကြောက်ရသလို လူနံ့ရတာနဲ့ခေါင်းတယမ်းယမ်း လိုက်တွယ်တတ်တဲ့ ကျွတ်တွေကိုလည်း ကြောက်ရလို့ဖြစ်ပါတယ်။ မိုးတစ်ပတ်လောက်ဆက်တိုက်ရွာပြီး နေပူတဲ့နေ့ ဘွရှင်အလုပ်စောစောပြီးတာနဲ့ မှိုရှာဖို့ဆီအုန်းခင်းထဲ ထွက်လာခဲ့ပါတယ်။ တော်ရုံလူ မျက်စိလည်ပြီး ပြန်မထွက်နိုင်လောက်အောင် ကျယ်တဲ့ အဲဒီဆီအုန်းခင်းထဲမှာတော့ ဘွရှင်ရဲ့ခြေရာတွေထပ်နေပါပြီ။ မှိုရှိနိုင်မယ်ထင်တဲ့ တောင်ပို့တွေရှိတဲ့ဖက် တစ်နာရီလောက်လျှောက်ရပါတယ်။ လမ်းမှာချောင်းကိုဖြတ်ခဲ့ရတော့ ချောင်းဘေးဝါးရုံပုတ်တွေထဲက မျှစ်နှစ်ချောင်းချိုးပြီး ပြန်မယ့်လမ်းနားက ဆီအုန်းပင်ခြေရင်းမှာ ပီနံအိတ်နဲ့ထားခဲ့ပါတယ်။ ထင်တဲ့အတိုင်းပဲ မိုးရွာထားလို့ မှိုတွေပွင့်နေပါပြီ။ ဆီအုန်းပင်ကနေ အခက်အလက်၊အသီးခွံတွေဆွေးမြေ့ရာကနေ ကောက်ရိုးမှိုနဲ့တူတဲ့ မှိုတွေပွင့်နေတာပါ။ ခြတွေကအဲအမှိုက်တွေနားမှာ တောင်ပို့တည်တော့ ရင်ဘတ်လောက်မြင့်တဲ့ တောင်ပို့ ဖြစ်နေပါတယ်။ မှိုတွေက တောင်ပို့မှိုလိုမျိုး ခြတောင်ပို့ကနေထိုးထွက်တာ မဟုတ်ပဲ ခြေရင်းက အမှိုက်သရိုက်တွေကြားထဲမှာ ပွင့်နေတာပါ။ အဲဒါနဲ့ ပါလာတဲ့ပီနံအိတ်နဲ့ မှိုတွေလိုက်နှုတ်တော့ တောင်ပို့ခြေရင်းက အုန်းလက်ကို ကောက်အလှန် ဗြုန်းဆို မြွေတစ်ကောင် အုန်းလက်အောက်က ပါးပျဉ်းထောင်ပြီးထွက်လာပါတယ်။ လူက တော်တော်လေးလန့်သွားပါတယ်။ မြွေက အရောက်မဲနက်နေပြီး တလံလောက်ရှည်ပါတယ်။ ပါးစပ်အောက်နားလေးမှာ အဖြူအ၀ိုင်းတစ်ဝိုင်း၊ အဲအောက်မှာအဖြူရစ်တစ်ရစ်ထပ်ပါပြီး ၀မ်းဗိုက်ကလွဲရင် တကိုယ်လုံး မဲနက်နေတဲ့မြွေမျိုးပါ။ ပါးပျဉ်းကားနေတာကို ကြည့်ပြီးမြွေဟောက်လို့ပဲ ထင်ပါတယ်။ အဲဒီမှာ ပါလာတဲ့ခွေးနှစ်ကောင် စတင်အစွမ်းပြကြပါတော့တယ်။ မြွေကို ထိုးဟောင်ပြီး ရှေ့ကတစ်ကောင် နောက်ကတစ်ကောင် ခွဲပြီး အလစ်ချောင်းနေပါတယ်။ မြွေကလည်း မခေပါဘူး။ ရှေ့ကနေဟောင်နေတဲ့ခွေးကို ထိုးပေါက်လိုက်ပါတယ်။ ခွေးက နောက်ဆုတ်ခုန်ရှောင်လိုက်ပါတယ်။ အဲအချိန်မှာ နောက်ကနေချောင်းနေတဲ့ ခွေးကမြွေကိုလှမ်းဆွဲပါတယ်။ ဘွရဲ့အချစ်တော် မနီပါ။ အဲခွေး မြွေဆိပ်ပြီးတယ်ဆိုတာ အဲတော့မှသိလိုက်ရပါတယ်။ မြွေကိုလှမ်းဆွဲတော့ မြွေကနောက်လှည့်ပြီးပေါက်ပါတယ်။ ခွေးကိုထိပေမယ့် ခွေးကဂရုမစိုက်ပဲ မြွေကိုခါးကနေကိုက်ပြီး ဆွဲခါလိုက်ပါတယ်။ သုံးလေးကြိမ်ခါပြီးတဲ့အချိန် မြွေဘာမှမလုပ်နိုင်တော့ပါဘူး။ အဲတော့မှ ခွေးနှစ်ကောင် အဲမြွေကိုဆော့ကစားရင်း အလုအယက်စားလိုက်ကြပါတော့တယ်။

တစ်ယောက်စာစားဖို့ မှိုတွေကောက်ပြီး ပြန်လာတော့ လမ်းမှာဝှက်ထားတဲ့ မျှစ်နှစ်ချောင်းကိုယူပြီး အိမ်ပြန်လာခဲ့ပါတယ်။ တစ်ပတ်လောက်အလုပ်လုပ်ပြီး မိုးထပ်ရွာတဲ့အတွက် အလုပ်မလုပ်ပဲနားနေရတော့ မာန်အောင်သားတွေစုပြီး ညဖက်တောကြောင်လိုက်ထွက်ကြပါတယ်။ လူစုစုပေါင်းဆယ်ယောက်လောက်ရှိပါတယ်။ ဦးထုတ်တွေမှာ မီးခွက်တွေကိုယ်စီနဲ့ ဆီအုန်းခင်းထဲထွက်ခဲ့ကြပါတယ်။ ဆီအုန်းခင်းထဲမှာ တောကြောင်လေးမျိုးရှိပါတယ်။ ပထမတစ်မျိုးကတော့ ကျားကြောင်လို့မာန်အောင်သားတွေ ခေါ်တဲ့ ကျားသစ်ကွက်နဲ့တောကြောင်ပါ။ ချစ်စရာကောင်းပါတယ်။ သူကအပင်မတက်တတ်ပါဘူး။ အိမ်မွေးကြောင်နဲ့ခပ်ဆင်ဆင်တူပေမယ့် အိမ်မွေးကြောင်လိုမျိုး မျက်နှာဝိုင်းဝိုင်းမဟုတ်ပါဘူး။ အဲဒီကြောင်ကိုတော့ အပြေးသန်လို့ ခွေးနဲ့လိုက်မှ ရတတ်ပါတယ်။
 နောက်တစ်မျိုးကတော့ ကြောင်ပန်းစုပ်လို့ခေါ်တဲ့ ရိုးရိုးတောကြောင်ပါ။ နှုတ်သီးချွန်ပြီး ဆီအုန်းပင်ပေါ်မှာနေတတ်ပါတယ်။ နောက်တစ်မျိုးက ကြောင်မြင်းလို့ခေါ်တဲ့ တောကြောင်အကြီးစားပါ။ အပင်တက်တတ်ပေမယ့် အပင်ပေါ်မှာနေခဲပါတယ်။ ချောင်းနားမှာ အများဆုံးတွေ့ရတတ်တဲ့ ခွေးမဒန်းတစ်ကောင်လောက်ရှိတဲ့ ကြောင်ပါ။ နှုတ်သီးချွန်ပြီး ဂုတ်မှာမြင်းလိုမျိုးလည်ဆံမွှေးထောင်နေတဲ့အတွက် ကြောင်မြင်းလို့ခေါ်တာဖြစ်ပါတယ်။ နောက်ဆုံးတစ်မျိုးကတော့စားလို့အရသာအရှိဆုံး ကြောင်ကောက်ညှင်းပေါင်းလို့ ခေါ်တဲ့ကြောင်နံ့သာ ဖြစ်ပါတယ်။ နှုတ်သီးချွန်ပြီး အပင်ပေါ်မှာပဲနေတတ်ပါတယ်။ သူ့ရဲ့ထူးခြားတဲ့အချက်ကတော့ သူအနားကနေဖြတ်သွားပြီဆိုရင် ကောက်သစ်နံ့မွှေးနေတတ်ပါတယ်။ မြန်မာပြည်မှာတော့ ဒီကြောင်တွေဟာ လူတွေအမဲလိုက်လွန်းလို့ ရှားပါးတိရစ္ဆာန်စာရင်းဝင်နေပါပြီ။ အဲမှာတော့ ဒေသခံတွေ ဘယ်သူမှမစားတဲ့အတွက် ပေါနေတာပါ။

ဆီအုန်းခင်းထဲ နှစ်နာရီလောက်လှည့်ပတ်ရှာလိုက်တော့ ပထမဆုံး ကျားကြောင်တစ်ကောင် စတွေ့ပါတယ်။ အပြေးမြန်လွန်းလို့ ခြုံထဲဝင်သွားပြီး ခွေးတွေနဲ့လှည့်ပတ်ရှာတာတောင် ရှာမတွေ့ပါဘူး။ တဖြည်းဖြည်း ညည့်နက်လာပြီး ည၂နာရီလောက်မှ ကြောင်ကောက်ညှင်းပေါင်းအနံ့ကို ဆီအုန်းပင်တစ်ပင်ဆီကနေ ရလိုက်ပါတယ်။ အဲအပင်ကို လူအုပ်နဲ့ဝိုင်းပြီး လူလေးယောက်က အဲအပင်ဘေးတဖက်တချက်က အကိုင်းချင်းယှက်နေတဲ့ ဆီအုန်းပင်လေးပင်ကို တွယ်တက်လိုက်ကြပါတယ်။ ဆီအုန်းပင်ဆိုတာမျိုးက အလက်တွေဟာ ရိုးရိုးအုန်းပင်လိုမျိုး ခြောက်ရင်ကြွေကျတတ်တာမျိုး မဟုတ်လို့ ဓားနဲ့ထိုးဖြတ်ထားရတဲ့အတွက် အတက်အလက်တွေ ထိုးထိုးထောင်ထောင်နဲ့ အင်မတန်တက်ရခက်တဲ့ အပင်မျိုးဖြစ်ပါတယ်။ ဒါပေမယ့် မာန်အောင်သားတွေကတော့ ငယ်ကတည်းက အုန်းပင်ဖက်ကြီးလာတဲ့လူတွေဆိုတော့ ခဏလေးနဲ့ရောက်အောင် တက်နိုင်ပါတယ်။ အပေါ်နဲ့အောက် နေရာယူပြီးတာနဲ့ အဲအပင်ပေါ်ကို လောက်စာလုံးမိုးရွာလိုက်ပါတယ်။ အဲတော့မှ ဆီအုန်းလက်တွေကြား ပုန်းနေတဲ့ကြောင်က အပင်ကူးပြီးပြေးဖို့ ကြိုးစားပါတယ်။ သူပြေးတဲ့ဖက်က အပင်ပေါ်ကလူက လေးဂွနဲ့ဆီးပစ်တော့ နဂိုအပင်ကို ပြန်ပြေးပါတယ်။ အပင်ပေါ်တက်ပြီးပစ်တဲ့လူတွေဟာ တဖွဲ့လုံးမှာ လေးဂွလက်မှန်းအတည့်ဆုံးနဲ့ သဘာအရင့်ဆုံးလူတွေပါ။ ကြောင် နဂိုအပင်ပြန်မပြေးခင် လေးဂွတစ်ချက်တော့ မှန်ခံရမှာ ကြိမ်းသေပါတယ်။ အဲလိုနဲ့အောက်နေခြောက်ပစ်၊ ဘေးဖက်သုံးပင်ကနေ ခြောက်ပစ်ပြီး တစ်ပင်ကိုပဲ သူပြေးလို့ရအောင် ဖွင့်ထားပါတယ်။ နောက်ဆုံး အဲအပင်ဖက်ပြေးတော့ အပင်ပေါ်ကလူက ဆီးပစ်တာ အောက်ကိုပြုတ်ကျလာပါတော့တယ်။

ခဲသီးမှန်ပြီး အောက်ကိုပြုတ်ကျပေမယ့် တောကြောင်ဆိုတဲ့အမျိုးက အင်မတန်အသက်ပြင်းတဲ့အမျိုးပါ။ လုံးဝမသေတဲ့အပြင် မြေကြီးပေါ်မှာ ကြွက်လောက်မြန်အောင် ပြေးနိုင်ပါသေးတယ်။ အဲဒီအချိန်မှာ အောက်ကဘွရှင်တို့ အုပ်စု အစွမ်းပြဖို့ အလှည့်ရောက်လာပါပြီ။ ကြောင်မြေကြီးပေါ် ထိုးဆင်းလာတာနဲ့ သုံးလေးယောက် အပြေးအလွှားဝင်ရိုက်ကြပါတယ်။ ရှေ့ဆုံးကပြေးလာတဲ့ဘွရှင်နဲ့တုတ်က တောကြောင်ခေါင်းကိုတည့်တည့်ဖြတ်ရိုက်မိလိုက်ပါတယ်။ ကြောင်ခမျာအသံတချက်ပဲထွက်ပြီး လူးလွန့်ငြိမ်သက်သွားပါတယ်။ တောကြောင်ရဲ့အော်သံထက်ကျယ်တာက ဘွရှင်ရဲ့အော်သံပါ။ ကံဆိုးချင်တော့ ဘွရှင်ရှေ့ကနေပြေးဝင်ရိုက်တဲ့ မောင်မျိုးအောင်ရဲ့တုတ်ချက်က ဘွရှင်ရဲ့တုတ် တောကြောင်ကိုထိတဲ့အချိန်မှာ ဘွရှင်ရဲ့ခြေသလုံးကိုဖြတ်ရိုက်မိတာပါ။ ခြေသလုံးနောက်က ကြွက်သားကို ဖုံးခနဲထိပြီး လူကတောကြောင်ဘေး ခွေကျသွားပါတော့တယ်။

တောကြောင်ရခဲ့ပေမယ့် တစ်လမ်းလုံးသုံးနာရီလောက်ခရီးကို လူနှစ်ယောက်တွယ်ပြီး ပြန်လာခဲ့ရပါတယ်။ တဲပြန်ရောက်တော့ တောကြောင်ကို အမွှေးတွေမီးသင်း၊ အသားကို နုတ်နုတ်စဉ်းပြီး ဆီလုံးဝမထည့်ပဲ ဆနွင်းလူး၊ ငရုတ်သီး၊စပါးလင်၊ကြက်သွန်ဖြူ နုတ်နုတ်စဉ်းထားတာနဲ့ ငါးပိကိုရေနဲနဲနဲ့ဖျော်ထည့်ပြီး အခြောက်လှော်ပါတယ်။ ကျက်တာနဲ့ ထမင်းပူပူ၊တောကြောင်သားဟင်း ပူပူစပ်စပ်၊ ခရမ်းကစော့သီးကို ပဒတ်စာခတ်ထားတဲ့ ဟင်းချိုပူပူလေးမှုတ်သောက်ပြီး ဆယ်ယောက်သား ကြိတ်လိုက်ကြပါတယ်။

ပင်ပန်းသလောက် စားရတာအရမ်းအရသာရှိပေမယ့် မောင်မျိုးအောင်လက်ချက်နဲ့ ဘွရှင်တစ်ယောက်ဆယ်ရက်လောက် လမ်းမလျှောက်နိုင်ပဲ အိပ်ရာထဲမှာ ခွေနေခဲ့ရပါတယ် ပိတ်သတ်ကြီးရေ...:p

1 comment: