skip to main |
skip to sidebar
တောတွင်းသား ဘွ (တတိယပိုင်း)
တောတွင်းသား ဘွ (တတိယပိုင်း)
ထိုင်းနယ်စပ်နားက မလေးရှားမြောက်ပိုင်းပြည်နယ်တွေမှာ မိုးတွင်းဖြစ်တဲ့
နှစ်စဉ် ဆယ်လပိုင်းလောက်ကနေ ဆယ့်နှစ်လပိုင်းထိ နှစ်စဉ်ရေကြီးတတ်ပါတယ်။
အဲဒေသတွေက တောအုပ်ထူထပ်ပြီး တောင်ကုန်း၊တောင်တန်းတွေ များလို့
မိုးအရမ်းများပါတယ်။ ရေကြီးလို့ နှစ်စဉ် လူသေဆုံးတာမျိုး ရှိပြီး
ရွာတွေတော်တော်များများ ပျက်စီးတတ်ပါတယ်။ အဲလိုရေကြီးဒဏ်ကို
ခံရတဲ့လူတွေထဲမှာ ဘွရှင်တို့လို နိုင်ငံခြားသား ရော်ဘာခြံအလုပ်သမားတွေလည်း
ပါတာပေါ့။ရော်ဘာခြံတွေက အဲဒီရာသီတွေမှာ အစေးအင်မတန်ထွက်ပါတယ်။
ရော်ဘာပင်ရဲ့ သဘာဝနဲ့ ပတ်သက်ပြီး နည်းနည်းရှင်းပြပါရစေ။ ရော်ဘာပင်မှာ
ရိုးရိုး အစေ့ကနေ ပေါက်တဲ့အပင်နဲ့ နည်းပညာနဲ့ ကိုင်းဆက်စိုက်ပျိုးထားတဲ့
အပင်ဆိုပြီး ယေဘုယျအားဖြင့် နှစ်မျိုးရှိပါတယ်။ သက်ဆိုင်ရာ
ရုက္ခဗေဒမျိုးကွဲတွေတော့ အများကြီးရှိမှာပါ။ ဘွမှာ အဲလောက်ထိတော့
ဗဟုသုတမရှိပါဘူး။ ရိုးရိုးအပင်နဲ့ ကိုင်းဆက်ပင် ကွာခြားချက်က ရိုးရိုးအပင်က
အစေးထွက်နည်းပါတယ်။ နောက်ပြီး ခြစ်လို့ရတဲ့အနေအထားရောက်ဖို့
နှစ်အကြာကြီးစောင့်ရပါတယ်။ ကိုင်းဆက်ကတော့ ရိုးရိုးအပင်ရဲ့
ခြစ်လို့ရတဲ့သက်တမ်း တစ်ဝက်လောက်ကတည်းက အစေးထွက်နေပါပြီ။ ဒါပေမယ့်
ကိုင်းဆက်ပင်ဟာ ရိုးရိုးအပင်လို အကြမ်းပတမ်းမခံနိုင်ပါဘူး။
အနှစ်သားကိုဓားထိတာနဲ့ အစေးကြောင်းပုတ်တာမျိုး၊ အပင်သေတာမျိုး
ဖြစ်သွားတတ်ပါတယ်။ အဲဒါကြောင့် အတွေ့အကြုံလုံးဝမရှိတဲ့
ရော်ဘာစေးခြစ်သမားကို ကိုင်းဆက်ခြံ လုံးဝပေးမခြစ်ပါဘူး။ ဘွရောက်သွားတဲ့
အဲဒေသမှာ ကိုင်းဆက်ခြံတွေက မြေပြန့်ပေါတဲ့ မလေးရွာတွေနားမှာပဲ
ရှိတာတွေ့ရပါတယ်။ မလေးလူမျိုးတွေလောက်ပဲ ခြစ်တဲ့ ကိုယ်ပိုင်ခြံတွေပါ။
မလေးရှားမှာ ရော်ဘာပင်တွေဟာ ၃လပိုင်းဆို အပွင့်ပွင့်တတ်ပါတယ်။ တစ်တောလုံး
အပွင့်တွေနဲ့ တော်တော်လှပါတယ်။ အဲအချိန်မှာ ပျားဖွတ်လို့ရတဲ့ ပျားရည်ကတော့
ရော်ဘာပန်းနံ့မွှေးနေတတ်ပါတယ်။ ၄လပိုင်း ၅လပိုင်းလောက်ဆို အသီးစသီးပါပြီ။
အပွင့်၊အသီး စဖြစ်ကတည်းက အစေးထွက်တာ လျှော့သွားပါတယ်။ အပင်က
အပွင့်နဲ့အသီးအတွက် အားထုတ်ရလို့ အစေးမထွက်နိုင်တာပါ။ ရော်ဘာသီးချိန်ဟာ
၆လပိုင်းလောက်ထိ ကြာပြီး အဲနောက်မှာတော့ အသီးတွေရင့်မှည့်ပြီး
အက်ကွဲကြွေကျပါတယ်။ အသီးကြွေသံ တဖျောက်ဖျောက်နဲ့ မိုးကလည်း စလိုက်လာသလို
အစေးကလည်း တစ်နေ့တခြားပိုထွက်လာပါတယ်။ ၁၀လပိုင်း ၁၁ ပိုင်းကတော့
အစေးအထွက်ဆုံးလတွေပါပဲ။ ဒါပေမယ့် တစ်လလုံးမှာ ၇ရက်
ခြစ်ခွင့်ရဖို့မလွယ်ပါဘူး။ မိုးအရမ်းရွာလို့ဖြစ်ပါတယ်။ အဲလတွေမှာ
တစ်ပတ်ခြစ်လို့ထွက်တဲ့ ရော်ဘာစေးဟာ ၄လပိုင်း ၅လပိုင်း တစ်လလုံးခြစ်တာထက်
ပိုရပါတယ်။ ဒါပေမယ့် အဲဒီလတွေမှာ အရင်လို အချိန်သတ်သတ်သတ်မှတ်မှတ်
ခြစ်ရတာမျိုးမဟုတ်တော့ မိုးရိပ်ကြားက ထွက်တဲ့ ခြစ်ခြစ်တောက်ပူတဲ့
နေအောက်မှာ အချိန်လု အလုပ်လုပ်ရပါတယ်။ တစ်ခါတလေ မနက်၃နာရီ မိုးမရွာလို့
ပင်စည်ခြောက်ရင် မီးခွက်ထွန်းပြီး ထခြစ်ရပါတယ်။
အချိန်သတ်မှတ်ချက်မရှိပါဘူး။ မိုးရွာချတာနဲ့ ခြစ်ပြီးသား ရော်ဘာပင်တွေက
ခွက်တွေကို ခံထားတဲ့အစေးတွေ မိုးရေနဲ့ မပျော်သွားအောင် အစကနေ ပြေးပြီး
အက်ဆစ်လိုက်ထည့်ရတာက လူကိုနှစ်ခါပြန် ပင်ပန်းစေပါတယ်။
ကိုင်းဆက်ပင်တွေကိုတော့ အဲလတွေမှာ ပိုင်ရှင်က ခြစ်ခွင့်မပြုတတ်ပါဘူး။
အကြမ်းမခံတဲ့အတွက် ခြစ်နေတုန်း မိုးရွာလို့ အစေးကြောင်းရေ၀င်ရင်
အပင်နာတတ်လို့ပါ။
ရွာနဲ့အရမ်းဝေးတဲ့ တောင်ခြေရင်းက
ဆီအုန်းခြံတွေရဲ့အလွန် တောင်ရိုးတလျှောက်က ရိုးရိုးအပင်တွေရှိတဲ့
ခြံတွေကိုပဲ နိုင်ငံခြားသားတွေကို ပေးလုပ်ပါတယ်။ တချို့ခြံတွေဆိုရင်
တောင်ကို ဘူဒိုဇာနဲ့ လှေကားထစ်ပတ်ထိုးထားပြီး အဲလှေကားထစ်မှာ
ရော်ဘာပင်တွေကို အတန်းလိုက်စိုက်ထားပါတယ်။ တစ်တန်းပြီးတိုင်း
တစ်ထစ်တက်ရလို့ ရော်ဘာစေးခြစ်ရတာအရမ်းပင်ပန်းပါတယ်။ ရော်ဘာစေးခြစ်တာထက်
ခြစ်ပြီးသား ပြန်ကောက်ရတဲ့အချိန်မှာ အဲလိုခြံမျိုးကတော့ လျှာထွက်မတတ်
ပင်ပန်းလှပါတယ်။
ရော်ဘာစေးက မြန်မာနဲ့ထိုင်းမှာတော့ ခြစ်ပြီးသား
မခဲသေးတဲ့ ရော်ဘာစေးကို ချက်ချင်းပြန်သိမ်းပြီး အပြားကြိတ်ရပါတယ်။
မလေးရှားမှာတော့ ခြစ်ပြီးရင် ဒီအတိုင်းပစ်ထားလိုက်ရုံပါပဲ။ ခဲသွားလို့
ခွက်ပြည့်သွားရင် ကလော်ထုတ်ပြီး အပင်အောက်မှာ ဒီအတိုင်းပုံထားရပါတယ်။
ကိုယ်လိုချင်တဲ့ ခန့်မှန်းချေအနေအထားရောက်ပြီဆိုရင်
အဲဒီရော်ဘာစေးတုံးတွေကို ပီနန်အိတ်နဲ့ တစ်တောလုံး ပတ်ကောက်ရပါတယ်။ ပြီးရင်
အစေးဝယ်သမားကိုဖုန်းဆက်၊ သူက ကီလိုချိန်ပြီး ၀ယ်ပါတယ်။ အဲတုန်းက
တစ်ကီလိုကို တစ်ရင်းဂစ်နဲ့ ပြားရှစ်ဆယ်ပါ။ ငွေဈေးကတော့ မလေးတစ်ရင်းဂစ်
၂၅၀၀န်းကျင်ပေါ့လေ။ တစ်တန်ထွက်ရင် ရင်းဂစ် ၁၈၀၀ ရပါတယ်။ အဲတုန်းက
မြန်မာပြည်မှာ ကုန်ဈေးနှုန်းလည်း ခုလောက်မကြီးသေးတော့ အိမ်ကို
ပိုက်ဆံပို့ရတာ တော်တော် အကျိုးရှိခဲ့ပါတယ်။
ရော်ဘာခြံလုပ်ငန်းမှာ
ပထမဦးဆုံးအပင်တန်းတလျှောက် တောရိုင်းရှင်းရတာနဲ့ လစဉ်အစေးကောက်ရတာ
အပင်ပန်းဆုံးပါပဲ။ လူတွေမြင်ဖူးနေကျ ကားလမ်းဘေးတစ်ဖက်တချက်က
မြေပြန့်မှာစိုက်ထားတဲ့ ရော်ဘာခြံမျိုးက ပင်ပန်းစရာအကြောင်းမရှိပါဘူး။ ခုဟာ
တစ်ကုန်းတက်၊ တစ်ကုန်းဆင်း၊ ချောက်ထဲထိသွားကောက်၊
အိတ်ထမ်းပြီးပြန်တက်ရဆိုတော့ လျှာထွက်မတတ် မောပါတယ်။ ခြံထဲ အစေးဝယ်တဲ့ကား
ဝင်မရတော့ ခြံဝထိ ကောက်ပြီးသား အစေးအိတ်တွေကို ထမ်းထုတ်ရပါတယ်။
အစေးကောက်တဲ့အချိန်မှာ အဆိုးဝါးဆုံးက အဲဒီတစ်လလုံးခြစ်ပြီး အပင်ခြေရင်းမှာ
ပုံထားတဲ့ ရော်ဘာစေးတုံးတွေက ပုပ်ပြီး ချီးစော်ဆိုးဆိုးဝါးဝါးနံတာပါ။
အမြဲမိုးရွာနေတဲ့ဒေသဆိုတော့ အစေးတွေကရေတွေဝင်ပြီး ကောက်ပြီးသားအစေးအိတ်ကို
ခြံဝထမ်းထုတ်တဲ့အချိန်မှာ အဲဒီအိတ်ထဲက အပုပ်ရည်တွေ စီးကျပြီး တစ်ကိုယ်လုံး
နံစော်ဟောင်နေတတ်ပါတယ်။ ပြီးတော့ ယားလည်းအရမ်းယားပါတယ်။ စစချင်းတော့
အန်ထွက်မတတ်ပါပဲ။ နောက်ပိုင်းတော့ အဲဒီရော်ဘာစေးပုပ်နံ့ကို ဘွရှင်တို့က
ရွှေပုပ်နံ့လို့ တင်စားလာခဲ့ပါတယ်။ အဲဒီလိုပုပ်စော်နံ
ညစ်ပတ်ပေရေတဲ့နေ့တွေမှာ လက်ထဲငွေဝင်တတ်တာကိုး။
အစေးကောက်ပြီးတာနဲ့
တွင်းမှာရေချိုးလို့ မစင်နိုင်ပါဘူး။ ချောင်းထဲ ဆပ်ပြာမှုန့်တစ်ထုပ်နဲ့
သွားချိုးရပါတယ်။ တစ်ကိုယ်လုံးကို ချောင်းထဲကသဲနဲ့ အရင်ပွတ်ရပါတယ်။
အဲလိုမှမဟုတ်ရင် အ၀တ်လျှော်ဆပ်ပြာမှုန့်လည်း အဲဒီရော်ဘာပုပ်အရည်တွေ
အသားမှာကပ်နေတာကို စင်အောင်မချွတ်နိုင်ပါဘူး။ ဂျီးတွေသဲနဲ့
အလိပ်လိုက်ထွက်သွားတော့မှ ဆပ်ပြာမှုန့်နဲ့ထပ်တိုက်ရတာပါ။ အဲဒီလိုနှစ်နဲ့ချီ
ဆပ်ပြာမှုန့်တွေနဲ့ ရေချိုးခေါင်းလျှော် လုပ်ခဲ့ရတော့ မျိုးရိုးမရှိပဲနဲ့
ဘွရှင်ခမျာမှာ ဦးသိန်းစိန်နီးပါး ထိပ်ပြောင်နေပါပြီ။ နေပူမရှောင်၊
မိုးရွာမရှောင် အလုပ်ကြမ်းလုပ်ခဲ့ရတဲ့ဒဏ်တွေရယ်၊ ဆံပင်ကိုမပြုမပြင်
ပစ်စလက်ခတ် ထားပြီး အလုပ်လုပ်တဲ့အချိန် ဦးထုပ်မချွတ်တမ်းဆောင်းခဲ့ရတာရယ်
ကြောင့်လည်း ဖြစ်မှာပါ။
ခုလိုမျိုး
ဇန်န၀ါရီလနဲ့ဖေဖော်ဝါရီလတွေမှာတော့ ရော်ဘာခြံသမားတွေ တစ်လလုံးနီးပါး
အလုပ်လုပ်ခွင့်ရပါတယ်။ မြန်မာပြည်ကဆောင်းဦးပေါက် ရာသီမျိုးနဲ့ဆင်ပြီး
မိုးသိပ်မရွာပါဘူး။ ဒါပေမယ့် အရွက်ကြွေတော့ အရိပ်မရှိလို့ အရမ်းပူပါတယ်။
အဲဒါကြောင့် ဒီလမျိုးတွေမှာ ဘွရှင်တို့ ညဖက်ပဲ အလုပ်ဆင်းတာများပါတယ်။
အစေးလည်းတော်တော်ရပါတယ်။ ပြီးခဲ့တဲ့ ကိုးလပိုင်း၊ဆယ်လပိုင်းတွေမှာတော့
မိုးအရမ်းရွာတဲ့အတွက် အလုပ်လုပ်ရတာထက် နားရတာပိုများပြီး ၁၂လပိုင်းကတော့
တစ်လလုံးထိုင်နေရပါတယ်။ အဲလတွေမှာ ဘွရှင်တို့ စားစရိတ်ကာမိအောင်
ဟင်းစားရှာထွက်ရပါတယ်။ ဆီအုန်းသီး ရက်တွက်ကျနဲ့ ၀င်ထိုးရပါတယ်။
လုပ်စရာမရှိရင်တော့ ရခိုင်သားတွေ လူစုပြီး အရက်ချက်ကြပါတယ်။
အရက်ဘယ်လိုချက်လဲဆိုတာ မှတ်မိသလောက် ပြောပြပါရစေ။ မလေးရှားနှစ်သစ်ကူး
ဟာရီယာရာပွဲတော်ရက်မှာ မလေးလူမျိုးတွေက နှစ်သစ်ကူးမုန့်တစ်မျိုးလုပ်ပြီး
လှူတတ်ပါတယ်။ အဲဒီမုန့်ကတော့ ကောက်ညှင်းကို သကြားရယ် တဆေးရယ် ရောပြီး
ရော်ဘာရွက်နဲ့ ကတော့ပုံထုပ်၊ တစ်ညအိပ်ထားလိုက်ရင် ရခိုင်အခေါ် လှော်စာ၊
ဗမာအခေါ် ကစော် မွှေးမွှေးချိုချိုလေးရပါပြီ။ မလေးတွေက တအိမ်လုံးစာမုန့်အတွက်
တဆေးကို တစ်လုံးဆိုလုံလောက်ရုံမက ပိုလျှံနေပါသေးတယ်။ အဲဒီတဆေးကို
မလေးဆိုင်ကနေ ဟာရီယာရာမစခင်ကတည်းက ဘွရှင်တို့ ကြုံရင်ကြုံစလို
တစ်လုံးစနှစ်လုံးစ ၀ယ်စုထားရပါတယ်။ အများကြီးတစ်ခါတည်းဝယ်ရင်
အရက်ချက်သောက်မှာ ရိပ်မိနိုင်တဲ့အတွက် ၀ယ်လို့မဖြစ်ပါဘူး။
ဘာသာရေးနယ်မြေဆိုတော့ အရက်သောက်တာ၊ အရက်ချက်တာကို တင်းတင်းကြပ်ကြပ်
ကန့်သတ်ထားပါတယ်။
အဲဒီတဆေးကို ကောက်ညှင်းချက်ထားတာနဲ့ ရောလူးပြီး
မြေအိုးထဲထည့် မြေကြီးထဲမြှုပ်ထားရပါတယ်။ တပတ်လောက်ကြာတော့
အနံ့ပြင်းပြင်းကဇော်ရပါပြီ။ အဲဒီကဇော်ကို စားအုန်းဆီသံပုံးထဲထည့်၊
ပုံးအပေါ်က အပေါက်ဖောက်၊ အဲအပေါက်မှာ သံချောင်းမီးဖုတ်ပြီး
အတွင်းကအဆစ်တွေကို ထိုးထုတ်ထားတဲ့ ၀ါးလုံးလေးနဲ့တွဲပြီးရင်
အောက်ကမီးတိုက်ရပါတယ်။ ပုံးနဲ့တွဲထားတဲ့ ၀ါးလုံးကို
သူ့ထက်ကြီးတဲ့နောက်ထပ်ဝါးလုံးတစ်ခုထဲ ထိုးထည့်ပြီး
အောက်ကိုစောင်းထားရပါတယ်။ အဲဒီကနေထွက်လာမယ့်အငွေ့ကို အရည်ဖြစ်သွားအောင်
ဝါးလုံးကို ရေထည့်ထားတဲ့ စည်ပိုင်းထဲကဖြတ်ပြီး ၀ါးလုံးဝမှာတော့
ပုလင်းခံထားရပါတယ်။ အငွေ့လုံအောင် အဆက်တွေမှာ ရွံ့မံထားရပါတယ်။
မီးတိုက်ပြီး ခဏကြာတော့ အရက်ဦးရည် ပုလင်းထဲ တစ်စက်ချင်းကျလာပါပြီ။
နှမ်းဆီရောင်လေးဖြစ်ပြီးတော့ မီးတောက်အရက်ဖြစ်ပါတယ်။
တချိန်လုံး
ပါးစပ်တပြင်ပြင်စောင့်နေတဲ့ လူတွေလုမသောက်ခင် ခေါင်းဆောင်ဖြစ်တဲ့
ဘကြီးငပသုန်က ဆေးဖော်ဖို့အကြောင်းပြပြီး အရက်ဦးရည်ကို
မောင်ပိုင်စီးလိုက်ပါတယ်။ အဲဒါပြီးရင်တော့ တစက်ချင်းကျတာကို
အကြာကြီးစောင့်ပြီးတဲ့အချိန် ဆန်အရက် လေးပုလင်းလောက်ရခဲ့ပါတယ်။ ညတုန်းက
အမဲလိုက်လို့ရထားတဲ့ တောကြောင်သား ငရုတ်သီးစပ်စပ်နဲ့
စဉ်းကောချက်ထားတဲ့ဟင်းကလည်း အဆင်သင့်။ တောဝက်သားကျပ်တိုက်ထားတာကို
ပြန်ကြော်ထားတာကတစ်ပွဲ။ လူက ငါးယောက်။ ရာဇိင်းလို့ခေါ်တဲ့
ဆေးရွက်ကြီးအမျှင်တွေကို ဓနိဖက်နဲ့ ကိုယ့်ဘာသာလိပ်သောက်ရတဲ့
ဆေးလိပ်လေးတွေကိုယ်စီနဲ့။ ဘွရှင်ကတော့ အစေးကောက်ရောင်းထားလို့ ငွေရွှင်တော့
ဒန်းဟေးစီးကရက်လေး လက်ကြားညှပ်လို့ပေါ့လေ။ ကက်ဆက်ထဲက လွှမ်းမိုးရဲ့
ဂုဏ်သီချင်းကို သံပြိုင်လိုက်ဆိုရင်း အဲညက မူးမူးရူးရူးနဲ့ ထကလိုက်ကြတာ
တစ်တောလုံး သောသောညံသွားလေရဲ့။........:p
နောက်အပိုင်းတွေမှာ ညဖက် လူစုပြီး တောကြောင်လိုက်တဲ့အကြောင်း ရေးပါအုန်းမယ်။
0 comments:
Post a Comment