ပေါက်ကရ လေးဆယ်

Subscribe:

Monday, January 14, 2013

ရပ်ကွက်ထဲက ရန်ပွဲ ဘယ်လိုရှင်းကြမလဲ

ရပ်ကွက်ထဲမှာ အိမ်နီးချင်းနှစ်အိမ် မတည့်ဘူးဆိုပါတော့။ ခဏခဏ အော်ကြီးဟစ်ကျယ် ရန်တွေဖြစ်၊ ထိုးကြကြိတ်ကြဖြစ်တယ်ဆိုတော့ခါ ရပ်ကွက်ထဲကလူတွေလည်း စိတ်အနှောက်အယှက်ဖြစ်ကြတာပေါ့လေ။ အဲတော့ ဒီနှစ်အိမ်ရဲ့ပြဿနာကြောင့် ရပ်ကွက်ထဲမှာလည်း ရှုထောင့်ပေါင်းစုံကနေ ဝေဖန်ရင်းက စိတ်ဝမ်းတွေကွဲကြတာပေါ့။ အဲကိစ္စ ဘယ်လိုဖြေရှင်းရင်ကောင်းမလဲ။ ရန်ဖြစ်နေတဲ့ နှစ်အိမ်မှာ တစ်အိမ်က ရပ်ကွက်လူကြီးအိမ်၊ တစ်အိမ်က ရပ်ကွက်လူမိုက်အိမ်။ပြဿနာတွေ ကြားထဲမှာ နှစ်အိမ်စလုံးကခလေးတွေက သနားစရာပေါ့လေ။ဒါနဲ့ရပ်ကွက်ထဲမှာ ဒီနှစ်အိမ်စလုံးနဲ့ ခင်မင်ရင်းနှီးတဲ့လူတွေ၊ ယုံကြည်လက်ခံနိုင်တဲ့လူတွေများ မရှိကြဘူးလား။ တစ်အိမ်ကအဲလူနဲ့ ခင်မင်ရင်းနှီးလိုက်တာနဲ့ နောက်တစ်အိမ်က အဲလူကို မယုံကြည်တာမျိုး ဖြစ်နေသလား။ ဒီ့ပြင်ရပ်ကွက်ကလူတွေ ခေါ်ညှိခိုင်းဖို့ကျတော့လည်း အပြင်လူက ရပ်ကွက်သားလောက် ပြဿနာကို ခရေစေ့တွင်းကျ တိတိကျကျသိဖို့ မလွယ်ဘူးလေ။ ခလေးတွေခမျာ နေ့တိုင်းဖြစ်နေတဲ့ရန်ပွဲတွေကြောင့် အိပ်ရေးပျက်ရ၊ ကျောင်းပျက်ရပေါင်းလည်း မနည်းတော့ဘူး။

ဒီလိုလုပ်ရင်မကောင်းဘူးလား။ ရပ်ကွက်ထဲမှာနေတဲ့လူတွေထဲက ရပ်ကွက်လူကြီးဖက်က လည်းမပါ၊ ရပ်ကွက်လူမိုက်ဖက်ကလည်း မပါတဲ့လူတွေကိုစု၊ ပြီးရင် နှစ်ဖွဲ့ခွဲ၊ တစ်ဖွဲ့က ရပ်ကွက်လူကြီးကို ဖြောင်းဖြ၊ သူဖြစ်ချင်တာတွေကိုမေး၊ နောက်တစ်ဖွဲ့က လူမိုက်ဆီသွား၊ ဖြောင်းဖြ၊ လူမိုက်ဖြစ်ချင်တာတွေကိုမေး။ ပြီးရင်နှစ်ဖွဲ့ မျက်နှာချင်းဆိုင်တွေ့။ အချင်းချင်းညှိနှိုင်း။ ဒါပေမယ့် ရပ်ကွက်လူကြီးရဲ့ဖီလင်တွေ၊ ရပ်ကွက်လူမိုက်ရဲ့ အီမိုးရှင်းတွေကိုတော့ အဲဒီဆွေနွေးပွဲမှာ မယူလာနဲ့။ ယူလာရင် အဲနှစ်ဖွဲ့ထပ်ပြီး နောက်ဂျိန်ချကြမှာ သေချာတယ်။ မတည့်လို့၊ ဒီမျက်ခွက်တွေအချင်းချင်း မကြည့်ချင်လို့ ဒီခေတ်ကြီးမှာ မြေကွက်လိုက်မပြီး တခြားပြောင်းနေလို့မှမရတာ။ လျှော့သင့်တာလျှော့၊ ညှိသင့်တာညှိပေါ့။ ကြားကညှိမယ့် နှစ်ဖွဲ့ကလည်း စည်းကမ်းတစ်ခုတော့သတ်မှတ်။ အတူနေမှဖြစ်မယ်ဆိုတဲ့စည်းကမ်း။ ဘယ်လိုအတူနေမလဲ၊ ဘယ်လိုတည့်အောင်အတူနေမလဲ။ နှစ်ဖက်စလုံးကပြောတာတွေကို လူသိရှင်ကြားချပြ၊ အကြိတ်အနယ်ဆွေးနွေး။

အဲ မဆွေးနွေးခင် ရပ်ကွက်လူကြီးကလည်း ငါလူကြီးပဲ ငါ့ဘာသာလုပ်ချင်ရာလုပ်မယ်ဆိုတာမျိုး ပါဝါပြလို့မရဘူး။ လူမိုက်ကလည်း မိုက်ဂုဏ်နဲ့ ထော်လော်ကန့်လန့်လုပ်လို့မရဘူး။ သက်ဆိုင်ရာအဖွဲ့ကို လုပ်ပိုင်ခွင့်အပြည့်ပေးရမယ်။ ဆုံးဖြတ်တာကို မဖြစ်မနေနာခံရမယ်။ စေ့စပ်ရေးအဖွဲ့တွေကလည်း ဒိုင်လျှိုလုပ်ချင်ရာလုပ်ခွင့်မရှိဘူး။ လူသိရှင်ကြား ပွင့်လင်းမြင်သာစွာနဲ့ ဒီနှစ်အိမ်ရဲ့ငြိမ်းချမ်းရေးကနေ တစ်ရပ်ကွက်လုံး စိတ်ဝမ်းကွဲပြားတာမျိုးမရှိပဲ ချစ်ချစ်ခင်ခင်ဖြစ်သွားတဲ့အထိ လုပ်ရမယ်။

အရင်ကဘာကြီးပဲဖြစ်ခဲ့ဖြစ်ခဲ့။ စောစောကပြောသလိုပဲ မနေချင်လို့ မြေကြီးကော်ထုတ်ပြီး ပြောင်းလို့မရဘူး။ ရောင်းမယ်ဆိုရင် အချောင်နှိုက်ဖို့ စောင့်နေတဲ့ပွဲစားတွေကအများကြီး။ ရပ်ကွက်ထဲမသန့်တဲ့လူတွေ ၀င်လာလိမ့်မယ်။ စဉ်းစားပေါ့။ ရပ်ကွက်လူကြီးအိမ်က မာလကာသီး လူမိုက်ခြံထဲ သွားသီးလို့ မှည့်ရင် လူမိုက်တော့ တစ်ဝက်ပေးရမှာပဲ။ လူမိုက်ခြံထဲက သွားခူးရမှာကိုး။ အဲလိုပဲ လူမိုက်ခြံထဲက ပီလောပီနံဥ၊ ရပ်ကွက်လူကြီးခြံထဲ သွားဥရင် ရပ်ကွက်လူကြီး တစ်ခြမ်းပေးရမှာပဲ။ ဒါပေမယ့် ငါရပ်ကွက်လူကြီးဆိုပြီး လူမိုက်ဖက်ခြမ်းက ပီလောပီနံဥကို အကုန်လုံးအပိုင်စီးချင်လို့မရဘူး။ ပီလောပီနံဥလိုချင်ရင် မာလကာသီးလည်း အကုန်လုံးပေးလိုက်။ လူမိုက်ကလည်း ငါ့ခြံထဲကထွက်သမျှ ငါ့သားသမီးအရင်းတွေပဲ စားရမယ်။ မယားပါသားတွေ၊ မယားဖက်ကအမျိုးတွေ၊ တခြားခြံကလူတွေနဲ့ လားလားမှမဆိုင်ဘူးလို့ လုပ်လို့မရဘူး။ ပီလောပီနံဥက ရပ်ကွက်လူကြီးခြံထဲက မြေဆွေးတွေကြောင့် ထွားလာတာကို နားလည်တတ်ရမယ်။ အဲလိုပဲ ရပ်ကွက်လူကြီးရဲ့ မာလကာပင်ကလည်း နေရောင်ကောင်းကောင်းရတဲ့ လူမိုက်ခြံထဲကို အကိုင်းထွက်နေလို့ အသီးထွားထွား၊ အလုံးလှလှသီးတာကို သဘောပေါက်ရမယ်။ သူ့မှာမရှိတာ ကိုယ့်မှာရှိတယ်။ ကိုယ့်မှာမရှိတာ၊ သူ့မှာရှိတယ်။ အပေးအယူ၊ အဝေအမျှ တည့်ဖို့လိုတယ်။ အဲလိုမတည့်သမျှတော့ ပြဿနာဆက်ဖြစ်နေမှာပဲ။

အဲဒါကြောင့် ရပ်ကွက်လူကြီးလုပ်တဲ့လူကလည်း စဉ်းစားပါ။ လူမိုက်လုပ်တဲ့လူကလည်း စဉ်းစားပါ။ ကြားထဲကနေ စေ့စပ်ပေးမယ့် ရပ်ကွက်သားတွေကလည်း စဉ်းစားပါ။ အထူးသဖြင့် စေ့စပ်ပေးချင်ပါတယ်ဆိုတဲ့လူတွေ ကိုယ်တိုင်ဘက်လိုက်မှုကင်းဖို့လိုတယ်ဆိုတဲ့ အချက်ကို ခေါင်းထဲထည့်ထားပါ။ မာလကာသီးကြိုက်လို့ ရပ်ကွက်လူကြီးဖက်ကလိုက်မယ်၊ ပီလောပီနံဥကြိုက်လို့ လူမိုက်ဖက်ကလိုက်မယ်ဆိုရင် ဒီရပ်ကွက်ဘယ်တော့မှ အေးချမ်းမှာမဟုတ်ဘူး။ အဲဒါတွေကိုလည်း ဘယ်သူမှစားရမှာမဟုတ်ဘူး။ အဲတော့ ခေါင်းသုံးပြီးစဉ်းစားကြ။ ဘွရှင်ဒါပဲပြောမယ်။

0 comments:

Post a Comment