ပေါက်ကရ လေးဆယ်

Subscribe:

Thursday, July 11, 2013

မြန်မာနိုင်ငံ၏ စစ်မှန်သော ကယ်တင်ရှင် (လှလေးစိန် ဘွရှင်)


စစ်ဖက်မှာ လှလေးစိန်ဘွဲ့ရတဲ့အထိ ထူးချွန်ပြောင်မြောက်ရုံသာမက အရပ်ဖက်ဆိုင်ရာမှာလည်း သူမတူအောင် ထူးချွန်ကြောင်း လက်ရှိမြန်မာဖေ့ဘုတ်လောကက သက်သေပြနေပါပြီ။

တကယ်တမ်းပြောရရင် ဘွရှင်ဟာ လက်ရှိမြန်မာ့နိုင်ငံရေးလောကထဲက ရှိသမျှလူတွေထက် ဥာဏ်အမြှော်အမြင်ကြီးသူ၊ လုပ်ရည်ကိုင်ရည်ရှိသူ ဖြစ်ပါတယ်။ အဲလိုဖြစ်လာဖို့အတွက် ဘွရှင်ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံဟာ မနည်းလှပါဘူး။ရွှေဝါရောင်တော်လှန်ရေးကာလမှာ ရဟန်းရှင်လူ ပြည်သူတွေရဲ့ ရှေ့တန်းကနေ ရဲရဲတောက်ပါဝင်ခဲ့ဖူးပါတယ်။ (ဘုန်းကြီးကျောင်းသား အလံကိုင်အဖြစ်)

နိုင်ငံရေးအကျဉ်းသားတွေနဲ့ အချုပ်ထဲမှာအကျဉ်းကျခံဖူးပါတယ်။ (နှစ်ညအိပ် မူးယစ်ရမ်းကားမှုနဲ့)

ပြည်တွင်းစီးပွားရေးအတွေ့အကြုံနဲ့ ပတ်သက်ပြီး ကော်မရှင်၊ လက်ခွဲဒိုင်၊ ဒိုင်ချုပ်အဆင့်ထိ ချဲလောကမှာ နှစ်ပေါင်းများစွာဖြတ်သန်းဖူးပါတယ်။

စွမ်းအင်ကဏ္ဍနဲ့ပတ်သက်ပြီး ပြောရမယ်ဆိုရင် ပလက်ဖောင်းဆီမှောင်ခို တစ်နှစ်တိတိ အတွေ့အကြုံရှိသူ ဖြစ်ပါတယ်။

ရာဇ၀တ်မှုနှိမ်နင်းရေးအနေနဲ့ ကျောက်မြောင်းထဲ ထမီ၊အကျီင်္အလစ်သုတ်လေ့ရှိတဲ့ အာဝါဒါးတွေကို ဖမ်းဆီးပြီး ရဲလက်အပ်ဖူးသူ ဖြစ်ပါတယ်။

စီမံကိန်းအတွေ့အကြုံအနေနဲ့ ခြံစည်းရိုးကြက်ဆူပင် စီမံကိန်းမှာ ကိုယ်တိုင်ကိုယ်ကျ စိုက်ပျိုးဖူးသူဖြစ်ပြီး နိုင်ငံခြားစီမံကိန်းတစ်ခုမှာ ကျောက်ထမ်းဖူးသူဖြစ်ပါတယ်။

နိုင်ငံခြားကူးသန်းရောင်းဝယ်မှုအနေနဲ့ ပြည်တွင်းက ကဏန်း၊ရေခူစတာတွေကို တရုတ်ကို တင်ပို့ပြီး တရုတ်ကနေ ခလေးကစားစရာပစ္စည်းတွေကို ပြည်တွင်းကို တင်သွင်းဖူးတဲ့ အတွေ့အကြုံရှိပါတယ်။

ပညာအရည်အချင်းကတော့ လူဘွဲ့၊သာမဏေဘွဲ့နဲ့ ရဟန်းဘွဲ့ စုစုပေါင်း ဘွဲ့သုံးခုရရှိထားသူ ဖြစ်ပါတယ်။

နိုင်ငံတကာအတွေ့အကြုံအနေနဲ့ အိမ်နီးချင်း ထိုင်း၊မလေးရှား၊စင်္ကာပူနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေသာမက အရှေ့အလယ်ပိုင်းနိုင်ငံတွေဖြစ်တဲ့ ဒူဘိုင်း၊ကူဝိတ်၊ကာတာ၊အိုမန်၊ဘာရိမ်း၊အီဂျစ်အပြင် အမေရိကန်ပြည်ထောင်စုအထိ သွားရောက်ဖူးသူဖြစ်ပါတယ်။ (ကျွန်ခံဖို့)

ဘာသာစကားအနေနဲ့ ရခိုင်ဒေသိယစကား သုံးမျိုး(ရမ်းဗြဲ၊တောင်ကုတ်၊မာန်အောင်)၊ ဗမာစကား၊ စင်္ကာပူနဲ့ မလေးရှားနိုင်ငံသုံး အင်္ဂလိပ်စကားကို ကျွမ်းကျင်စွာပြောဆိုနိုင်သူ ဖြစ်ပါတယ်။

သတင်းမီဒီယာကဏ္ဍအနေနဲ့ ဖေ့ဘုတ်မှာတွေ့ကရာ ထိုင်ရှယ်ဖူးသူဖြစ်ပါတယ်။

စာပေ၊အနုပညာနဲ့ ယဉ်ကျေးမှု၊ အမျိုးသားရေးစတဲ့ ကဏ္ဍတွေနဲ့ ပတ်သက်ပြီး ဘွရှင်အကြောင်း အားလုံးသိပြီးသားဖြစ်ပါလိမ့်မယ်။

အဲဒီလိုအရည်အချင်းတွေနဲ့ ပြည့်စုံတဲ့ ကြီးမြတ်တဲ့ပုဂ္ဂိုလ်မျိုးသာ သမ္မတဖြစ်လာခဲ့ရင်မြန်မာနိုင်ငံဟာ နှစ်နှစ်အတွင်းမှာ ဘင်္ဂလားဒေ့ရှ်ထက် ငါးဆလောက် တိုးတက်သွားမှာ သေချာပါတယ်။

သမိုင်းတလျှောက်လုံးကို ပြန်ကြည့်မယ်ဆိုရင် မြန်မာပြည်ဟာ ပျော့ညံ့ညံ့ပုဂ္ဂိုလ်တွေ အုပ်ချုပ်လို့ရတဲ့ နိုင်ငံမျိုးမဟုတ်ပါဘူး။ အဲဒါကြောင့် ခေါင်းဆောင်ကောင်းကို ပြည်သူတွေ မှန်မှန်ကန်ကန် ရွေးချယ်နိုင်ကြပါစေ။

ခိခိ

0 comments:

Post a Comment