ပေါက်ကရ လေးဆယ်

Subscribe:

Thursday, July 11, 2013

မြင့်မိုရ်တောင်အစုစုတို့အား ဇီးစေ့ဖြင့်ထုခြင်း (၀ံသာနု အယ်ဒီတာ့အာဘော်)

ဆိုရေးရှိကဆိုအပ်ရာ၏တဲ့။ ဆိုရိုးစကားရှိပါတယ်။ အဲဒီတော့ခါ ထောက်ပြဝေဖန်စရာ မျက်စိရှေ့ ကွက်ကွက်ကွင်းကွင်း မြင်နေပါလျှက်နဲ့ မမြင်ချင်ယောင်ဆောင်နေလို့တော့ မဖြစ်ပါဘူး။အ၀င်ဆိုးပေမယ့် ဆေးခါးကြီးဆိုတာ ရောဂါပျောက်ဖို့တိုက်တယ်လို့ပဲ မှတ်ယူစေချင်ပါတယ်။ လက်ရှိမြန်မာ့နိုင်ငံရေးလောကမှာ အကွဲအပြဲတွေ၊ အပြန်အလှန်ဆော်ပလော်တီးမှုတွေ၊ ခါးအောက်ပိုင်းထိုးတာတွေ တော်တော်ခေတ်စားနေပါတယ်။ ဒီလိုအဖြစ်မျိုးတွေဟာ နာတာရှည်ဖြစ်သွားမယ်ဆိုရင် တိုင်းပြည်အတွက်အနာဂတ်မှာ ကောင်းသောရလာဒ်ဖြစ်လာမယ် မထင်ပါဘူး။ ဒီလိုပြဿနာတွေအတွက် တာဝန်အရှိဆုံးက ဘယ်သူတွေဖြစ်ပါသလဲ။ ဆန့်ကျင်ဖက်အုပ်စုတွေ အကုန်လုံးကို တပြိုင်နက်မေးမယ်ဆိုရင် အပြန်အလှန်လက်ညိုးထိုးရင်း အကုန်လုံးတရားခံဖြစ်သွားမယ့် မေးခွန်းပါ။ ရွှေစွန်ညိုကစားသလို ရှေ့ဆုံးကလူကခါးလေးတစ်ချက်ယိမ်း၊
 ခြေလှမ်းတစ်ချက် ဘေးရွေ့လိုက်တာနဲ့ နောက်ဆုံးကလူ လျှာထွက်အောင် ပတ်ပြေးရသလိုပဲ သက်ဆိုင်ရာနယ်ပယ်အသီးသီးက ခေါင်းဆောင်တွေရွှေ့တဲ့နောက်ကို နောက်လိုက်တွေ အိုးနင်းခွက်နင်းလိုက်နေရပါတယ်။ အဲဒီတော့ခါ ခေါင်းဆောင်တွေမှာ တာဝန်အရှိဆုံးလို့ပြောလို့ရပါပြီ။ သို့ဖြစ်ပါ၍ ပညာ၊သဘာ၊အတွေ့အကြုံ၊ ကျော်ကြားမှုနှင့် သြဇာရှိမှုအစရှိသည့် ဂုဏ်အရှိန်အ၀ါ ကြီးမြတ်လှစွာသော၊ မြင့်မိုရ်တောင်ကဲ့သို့ မြင့်မားလှသည့်အဆင့်အတန်းတွင် ရပ်တည်နေကြပါကုန်သော ပုဂ္ဂိုလ်အစုစုတို့အား ဇီးစေ့ဖြင့်ထုပါအံ့။ အနာကျက်၍ အထာညက်ကြပါစေကုန်သတည်း။
လက်ရှိမြန်မာနိုင်ငံမှာ လက်ယာဂိတ်ဆုံးယိမ်း အမျိုးသားရေးအင်အားစုကြီးရဲ့ ဦးစီးခေါင်းဆောင်လို့ ပြောလိုက်တာနဲ့ ဆရာတော်အရှင်ဝီရသူကို လူတိုင်းမျက်စိထဲ မြင်ယောင်မိကြမှာ သေချာပါတယ်။ ၉၆၉ လှုပ်ရှားမှု၊ မျိုးစောင့်ဥပဒေစတဲ့ လှုပ်ရှားမှုတွေနဲ့ လက်ရှိအချိန်မှာ လတ်လတ်ဆတ်ဆတ် ကမ္ဘာကျော်ပုဂ္ဂိုလ်တစ်ဦးလို့ ပြောရင်လည်းမမှားပါဘူး။ ကမ္ဘာကျော်ဆိုတဲ့နေရာမှာ ကောင်းသောကျော်ဇောခြင်း မဟုတ်တာကိုတော့ ကာယကံရှင်အပါအ၀င် လူတိုင်းသိပြီးသားဖြစ်ပါလိမ့်မယ်။ အဲဒီလိုနိုင်ငံတကာမီဒီယာက အကြမ်းဖက်၊အစွန်းရောက် ဘာညာသာရကာ တံဆိပ်ခတ်လိုက်တဲ့အပေါ်မှာ ဗုဒ္ဓဘာသာမြန်မာအများစု ဆတ်ဆတ်ခါသွားခဲ့ကြပါတယ်။ အနည်းစုက အောင့်သက်သက်ဖြစ်ကြရပါတယ်။တချို့ကတော့ ဆရာတော်ကို လှောင်ပြောင်ခဲ့ကြပါတယ်။ ဆရာတော်ကို ထောက်ခံသူတွေနဲ့ မထောက်ခံသူတွေကြားထဲမှာ ရုန်းရင်းဆန်ခတ် တိုက်ပွဲတွေပြင်းထန်ခဲ့ရပါတယ်။ ဒီပြဿနာရပ်တွေကို အရင်းစစ်တော့ အမြစ်က ဆရာတော်ဖြစ်နေပါတယ်။

မြန်မာ့လူ့အဖွဲ့အစည်းမှာ သံဃာတော်တွေဟာ လူသာမန်တွေထက် မြင့်တဲ့အဆင့်အတန်းမှာ ရှိနေပါတယ်။ ဗုဒ္ဓသာသနာကို တည်တံ့ခိုင်မြဲအောင် ထိန်းသိမ်းစောင့်ရှောက်တဲ့နေရာမှာ သံဃာတော်တွေရဲ့ကြီးမားလှတဲ့ တာဝန်ဝတ္တရားရယ်၊ သံဃာတော်တစ်ပါးချင်းစီရဲ့ စောင့်ထိန်းထားရတဲ့ ၀ိနည်းသိက္ခာပုဒ်တွေ၊ အဲဒီသိက္ခာပုဒ်တွေကြောင့် စွန့်လွှတ်ထားရတဲ့ ကာမဂုဏ်စည်းစိမ်တွေ စတဲ့ မြောက်မြားစွာသော အချက်တွေကြောင့် သံဃာတော်တွေဟာ ဗုဒ္ဓဘာသာဝင် ပြည်သူတွေရဲ့ ကိုးကွယ်ဆည်းကပ် မှီခိုအားထားရာ ဖြစ်ပါတယ်။ အဲဒီလိုတည်ရှိနေတဲ့ သံဃာတော်တွေဟာ တခါတရံမှာ ခေတ်ရဲ့တောင်းဆိုမှုကြောင့် လူဝတ်ကြောင်တွေရဲ့ ရှုပ်ထွေးပွေလီလှတဲ့ နိုင်ငံရေးလောကထဲ ဆင်းပြီးပါဝင်ခဲ့ရတာမျိုး သမိုင်းမှာအများကြီးရှိခဲ့ပါတယ်။ ဒါပေမယ့် သံဃာတော်တွေအနေနဲ့ ညစ်ပတ်ကောက်ကျစ်မှုတွေနဲ့ ရှုပ်ထွေးနေတဲ့ လူဝတ်ကြောင်နိုင်ငံရေးနယ်ပယ်ကို ၀င်ရောက်တဲ့နေရာမှာ လူတွေလိုမျိုး ကိုယ်ကျိုးစီးပွားနဲ့ အာဏာရယူရေးကို မျှော်လင့်ထားတာမျိုး လုံးဝမရှိတဲ့အတွက် နဂိုမူလအဆင့်အတန်းက သွေဖည်ပြီး လူတွေရဲ့လုပ်ထုံးလုပ်နည်းမျိုးကို လိုက်လုပ်စရာမလိုအပ်ပါဘူး။ ဘာသာရေးအဖွဲ့အစည်းကို ကိုယ်စားပြုသူတွေဖြစ်လို့ သံဃာတော်တွေဟာ နိုင်ငံရေးနယ်ပယ်တွင်းမှာ ပြောဆိုစွက်ဖက်ခြင်းဟာ အကန့်အသတ်တစ်ခုရှိနေပါတယ်။ အဲဒီအကန့်အသတ်ကို ကျော်လွန်ပြီး လူတွေလိုမျိုး ပြောဆိုပြုမူလာရင်တော့ သံဃာရဲ့သြဇာနဲ့ လူတွေရဲ့အမြင်တွေဟာ ၀ိရောဓိဖြစ်လာတဲ့အတွက် နှစ်ဖက်ပဋိပက္ခကို ဖြစ်ပေါ်စေပြီးတော့ သံဃာအနေနဲ့မိမိရဲ့အဆင့်အတန်းကနေ သွေဖည်သလိုမျိုး ဖြစ်သွားတတ်ပါတယ်။
အရှင်ဝီရသူရဲ့ မီဒီယာအင်တာဗျူးတွေ၊ လူမှုဆက်သွယ်ရေးကွန်ယက်တွေမှာ ရေးသားဖော်ပြချက်တွေဟာ ရှိသင့်ရှိထိုက်တဲ့ အဆင့်အတန်းမှာ ရှိမနေတဲ့အတွက် ဆရာတော်ကို နိုင်ငံတကာမီဒီယာနဲ့ အတိုက်အခံဒီမိုကရေစီ အင်အားစုတွေက အလွယ်တကူ နာမည်ဆိုးနဲ့တံဆိပ်ခတ်ဖို့ အဓိကအကြောင်းရင်းဖြစ်စေခဲ့ပါတယ်။ အမျိုးသားရေးဦးစီးခေါင်းဆောင် ပုဂ္ဂိုလ်တစ်ပါးရဲ့ အင်တာဗျူးအဖြေဟာ သာမန်လူတစ်ယောက်ရဲ့ အဆင်ခြင်မဲ့စိတ်ထဲရှိသမျှ အကုန်အစင်လျှောက်ပြောတဲ့ အဖြေမျိုး မဖြစ်သင့်ပါဘူး။ ကိုယ့်ဆီကို အင်တာလာဗျူးတဲ့ပုဂ္ဂိုလ်တွေဟာ နဂိုမူလကတည်းက ကိုယ့်ကိုအကောင်းမြင်ထားတဲ့ လူတွေမဟုတ်ဘူးဆိုတာ သဘောမပေါက်ပဲ လျှောက်ဖြေတဲ့အတွက် ဆရာတော်ရဲ့အဖြေတွေဟာ အမျိုးသားရေးအင်အားစုတစ်ရပ်လုံးကို နိုင်ငံတကာမီဒီယာတွေက အပုတ်ချဖို့ လမ်းစပိုမိုရသွားစေခဲ့ပါတယ်။ကိုယ်ကြိုက်တဲ့ကွမ်းယာဟာ မြန်မာတွေအတွက်အိုကေပေမယ့် 
 နိုင်ငံခြားကလူတွေရှေ့မှာ ကွမ်းယာပလုပ်ပလောင်းဝါးပြ၊ ထွေးပြရင် ဒီလူတွေမြန်မာအကြောင်းရေးတဲ့အခါ ဘယ်လိုစာမျိုးတွေထွက်လာမလဲ။ အမျိုးသားရေးခေါင်းဆောင် ပုဂ္ဂိုလ်တစ်ပါးရဲ့ အင်တာဗျူးအဖြေဟာ ရပ်ကွက်ထဲက သာမန်လူတစ်ယောက်ရဲ့ စိတ်ထင်ရာလျှောက်ပြောတဲ့ အသုံးအနှုန်းမျိုး အများစုပါဝင်နေတဲ့အခါ အင်မတန်ခက်ခဲနက်နဲပြီး ရရှိဖို့မလွယ်တဲ့၊ မြန်မာနိုင်ငံ ဗုဒ္ဓဘာသာဝင်တွေအတွက် အင်မတန်သြဇာကြီးမားလှတဲ့ အဘိဝံသဘွဲ့ပိုင်ရှင်ဟာ ပညာမတတ်သူအဖြစ် ပုံဖော်ရေးသားခြင်း ခံလိုက်ရပါတော့တယ်။ အဲဒါထက်အပြင် ဗုဒ္ဓဘာသာကိုပါ ထိခိုက်စေတဲ့ အရေးအသားမျိုးတွေနဲ့ စော်ကားခြင်းခံလိုက်ရပါတယ်။ အဲဒီလိုအပုတ်ချခံရခြင်းဟာ အကျိုးတရားဆိုရင် အဲဒီအကျိုးတရားကို ဖြစ်ပေါ်လာစေတဲ့ အကြောင်းတရားကတော့ ဆရာတော်ရဲ့ အပြောအဆိုမတတ်၊ အရေးအသား မပါးနပ်တဲ့အချက်ပဲ ဖြစ်ပါတယ်။ အပြစ်လာရှာတဲ့လူတွေက အဲဒီအချက်တွေကို အသုံးချပြီး သူတို့စီးပွားရေးအတွက် အမြတ်ထုတ်သွားခဲ့တာပါ။ မိမိသိထားတဲ့အချက်တွေဟာ အမှန်တရားဆိုရင် အဲဒီအမှန်တရားကို ဆန့်ကျင်ဖက်အုပ်စုဆီမှာ ချပြတဲ့အခါ အတုံးလိုက်အတစ်လိုက် လုပ်လို့မရပါဘူး။ အဲဒါကြောင့်ရှေ့ဆုံးက ခေါင်းဆောင်လုပ်သူက ခါးလေးယိမ်းရုံ၊ ခြေလှမ်းလေးရွေ့ရုံ ပါးပါးနပ်နပ်မလုပ်ပဲ ဗရမ်းဗတာလျှောက်ပြေးတဲ့အခါ နောက်ကလူတန်းကြီးဟာလည်း ရုန်းရင်းဆန်ခတ် ဖြစ်ကြရပါတော့တယ်။ အဲဒီရဲ့အကျိုးဆက်ကတော့ မြန်မာ့နိုင်ငံရေးနယ်ပယ်မှာ ကုလားအရေးကလွဲရင် တခြားဘယ်အရေးမှ လူတွေအာရုံစိုက်လို့မရအောင် အချင်းချင်း အသေအကြေ ထိုးနှက်တိုက်ခိုက်မှုတွေကို အစပြုစေခဲ့တာပါပဲ။

အမျိုးသားရေးလုပ်တဲ့နေရာမှာ အဓိကအချက်က စည်းလုံးညီညွတ်မှုပါ။ စည်းလုံးညီညွတ်မှုကို တည်ဆောက်တဲ့နေရာမှာ တစ်ယောက်တစ်ပေါက်ဖြစ်နေတဲ့ လူ့အဖွဲ့အစည်းကို အမြင်တူတဲ့လူတွေကိုစု၊ မတူတဲ့လူတွေကိုဘေးဖယ် လုပ်လို့မရပါဘူး။ အမြင်မတူတဲ့လူတွေကို တူညီလာအောင်၊ ကိုယ့်ဖက်ပါလာအောင် စည်းရုံးနိုင်မှ အောင်မြင်မှုကိုရရှိနိုင်မှာ ဖြစ်ပါတယ်။ စေတီတစ်ဆူ တည်ဆောက်တဲ့နေရာမှာ အုတ်အကောင်းတွေချည်း အသုံးပြုပြီးတည်ဆောက်လို့မရပါဘူး။ အုတ်အကျိုးအပဲ့တွေဟာလည်း အုတ်အကောင်းတွေနဲ့ အဆင်မပြေတဲ့ တချို့နေရာတွေမှာ လိုအပ်ပါတယ်။ ဆရာတော်ဦးဆောင်လှုပ်ရှားခဲ့တဲ့ ၉၆၉ ကမ်ပိန်းနဲ့ မျိုးစောင့်ဥပဒေလှုပ်ရှားမှုတွေဟာ ဒေါင်ဒေါင်မြည်အုတ်ချပ်တွေကို စုစည်းပြီး အုတ်ကျိုးအုတ်ပဲ့တွေကို ဖယ်ထုတ်လိုက်သလို ဖြစ်သွားစေတဲ့ လှုပ်ရှားမှုတွေပါ။ အဲဒီတော့ အုတ်အကောင်းတွေ သီးသန့်နဲ့တည်ဆောက်မယ့် ဆရာတော်ရဲ့အမျိုးဘာသာသာသနာ အုတ်တံတိုင်းဟာ လေးဖက်လေးတန်လုံပါတော့မလား။ နောက်တစ်ချက်က အမျိုးသားရေးဝါဒီတွေဟာ ပါတီတွေရဲ့ အသုံးချခံမဖြစ်သင့်သလို ပါတီတွေရဲ့ ရန်သူလည်းမဖြစ်သင့်ဘူးလို့ မြင်မိပါတယ်။ အဲဒါကြောင့် အမျိုးသားရေးအင်အားစုတွေဟာ ဘက်မလိုက်အင်အားစုတွေအဖြစ် ရပ်တည်သင့်ပါတယ်။ ဆရာတော့်အနေနဲ့ အတိုက်အခံလူ့အခွင့်အရေးဝါဒီတွေကို ဝေဖန်သလို လက်ရှိဖြစ်ပေါ်နေတဲ့ ပြဿနာရပ်တွေမှာ အဓိကတာဝန်အရှိဆုံးဖြစ်တဲ့ နိုင်ငံတော်အစိုးရနဲ့ အာဏာရပါတီကိုလည်း ဝေဖန်ထောက်ပြသင့်ပါတယ်။ အဲဒီလိုမဟုတ်ပဲ အတိုက်အခံတွေကိုချည်းပဲ တစ်ဖက်သတ်ဝေဖန်နေရင်တော့ ဆရာတော်ရဲ့အမျိုးသားရေး ရပ်တည်ချက်ဟာ မေးခွန်းထုတ်စရာဖြစ်လာပါလိမ့်မယ်။

၉၆၉ကမ်ပိန်းစကတည်းက မြန်မာ့နိုင်ငံရေးလှုပ်ရှားသူတွေကြား အကွဲအပြဲဟာ အရှင်ဝီရသူရဲ့ လူမှုဆက်သွယ်ရေး စာမျက်နှာကနေ ဗလီမီးရှို့စရာမလို၊ အကြမ်းဖက်စရာမလိုဆိုပြီး အစချီထားတဲ့ မျိုးစောင့်ဥပဒေကြမ်း မိတ်ဆက်ခြင်းကြောင့် အပြန်အလှန်တိုက်ခိုက်မှုတွေ ပြင်းထန်စွာဖြစ်ပေါ်လာစေခဲ့ပါတယ်။ မိတ်ဆက်စာရေးထားပုံကိုက ကိုယ့်လည်ပင်းကိုယ် ကြိုးကွင်းစွပ်သလို ဖြစ်နေပါတယ်။ ဗုဒ္ဓဘာသာဝင်အမျိုးသမီးများ ဘာသာခြားနဲ့အိမ်ထောင်ပြုပြီး ဘာသာကူးပြောင်းခြင်းကို ကန့်သတ်ဖို့ ရည်ရွယ်ထားတဲ့ အမျိုးစောင့်ဥပဒေဟာ ထောက်ခံသူတွေနဲ့ ကန့်ကွက်သူတွေကြားမှာ ပဋိပက္ခပြင်းထန်လာစေခဲ့ပါတယ်။ ထောက်ခံသူတွေဖက်ကလည်း အကြောင်းပြချက် အများကြီးရှိနေသလို ကန့်ကွက်သူတွေဖက်က အကြောင်းပြချက် များစွာရှိနေပါတယ်။ ကန့်ကွက်သူတွေထဲမှာ ဗုဒ္ဓဘာသာဝင်တွေ ပါဝင်နေတဲ့အတွက် ဒီလူတွေက မူဆလင်ဖက်တော်သားတွေလို့ ထောက်ခံသူတွေက စွပ်စွဲကြပါတယ်။ ဒီဥပဒေကို ကန့်ကွက်တဲ့ ဗုဒ္ဓဘာသာဝင်တွေဟာ သူတို့သားသမီး၊ညီမ၊ အစ်မ၊တူမ၊မြေးမတွေမူဆလင်နဲ့ညားပြီး ခေါင်းမြီးခြုံသွားတာကို မြင်ချင်မှာမဟုတ်တာတော့ သေချာပါတယ်။ သူတို့ဘာကြောင့်ကန့်ကွက်ရသလဲ ဆိုတော့ ဒီဥပဒေဟာ အမျိုးသမီးတွေကိုသက်သက် ကန့်သတ်ထားတဲ့အတွက် တရားမျှတမှုမရှိဘူးလို့ယူဆကြလို့ပါ။ နောက်တစ်ချက်က မြန်မာနိုင်ငံမှာ ခေတ်အဆက်ဆက် ပြဌာန်းခဲ့တဲ့ တရားဥပဒေတွေဟာ အတည်ပြုပြီးနောက်ပိုင်း ချိုးဖောက်ကြပေမယ့် ထိထိရောက်ရောက်အရေးယူနိုင်ခြင်း မရှိပါဘူး။ ဥပမာ အသက်၁၈နှစ်ပြည့်မှ အိမ်ထောင်ပြုခွင့်ရှိတယ်လို့ ပြဌာန်းထားပေမယ့် အဲအသက်အရွယ်မတိုင်ခင် အိမ်ထောင်ပြုသူတွေကို အလိုတူရင် အရေးယူခြင်း အလျဉ်းမရှိတာမျိုးပါ။ နောက်တစ်ချက်က ဒီဥပဒေဟာ ဌာနေတိုင်းရင်းသားထဲမှာ ပါတဲ့ ကချင်၊ချင်း၊ကရင်၊ကယား စတဲ့ ခရစ်ယာန်ဘာသာဝင်တိုင်းရင်းသားတွေကို ခွဲခြားဆက်ဆံသလိုမျိုး ဖြစ်နေပါတယ်။ ဗုဒ္ဓဘာသာဝင် မိန်းမတွေကိုပဲ ကန့်သတ်ပြီး ယောင်္ကျားတွေကိုကန့်သတ်မထားတဲ့အတွက် ဗုဒ္ဓဘာသာဝင် ယောင်္ကျားက တခြားဘာသာဝင် အမျိုးသမီးနဲ့အိမ်ထောင်ပြုခွင့်ရှိတဲ့အချက်က ခရစ်ယာန်ဘာသာဝင် မြန်မာတိုင်းရင်းသား ယောင်္ကျားတွေအတွက် တရားမျှတမှုမရှိတော့ပါဘူး။ တခြားဘာသာတွေမှာ ဘာသာခြားနဲ့လက်ထပ်လို့ အသိုင်းအ၀ိုင်းကပစ်ပယ်တာ၊ အမွေဆက်ခံပိုင်ခွင့်မရှိတာကလွဲရင် တရားစွဲဆိုအရေးယူနိုင်တဲ့ ဥပဒေမျိုး မရှိသေးပါဘူး။ ဗုဒ္ဓဘာသာဖက်က တရားစွဲဆိုအရေးယူနိုင်တဲ့ ဥပဒေမျိုးပြဌာန်းလိုက်တာဟာ သူတို့အတွက် မတရားတဲ့ခွဲခြားဆက်ဆံမှုတစ်ခုအဖြစ် မြင်သွားပါလိမ့်မယ်။ နဂိုကတည်းက ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ပြဌာန်းခြင်းနဲ့ပတ်သက်ပြီး ခွဲခြားခံရပါတယ်လို့ တော်လှန်ခဲ့ကြတဲ့အတွက် နှစ်ပေါင်းများစွာပြည်တွင်းစစ်ဒဏ်ကို ခံခဲ့ရပြီးပါပြီ။ အဲဒီအတိတ်ဒဏ်ရာတွေကို ဒီမျိုးစောင့်ဥပဒေက တူးဆွလိုက်လို့ ဒီတိုင်းရင်းသားတွေ ခွဲထွက်မယ်ဆိုရင် အမျိုးသားရေးဝါဒီတွေ ဘယ်လိုမှလက်ခံနိုင်မယ် မထင်ပါဘူး။ ဒီနေရာမှာ ကိုယ့်ဖက်ကလူများတိုင်း အများညီလို့ ဤကိုကျွဲဖတ်ရင် ပေးဆပ်ရမယ့် အရင်းအနှီးက တော်တော်ကြီးမားသွားပါလိမ့်မယ်။ နောက်တစ်ခု စဉ်းစားမိတာက မျိုးစောင့်ဥပဒေဟာ နိုင်ငံခြားသား ဘာသာတူ၊ ဘာသာကွဲတွေနဲ့ မြန်မာဗုဒ္ဓဘာသာ အမျိုးသမီးတွေ လက်ထပ်ခြင်းအပေါ် သက်ရောက်မှုရှိမရှိဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။

ဒီဥပဒေကို ထောက်ခံတဲ့လူတွေဖက်ကြည့်တဲ့အခါ မြန်မာနိုင်ငံဒေသတော်တော်များများမှာ

မြန်မာအမျိုးသမီးတွေဟာ ဘာသာခြား အထူးသဖြင့်မူဆလင်တွေနဲ့ လက်ထပ်ပြီး ဘာသာပြောင်းသွားကြလို့ မျိုးဆက်တစ်ခုလုံး ဘာသာခြားဖြစ်သွားတဲ့ အဖြစ်အပျက်တွေက ဗုဒ္ဓဘာသာလူ့အဖွဲ့အစည်းအတွက် ကြီးမားတဲ့ခြိမ်းခြောက်မှုတစ်ခု ဖြစ်နေပါတယ်။ ကရင်ပြည်နယ်မှာဆိုရင် ကညောသူးလို့ ခေါ်တဲ့ ကရင်အမျိုးသမီးတွေ ကုလားနဲ့ညားပြီး မွေးလာတဲ့မူဆလင်တွေဟာ လူမျိုးစုတစ်စုအနေနဲ့ ရပ်တည်နေကြပါပြီ။ ကြောက်ခမန်းလိလိ မျိုးပွားနှုန်းမြင့်မားတဲ့ မူဆလင်ဦးရေဟာ တစ်နှစ်ထက်တစ်နှစ် မြန်မာနိုင်ငံလူဦးရေစုစုပေါင်း သန်း၆၀ကျော်ထဲမှာ တရိပ်ရိပ်နဲ့ ရာခိုင်နှုန်းမြင့်တက်လာနေပါတယ်။ ရခိုင်ပြည်နယ်အတွင်းက တရားမ၀င် ဘင်္ဂလီဦးရေ၈သိန်းကျော်နဲ့ ပြည်တွင်းမှာနည်းလမ်းပေါင်းစုံနဲ့ မှတ်ပုံတင်ယူနေထိုင်နေကြတဲ့ မူဆလင်ဦးရေကလည်း မနည်းလှပါဘူး။ ဒီလူတွေသာ နိုင်ငံသားအခွင့်အရေးရသွားရင် သူတို့အတွက်နေရာသတ်မှတ်ပေးဖို့ တောင်းဆိုတာမျိုးတွေ၊ ဘာသာရေးဥပဒေပြဌာန်းပေးဖို့ တောင်းဆိုတာမျိုးတွေ၊ ဘာသာရေးအဓိကရုဏ်းတွေ ဖန်တီးပြီး အကြမ်းဖက်တာမျိုးတွေ လုပ်လာမှာကို စိုးရိမ်စရာရှိနေပါတယ်။ပြီးတော့ မူဆလင်တွေထဲမှာ ဘာသာတူချင်းလက်ထပ်ပြီး အေးအေးဆေးဆေး နေချင်သူတွေရှိနေသလို မျိုးစပ်သွေးနှောပြီး မြန်မာနိုင်ငံရဲ့ ဗုဒ္ဓဘာသာယဉ်ကျေးမှုကို ဖြိုဖျက်ဖို့ အကြံအစည်ရှိသူတွေလည်း အများကြီးရှိနေပါတယ်။ ဗုဒ္ဓဘာသာယောင်ဆောင် လက်ထပ်ယူပြီးမှ မယားနှစ်ယောက်တစ်အိမ်တည်းထား၊ အစ္စလာမ်ဘာသာမပြောင်းလို့ နှိပ်စက်တဲ့အတွက် မခံနိုင်တဲ့အဆုံး သားသမီးတွေလက်ဆွဲ ထွက်ပြေးလာရတာကို စာရေးသူကိုယ်တိုင် မျက်ဝါးထင်ထင် မြင်ဖူးခဲ့ပါတယ်။ အဲဒီလိုပဲ ဗုဒ္ဓဘာသာမိန်းမကို ယူပြီး မိန်းမကိုဘာသာပြောင်းခိုင်းလို့ မရတဲ့အတွက် အိမ်ကအမွေဖြတ်ခံရ၊ အသိုင်းအ၀ိုင်းကလည်း ပစ်ပယ်ခံရပြီး ဗလီလည်းမသွားဖြစ်တော့ပဲ အိမ်ကမိန်းမရဲ့ ဘုရားခန်းမှာ ၀တ်ပြုဆုတောင်းနေရတဲ့ ပန်းသေးမူဆလင် သူငယ်ချင်းတစ်ယောက်ကိုလည်း မြင်ဖူးခဲ့ပါတယ်။ သူတို့ဖက်က အဲလိုတွေလုပ်လို့ ကိုယ့်ဖက်လည်း မဖြစ်မနေကန့်သတ်ဖို့လိုအပ်တယ်ဆိုတဲ့ ထောက်ခံသူတွေရဲ့ အမြင်ကလည်း မမှားပါဘူး။ နှစ်ဖက်စလုံးမမှားတဲ့အတွက် ဘာဖြစ်လို့ကွဲလွဲနေရတာလဲ။ အဖြေကတော့ လက်ဖမိုးနဲ့လက်ဖ၀ါးကို တဖက်စီကနေကြည့်ပြီး ဒီဥစ္စာဟာ လက်တစ်ခုဖြစ်ကြောင်း ညှိနှိုင်းအဖြေမရှာနိုင်ကြလို့ပါ။ အဲဒီလိုညှိနှိုင်းမရဖြစ်ရခြင်းရဲ့ အကြောင်းရင်းတွေက ဘာတွေဖြစ်ပါသလဲ။

အားလုံးသိကြတဲ့အတိုင်းပါပဲ။ အမျိုးသားရေးလှုပ်ရှားသူတွေထဲမှာ အစိုးရလော်ဘီတွေအပါအ၀င် နိုင်ငံရေးအမြတ်ထုတ်လိုသူတွေဟာ ခြေချင်းလိမ်နေကြပါတယ်။ ဒီလူတွေဟာ အမျိုးသားရေးကိုအကြောင်းပြပြီး အတိုက်အခံ လူ့အခွင့်အရေးဝါဒီတွေက ကုလားတွေကို တိုင်းရင်းသားတွေနဲ့ တန်းတူအခွင့်အရေးပေးဖို့ ကြံစည်နေကြတယ်ဆိုပြီး ၀ါဒဖြန့်နေတာ တော်တော်ကြာပါပြီ။ အဲဒီလို ၀ါဒဖြန့်လို့ ပြည်သူအချို့ သံသယ၀င်နေတဲ့အချိန်မှာ အဲဒီသံသယကို အတည်ပြုသလိုမျိုး ပြောဆိုလိုက်တဲ့ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီဝင်တချို့ရဲ့ စကားတွေဟာ အမျိုးသားရေးသမားတွေအတွက် အင်မတန်နားခါးစရာ ဖြစ်သွားစေခဲ့ပါတယ်။ ဒေါ်စုရဲ့ ၁၉၈၂နိုင်ငံသားဥပဒေဟာ နိုင်ငံတကာစံချိန်စံညွှန်းနဲ့ မကိုက်ညီလို့ ပြန်ပြင်ရမယ်ဆိုတဲ့စကားရယ်၊ ဦးဥာဏ်ဝင်းရဲ့ ရခိုင်ပြည်နယ်တွင်းက ဘင်္ဂလီတွေကို ရခိုင်တွေသဘောမတူရင်တောင်မှ နိုင်ငံသားအခွင့်အရေး ပေးသင့်တယ်ဆိုပြီး ရိုက်တာသတင်းဌာန အင်တာဗျူးမှာ အဆင်ခြင်မဲ့ ပြောခဲ့တဲ့စကားတွေဟာ သူတို့ကို အမျိုးသားရေးသစ္စာဖောက်အဖြစ် နှစ်ပေါင်းများစွာ ပုံဖော်လာခဲ့တဲ့ အစိုးရလော်ဘီတွေ ဆင်ထားတဲ့အကွက်ထဲ ကိုယ့်သဘောနဲ့ကိုယ် ဒိုင်ဗင်ထိုးဆင်းလိုက်သလို ဖြစ်သွားစေခဲ့ပါတယ်။ ဒီနေရာမှာ ၀ံသာနုအနေနဲ့ ၁၉၈၂ နိုင်ငံသားဥပဒေကို နိုင်ငံတကာစံချိန်စံညွှန်းနဲ့ မညီဘူးဆိုတဲ့ NLD ကို မေးခွန်းတစ်ခုထုတ်ချင်ပါတယ်။ နိုင်ငံတကာဆိုတဲ့နေရာမှာ အမေရိကန်နဲ့ ဥရောပနိုင်ငံတွေလို ဒီမိုကရေစီနိုင်ငံတွေပါသလို ဆော်ဒီလို အစွန်းရောက်အာရပ်နိုင်ငံတွေလည်း ပါဝင်ပါတယ်။ စင်္ကာပူလိုနိုင်ငံမျိုးပါဝင်သလို မလေးရှားလို မလေးလူမျိုးမူဆလင်တွေကိုပဲ အထူးအခွင့်အရေးပေးတဲ့ နိုင်ငံမျိုးပါဝင်ပါတယ်။ နိုင်ငံတကာမှာတောင် တစ်နိုင်ငံနဲ့တစ်နိုင်ငံကြား မတူညီတဲ့ နိုင်ငံသားဖြစ်မှုဥပဒေတွေမှာ စံချိန်စံညွှန်းဆိုတာ ဘယ်အရာနဲ့ချိန်ထိုးပါသလဲ။ အမေရိကန်ရဲ့ဥပဒေဟာ ဆော်ဒီလိုနိုင်ငံမျိုးအတွက်တော့ ဘယ်လိုမှ အိုကေမှာမဟုတ်ပါဘူး။ မြန်မာနိုင်ငံရဲ့တည်ဆဲဥပဒေကို ပြန်ကြည့်ရင် ၁၃၅မျိုးသော တိုင်းရင်းသားများအတွက် ဘာပြဿနာမှရှိမယ် မထင်ပါဘူး။ အဲဒီတော့ ဘယ်သူတွေအတွက် ဒီဥပဒေကိုပြင်ချင်တာပါလဲ။ အဲဒီဥပဒေကိုပြင်လိုက်ရင် တိုင်းရင်းသားတွေအတွက် ဘာတွေများထူးထူးခြားခြား အခွင့်အရေးပိုရှိနိုင်မလဲ။ လက်ထဲအာဏာမရောက်ခင် အသံကြောင့် ဖားသေရမယ့် အကွက်မျိုးကို ပြောထွက်တဲ့NLD ပါတီခေါင်းဆောင်တွေကို အရမ်းအံ့သြမိပါတယ်။

အဲဒီလိုဒီမိုကရေစီအင်အားစု ခေါင်းဆောင်တချို့ရဲ့ သင်္ကြန်အမြောက်တွေကြောင့် ပြည်သူတွေကြားမှာ စိုးရိမ်ထိတ်လန့်ခဲ့ရပါတယ်။ ဒီလူတွေဟာ ငါတို့ဖက်မှာလုံးဝမရှိတော့ဘူးဆိုတဲ့ အမြင်မျိုးဖြစ်လာခဲ့ပါတယ်။ အဲဒါကြောင့် ပြည်သူတချို့ဆီက ဝေဖန်တိုက်ခိုက်မှုတွေ ဖြစ်လာတဲ့အချိန်မှာ NLDကို မျက်စိမှိတ်ထောက်ခံသူတွေနဲ့ ပဋိပက္ခပြင်းပြင်းထန်ထန် ဖြစ်ပွားလာပါတော့တယ်။ အပေါ်မှာပြောသွားတဲ့ ရွှေစွန်ညိုဥပမာအတိုင်းပါပဲ။ ရှေ့ဆုံးကလူ မရွေ့တတ်တဲ့အခါ နောက်လိုက်တွေခမျာ ဗရမ်းဗတာ အိုးနင်းခွက်နင်း ရုန်းရင်းဆန်ခတ် ဖြစ်ကြရပါတယ်။ အဲဒီလိုပဋိပက္ခတွေဖြစ်နေတာကို အမြတ်ထုတ်နေသူတွေကတော့ အစိုးရ၊မူဆလင်အခွင့်အရေး လှုပ်ရှားသူ၊ အမျိုးသားရေးကို ခုတုံးလုပ်ပြီး နိုင်ငံရေးအမြတ်ထုတ်မယ့် ပါတီတွေနဲ့ ပြည်ပအခြေစိုက်မီဒီယာတွေ နောက်ပြီး မြန်မာနိုင်ငံရဲ့ သဘာဝသယံဇာတတွေကို ဂုတ်သွေးစုပ်နေတဲ့ တရုတ်တွေ ဖြစ်ကြပါတယ်။ နှစ်ဦးနှစ်ဖက်လက်တွဲလုပ်မှ ပြီးမြောက်အောင်မြင်နိုင်မယ့် ကိစ္စရပ်တွေကို ဂရုစိုက်မယ့်လူ မရှိပဲ အပြန်အလှန်တိုက်ခိုက်နေကြတဲ့ အချိန်မှာ တကယ်တမ်းကြားထဲကနေ အထိနာတာကတော့ နိုင်ငံနဲ့ဗုဒ္ဓဘာသာပဲ ဖြစ်ပါတော့တယ်။ ရခိုင်မှာ ဘင်္ဂလီတွေသောင်းကျန်းတုန်းက ဒီအဓိကရုဏ်းတွေဟာ ဘာသာရေးနဲ့မဆိုင်ပါဘူးလို့ နိုင်ငံတကာမှာ မြန်မာတွေအသားကုန်အော်ခဲ့ကြပေမယ့် ၉၆၉ကမ်ပိန်းစတင်ပြီးနောက်ပိုင်းမှာတော့ ကုလားလော်ဘီတွေရဲ့ ငိုပြသံတွေအောက်မှာ အစပျောက်သွားခဲ့ရပါတယ်။ မူဆလင်အခွင့်အရေး လှုပ်ရှားသူတွေအတွက်က ခုလိုရုန်းရင်းဆန်ခတ်မှုတွေ များလာလေလေ၊ သူတို့အတွက် နိုင်ငံတကာ အာရုံစိုက်မှု ပိုရလာပြီး ဂွင်တွေပေါ်လာလေလေပါပဲ။ နောက်ပြီး ခုနေများ အကွဲအပြဲတွေအပေါ် အခွင့်ကောင်းယူပြီး တရုတ်တွေက မြစ်ဆုံစီမံကိန်းပြန်စရင် ဘယ်လိုလက်တွဲဆန့်ကျင်ကြမလဲ။ ခုဖြစ်ပျက်နေတဲ့ ပြဿနာတွေထဲမှာ တရုတ်ခြေရာလက်ရာတွေ တွေ့နေရပါတယ်။ စိုးရိမ်စရာပါပဲ။

မျိုးစောင့်ဥပဒေကြောင့် ခရစ်ယာန်တိုင်းရင်းသားတွေက ဗုဒ္ဓဘာသာ အမျိုးသားရေးဝါဒီတွေကို အယုံအကြည်မရှိကြတော့ဘူး၊ ကုလားတွေဖက်ကရပ်လို့ အတိုက်အခံဒီမိုတွေကို အမျိုးသားရေးဝါဒီတွေ အယုံအကြည်မရှိကြတော့ဘူး၊ အစိုးရဖက်ကိုမဝေဖန်ပဲ အတိုက်အခံတွေကိုပဲ တဖက်သတ်ဆော်ပလော်တီးလို့ အမျိုးသားရေးဝါဒီတွေကို အတိုက်အခံနဲ့ တော်လှန်ရေးအင်အားစုတွေက အယုံအကြည်မရှိကြတော့ဘူး။ တိုင်းရင်းသားတွေနဲ့ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲတွေမှာ ထိထိရောက်ရောက် ၀င်မပြောပဲ ကုလားတွေအတွက်ကျမှ အသံထွက်လာလို့ NLDကို တိုင်းရင်းသားတွေက အမြင်မကြည်တော့ဘူး။ အဲလိုအခြေအနေတွေဖြစ်စပြုနေပါပြီ။ နောက်တစ်ချက်က လာမယ့်ရွေးကောက်ပွဲမှာ လက်ရှိအစိုးရထဲ လွန်ဆွဲမှုတွေကြောင့် အကွဲအပြဲတွေဖြစ်ပြီး အတိုက်အခံတွေအသာစီးရလို့ စာဖတ်နေသူကြီး အမိန့်နဲ့စစ်တပ်က အာဏာပြန်သိမ်းရင် ၂၀၀၇ ရွှေဝါရောင်အရေးအခင်းလို သံဃာ၊ပြည်သူနဲ့ဒီမိုတွေ လက်တွဲဆန့်ကျင်နိုင်ပါ့မလား။ အဲအချိန်ထိစောင့်စရာမလိုပဲ ဒီနှစ်ထဲမှာ ဦးသူရရွှေမန်းက နိုင်ငံတကာမှာ သူပြောခဲ့တဲ့အတိုင်း ၉၆၉လှုပ်ရှားသူတွေကို လိုက်ဖမ်းလို့ ဆရာတော်ဝီရသူပါသွားရင်၊ အဲဒါကိုမကျေနပ်လို့ အမျိုးသားရေးအုပ်စုတွေ ရုန်းရင်းဆန်ခတ်ထလုပ်ရင် စစ်အာဏာသိမ်းမှုဆိုတာ မဖြစ်လာနိုင်ဘူးလို့ ဘယ်သူပြောနိုင်မလဲ။ အဲအချိန်မှာ နောက်ကြောင်းပြန်လှည့်မှာကို ကြောက်လှပါတယ်ဆိုတဲ့ အတိုက်အခံဒီမိုခေါင်းဆောင်တွေက ပြည်သူတွေကိုဆန္ဒမပြအောင် တားနိုင်တဲ့သြဇာ ရှိပါအုန်းမလား။ ကြံ့ဖွံ့ပါတီဆိုတာ ဒီပွဲမှာ ကိုင်နေတဲ့ ဒိုင်ပါ။ အလံရှူးတွေအများကြီးထိုးနေတဲ့ ၀ိုင်းမှာ ဒိုင်ဆိုတာ ထိုင်စားမယ့်လူပဲလေ။ ဒီအတိုင်းဆက်သွားရင် ကုလားအရေးဟာ ဘေးရောက်ပြီး အလုံးစုံပျက်သုန်းရေးကို ဦးတည်သွားပါလိမ့်မယ်။ ပြည်တွင်းက ပြဿနာခပ်သိမ်းရဲ့ အဓိကတရားခံက လက်ရှိအစိုးရအပါအ၀င် အာဏာရပါတီပါ။ ခုချိန်ထိ ကော်မရှင်တွေ ကော်မတီတွေ သောင်းခြောက်ထောင်ဖွဲ့ပေမယ့် ထိထိရောက်ရောက် အလုပ်ဖြစ်တာ မတွေ့ရသေးပါဘူး။ ကော်မရှင်ကအစီရင်ခံစာ တင်၊ အစီအရင်ခံစာကို အကောင်အထည်ဖော်ဖို့ ကော်မတီဖွဲ့၊ ပြီးရင် ဘာသံမှထပ်မကြားရပဲ ပျောက်သွားတာပါပဲ။ ဒီကိစ္စတွေကို ဖိအားပေးဖို့ကျတော့ အမျိုးသားရေးဝါဒီတွေ ပျက်ကွက်နေကြပါတယ်။ နယ်စပ်လုံခြုံရေးကိုလည်း ခုချိန်ထိ ထိထိရောက်ရောက် မလုပ်နိုင်သေးပဲ ထိုင်ကြည့်နေပါတယ်။ တဖက်နိုင်ငံက အကြမ်းဖက်သမားတွေ ၀င်လာပြီး အကြမ်းဖက်တဲ့အချိန်ကျမှ တပ်မတော်က ကယ်တင်ရှင်အနေနဲ့ ၀င်လာပြီး လူထုမေတ္တာခံယူဖို့ စောင့်နေသလားတော့ မပြောတတ်ပါဘူး။ သူတို့ ရောက်မလာခင် အသေခံပေးရမယ့် ရခိုင်လူမျိုးတွေအတွက် ရင်လေးမိပါတယ်။ ကုလားအရေးမှာ အမျိုးသားရေး ဖော်ရှိုးလုပ်ပြပေမယ့် တရုတ်အရေးမှာ အမြီးကုပ်နေတတ်တဲ့ လက်ရှိအစိုးရကို ၂၀၁၅နောက်ပိုင်း မမြင်ချင်တော့ပါဘူး။ မမြင်ချင်ပေမယ့် အစိုးရမဟုတ်တဲ့လူတွေ အချင်းချင်းခုလိုကိုက်နေကြရင်တော့ သူတို့စင်ပေါ်က ဆင်းသွားစရာအကြောင်း မရှိပါဘူး။ ကိုယ်တွေသာ မြောင်းထဲရောက်ကိန်း ရှိနေပါတယ်။ ကုလားတွေ၊တရုတ်တွေကတော့ “ပန်းပန်လျှက်ပါ” ပေါ့။

ဒီလောက်ထိဖြစ်ပျက်နေတာတောင် အမျိုးသားရေးဝါဒီတွေနဲ့ လူ့အခွင့်အရေးဝါဒီတွေဟာ အချင်းချင်းတွေ့ဆုံဆွေးနွေး၊ ညှိနှိုင်းအဖြေရှာဖို့ အစီအစဉ်ရှိပုံမရပါဘူး။ ခုဖြစ်နေတဲ့ ပြဿနာက စေတီဘေးမှာ ပေါက်နေတဲ့ ညောင်ပင်ကအမြစ်ထိုးတဲ့အတွက် စေတီအက်လာတဲ့အချိန်မှာ အုပ်စုတစ်ခုက ညောင်ပင်ကို ခုတ်၊အမြစ်တွေတူးပြီး မြေလှန်ဖို့ပဲ စဉ်းစားတယ်၊ တစ်ဖက်ကတော့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ရှုထောင့်ကနေ ညောင်ပင်ခုတ်မယ့်ကိစ္စကို အသဲအသန်ကန့်ကွက်တယ်၊တူးမယ့်အုပ်စုက ညောင်မြစ်တွေ စေတီထဲဝင်နေတဲ့အတွက် မြေလှန်တူးလိုက်ရင် စေတီပြိုကျမယ့်အရေးကို မစဉ်းစားသလို ညောင်ပင်ခုတ်မှာကို ကန့်ကွက်နေတဲ့အဖွဲ့က ဒီညောင်ပင်ကြောင့် မကြာခင်စေတီပျက်စီးမယ့်အရေးကိုထည့်မတွက်သလို ဖြစ်နေပါတယ်။ နှစ်ဖက်စလုံး စေတီမပျက်စီးအောင် ပူးပေါင်းဆောင်ရွက်ဖို့ မစဉ်းစားပဲ အပြန်အလှန်ပြစ်တင်ဝေဖန်နေကြရင် ညောင်ပင်က ဘာမှမဖြစ်ပဲ စေတီပဲမကြာခင် ပြိုကျပျက်စီးသွားမှာပါ။ ဒီအချိန်မှာ ဦးဝီရသူတို့အုပ်စုနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ အုပ်စုနှစ်ခုစလုံးအပေါ် သြဇာလွှမ်းမိုးနိုင်တဲ့ သီတဂူဆရာတော်လို ဆရာတော်ကြီးတွေက ကြားဝင်စေ့စပ်နိုင်ရင် အဆင်ပြေလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

လူ့အခွင့်အရေးဝါဒီတွေထဲမှာလည်း ကိုယ့်မျိုးဆက်ထဲက အမျိုးသမီးတွေကို မျိုးမတူဇာတ်ခြားဘ၀ မရောက်စေချင်သူတွေ ရှိနေသလို အမျိုးသားရေးဝါဒီတွေကလည်း အရင်ကမရဖူးခဲ့တဲ့ လွတ်လပ်စွာပြောဆိုခွင့်ကို ဆုံးရှုံးခံချင်ကြမယ် မထင်ပါဘူး။ အဲဒီလိုအချက်မျိုးတွေ ရှိနေလျှက်နဲ့ ဘာလို့မဆွေးနွေး မညှိနှိုင်းနိုင်ရမှာလဲ။ ကဲ!! ဆိုရေးရှိသလောက် ဥာဏ်မှီသမျှ ဆိုပြီးပါပြီ။ မြင့်မိုရ်တောင်တွေအနေနဲ့ ဇီးစေ့နဲ့ပေါက်လို့ ဖြုံစရာအကြောင်းမရှိဘူး ဆိုတာလည်း မရေးခင်ကတည်းက သဘောပေါက်ပြီးသားပါ။ ဒါပေမယ့် စေတနာနဲ့ပစ်တဲ့ ဇီးစေ့ဟာ မြင့်မိုရ်တောင်တွေရဲ့ ခြေရင်းမှာ အပင်ပေါက်လာမယ်ဆိုရင်တော့ အမုန်းခံထုရကျိုး နပ်ပြီလို့ပဲ ရိုးသားစွာ မျှော်လင့်မိပါတယ်။

မြတ်သိန်းထွန်း(ဘွရှင်)

ဝံသာနု

ပုဂ္ဂလိကအမြင်သက်သက်မျှသာ ဖြစ်သဖြင့် လွတ်လပ်စွာသဘောထား ကွဲလွဲနိုင်ပါသည်။

0 comments:

Post a Comment