ပေါက်ကရ လေးဆယ်

Subscribe:

Thursday, July 11, 2013

မြန်မာပြည်၏ ပထမဦးဆုံးတိုင်းပြုပြည်ပြု ပုဂ္ဂိုလ်(သို့) Statesmanတစ်ဦး၏ အမျိုးသားရေးသြ၀ါဒနှင့် အကျိုးသက်ရောက်မှု

မြန်မာပြည်၏ ပထမဦးဆုံးတိုင်းပြုပြည်ပြု ပုဂ္ဂိုလ်(သို့) Statesmanတစ်ဦး၏ အမျိုးသားရေးသြ၀ါဒနှင့် အကျိုးသက်ရောက်မှု

၁၉၁၉ခုနှစ် နိုဝင်ဘာလ၌ မြန်မာ့နိုင်ငံရေး၏ မီးရှူးတန်ဆောင်ပုဂ္ဂိုလ် ဆရာတော်ဦးဥတ္တမသည် မော်တင်လမ်း(ယခုလှည်းတန်းလမ်း)ထောင့်ရှိ ဒေါ်စောခင်၏နေအိမ်သို့ ကြွရောက်လာခဲ့သည်။ ဆရာတော်နှင့်အတူ ထင်ရှားသည့်နိုင်ငံရေးခေါင်းဆောင်များဖြစ်သည့် ဦးဘဘေနှင့်ဆရာလွန်း (ဆရာကြီးသခင်ကိုယ်တော်မှိုင်း)တို့လည်း လိုက်ပါလာခဲ့ကြသည်။ ဆရာတော် ဦးဥတ္တမက.."မြန်မာပြည်က မြန်မာမိန်းခလေးတွေကို ဆေးလိပ်လိပ်ဖို့ ခေါ်သွားခဲ့တာ တိုင်းတပါးမှာလူမျိုးခြားတွေနဲ့ရပြီး အတိဒုက္ခရောက်နေခဲ့ကြတယ်။ ဒါကြောင့် မြန်မာမိန်းခလေးများကို ပြည်ပသွားလာခွင့်လက်မှတ်ထုတ်မပေးဖို့ အင်္ဂလိပ်အစိုးရကို အရေးဆိုဖို့ လိုလာပြီ။ ဒီလိုသာ လျှစ်လျှူရှုနေခဲ့ရင် မြန်မာအမျိုးသမီးတွေ မျိုးပျက်ကြလိမ့်မယ်။ မြန်မာမိန်းမတွေစုစည်းပြီး အသင့်အဖွဲ့ဖွဲ့လို့ မြန်မာမိန်းမများ အခွင့်အရေးအတွက် ဆောင်ရွက်ကြဖို့ အရေးတကြီးလိုအပ်နေပြီ" ဟူ၍ မိန့်ကြားခဲ့ပါသည်။

အဆိုပါသြ၀ါဒသည် ယခုခေတ် မြန်မာနိုင်ငံရှိ အမျိုးသမီးအသင်းအဖွဲ့များ၏ ရှေ့ဆောင်လမ်းပြဖြစ်သည့် ပထမဦးဆုံးသော မြန်မာအမျိုးသမီး အစည်းအရုံးကြီး (၀ါ) မြန်မာမိန်းမများအသင်းအား အုတ်မြစ်ချပေးလိုက်သည့် သြ၀ါဒပင်ဖြစ်သည်။ ဆရာတော်၏ လမ်းညွှန်ချက်အရ မြန်မာမိန်းမများအသင်းအား ဖွဲ့စည်းရန် သတင်းစာမှနေ၍ မြန်မာအမျိုးသမီးများအား ဖိတ်ခေါ်ခဲ့သည်။ စတင်ဖွဲ့စည်းထူထောင်ခဲ့သည့်နေရာမှာ မော်တင်လမ်း ဒေါ်စောခင်၏ ခင်ပွန်းဦးကြူပိုင်ဆိုင်သော ၀က်စ်တန်စတိုး ရှူးဖိနပ်ဆိုင်အပေါ်ထပ်တွင် ဖြစ်သည်။ မြန်မာအမျိုးသမီးများအား လက်ဖက်ရည်သောက် ဖိတ်ကြားရင်း ၁၉၁၉ခုနှစ် နိုဝင်ဘာလ ၆ရက် နေ့တွင် ပထမဦးဆုံး မြန်မာမိန်းမများအသင်းကို စတင်ဖွဲ့စည်း ထူထောင်ခဲ့ကြသည်။ ပထမဦးဆုံး ဥက္ကဌမှာ ဒေါ်စုဖြစ်သည်။

မြန်မာမိန်းမများအသင်းသည် ပွဲစားကိုပြူးဆိုသူ ခေါ်ဆောင်သွား၍ ပီနန်ကျွန်းတွင် သောင်တင်ကာအတိဒုက္ခရောက်နေသော ဆေးပေါ့လိပ်လိပ်သူ မြန်မာအမျိုးသမီးများအား
ဗြိတိသျှတို့စရိတ်ဖြင့် မြန်မာပြည်သို့ ပြန်လည်ခေါ်ဆောင်ကာကယ်တင်နိုင်ခဲ့သည်။ ရန်ကုန်မြို့ရှိ ဓာတ်ရထားများတွင် အမျိုးသမီးများ သီးသန့်စီးခွင့်ရရှိရန် ရထားဖက်ဆိုင်ရာလူကြီးများထံ မေတ္တာရပ်ခံခဲ့ရာ အောင်မြင်မှုရရှိခဲ့သည်။ ထို့ပြင် ၁၉၂၀ကျောင်းသားသပိတ်တွင် သပိတ်မှောက်ကျောင်းသားများအတွက် တစ်ကျောင်းလျှင် စားစရိတ်၁၅ကျပ်စီဖြင့် ကျောင်း၇ကျောင်းစီအတွက် အထောက်အပံ့ပေးနိုင်ခဲ့သည်။ ထိုမှတဆင့် မြန်မာအမျိုးသမီးသမ၀ါယမအသင်းကို တည်ထောင်ပြီး မြန်မာအမျိုးသမီးများ၏ ဘ၀မြင့်မားရေးအတွက် အထောက်အပံ့ပေးနိုင်ခဲ့သည်။
(တင်နိုင်တိုး၏ ကိုလိုနီခေတ် ထင်ပေါ်ကျော်ကြား မြန်မာအမျိုးသမီးများ စာအုပ်မှ ကောက်နုတ်ချက်)

0 comments:

Post a Comment