ပေါက်ကရ လေးဆယ်

Subscribe:

Saturday, December 26, 2015

သိုင်းလောက၏ စိမ်ခေါ်သံ (၂၀၁၅ သိုင်းလောကအဖွင့်ကျမ်း)

တိတ်ဆိတ်သော ညတစ်ည .... ညဥ့်ငှက်တောင်ပံခတ်သံသဲ့သဲ့နှင့် ခွေးအူသံတချို့မှလွဲ၍ အရာခပ်သိမ်းသည် အိပ်မောကျလျက်ရှိနေသည်။ လရောင်ပြပြအောက်တွင် အရိပ်နက်တစ်ခု ငြိမ်သက်စွာ ထိုင်လျက်ရှိသည်။
"ချောက်!!ချက်!! ...ချောက်!!ချက်!!
နက်ရှိုင်းသောအတွင်းအားကို စုစည်း၍ ရိုက်လိုက်သော ကီးဘုတ်ရိုက်သံသဲ့သဲ့ အရိပ်နက်ထံမှ ထွက်ပေါ်လာသည်။ စက္ကန့်ပိုင်းအတွင်း အရိပ်နက်၏ လက်တွင် ကိုင်ထားသော လေးထာင့်သဏ္ဍာန်အရာထံမှ အလင်းရောင်တစ်ခု အမှောင်ထုကို ထိုးခွင်း၍ ထွက်ပေါ်လာသည်။
"ခွီး" သောက်ရေးထဲ password မေ့နေပြန်ဘီ"

ဆဲသံသဲ့သဲ့နှင့်အတူ မရပ်မနား ကီးဘုတ်ရိုက်သံတို့က တိတ်ဆိတ်သော ညသန်းခေါင်ယံတွင် တဖြည်းဖြည်း ကျယ်လောင်စွာ ထွက်ပေါ်လာတော့သည်။
"ဘွရှင်"
မိုးအောက်မြေပြင် သိုင်းလောကတခွင်၌ စောက်မြင်မကပ်သူ မရှိလောက်အောင် ထင်ရှားကျော်ကြားသည့် ဗုံးဘုရင် သိုင်းရာဇာကြီးသည် သူမှတ်မိသမျှ password များအား အံကြိတ်ကာ မနားတမ်း ရိုက်ထည့်လျှက်ရှိသည်။
ဘွရှင်သည် မြေလျှိုးမိုးပျံ အောက်စလန် ဟူသော သိုင်းကျင့်စဉ်အား ကျင့်ရန် ဂူအောင်းနေခဲ့သည်မှာ နှစ်ပရိစ္ဆေတ အတန်ကြာခဲ့ပြီဖြစ်သည်။ ယခု ဂူအအောင်းလွန်ကာ ပြန်မထွက်နိုင်သည့် အခြေအနေတစ်ရပ်ကြောင့် သူဇောချွေးပြန်လျှက်ရှိသည်။ ဖေ့ဘုတ်သိုင်းလောကအတွင်းသို့ ပြန်ဝင်နိုင်မည့် လျှို့ဝှက်သင်္ကေတများအား သူမမှတ်မိတော့။ မှတ်မိသမျှ password များလည်း ကုန်လုပြီဖြစ်သော်လည်း ဖေ့ဘုတ်သို့ သူဝင်၍မရနိုင်သေးချေ။ ကြံရာမရသည့်အဆုံး စိတ်ထင်ရာ စာသားတချို့ကို အတွင်းအားသုံး၍ ရိုက်ထည့်လိုက်သည်။
"အွန်လိုင်းပျော်ငပေါ"
စူးရှတောက်ပသော အလင်းရောင်တန်းများ ထွက်ပေါ်လာပြီး ဖေ့ဘုတ်သိုင်းလောကတံခါးကြီး ပွင့်သွားလေတော့သည်။
*******************
ဝှစ် ၀ှစ်!!!! ခြွင်!!! ထန်း!!! ခွမ်း!!!!! ဖောင်း!!!!! ၀ုန်း!!!!!
သိုင်းလောကတံခါးဝမှ အတွင်းသို့ ၀မ်းသာအားရ ၀င်ရောက်လာသော ဘွရှင်တစ်ယောက် ရှေ့တွင် မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ကြက်သေသေသွားသည်။ သူ့ရှေ့တွင် ဖေ့ဘုတ်သိုင်းလောကတစ်ခုလုံး တိုက်ပွဲများဖြင့် ရုပ်ဆိုးအကျည်းတန်လျှက်ရှိသည်။ မာန်သွင်းတိုက်ခိုက်နေသူများ၊ ဒဏ်ရာအပြင်းအထန်ရနေသူများ၊ စိတ်ဖောက်ပြန်ရူးသွပ်နေသူများ၊ သေဆုံးသူများ၊ ဒုက္ခသည်များဖြင့် ရှုပ်ရှက်ခတ်ကာ ဖေ့ဘုတ်သိုင်းလောကကြီးတစ်ခုလုံး ဗြောင်းဆန်လျှက်ရှိနေသည်။ ဒဏ်ရာရသူများကို ကုစားရန်အတွက် ဗိန္ဓောဆေးမြီးတိုသိုင်းသမားများနှင့် ဆရာဝန်သိုင်းသမားများ အပြိုင်အဆိုင် အလုအယက် ကယ်တင်ကြရင်း အချင်းချင်းငြိကာ ထချနေကြသည်။ တိုက်ပွဲဝင်သိုင်းသမားများ ဆာလောင်လျှင် အလွယ်တကူ ၀င်ရောက်စားသုံးနိုင်အောင် ချက်ပြုတ်ပြင်ဆင်ရောင်းချနေသည့် စားတော်ကဲသိုင်းသမားများကိုလည်း နေရာအနှံ့တွေ့နေရသည်။ သိုင်းသမားများ မောပန်းသည့်အချိန် အပန်းဖြေအနားယူနိုင်ရန် တေးဂီတဖြေဖျော်လျှက်ရှိသည့် ဂီတရူးသိုင်းလုလင်၊ သိုင်းလုံမေများကိုလည်း နေရာကွက်ကျားတွေ့နေရသည်။ လမ်းဘေးဝဲယာတွင် မူးရူးသောက်စား အန်ဖတ်ဆို့နေကြသည့် ယစ်ထုတ်သိုင်းသမားများလည်း ပေါများလှချေသည်။ တိုက်ပွဲမှအိမ်အပြန် ကောင်းနိုးရာရာ ရွေးချယ်ဝယ်ယူနိုင်သည့် အွန်လိုင်းဈေးဆိုင်များလည်း နေရာအနှံ့တွင် တွေ့နေရပြီး တချို့ဆိုင်များတွင် ဈေးသည်နှင့်ဈေးဝယ်သူ အရောင်းအ၀ယ် မတည့်ဖြစ်ကာ ထချနေသည်ကိုလည်း တွေ့နေရသည်။ သိုင်းလောကအတွင်း လူအများစိတ်ဝင်စားစေရန် နည်းမျိုးစုံ၊ ပို့စ်ပေါင်းစုံတင်ကာ ခုန်ပျံကျော်လွှားနည်းဖြင့် လူအုံစေရန် ကြိုးစားနေသော သိုင်းသမားများကိုလည်း တွေ့ရသည်။ တရုတ်မင်းသမီးဂေါင်းလီနှင့် ခပ်ဆင်ဆင်တူသည့် မြန်မာမင်းသမီး "ဖွေးဖွေးဘောင်းဘီ" ဟူသော အချောအလှ သိုင်းလုံမေတစ်ယောက်မှာ မျက်မှောက်ခေတ် သိုင်းလောကအလှဘုရင်မဘွဲ့အား "တည်ငြိမ်သူဆူး" ထံမှ လွှဲပြောင်းရယူသွားကြောင်း ဧရာဝတီသတင်းဌာနမှ ထုတ်လွှင့် ကြေငြာသွားသည်ကိုလည်း တွေ့ရှိရသည်။
“ဖွေးဖွေးဘောင်းဘီကို စိမ်ခေါ်ပါတယ်”
“သိုင်းလောက အလှဘုရင်မနဲ့ ထိုက်တန်တဲ့အရည်အချင်းမရှိပဲ မသမာတဲ့နည်းနဲ့ လူကြိုက်များအောင် လုပ်တာကို လုံးဝလက်မခံနိုင်ပါဘူး။သူ့ကြောင့် များတို့ရဲ့ လော်ဘီလုပ်ငန်းကို အများကြီး ထိခိုက်နေပါတယ်။ ဖွေးဖွေးဘောင်းဘီရဲ့ နောက်ကွယ်ကပုဂ္ဂိုလ်တွေကို ဖော်ထုတ်ဖို့လိုပါတယ်”
သိုင်းလော်ဘီထိပ်သီး မိတ်ကပ်ဖန်တီးရှင် မာမီငြဲ(Yan Aung)က စကိုင်းနက်အင်တာဗျူးတွင် သိုင်းကွက်ခင်းကာ ဖွေးဖွေးဘောင်းဘီအား စိမ်ခေါ်လိုက်သည်။ သူ့ပရိတ်သတ်များက လက်ခုပ်တီးကာ အားပေးနေကြသည်။
အ၀တ်အစားညစ်ပေစုတ်ပြတ်နေသည့် ဂူအောင်းသိုင်းရာဇာဘွရှင်သည် တိုက်ပွဲများအတွင်း ပြတ်ပါသွားမည်စိုးသဖြင့် ပုန်းလျှိုးကွယ်လျှိုး လူမမြင်အောင် လျှောက်လာခဲ့သည်။ တစ်နေရာအရောက်တွင် လူအများ အလုအယက်တိုးဝှေ့နေသည်ကိုတွေ့ရသဖြင့် စပ်စုမိသည်။
“ကောင်လေး ဒါကဘာလုပ်နေကြတာလဲကွ”
“ဘယ်လိုခေါ်လိုက်တယ် ကောင်လေးဟုတ်လား ကျုပ်ကိုအဲလိုခေါ်ရအောင် ခင်ဗျားကသိုင်းလောကမှာ ဘာအဆင့်လဲ”
“အန် မခေါ်ရဘူးလား အဆင့်တွေဘာတွေမသိပါဘူးကွာ
..ဒီလိုပဲလွယ်လွယ်ခေါ်မိတာပါ ဆောရီးပါ”
“ခင်ဗျားကြည့်ရတာ ဖေ့ဘုတ်ခုမှသုံးဖူးတဲ့လူ ထင်တယ် အဲဒါကြောင့် ကျုပ်လိုဆယ်လီဗြစ်တီ တစ်ယောက်ကို မသိတာ”
“အော် မသိလို့ပါ ဆရာလေးရယ် ဒါနဲ့ဆရာလေးက ဘယ်သိုင်းအဖွဲ့ကလဲဟင်”
“မှုတ်ဆေးသိုင်းကျောင်းသားအဖွဲ့ဆိုတာ ကြားဖူးလား”
“ဟင့်အင်း ကြားဖူးဘူး”
“ခွီးး!! တက္ကသိုလ်ဆိုင်းဘုတ်တွေမှာ စစ်ကျွန်ပညာရေးအလိုမရှိ ဆိုတဲ့စာတန်းကို မှုတ်ဆေးနဲ့ လိုက်မှုတ်တာ ကျုပ်တို့ပဲ သိပြီလား သိမှာလည်းမဟုတ်ပါဘူး ခင်ဗျားလိုငပိန်းတွေကို ရှင်းပြရတာ လေကုန်တယ်။ သွားပြီ ၀ှစ်!!!”
“တိန်”
ကိုယ်ဖော့ပညာဖြင့် ဆောင့်ကြွားကြွားခုန်ပျံထွက်သွားသော သိုင်းကျောင်းသားအားကြည့်ပြီး အရင်ကနှင့်မတူပဲ ပြောင်းလဲနေသော သိုင်းလောကကြီးကို သတိထားမိသည်။ မျိုးဆက်သစ် သိုင်းသမားများကို နေရာအနှံ့တွင် မှိုလိုပေါက်ကာတွေ့နေရသည်။ သိုင်းကျောင်းသား မြင်ကွင်းမှပျောက်သွားသည့်အချိန်ကျမှ လူအများစုဝေးနေသော နေရာတွင် စိုက်ထူထားသော ဆိုင်းဘုတ်ကြီးအား သတိထားမိတော့သည်။
"၀တ်လစ်စလစ်ဖက်ရှင်ရှိုး"
ပွဲစီစဉ်သူ မိုက်ကယ်လှိုင်တစ်ယောက် မိုက်တစ်လုံးကိုင်ကာ အလုပ်ရှုပ်နေသည်။
"ဟောဒါကတော့ ရင်လေးထင်ထင် အဲလေ ရွှေရေးထင်ထင် ဒါလေးကတော့ ကဗျာကို [ဂလု] ဒါကတော့ ဇွန်ဂျီးရဲ့ နောက်ဆုံးပေါ် ဆီလူးတိပ်ကပ်ဖက်ရှင်"
နိုင်ငံကျော် မောင်စေတန်ဖက်ရှင်ရှိုး၏ ပရိတ်သတ်ဘ၀မှ နေ၍ ယခုအချိန်တွင် ကိုယ်ပိုင်ဖက်ရှင်ကုမ္ပဏီဖြင့် အောင်မြင်ကျော်ကြား လူကြိုက်များနေသည့် မိုက်ကယ်လှိုင်ကဲ့သို့ သိုင်းလောကအတွင်း စီးပွားရေးအကွက်မြင်တတ်သည့် သိုင်းသမားများလည်း ရှိနေသည်။
************************
"ဟရောင် တစ်ပူး ငါ့နာမည် ဘူးလက်တဲ့ကွ!!! တလက်တည်းရှိဒယ် နှစ်လက်ရှိရင် မဲနှစ်ခါပေးပစ်လိုက်မယ် ဘာမှတ်လဲ ကြံ့ဖွတ်အမတ်ကွ ဟင်းဟင်း အခု မု(move)လိုက် မမု(move)ရင် ပုသွားစေရမယ် ဟရောင်
ဒီမှာကြည့် ပုဆိုးချွတ်ဖင်လှန် နောက်ကြောင်းပြန်သိုင်းကွက်"
ဝှစ်.. ၀ှစ် ဖတ်!!!
လူကြားထဲ တစ်ပူးသိုင်းသမား ပုဆိုးဆွဲချွတ်ခံလိုက်ရသည်။
"ဟီးဟီး .. တွေ့လား တစ်ပူးဖင်မှာ ပွေးတွေချည်းပဲ ဟားဟား"
ဘူးလက်ကြီးက တစ်ပူးဖင်အား လက်ညှိုးထိုးကာ ခွက်ထိုးခွက်လန် ရယ်မောနေသည်။
"သေနာကျဘူးလက် ငါ့ကိုလူကြားထဲ အရှက်ခွဲတယ် သေဖို့ပြင်ပေတော့"
တစ်ပူးသိုင်းသမား ဆတ်ဆတ်ထိမခံမဏ္ဍိုင်တစ်ချောင်းကျိုး သိုင်းကွက် ခင်းလေပြီ။
"အီး ယား ဗျစ်ဗျစ် ဒရှိ!!"
ဘူးလက်ကြီး ကိုယ်ဖော့ပညာဖြင့် အလျင်အမြန်ရှောင်ထွက်သွားတော့သည်။
********************
ဝူတန်းဂိုဏ်း၏ ၀ါရင့်သိုင်းရာဇာကြီးတစ်ဦး အတွင်းဒဏ်ရာ အပြင်းအထန်ရရှိသွားသည်ဟူသော သတင်းသည် သိုင်းလောကဥသျှောင်ပြိုင်ပွဲ ကျင်းပရန် လအနည်းငယ်ခန့်အလိုတွင် သိုင်းလောကတစ်ခုလုံးအား အုံးအုံးကြွက်ကြွက် ပွက်လောရိုက်သွားစေခဲ့သည်။ ယပ်တောင်ကျိန်စာသိုင်းကွက်ကြောင့် အတွင်းဒဏ်ရာ အပြင်းအထန်ရရှိသွားခြင်းဖြစ်ကြောင်း ကောလာဟလများလည်း ထွက်ပေါ်လာသည်။ အနက်ရောင်သိုင်းလောက၏ ထိပ်သီးတစ်ဦးဖြစ်သဖြင့် ၎င်းအားကြည်ညိုလေးစားသည့် သိုင်းသမားတချို့ စိုးရိမ်ပူပန်နေသကဲ့သို့ ၀မ်းမြောက်နေသော သိုင်းသမားများလည်း အများအပြားရှိနေသည်။ သိုင်းလောကထုံးစံအတိုင်း လူအများစိတ်ဝင်စားသော သတင်းတစ်ခုအပေါ် အခြေခံ၍ အငြင်းပွား တိုက်ခိုက်မှုများ ပေါ်ပေါက်လာပြန်သည်။ ထိုအချိန်တွင် သိုင်းလောကတွင် ထင်ရှားသော မြေးတော်ဟောင်းလေးမှ အဆိုပါသတင်းအတွက် ၀မ်းသာအားရဖြစ်နေသူများကို ပြစ်တင်ရှုံ့ချကာ စိမ်ခေါ်လိုက်သည်။
“ဒီသတင်းကို ၀မ်းသာနေတဲ့သိုင်းသမားတွေကို ရှုံ့ချပါတယ်။ ခင်ဗျားတို့ လူစိတ်မရှိဘူးလား။ အနက်ရောင်သိုင်းသမားမှာလည်း နှလုံးသားနဲ့ပါဗျ။ ခင်ဗျားတို့ ကိုယ်ချင်းစာကြည့်ပါ။ အတွင်းဒဏ်ရာရနေတဲ့ လူတစ်ယောက်ရဲ့ ဒုက္ခကို ခင်ဗျားတို့လို လူစိတ်မရှိတဲ့လူတွေပဲ အောင်ပွဲခံတာ။ သူရဲဘောကြောင်တဲ့လူတွေ၊ သတ္တိရှိရင် ထွက်ခဲ့ ကင်းမီးကောက် ဖင်ထောင်သိုင်းကွက်အကြောင်း သိသွားစေရမယ်”
“ဟက်ဟက် ငါတို့ကလည်း မင်းလိုကောင်မျိုး ပညာပေးချင်လို့ စောင့်နေတာ ချကွာ ယားးးးးးးးးးးးးး”
ချွင်!! ဖတ်.. ဖတ်!! ဘွတ်!! … အင့်!!! ထန်းထန်း!! ဖောင်း!! ဂျွတ်
မြေးတော်ဟောင်းလေးကား အများနှင့်တစ်ယောက် အနိုင်ကျင့်ခံရကာ လေးဘက်ထောက်သွားတော့သည်။
**************************
သိုင်းလောက၏နေရာအနှံ့တွင် တိုက်ပွဲမျိုးစုံပြင်းထန်နေစဉ် သိုင်းလောကဥသျှောင်ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန်အတွက် သိုင်းလောကထိပ်သီးဂိုဏ်းကြီးတစ်ခုဖြစ်သည့် အော်မေ့ဂိုဏ်းမှ ဂိုဏ်းချုပ် ခွပ်ဒေါင်းဧကရီမှ အော်မေ့ဂိုဏ်းမှ ပြိုင်ပွဲဝင် သိုင်းသမားများသည် ၎င်းတို့၏ ပိုင်ဆိုင်မှုစာရင်းအား အတိအကျ ထုတ်ပြန်ကြေငြာရမည်ဟု စည်းကမ်းထုတ်ပြန်လိုက်သည်။ ထိုသတင်းကြောင့် သိုင်းလောကဥသျှောင်ပြိုင်ပွဲအား စိတ်ဝင်တစား စောင့်ကြည့်နေသော သိုင်းလောကသားများက အော်မေ့ဂိုဏ်း၏ ရိုးသားဖြောင့်မတ်မှုကို လှိုက်လှိုက်လှဲလှဲ အားပေးနေသည့်အချိန်တွင် သိုင်းလောကတွင် နာမည်အသင့်အတင့်ရှိသော ရက်ပါသိုင်းပညာရှင်တစ်ဦးက အော်မေ့ဂိုဏ်းမှ သာမန်ဂိုဏ်းသား ပြိုင်ပွဲဝင်များသည် ၎င်းတို့၏ပိုင်ဆိုင်မှုကို တင်ပြရမည်ဆိုလျှင် အော်မေ့ဂိုဏ်းချုပ်သည်လည်း သိုင်းလောကဥသျှောင်ပြိုင်ပွဲဝင်တစ်ဦး ဖြစ်သည့်အတွက် သူမ၏ပိုင်ဆိုင်မှုစာရင်းကိုလည်း တင်ပြရန်လိုအပ်ကြောင်း ဝေဖန်ပြောဆိုလိုက်သည်။ အဆိုပါဝေဖန်ချက်သည် သိုင်းလောကအတွင်း ပျံ့နှံ့သွားပြီး အော်မေ့ဂိုဏ်း၏ အဓိကပြိုင်ဖက် ၀ူတန်းဂိုဏ်းမှ ပုဂ္ဂိုလ်များထံမှ အလားတူတောင်းဆိုမှုများ ထွက်ပေါ်လာတော့သည်။ တချိန်တည်းမှာပင် အော်မေ့ဂိုဏ်းထောက်ခံသူများထံမှ မခံမရပ်နိုင် တုန့်ပြန်မှုများ ထွက်ပေါ်လာတော့သည်။
“သဒေါင်းဇားလေး အေပေး ဒင်းလို စီဒီဖွင့်မှ သီချင်းဆိုတတ်တဲ့ကောင်ကများ မယ်တော်ဖုရားကို မတန်မရာ ဝေဖန်နေလိုက်တာ ကိုယ့်အဆင့်ကိုယ်မသိဘူး ငါတို့မယ်မယ်ဖုရားဆီမှာ ၀ူတန်းဂိုဏ်းလို မရိုးမသား အချောင်နှိုက်ထားတာ ဘာတစ်ခုမှမရှိဘူး။ အတွင်းပစ္စည်းဆိုလို့ ကိုယ့်ပိုက်ဆံနဲ့ ကိုယ် ရိုးရိုးသားသားဝယ်ထားတဲ့ ဗစ်တိုးရီးယား ဆီးကရက် အတွင်းခံ ဆယ်ထည်ပဲ ရှိတယ်။ မယုံရင် အဲဒီအတွင်းခံထုတ်တဲ့ ကုမ္ပဏီကို ဖုန်းဆက်မေးကြည့်။ ငါတို့အော်မေ့ဂိုဏ်းက ၀ူတန်းဂိုဏ်းကဟာတွေလို တရုတ်ဆီက အချောင်ရတဲ့ အပေါစားတွေ မသုံးဘူး။ အမေရိကန်ကပစ္စည်းပဲ သုံးတာ။ ရှင်းလား ဟွန်း”
ဤသို့ အပြန်အလှန် အချင်းများရင်း သိုင်းလောကအတွင်း တိုက်ပွဲများ ပိုမိုပြင်းထန်လာလေတော့သည်။
ဘွရှင် စိတ်ညစ်နေသည်။ သူဂူအောင်းနေသည့် ကာလအတွင်း သိုင်းလောကသည် များစွာပြောင်းလဲခဲ့လေပြီ။ မိတ်ဟောင်းဆွေဟောင်း အများစုကိုလည်း ရှာမတွေ့တော့။ တချို့တလေ ရှာတွေ့သော်လည်း သူ့အား အသိအမှတ်ပြုလက်ခံရန် မဖြစ်နိုင်သည့် မြင့်မားသော အဆင့်အတန်းသို့ ရောက်ရှိနေကြပြီဖြစ်သည်။ ခြေဦးတည့်ရာ လျှောက်သွားရင်း ၀ူတန်းဂိုဏ်းဌာနချုပ်သို့ သူရောက်ရှိသွားသည်။ လမ်းလျှောက်လာခဲ့သည်မှ အချိန်ကြာမြင့်ပြီဖြစ်သဖြင့် ခဏအနားယူရန် ဆုံးဖြတ်လိုက်သည်။ ၀ူတန်းဂိုဏ်းဌာနချုပ် ခေါင်မိုးပေါ်သို့ ကိုယ်ဖော့ပညာဖြင့် ခုန်တက်လိုက်သည်။
“၀ှစ်”
ခေါင်မိုးပေါ်တွင် ခါးဆန့်လဲလျောင်းရန် ပြင်ဆင်နေစဉ် ဌာနချုပ်အဆောက်အဦးတွင်းမှ အတွင်းအားမြင့်မားသော စကားသံတစ်ခုကို ကြားလိုက်ရသည်။
“၀ူဆီမန်းကို ပြောလိုက်။ ငါ သိုင်းလောကဥသျှောင် ပြိုင်ပွဲမ၀င်တော့ဘူးလို့”
ဝူတန်းဂိုဏ်း ခြေမြန်တော်တစ်ယောက် ဌာနချုပ်အဆောက်အဦးမှ လျှင်မြန်သော အဟုန်ဖြင့် ပြေးထွက်သွားသည်ကို တွေ့လိုက်ရသည်။
“ဂိုဏ်းချုပ်ကြီး”
လက်ယာရံမှူးဇော်က ၀ူတန်းဂိုဏ်းချုပ်ကြီး သိုင်းလောကအဓိပတိ ၀ူတိန့်ရှိန်အား အက်ကွဲသောအသံဖြင့် ခေါ်လိုက်သည်။
“အဲလိုမလုပ်သင့်ပါဘူး ဂိုဏ်းချုပ်ကြီး ကျွန်တော်တို့ ဂိုဏ်းချုပ်ကြီးအတွက် အသက်ကိုပေးဖို့ သစ္စာဆိုထားတာပါ။ ၀ူဆီမန်းကို ရင်ဆိုင်ဖို့ကိစ္စ ကျွန်တော့်တာဝန်ထားပါ။ ဂိုဏ်းချုပ်ကြီးရဲ့ ဆုံးဖြတ်ချက်ကို ပြန်ပြင်ပေးပါ ဂိုဏ်းချုပ်ကြီး”
လက်ဝဲရံ ၀ူရဲထွဋ်က ၀ူတိန့်ရှိန်ရှေ့တွင် ဒူးထောက်ကာ ကြေကွဲစွာ တောင်းပန်နေသည်။ သူ့နောက်တွင် တရုတ်ကြောက်ဓား ၀ူအောင်မင်းနှင့် MPC ဓားအဖွဲ့ဝင်များ၊ ၀ူတန်းဂိုဏ်းအကြံပေးအဖွဲ့ဝင်များ ဆက်တိုက်ဒူးထောက်ထိုင်ကာ ၀ူတိန့်ရှိန်အား ဆုံးဖြတ်ချက်ပြင်ရန် တွင်တွင်တောင်းပန်နေကြသည်။
“မဖြစ်နိုင်ပါဘူးကွာ ၀ူဆီမန်းက ငါ့ရဲ့ ဆရာတူအစ်ကိုကြီးကွ။ အကြီးအကဲဆီမှာ ငါ့ထက်စောပြီး ပညာသင်ခဲ့တဲ့လူ။ သူသိုင်းအဆင့် ဘယ်လောက်ရှိမယ်ဆိုတာ မင်းတို့အသိဆုံးပဲ။ ပြီးတော့ကွာ ငါကိုယ်တိုင်ကလည်း အရင်လို ကျန်းမာရေးကောင်းတော့တာ မဟုတ်ဘူး။ ငါမရှိတော့တဲ့နောက်ပိုင်း ငါ့မျက်နှာနဲ့ မင်းတို့ကို ၀ူဆီမန်းစောင့်ရှောက်ပါလိမ့်မယ်။ ငါ့ကိုခွင့်လွှတ်ကြပါကွာ”
“အဲလို မလုပ်ပါနဲ့ ဂိုဏ်းချုပ်ကြီး။ ကျွန်တော်တို့ကို ငဲ့ပါအုန်း။ ခုဆို ၀ူဆီမန်းက ကျွန်တော်တို့ဂိုဏ်းကို အပိုင်စီးဖို့ ရန်သူတော် အော်မေ့ဂိုဏ်းနဲ့ မဟာမိတ်ဖွဲ့လိုက်ပြီ။ ၀ူတန်းဂိုဏ်းသာ သူ့လက်ထဲရောက်သွားရင် ကျွန်တော်တို့အားလုံး သောင်ပြင်လွှတ်တဲ့ ပါပီလေးတွေ ဖြစ်ကုန်တော့မှာ။ စဉ်းစားပေးပါ ဂိုဏ်းချုပ်ကြီးရယ် အီးဟီးဟီး
ဝူတန်းတစ်ဂိုဏ်းလုံး ၀ူတိန့်ရှိန်၏ဆုံးဖြတ်ချက်ကြောင့် ငိုပွဲဆင်ကြလေပြီ။ ၎င်းတို့အား ဂူအောင်းဗုံးရာဇာ ဘွရှင် ခေါင်မိုးပေါ်မှ စိတ်မသက်သာစွာ ထိုင်ကြည့်လျှက်ရှိသည်။
“သစ္စာဖောက် ၀ူဆီမန်း ဒင်းယုတ်မာတယ် ငါ့ဆရာသခင်ကို ပြိုင်ပွဲမ၀င်ရအောင် လုပ်တယ်။ ဒင်းကို ငါတသက်မကျေဘူး။ ငါမသေသေးသရွေ့ လက်စားချေမယ်”
ဝူတန်းဂိုဏ်း၏ ဖိနပ်ချွတ်တွင်ထိုင်နေသော ၀ူတန်းလော်ဘီသိုင်းသမားရဲမိုးထံမှ အံကြိတ်ကြုံးဝါးသံအား ကြားလိုက်ရသည်။
“ဂိုဏ်းချုပ်ကြီးသာ ဆုံးဖြတ်ချက်ကို မပြင်တော့ဘူးဆိုရင် ကျွန်တော်တို့အားလုံး ဒီနေရာက မထဘူး။ ဂိုဏ်းချုပ်ကြီး ဆုံးဖြတ်ချက်မပြင်သရွေ့ ကျွန်တော်တို့တစ်ဖွဲ့လုံး ဒီနေရာမှာ ထိုင်ပြီး အသေခံသွားမယ်”
“အဲလို အကျပ်မကိုင်ကြပါနဲ့ကွာ .. ငါ့မှာနှလုံးရောဂါရှိတယ်”
“ဒါ ကိုးရီးယားကား ရိုက်နေတာမဟုတ်ဘူး ဂိုဏ်းချုပ်ကြီး။ ဆုံးဖြတ်ချက်မပြင်ရင် ကျွန်တော်တို့မထဘူး”
“ခက်တာပဲကွာ ငါမပြိုင်ချင်ပါဘူးဆိုနေမှ”
ထိုအချိန်တွင် …
“တိန့်ရှိန်!!!!”
အသံကား တိုးညှင်းလှသော်လည်း ကြားရသူတိုင်း ကျောစိမ့်သွားလောက်အောင်ထိ အသံလှိုင်းအတွင်းအားက နက်ရှိုင်းပြင်းထန်လှသည်။ ၀ူတိန့်ရှိန် ဆတ်ခနဲတုန်သွားသည်။
“ဗျာ အကြီးအကဲ”
“မင်းကို ငါဘယ်လိုသင်ထားလဲ”
“ရပ်ကြည့်သတိ အလေးပြု သက်သာ အေးစေ အဲလေ ယောင်လို့”
“ခွီးး အေပေး မင်းကိုငါ အဲဒါပဲ သင်ထားတာလား”
“ဟုတ် အဲလေ မဟုတ်”
“မင်းကို ငါအနားမယူခင် ငါ့ရဲ့သိုင်းပညာတွေ၊ အတွင်းအားတွေ လွှဲပြောင်းပေးခဲ့တာ ဒီလိုကြောက်ဒူးတုန်ဖို့အတွက်လား”
“ဟုတ် အဲလေ ထပ်ယောင်ပြန်ပြီ မဟုတ်ပါဘူး အကြီးအကဲ”
“ဒါဆို မင်းကဘာကိုကြောက်နေတာလဲ”
“၀ူဆီမန်းက ဥာဏ်များတယ် အကြီးအကဲ။ ကျွန်တော်က သူ့လောက် မပြေးဘူး”
“၀ူဆီမန်းက ငါ့တပည့်ပါကွာ။ ဒီကောင့်အကြောင်း ငါကောင်းကောင်းသိတာပေါ့။ ဘာမှမပူနဲ့။ မင်းကို ငါ့ရဲ့ လူယုံတော် မင်းအောင်လှိုင်က ကူညီလိမ့်မယ်။ သူနဲ့မင်း ၂ယောက်ပေါင်းအတွင်းအားက ၀ူဆီမန်းကို အသာလေး ယှဉ်နိုင်တယ်”
“ဒါပေမယ့် ဟိုလေ အကြီးအကဲရဲ့လူက အသက်၆၀ကျော်နေဘီ ဖြစ်.. ဖြစ်ပါ့မလားလို့”
“ငါလခွီးမှပဲ အသက်ကျော်တာလေးများ လွယ်လွယ်လေး ခင်ရီ့ဆီသွားပြီး ပြောင်းခိုင်းလိုက်။ လက်ဖက်ရည်ဖိုးသာပေး ဒင်းအကုန်ပြောင်းပေးလိမ့်မယ်။ အဖြူကတ်ကိုတောင် ဒင်းက အစိမ်းရောင်ဖြစ်အောင် ပြောင်းနိုင်တဲ့ကောင်၊ အသက်လောက်ပြောင်းတာလေးကို သနားတယ်”
“အေး ဒါပဲ ကွကိုယ်အေးဆေး Candy Crush မဆော့ရဘူး။ မင်းတို့ပြဿနာချည်းပဲ ၀င်ရှင်းနေရတယ်။ ငါပြန်တော့မယ်။ ၀ှစ်!!!”
ဟေးးးးးးးးးးးးးးးးးးးးးး!!!
အကြီးအကဲ ပြန်သွားပြီးနောက် ၀ူတန်းဂိုဏ်းသားများ ၀မ်းသာအားရထခုန်ကြတော့သည်။
သိုင်းဘုရင်ဝူဆီမန်းတစ်ယောက် ၀ူတန်းဂိုဏ်းချုပ် ပြိုင်ပွဲမ၀င်ကြောင်း သိလိုက်ရသည်နှင့် တပြိုင်နက် သူ့တပည့်တစ်ယောက်အား လှမ်းပြောလိုက်သည်။
“အော်မေ့ဂိုဏ်းချုပ်ကို ငါကအရေးကြီးကိစ္စတိုင်ပင်စရာရှိလို့ ငါကဖိတ်တယ်လို့ပြောလိုက်။ ၀ူတိန့်ရှိန်မပြိုင်တော့တဲ့အတွက် သိုင်းလောကဥသျှောင်နေရာက ငါ့အတွက်ဖြစ်သွားပြီ။”
“ မင်းထက် သိုင်းအရင်တတ်တဲ့ကောင်ပါ ၀ူတိန့်ရှိန်ရယ် မင်းအကြောင်း ငါသိလို့ ဒီလိုမျိုး အကွက်ချစီစဉ်ခဲ့တာ မင်းငါ့ကိုမယှဉ်ရဲပါဘူး။ ဟင်းဟင်း”
ထိုအချိန်တွင် ၀ူဆီမန်း၏အိမ်တော်အတွင်း လျှို့ဝှက်သတင်းယူနေသည့် ဘီဘီစီသိုင်းသမားက သူသိလိုက်ရသည့် သတင်းအား ဖေ့ဘုတ်မှတဆင့် သိုင်းလောကသို့ ကြေငြာလိုက်တော့သည်။ မရှေးမနှောင်းမှာပင် ၀ူတန်းဂိုဏ်း လက်ယာရံထံမှ ထိုသတင်းမဟုတ်မှန်ကြောင်း ဖြေရှင်းချက် ထွက်ပေါ်လာသည်။ ထိုဖြေရှင်းချက်ကြောင့် ၀ူဆီမန်းတို့အုပ်စု လှုပ်လှုပ်ရှားရှား ဖြစ်သွားပြီး ပြိုင်ပွဲအတွက် အလျင်အမြန် အကြံထုတ်ကြသည်။ တဖက်တွင် ၀ူတိန့်ရှိန်တို့အုပ်စုကလည်း ပြိုင်ပွဲအတွက် ခြေလှမ်းစိပ်စိပ် လျှို့ဝှက်လှုပ်ရှားလျှက်ရှိနေသည်။ ထိုအချိန်တွင် ….
“၀ှစ် ဖောင်း ဂွမ်း .. ၀ှစ် ဖောင်း ဂွမ်း!!!”
“အမလေးဗျ တားကိုလုပ်ကြံကြတယ်ဗျို့”
တစ်ပူးသိုင်းအဖွဲ့ခေါင်းဆောင် စီးနင်းလိုက်ပါလာသည့် ယာဉ်အား လက်နက်ပုန်းဖြင့် တိုက်ခိုက်ခံရသော သတင်းသည် သိုင်းလောကအတွင်း တမုဟုတ်ချင်း ပြန့်နှံ့သွားသည်။ သိုင်းလောကသားများ ထင်မြင်ချက်အမျိုးမျိုး ပြောဆိုနေကြချိန်တွင် တစ်ပူးအဖွဲ့မှ ထုတ်ပြန်ချက်ထွက်ပေါ်လာသည်။
“တစ်ပူးသိုင်းအဖွဲ့ခေါင်းဆောင်အား လုပ်ကြံသူများသည် ကြေးစားသိုင်းသမားများ ဖြစ်သည်။ အဆိုပါကြေးစားများအား ငှားရမ်းသူသည် သိုင်းလောကဥသျှောင်ပြိုင်ပွဲနှင့် ပတ်သက်သူဖြစ်ရမည်။ တစ်ပူးအဖွဲ့အနေဖြင့် ဒီလုပ်ကြံမှုကို အစွမ်းကုန်ဖော်ထုတ်သွားပါမည်”
တစ်ပူးအဖွဲ့၏ထုတ်ပြန်ချက်ထွက်ပေါ်လာပြီး နောက်ပိုင်းတွင် …..
“အလကားပါကွာ ကေတီဗီမှာ ငြိလာတာကို မကျေနပ်လို့
ဂွနဲ့ဆော်ခံထိတာပါ (မြန်မာအိတ်စ်ပရက်)
“ကုန်းသီးလေးနဲ့ပစ်ခံရတာကိုများ ဖြစ်ပျက်နေလိုက်တာ” (၀ူတိန့်ရှိန် ထောက်ခံသူများ)
“ဆိတ်ဖွားလက်ချက်ပဲနေမှာ တစ်ပူးက ရေကူးကိစ္စသွားဖွတာကိုး (ဝေဖန်ရေးလေကန်ရေးများ)
“ဘူးလက်ကို သွားစိမ်ခေါ်တာကို ဖြစ်မှာပေါ့” (နှစ်ဖက်စလုံး အချွန်နဲ့မသူများ)
“ဒါနိုင်ငံရေးလုပ်ကြံမှုပဲ ပေါ့လို့မဖြစ်ဘူး” (တစ်ပူးပရိတ်သတ်များ)
“တစ်ပူးကိုတောင် လူမြင်ကွင်းမှာ ခုလိုလုပ်ကြံရဲတာ ငါတို့ဂိုဏ်းချုပ် မယ်မယ်ဖုရား အသက်အန္တရာယ်အတွက် စိုးရိမ်ရတယ်” (အော်မေ့ဂိုဏ်းဝင်များ)
“သူတို့ဖြစ်လို့ ကုန်းသီးနဲ့ပစ်တာ ငါဆိုဗုံးနဲ့ထုမှာ” (တစ်ပူးမုန်းတီးသူများ)
ဘွရှင်စိတ်ညစ်လျှက်ရှိသည်။ သိုင်းလောကကား သူမျှော်လင့်ထားသကဲ့သို့ ပျော်စရာမကောင်းတော့။ စိတ်ပျက်လက်ပျက် လမ်းဘေးတွင်ထိုင်နေစဉ် ……
“ဟေ့ လမ်းဘေးမှာထိုင်နေတဲ့တစ်ယောက် မပြေးနဲ့”
“အန် ထိုင်နေပါတယ်ဆိုမှ မပြေးနဲ့တဲ့”
“တစ်ပူးကို အဆိပ်တစ်ထောင်ကုန်းသီးနဲ့ပစ်တာ မင်းမဟုတ်လား။ မင်းသိုင်းလောကထဲ ကုပ်ချောင်းချောင်း ၀င်လာကတည်းက ငါတို့စောင့်ကြည့်နေတာ။ ပြေးဖို့မကြိုးစားနဲ့။ မင်းကို ပြည်သူ့ရဲတွေ ၀ိုင်းထားပြီ”
“သေဘီဆရာ အဟင့်”
ဆက်ရန် … tongue emoticon
bb

ဘွရှင် (ဇူလိုင် ၁၇၊ ၂၀၁၅)

0 comments:

Post a Comment