ပေါက်ကရ လေးဆယ်

Subscribe:

Saturday, December 26, 2015

ကြင်ဖက်များစွာ သာသနာ အပိုင်း(၁)

(၁) ခရစ်ယာန်ဘာသာ


၁၆ရာစုနဲ့ ၁၇ ရာစုအတွင်း ဥရောပနယ်ချဲ့စနစ်ကြောင့် ခရစ်ယာန်သာသနာဟာ မြောက်အမေရိကတိုက်ကို စပိန်၊ပြင်သစ်၊အင်္ဂလိပ် နယ်ချဲ့သမားတွေနဲ့အတူ ရောက်ရှိလာခဲ့ပါတယ်။ ပထမဆုံးရောက်ရှိခဲ့တဲ့ ခရစ်ယာန်ဂိုဏ်းကတော့ စပိန်တွေနဲ့အတူ ပါလာတဲ့ ရိုမန်ကက်သလစ်ဂိုဏ်းဖြစ်ပြီး အဲဒီနောက်မှာတော့ ပရိုတက်စတင့်၊ အင်္ဂလိကန်၊ ဘက်ပ်တစ် စတဲ့ ဂိုဏ်းတွေ အမေရိကကို တဖြည်းဖြည်း ရောက်ရှိလာခဲ့ပါတယ်။

 နတ်ကိုးကွယ်သူ အင်ဒီးယန်းလူနီတွေရဲ့ ဒေသမှာ ဥရောပသားတွေ ပြောင်းရွေ့အခြေချမှု တစ်နှစ်ထက်တစ်နှစ် ပိုမိုများပြားလာတာကြောင့် ခရစ်ယာန်ယဉ်ကျေးမှုဟာ တစတစအခြေခိုင်မာလာခဲ့ပြီး ခရစ်ယာန်ဘာသာရေး ဂိုဏ်းခွဲတွေလည်း တစတစများပြားလာခဲ့ပါတယ်။

တစ်ရပ်တစ်ဘာသာ၊ တစ်ရွာတစ်ပုဒ်ဆန်းဆိုသလိုပဲ ဥရောပကနေပြောင်းရွေ့အခြေချလာတဲ့ ခရစ်ယာန်ဘာသာဟာ ကြီးမားကျယ်ပြန့်လှတဲ့ အမေရိကမှာ ဒေလအလိုက်၊ ဂိုဏ်းကဏ္ဍအလိုက် အသွင်သဏ္ဍာန်မျိုးစုံ ပြောင်းလဲလာပြီး အဲဒီကနေ ဓလေ့ထုံးစံ၊ ယဉ်ကျေးမှုစရိုက်လက္ခဏာ အသစ်တွေ အမျိုးမျိုး ပေါ်ပေါက်လာခဲ့ပါတယ်။ ခေတ်နဲ့အညီ လိုက်လျောညီထွေ ပြောင်းလဲလာတဲ့ ဘာသာရေးဂိုဏ်းတွေ ရှိသလို အစွန်းရောက် ခေတ်နောက်ပြန်ဆွဲတဲ့ ဘာသာရေး ဂိုဏ်းတွေလည်း ပေါ်ပေါက်လာခဲ့ပါတယ်။ အဲဒီခေတ်နောက်ပြန်ဆွဲတဲ့ ခရစ်ယာန်ဘာသာရေးဂိုဏ်းတွေထဲက တစ်ခုကတော့ Mormonism ဆိုတဲ့အယူဝါဒကို ကျင့်သုံးတဲ့ The Chruch of Jesus Christ of Latter-day Saints (LDS Church) ဂိုဏ်းပဲဖြစ်ပါတယ်။ သူတို့ကို မော်မန် (Morman) တွေလို့ ခေါ်ကြပါတယ်။ မော်မန်တွေဟာ ဇနီးမယား အမြောက်အမြား အကန့်အသတ်မရှိ လက်ထပ်ယူခြင်းကို ဘာသာရေး ထုံးတမ်းစဉ်လာတစ်ခုအဖြစ် အဓိကထား ပြုလုပ်လေ့ရှိကြပါတယ်။ မော်မန်အမျိုးသမီးတွေကတော့ ယောင်္ကျားတွေလို အခွင့်အရေးမရှိပါဘူး။

မော်မန်တွေရဲ့ Polymagy (အိမ်ထောင်ဖက်တစ်ဦးထက်ပို၍ လက်ထပ်ယူခြင်း)ကို ၁၈၃၀မှာ LDS Church ဂိုဏ်းတည်ထောင်သူ ဂျိုးဇက်စမစ်က စတင်တီထွင်ခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုမှ မော်မန်ခရစ်ယာန်တစ်ဦးနှင့် ဇနီးများ (၁၈၈၈ ခုနှစ်)

မော်မန်ဂိုဏ်းဟာ Polygamy ကိုစတင်ကျင့်သုံးကတည်းက သူတို့ဂိုဏ်းထဲမှာသာမက ခရစ်ယာန်ဘာသာထဲမှာပါ အငြင်းပွားစရာဖြစ်စေခဲ့ပါတယ်။ ဒါပေမယ့် ဒီစနစ်ဟာ မော်မန်တွေရဲ့ ယဉ်ကျေးမှုဓလေ့ထုံးစံဖြစ်လာပြီး LDS Church ကနေ အဲဒီစနစ်ကို မကျင့်သုံးတော့တဲ့ Community of Christ (သို့) Reorganized Chruch of Jesus Christ of Latter-day Saints (RLDS) နဲ့ အဲဒီစနစ်ကို ခုချိန်ထိ ကျင့်သုံးနေဆဲဖြစ်တဲ့ Fundamentalist Chruch of Jesus Christ of Latter-day Saints (FLDS)၊ Apostolic United Brethren (AUB) စတဲ့ ဂိုဏ်းခွဲတွေ ကွဲထွက်ခဲ့ပါတယ်။ LDS Church ရဲ့တည်ထောင်သူ ဂျိုးဇက်စမစ်ဟာ သူကွယ်လွန်ချိန်အထိ ဇနီးစုစုပေါင်း ၄၀ ကျော်ကို လက်ထပ်ခဲ့တယ်လို့ သိရပါတယ်။  LDS Church ရဲ့ ဥက္ကဌ ဘရစ်ဂမ်ယန်းဟာလည်း ဇနီး ၅၁ ယောက်နဲ့ သားသမီး ၅၆ ယောက်ရှိပြီး အဲဒီဘုရားကျောင်းရဲ့ ဓမ္မဆရာ Heber C. Kimball မှာဆိုရင်လည်း ဇနီး ၄၃ ယောက်နဲ့ သားသမီး ၆၅ ယောက် ရှိခဲ့တယ်လို့ သိရပါတယ်။

 LDS Church ရဲ့ ဥက္ကဌ ဘရစ်ဂမ်ယန်း (1847-1877)


မော်မန်ဂိုဏ်းဟာ Polygamy စနစ်ကို ဘာသာရေးအနေနဲ့ ပြုလုပ်တာဖြစ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အများသူငှာ လက်မခံတဲ့ကြားကနေ ယနေ့အချိန်ထိ နည်းလမ်းမျိုးစုံနဲ့ ဆက်လက်ကျင့်သုံးနေဆဲ ဖြစ်ပါတယ်။ စတင်တည်ထောင်ခဲ့တဲ့အချိန်ကနေ ယနေ့အချိန်ထိ အဲဒီစနစ်ကြောင့်ပဲ မော်မန်တွေနဲ့ အမေရိကန်အစိုးရအဆက်ဆက်ကြားမှာ ပြဿနာအများကြီး ရှိခဲ့ဖူးပါတယ်။ အမေရိကန်ပြည်ထောင်စုရဲ့ အခြေခံဥပဒေမှာ ပြဌာန်းထားတဲ့ လွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့်ရှိခြင်း ဆိုတဲ့အချက်ကို အခွင့်ကောင်းယူပြီး ဘာသာရေးအရ မော်မန်ခရစ်ယာန်ယောင်္ကျားတစ်ယောက်ဟာ ဇနီးအများကြီး လက်ထပ်ရမယ့် တာဝန်ရှိတယ်လို့ မော်မန်ဂိုဏ်းဆိုပါတယ်။ အဲဒီလို အစိုးရနဲ့ မော်မန်တွေကြား ဒီစနစ်အတွက် အငြင်းပွားမှုကြောင့် ၁၈၇၈ခုနှစ်မှာ အမေရိကန်ပြည်ထောင်စုရဲ့ အခြေခံဥပဒေကို ပြင်ဆင်ရတဲ့အထိ နိုင်ငံတော်အဆင့်တရားရင်ဆိုင်မှုကြီး တစ်ခုဖြစ်ခဲ့ပါတယ်။ Reynolds v.United State လို့ နာမည်ပေးထားတဲ့ အဲဒီအမှုကြောင့် အခြေခံဥပဒေမှာ ပါရှိတဲ့ လွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့်ရှိခြင်း ဆိုတဲ့အချက်ကို အဲဒီဘာသာရေးဆောင်ရွက်ချက်ဟာ အများပြည်သူအတွက် ပြဌာန်းထားတဲ့ ဥပဒေတွေ၊ လူ့အသိုင်းအ၀ိုင်းမှာ လိုက်နာကျင့်သုံးရမယ့် တာဝန်ဝတ္တရားတွေကို ချိုးဖောက်တာမျိုးမရှိစေရဆိုတဲ့ စာသားမျိုးတွေပါတဲ့ နည်းဥပဒေနဲ့ ဖြည့်စွက် ပြင်ဆင်ခဲ့ရပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ အမေရိကန်ပြည်ထောင်စုရဲ့ ပြည်နယ်အားလုံးမှာ တစ်လင်တစ်မယားစနစ်ကို ပြဌာန်းလိုက်ပြီး အိမ်ထောင်ဖက်တစ်ဦးထက်ပိုပြီး လက်ထပ်ပေါင်းသင်းရင် ထောင်ဒဏ် ၅နှစ် အထက်ကျခံရမယ်လို့ သတ်မှတ်လိုက်ပါတယ်။ ဒါပေမယ့် မော်မန်တွေကတော့ သူတို့ရဲ့ ဘာသာရေးတာဝန်ကြီးကို မပျောက်ပျက်အောင် ဥပဒေကို လက်တစ်လုံးခြားလုပ်ပြီး စောင့်ထိန်းနေကြဆဲပါပဲ။

ဘယ်လိုမျိုးစောင့်ထိန်းသလဲ လေ့လာကြည့်တဲ့အခါ မော်မန်အိမ်ထောင်တစ်ခုမှာ တရားဝင်လက်ထပ်ထိမ်းမြားပြီး အစိုးရဆီမှာ မှတ်ပုံတင်ထားတာက ပထမဆုံးဇနီး ဒါမှမဟုတ် ဇနီးတစ်ဦးတည်းပဲ ရှိပါတယ်။ နောက်ထပ်ဇနီးမယားတွေကိုတော့ မှတ်ပုံတင်ထားခြင်း မရှိပါဘူး။ သားသမီးမွေးဖွားတဲ့အချိန်မှာတော့ မှတ်ပုံမတင်ထားတဲ့ ဇနီးတွေဟာ single mother အဖြစ် ရပ်တည်နေကြပါတယ်။ အမေရိကရဲ့ လွတ်လပ်တဲ့ လူနေမှုစရိုက်ကို ဘာသာရေးအတွက် ခုတုံးလုပ်ထားတာပါ။ အမေရိကန်လိုနိုင်ငံမျိုးမှာ ဒီလိုစနစ်မျိုးကို ဘာသာရေးအကြောင်းပြပြီး လုပ်ဆောင်နိုင်တာဟာ အံ့သြစရာကောင်းလှပါတယ်။ လင်ယောင်္ကျားတစ်ဦးတည်းကို ဇနီးအများအပြားက ခွဲတမ်းကျနဲ့ ပေါင်းသင်းရတဲ့အခါ ဇနီးမယားတွေမှာ အိမ်ထောင်ရေးသုခကို အပြည့်အ၀ခံစားရမှာ မဟုတ်တာသေချာပါတယ်။ ဒါပေမယ့် မော်မန်အမျိုးသမီးအများစုကတော့ သူတို့ရဲ့ဘ၀ကို သူတို့ကျေနပ်တယ်လို့ ဆိုပါတယ်။ ကျေနပ်တယ်လို့ ပြောပေမယ့် သူတို့ဟာ ကာမဆန္ဒအရတော့ ကျေနပ်မှုမရှိတာ သေချာပါတယ်။ ဘာသာရေးမှိုင်းတိုက်ခံထားရတဲ့အခါ သူတို့ခမျာ ဘုရားသခင်ရဲ့ အလိုတော်ကျ ကျေနပ်တယ်လို့ပဲ ပြောကြရပါတယ်။ ဒါပေမယ့် မကျေနပ်တဲ့အမျိုးသမီးတချို့ကြောင့် မော်မန်ဂိုဏ်းဆရာတွေ ထောင်ထဲရောက်သွားတဲ့ သာဓကတွေလည်း အများကြီးရှိခဲ့ပါတယ်။ အစိုးရဖက်ကလည်း ဒီဂိုဏ်းကိုဖြိုခွဲနိုင်ဖို့ ခိုင်လုံတဲ့သက်သေအထောက်အထားတွေ ရမယ့်အချိန်ကို ချောင်းနေတာပါ။ အစိုးရအဆက်ဆက် ကြိုးပမ်းခဲ့ပေမယ့် မော်မန်ဂိုဏ်းကတော့ ဆက်လက်ရှင်သန်နေဆဲပါပဲ။ ဘာကြောင့်ပါလဲ။

မော်မန်အများစုဟာ ခေတ်ပေါ်အသုံးအဆောင်၊ လျှပ်စစ်ပစ္စည်းတွေ သုံးစွဲခြင်းကို ဘာသာရေးအရ ကန့်သတ်ထားတဲ့ Amish တွေလိုပဲ ၁၆ရာစုရိုးရာဝတ်စုံတွေကို ၀တ်ဆင်တဲ့ ရှေးရိုးစွဲဝါဒီတွေဖြစ်ကြပါတယ်။ နောက်တစ်ချက်က သူတို့ဘာသာဝင်အချင်းချင်းကလွဲပြီး အပြင်ကလူတွေနဲ့ လက်ထပ်ပေါင်းသင်းတာမျိုး မရှိသလောက် နည်းပါတယ်။ အမေရိကလိုနိုင်ငံမျိုးမှာ ခေတ်နောက်ပြန်ဆွဲနေတဲ့ အ၀တ်အစား၊ အတွေးအခေါ်တွေနဲ့ ရှင်သန်နေတဲ့ မော်မန်တွေထဲမှာ ခေတ်ပညာတတ်တွေရှိနေတယ်ဆိုတာ မယုံကြည်နိုင်စရာပါ။ ငယ်ရွယ်စဉ်ကတည်းက ဘာသာရေးမှိုင်းတိုက်ခံထားရတဲ့အခါ ခေတ်ပညာဘယ်လောက်တတ်တတ် မော်မန်တွေဟာ အစဉ်အလာကနေ ရုန်းထွက်နိုင်စွမ်း မရှိပါဘူး။ မော်မန်တွေကို ဘာသာခြားတွေ ၀င်ရောက်ထိုးဖောက်နိုင်စွမ်း မရှိတဲ့ တခြားအကြောင်းရင်းတစ်ခုကတော့ သူတို့ဟာ ငွေကြေးချမ်းသာကြွယ်ဝတဲ့ အသိုင်းအ၀ိုင်းဖြစ်နေလို့ပါပဲ။ မော်မန်အများစုဟာ မြေပိုင်ရှင်၊လယ်ယာလုပ်ငန်းပိုင်ရှင်ကြီးတွေ ဖြစ်ကြပါတယ်။ ဇနီးမယားမြောက်မြားစွာကနေ ရလာတဲ့ သားတစ်ရာ၊မြေးတစ်ကျိပ်နဲ့ မော်မန်တွေဟာ ပြင်ပအလုပ်သမားတွေ ငှားရမ်းစရာမလိုပဲ သူတို့ရဲ့ ကျယ်ပြောလှတဲ့ လယ်ယာမြေတွေမှာ အလုပ်လုပ်ကိုင်ကြပါတယ်။ သူတို့နေထိုင်ရာနေရာ အများစုဟာလည်း လူနေထူထပ်တဲ့ မြို့ရွာတွေရဲ့ အဝေးမှာ တသီးတသန့်တည်ရှိနေတဲ့ လယ်ယာမွေးမြူရေးခြံကြီးတွေ ဖြစ်ကြပါတယ်။ သူတို့နေရာကို ရောက်သွားရင် ခုခေတ်နဲ့ ဘာမှမဆိုင်တဲ့ သမိုင်းထဲက နေရာတစ်ခုကို ရောက်သွားသလိုပါပဲ။


အမေရိကန်လိုနိုင်ငံမျိုးမှာ မော်မန်တွေဟာ လူနည်းစုဆိုပေမယ့် တက္ကဆတ်၊ယူတာ့၊အရီဇိုးနား၊ ကိုလိုရာဒိုစတဲ့ ပြည်နယ်တွေမှာ နေထိုင်ကြတဲ့ မော်မန်ဂိုဏ်းဝင်စုစုပေါင်းဟာ သိန်းဂဏန်းကျော် ရှိနေပါတယ်။ ချမ်းသာကြွယ်ဝပြီး လုပ်ငန်းကြီးတွေပိုင်ဆိုင်ထားတဲ့ တချို့မော်မန်တွေကတော့ မြို့ကြီးပြကြီးတွေမှာ နေထိုင်တဲ့အတွက် မြို့ပြလူနေမှုစရိုက်နဲ့ လိုက်လျောညီထွေနေထိုင်ကြတဲ့အခါ သူတို့ကျေးလက်မှာလိုမျိုး ဇနီးမယားအများကြီးယူလို့မရတဲ့အတွက် တစ်လင်တစ်မယားစနစ်နဲ့ပဲ မြင်တွေ့ကြရပါတယ်။ မော်မန်တွေထဲမှာ ထင်ရှားကျော်ကြားသူတွေလည်း ရှိပါတယ်။ အဲဒီထဲက ဆွဲထုတ်ပြရရင် တလောက အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ရီပတ်ပလစ်ကန်ပါတီကို ကိုယ်စားပြုပြီး လက်ရှိသမ္မတအိုဘားမားကို ယှဉ်ပြိုင်ခဲ့တဲ့ မက်ဆာချူးဆက်ပြည်နယ် အုပ်ချုပ်ရေးမှူး မစ်ထ်ရွန်နီ ပဲဖြစ်ပါတယ်။ အမေရိကန်နိုင်ငံရေးလောကထဲက ထင်ရှားတဲ့ မော်မန်နောက်တစ်ဦးကတော့  ဒီမိုကရက်တစ်ပါတီက နီဗားဒါးပြည်နယ်အထက်လွှတ်တော်အမတ်  ဟယ်ရီရိဒ်ပဲဖြစ်ပါတယ်။

Governor Mitt Romney
Senator Harry Reid

တခြားနယ်ပယ်တွေမှာ ထင်ပေါ်ကျော်ကြားတဲ့မော်မန်တွေ အများကြီးရှိပါတယ်။ ဥပမာ ကမ္ဘာကျော် သွေးစုပ်ဖုတ်ကောင်ရုပ်ရှင်ဇာတ်ကားဖြစ်တဲ့ Twilight ရဲ့ မူရင်းစာရေးသူနဲ့ ရုပ်ရှင်ထုတ်လုပ်သူ အမျိုးသမီးစာရေးဆရာမ Stephenie Meyer ဟာလည်း မော်မန်ဂုဏ်းဝင်တစ်ဦး ဖြစ်ပါတယ်။ သူမဟာ Time Magazine ရဲ့ ၂၀၀၈ခုနှစ် သြဇာအလွှမ်းမိုးဆုံး ပုဂ္ဂိုလ်တစ်ရာစာရင်းမှာ နံပါတ် ၄၉ ချိတ်ခဲ့သူပါ။

Stephenie Meyer

ရုပ်ရှင်နယ်ပယ်မှာပဲ နောက်ထပ်ထင်ရှားတဲ့ မော်မန်တစ်ဦးကတော့ ရုပ်ရှင်မင်းသမီး Marie Osmond ပဲ ဖြစ်ပါတယ်။ သူမဟာ ဇာတ်ညွှန်းရေးသူ၊ ရုပ်သံတင်ဆက်သူနဲ့ အဆိုတော်တစ်ယောက်အဖြစ်လည်း အောင်မြင်မှုတွေ အများကြီးရခဲ့သူ ဖြစ်ပါတယ်။

Marie Osmond

နောက်အပိုင်းတွေမှာတော့ တခြားကိုးကွယ်ရာ ဘာသာတွေထဲက ဘာသာရေးအကြောင်းပြ Polygamy စနစ်ကျင့်သုံးတဲ့ Community တွေအကြောင်းကို ဆက်လက်တင်ဆက် ပေးသွားမှာ ဖြစ်ပါတယ်။

မြတ်သိန်းထွန်း (ဘွရှင်)
အောက်တိုဘာ ၂၆၊ ၂၀၁၄

0 comments:

Post a Comment