ပေါက်ကရ လေးဆယ်

Subscribe:

Saturday, December 26, 2015

အိမ်ဖြူတော်၏ လျှို့ဝှက်ချက်များ

ကမ္ဘာ့အကြီးမားဆုံး စစ်အင်အားရဲ့ ဗဟိုချက်မ၊ ကမ္ဘာပေါ်မှာ အတင်းကြပ်ဆုံး၊ စနစ်အကျဆုံး လုံခြုံရေးစနစ်များနဲ့ တည်ဆောက်ထားတဲ့ အဆောက်အဦးနဲ့ ကမ္ဘာပေါ်မှာ သြဇာအရှိဆုံး ပုဂ္ဂိုလ်တစ်ဦးရဲ့ နေအိမ်ကို ပြပါဆိုရင် 1600 Pennsylvania Avenue မှာ တည်ရှိတဲ့ အမေရိကန်ပြည်ထောင်စုသမ္မတရုံး သို့မဟုတ် အိမ်ဖြူတော်ကိုပဲ လူတိုင်းပြေးမြင်မိမှာ သေချာပါတယ်။ဒီအချက်တွေဟာ ကမ္ဘာပေါ်က လူအများစု အပေါ်ယံသိထားတဲ့ အချက်တွေပါ။ ဒါပေမယ့် အိမ်ဖြူတော်မှာ လူတွေ မြင်ဖူးနေကျ ဂန္တ၀င်ဆန်တဲ့ ဗိသုကာလက်ရာတွေနဲ့ လှပစိမ်းစိုနေတဲ့ ဥယျာဉ်မြက်ခင်းတွေရဲ့ နောက်ကွယ်မှာ အရမ်းစိတ်ဝင်စားစရာကောင်းတဲ့ လျှို့ဝှက်ချက်တွေ အများကြီး ရှိနေပါတယ်။ အဲဒီလျှို့ဝှက်ချက်တွေထဲက တချို့ကို ဗဟုသုတအဖြစ် မျှဝေပါရစေ။ တချို့ လျှို့ဝှက်ချက်တွေဟာ အများထင်ထားသလိုမဟုတ်ပဲ စနစ်ကျပြီး အရမ်းတင်းကြပ်ထားတဲ့ ကြားက အစီအစဉ်မကျပဲ ကမောက်ကမ ချွတ်ယွင်းချက်တွေ ဖြစ်ပါတယ်။ အဲဒီအဖြစ်အပျက်တွေကို လူတွေမသိအောင် ဖုံးကွယ်ထားလို့ နှစ်ပေါင်းအတော်ကြာတဲ့အထိ တိမ်မြှုပ်နေခဲ့တာပါ။
၁။ ရေဒီယိုသတ္တိကြွ ထိန်းချုပ်ရေးစနစ်
အိမ်ဖြူတော်ဟာ အမေရိကန်သမ္မတ အဆက်ဆက် နေထိုင်ရာ နေအိမ်ဖြစ်သလို နှစ်စဉ်လူအမြောက်အများ လာရောက်လည်ပတ်ရာ ပြတိုက်တစ်ခုလည်း ဖြစ်ပါတယ်။ အဲဒီလို လူတွေကို ၀င်ရောက်လည်ပတ်ခွင့်ပြုထားခြင်းက အိမ်ဖြူတော်လုံခြုံရေးစနစ်အတွက် အကြီးမားဆုံး စိမ်ခေါ်မှုတစ်ခု ဖြစ်နေခဲ့ပါတယ်။ အဲဒီလည်ပတ်သူတွေဟာ သတ်မှတ်ထားတဲ့ နေရာတွေကို အိမ်ဖြူတော် ဧည့်လမ်းညွှန်တွေနဲ့ အတူ ၀င်ရောက်ခွင့်ရှိပြီး အလွန်တင်းကြပ်တဲ့ လုံခြုံရေးစနစ်နဲ့ စစ်ဆေးစောင့်ကြည့်တာ ခံကြရပါတယ်။ လက်နက်၊ ပေါက်ကွဲစေတတ်တဲ့ အရာမှန်သမျှ ရှာဖွေစစ်ဆေးတာ ခံရမယ့်အပြင် အကယ်၍ လည်ပတ်သူတွေထဲက တစ်စုံတစ်ယောက်ဟာ ရေဒီယိုသတ္တိကြွအဆိပ်သင့်နေတဲ့သူ ဖြစ်နေရင် အိမ်ဖြူတော်မှာ တပ်ဆင်ထားတဲ့ ရေဒီယိုသတ္တိကြွထိန်းချုပ်ရေး ကိရိယာကနေ အချက်ပြမှာဖြစ်ပြီး အဲဒီလူရှိနေတဲ့နေရာကို ချက်ချင်းပိတ်ဆို့ထိန်းချုပ်ကာ လေထုလဲလှယ်ရေး လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။
၂။ အိမ်ဖြူတော်ဝန်ထမ်း ရွေးချယ်ခန့်အပ်ခြင်း
လာရောက်လည်ပတ်သူ ထောင်ပေါင်းများစွာအပြင် အိမ်ဖြူတော်မှာ ၀န်ထမ်းပေါင်း ၁၇၀၀ နီးပါးဟာ နေ့စဉ်အလုပ်ဆင်းလျှက် ရှိနေပါတယ်။ အဲဒီဝန်ထမ်းတွေကို ဘယ်လိုစနစ်မျိုးနဲ့ ရွေးချယ်ခန့်အပ်ပါသလဲ။ စိတ်ဝင်စားစရာပါ။ အိမ်ဖြူတော်ဝန်ထမ်းဖြစ်လာမယ့် ပုဂ္ဂိုလ်တွေဟာ သူတို့ရဲ့ နောက်ကြောင်းရာဇ၀င် အသေးစိတ် စုံစမ်းစစ်ဆေးမှုကို ပထမဆုံး ခံယူကြရပါတယ်။ အဲဒီစုံစမ်းစစ်ဆေးမှုကိုတော့ Yankee White လို့ နာမည်ပြောင်ပေးထားပါတယ်။ အဲဒီ Yankee White စုံစမ်းစစ်ဆေးမှုအတွက် ၀န်ထမ်းလောင်းတွေဟာ SF-86 လို့ခေါ်တဲ့ ကိုယ်ရေးရာဇ၀င်မှတ်တမ်းကို ဖြည့်စွက်ကြရပါတယ်။ အဲဒီဖောင်ထဲမှာတော့ သူနဲ့ပတ်သက်သမျှ အသေးစိတ်တွေ ဥပမာ နေထိုင်ခဲ့သမျှ လိပ်စာတွေ၊ မိတ်ဆွေအပေါင်းအသင်းတွေရဲ့ အကြောင်း၊ လုပ်ခဲ့သမျှ အလုပ်အကိုင်၊ သွားလာဖူးတဲ့နေရာတွေကအစ ဘယ်သူမှ စိတ်ကူးနဲ့ ကြိုမှန်းဆမရနိုင်တဲ့ ကိုယ်ရေးအချက်အလက် မေးခွန်းပေါင်းများစွာကို ဖြည့်စွက်ကြရပါတယ်။ အဲဒီမှတ်တမ်းကို အခြေခံပြီး FBI က ၀န်ထမ်းလောင်းတစ်ယောက်ချင်းစီရဲ့ နောက်ကြောင်းကို ခြေရာခံစုံစမ်းသွားပါတယ်။ အဲဒီမှတ်တမ်းမှာ ပါသမျှ လူတွေကို အင်တာဗျူးတဲ့အပြင် အဲဒီလူတွေရဲ့ နောက်ကြောင်းကိုပါ အသေးစိတ်မှတ်တမ်းတင်ပါတယ်။ အဲဒီလို အဆင့်ဆင့် စုံစမ်းရွေးချယ်ခန့်အပ်ခံရတဲ့ ၀န်ထမ်းအားလုံးဟာ အိမ်ဖြူတော်မှာနေရာတိုင်း သွားလာခွင့်ရှိလားဆိုတော့ မရှိပါဘူး။ သမ္မတနဲ့ အနီးစပ်ဆုံး တာဝန်ထမ်းဆောင်ရတဲ့ ၀န်ထမ်းတချို့လောက်ပဲ နေရာအများစုကို သွားလာခွင့် ရှိပါတယ်။ အဲဒီလို သွားလာခွင့်ရထားတဲ့ ၀န်ထမ်းတွေဟာ သတ်မှတ်ထားတဲ့ ရင်ထိုးတံဆိပ်ကို တပ်ဆင်ထားရပါတယ်။ အဲဒီရင်ထိုးတံဆိပ်မှာလည်း လူမသိနိုင်တဲ့ လျှို့ဝှက်ချက်တွေ ရှိနေမှာပါ။
၃။ မဖိတ်ခေါ်ပဲ ရောက်လာသော ဧည့်သည်များ
သမ္မတလင်ကွန်းလက်ထက်ထိ အိမ်ဖြူတော်ဟာ အမေရိကန်ပြည်သူတွေ တံခါးမရှိ၊ ဓားမရှိ ၀င်ထွက်လည်ပတ်လို့ရတဲ့ နေရာတစ်ခုဖြစ်ခဲ့ပါတယ်။ အဲဒီတုန်းက အမေရိကန်တွေရဲ့ ထုံးစံအတိုင်း လက်နက်ကိုင်ဆောင်လာတဲ့ ဧည့်သည်တွေ၊ နောက်ပြီး အိမ်ဖြူတော်ထဲက အသုံးအဆောင်ပစ္စည်းတွေကို ခိုးယူတာတွေ၊ စည်းကမ်းမရှိ ဖျက်ဆီးခဲ့တာတွေကြောင့် နောက်ပိုင်းမှာ ဧည့်သည်အ၀င်အထွက်ကို တင်းကြပ်လိုက်ရပါတယ်။ အချိန်အတိအကျ ချိန်းဆိုဖိတ်ကြားခံရသူတွေနဲ့ သတ်မှတ်ချိန်အတွင်း ၀င်ရောက်လည်ပတ်ကြည့်ရှုတဲ့ တိုးရစ်တွေကလွဲရင် ဘယ်သူမှ အိမ်ဖြူတော်ကို ၀င်ရောက်ခွင့်မရှိပါဘူး။ ဒါပေမယ့် အိမ်ဖြူတော်ကို အဖိတ်မခံရပဲ လာရောက်ခဲ့သူတွေ ရှိခဲ့ဖူးပါတယ်။ အဲဒီထဲမှာ ကမ္ဘာကျော် ရော့ခ်ဂီတဘုရင် အဲဗစ်ပရက်ပလေလည်း တစ်ယောက်အပါအ၀င် ဖြစ်ခဲ့ပါတယ်။ ၁၉၇၀ ဒီဇင်ဘာ၂၁ရက်နေ့မှာ အိမ်ဖြူတော်ရှေ့ဂိတ်ကို အဲဗစ်ပရက်ပလေ ရောက်လာပြီး သမ္မတနစ်ဆင်နဲ့ တွေ့ခွင့်တောင်းခဲ့ပါတယ်။ အစီအစဉ်မရှိပဲ ရုတ်တရက်တွေ့ခွင့်တောင်းတာကြောင့် အိမ်ဖြူတော်လုံခြုံရေးတွေ အလုပ်ရှုပ်သွားခဲ့ရပါတယ်။ မဖိတ်ပဲရောက်လာတဲ့ ပရက်ပလေကို ထုံးစံဖျက်ပြီး သမ္မတက တွေ့ခွင့်ပေးခဲ့ပါတယ်။ ဒါပေမယ့် အဲလိုထုံးစံဖျက်ပြီး တွေ့ခွင့်ပေးတာကို တခြားလူတွေသိရင် အလားတူလုပ်ဆောင်လာမှာ စိုးရိမ်တဲ့အတွက် သမ္မတနစ်ဆင်က လျှို့ဝှက်ထားခဲ့ပါတယ်။
ပရက်ပလေလိုပဲ အိမ်ဖြူတော်ကို ဖိတ်ကြားခြင်းမခံရပဲ ရောက်လာတဲ့ တခြားဧည့်သည်တွေ ရှိခဲ့ပါတယ်။ ပရက်ပလေလို တွေ့ခွင့်တောင်းတာမျိုး မဟုတ်ပဲ ၀င်ရောက်လာတဲ့ ဒီဧည့်သည်တွေဟာ ထူးဆန်းနေတာတော့ အမှန်ပါပဲ။ အဲဒီပုဂ္ဂိုလ်တွေကြောင့် ကမ္ဘာ့အတင်းကြပ်ဆုံးလို့ လူတွေထင်နေကြတဲ့ အိမ်ဖြူတော်လုံခြုံရေးစနစ်ဟာ လုံခြုံစိတ်ချရတဲ့ အနေအထားမှာ မရှိပဲ ချွတ်ယွင်းချက်တွေ ရှိနေတယ်ဆိုတာ သိသာသွားစေပါတယ်။ ၂၀၀၉ ခုနှစ် နိုဝင်ဘာ ၂၄ရက်နေ့ အိန္ဒိယ၀န်ကြီးချုပ် မန်မိုဟန်ဆင်းကို သမ္မတအိုဘားမားက တည်ခင်းဧည့်ခံတဲ့ နိုင်ငံတော်ဂုဏ်ပြုညစာစားပွဲကို တက်ရောက်မယ့် ဧည့်ပရိတ်သတ် စာရင်းထဲမှာ လူဦးရေ ၄၀၀ ပါဝင်ခဲ့ပါတယ်။ အဲဒီလူစာရင်းကို အမေရိကန် Social Security Department ကနေ စနစ်တကျ စစ်ဆေးပြီးမှ ရွေးချယ်ဖိတ်ကြားခဲ့တာပါ။ ဒါပေမယ့် အဲဒီပွဲမှာ ဖိတ်ကြားမခံရပဲ တက်လာတဲ့လူတွေ ရှိနေခဲ့ပါတယ်။ တာရတ်ခ်နဲ့ မီရှယ်လီဆလာဟီစုံတွဲဟာ ဖိတ်ကြားခံရတဲ့ လူစာရင်းမှာ မပါပဲ Check Point အဆင့်ဆင့်ကို ဖြတ်သန်းပြီး အိမ်ဖြူတော်တွင်းက နိုင်ငံတော်ညစာစားပွဲကို တက်ရောက်နိုင်ခဲ့ပါတယ်။ အဲဒီညစာစားပွဲကို တက်ရောက်မယ့် ပုဂ္ဂိုလ်တွေဟာ Pennsylvania Avenue လမ်းထိပ်က ပထမ Check Point မှာ အစစ်ဆေးခံကြရပါတယ်။ အဲကနေ အိမ်ဖြူတော်ဂိတ်ဝက ဒုတိယ Check Point မှာ ထပ်မံအစစ်ဆေးခံကြရပါတယ်။ အဲကနေ အိမ်ဖြူတော်တွင်း အ၀င်ဝမှာ Secret Service ရဲ့ ထပ်မံစစ်ဆေးခြင်းကို ခံကြရပါတယ်။ Check Point အသီးသီးမှာ X-ray scanner တွေ၊ CCTV ကင်မရာတွေနဲ့ ဖိတ်ကြားခံရတဲ့ ဧည့်သည်စာရင်းနဲ့ ဓာတ်ပုံ၊ ကိုယ်ရေးမှတ်တမ်းတွေ အပြည့်အစုံရှိနေပါတယ်။ စာရင်းထဲလုံးဝမပါတဲ့ အဲဒီလင်မယားဟာ Check Point သုံးခုစလုံးကို အလွယ်တကူ ဖြတ်သန်းပြီး အိမ်ဖြူတော်ရဲ့ ကော်ဇောနီပေါ်မှာ ဖြတ်လျှောက်ခွင့် ရသွားခဲ့ပါတယ်။ ဧည့်ခံပွဲမှာ သမ္မတအိုဘားမားနဲ့အတူ အိန္ဒိယ၀န်ကြီးချုပ် အပါအ၀င် နိုင်ငံတော်ဂုဏ်သရေရှိ ဧည့်သည်တော်တွေနဲ့ လက်ဆွဲနှုတ်ဆက်ခွင့်၊ ဓာတ်ပုံတွဲရိုက်ခွင့် ရရှိခဲ့ပါတယ်။ အကယ်၍သာ သူတို့လင်မယားဟာ သမ္မတအိုဘားမား ဒါမှမဟုတ် အိန္ဒိယ၀န်ကြီးချုပ်ကို လုပ်ကြံမယ့်သူတွေသာဆိုရင်တော့ အဲဒီနေ့က အနေအထားဟာ မတွေးဝံ့စရာပါပဲ။


ဆလာဟီစုံတွဲလိုပဲ အဲနေ့က နိုင်ငံတော်ညစာစားပွဲကို မဖိတ်ကြားပဲ တက်ရောက်လာသူ နောက်တစ်ဦး ရှိခဲ့ပါတယ်။ သူကတော့ ကားလို့စ်အယ်လင်ဆိုတဲ့ လူမည်းတစ်ဦးပဲဖြစ်ပါတယ်။ သူ့ကိုတော့ အိမ်ဖြူတော်အ၀င်ဝမှာ Secret Service CCTV ကင်မရာကနေ သတိပြုမိလိုက်ပေမယ့် တားဆီးခြင်းမပြုပဲ ၀င်ခွင့်ပေးခဲ့ပါတယ်။ သူဟာ အိန္ဒိယသံတမန်တစ်ဦးအတူ ၀င်ရောက်လာတာဖြစ်လို့ ရုတ်ရုတ်သဲသဲဖြစ်မှာစိုးလို့ မတားဆီးတာလားတော့ မပြောတတ်ပါဘူး။ ထူးဆန်းတာတစ်ခုက သူနဲ့ပတ်သက်တဲ့ သတင်းတွေကို အင်တာနက်မှာ ဖတ်ရှုလို့မရတော့တာကို တွေ့ရပါတယ်။ အဲဒီပြဿနာကြောင့် သမ္မတအိုဘားမားဟာ အလွန်စိတ်ဆိုးပြီး လုံခြုံရေးတာဝန်ရှိသူတွေကို အလုပ်ထုတ်ပစ်ခဲ့တယ်လို့ သိရပါတယ်။

၎။ The Situation Room
အိမ်ဖြူတော်ရဲ့ လူသိနည်းတဲ့ နောက်ထပ်နေရာတစ်ခုကတော့ အိမ်ဖြူတော်ဘေးမှာ ကပ်လျှက်တည်ရှိတဲ့ Situation Room ပဲဖြစ်ပါတယ်။ အမေရိကန်အစိုးရနဲ့ ပတ်သက်ဆက်နွယ်သမျှ ကမ္ဘာအရပ်ရပ်က စစ်ရေး၊ နိုင်ငံရေးကိစ္စတွေအတွက် ဆွေးနွေးတိုင်ပင်ဆုံးဖြတ်ချက်ချရာ၊ စစ်ရေးကွပ်ကဲမှုဗဟိုဌာနလို့ ပြောလို့ရမယ်ထင်ပါတယ်။ အိုစမာဘင်လာဒင်ကို အသေဖမ်းမိခဲ့တဲ့ စစ်ဆင်ရေးကို သမ္မတအိုဘားမားနဲ့ အမေရိကထိပ်တန်း စစ်ဖက်အရာရှိကြီးတွေဟာ Situation Room ကနေ တိုက်ရိုက်ကွပ်ကဲညွှန်ကြားခဲ့တာ ဖြစ်ပါတယ်။ အဲဒီအခန်းမှာ သမ္မတနဲ့ အစိုးရအဖွဲ့ဝင်တွေဟာ ကမ္ဘာအရပ်ရပ်က အမေရိကန်တပ်ဖွဲ့ဝင်တွေရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို တိုက်ရိုက်ကြည့်ရှုလို့ရအောင် ဖန်တီးထားပါတယ်။ ကျူးဘားနြူကလီးယား အရေးအခင်းမှာ သမ္မတကနေဒီဟာ စစ်ရေးညွှန်ကြားမှုတွေ လုပ်ဆောင်ဖို့ Situation Room ကို စတင်တည်ဆောက် အသုံးပြုခဲ့ပါတယ်။ ကနေဒီလက်ထက်ကနေ အိုဘားမားလက်ထက်ထိ အမေရိကန်သမ္မတ အဆက်ဆက်ဟာ ကမ္ဘာ့စစ်မက်ရေးရာကိစ္စတွေကို အဲဒီနေရာကပဲ လုပ်ဆောင်ခဲ့ပါတယ်။ အမေရိကန်အစိုးရအဖွဲ့ရဲ့ အရေးပါတဲ့ အစည်းအဝေးတွေကို အိမ်ဖြူတော်အတွင်းမှာ လုပ်လိမ့်မယ်လို့ အများစုက ထင်မှတ်ကြပေမယ့် တကယ်တမ်း အစိုးရရဲ့လုပ်ငန်းအားလုံးနီးပါးက အဲဒီအခန်းလေးမှာပဲ စည်းဝေးလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီနေရာကပဲ နေတိုးအဖွဲ့ဝင်နိုင်ငံတွေ အပါအ၀င် ကမ္ဘာပေါ်က ထိပ်သီးနိုင်ငံ့ခေါင်းဆောင်တွေနဲ့ ဆက်သွယ်နိုင်ပါတယ်။ အဲဒီနေရာမှာပဲ သမ္မတဟာ CIA အရာရှိတွေ၊ သမ္မတအကြံပေးတွေနဲ့ တွေ့ဆုံဆွေးနွေးပါတယ်။ အဲဒီနေရာကပဲ နိုင်ငံတကာမှာဖြစ်ပျက်နေတဲ့ သတင်းအချက်အလက်တွေ စုဆောင်းပြီး အချိန်နဲ့တပြေးညီ သမ္မတဆီပေးပို့အကြောင်းကြားပါတယ်။ ကမ္ဘာစစ်ဖြစ်ရင် နိုင်ငံအနှံ့ တပ်ဆင်ထားတဲ့ နြူကလီးယားဒုံးပျံတွေကို ပစ်လွှတ်ဖို့ ခလုပ်နှိပ်ရမယ့်နေရာဟာလည်း Situation Room ပဲ ဖြစ်ပါတယ်။ အမေရိကန်သမ္မတတစ်ယောက်ဟာ Situation Room ကို အသုံးမပြုပဲ အလုပ်လုပ်ဖို့ မဖြစ်နိုင်လောက်အောင် အရေးပါတဲ့အတွက် အဲဒီနေရာကို အိမ်ဖြူတော်ရဲ့ နှလုံးသားလို့တောင် တင်စားနိုင်တဲ့ အနေအထားမှာ ရှိနေပါတယ်။
၅။ ပြန်လည်မွမ်းမံပြင်ဆင်ခြင်း
အများစုမသိသေးတဲ့ အချက်တစ်ခုကတော့ အမေရိကန်သမ္မတအိမ်ဖြူတော်ဟာ စတင်ဆောက်လုပ်တဲ့အချိန်ကနေ နှစ်ပေါင်း ၁၇၀ကျော် ကြာပြီးနောက်ပိုင်း အကြီးစားမွမ်းမံပြင်ဆင်မှုတွေ ပြုလုပ်ခဲ့တယ်ဆိုတာပါပဲ။ သမ္မတဖရန်ကလင်ဒီရုစဗဲ့လက်ထက် ပုလဲဆိပ်ကမ်းဗုံးကြဲခံရပြီးနောက်ပိုင်း အမေရိကန်အစိုးရ တာဝန်ရှိသူတွေဟာ သမ္မတရဲ့ လုံခြုံရေးအတွက် အိမ်ဖြူတော်ကို ပြုပြင်ခဲ့ပါတယ်။ ဒါပေမယ့် လုံခြုံစိတ်ချရတဲ့ အနေအထားမှာ မရှိခဲ့တဲ့အတွက် သမ္မတဟယ်ရီထရူးမင်းလက်ထက်မှာ ကွန်ဂရက်လွှတ်တော်က ချပေးတဲ့ ဘတ်ဂျက်နဲ့ အိမ်ဖြူတော်တစ်ခုလုံးကို ပြန်ပြုပြင်ခဲ့ပါတယ်။ အပြင်က နဂိုဗိသုကာ ကျောက်ဆစ်နံရံလက်ရာတွေကို ပုံစံမပျက်စေပဲ အတွင်းပိုင်းမှာ အရင်က အသုံးပြုခဲ့တဲ့ သစ်သားဖရိန်တွေကို အကုန်ဖြုတ်ပြီး သံမဏိဖရိန်နဲ့အစားထိုးခဲ့ပါတယ်။ ၂၀၁၀ခုနှစ်မှာတော့ အိမ်ဖြူတော်ရဲ့ နံရံနဲ့ မှန်တွေကို မာကျောအဆင့် ၇ ရှိတဲ့ ကျည်ကာမှန်တွေနဲ့ အစားထိုးခဲ့ပါတယ်။ ကျည်ကာမှန်အထပ်ထပ်နဲ့ ပြုလုပ်ထားတဲ့ အိမ်ဖြူတော်နံရံတွေဟာ နြူကလီးယားဗုံးဒဏ်ကိုတောင် အသင့်အတင့် ခံနိုင်ရည်ရှိတယ်လို့ ဆိုပါတယ်။
၆။ အိမ်ဖြူတော်သို့ အန္တရာယ်ပြုရန် ကျုးကျော်လာသူများ

အိမ်ဖြူတော်ရှေ့ရောက်ဖူးတဲ့သူတွေအနေနဲ့ ယူနီဖောင်းအပြည့်အစုံနဲ့ စောင့်ကြပ်နေတဲ့ လုံခြုံရေးဝန်ထမ်းတွေ၊ ခွေးတွေ၊ ခေါင်မိုးပေါ်က လက်ဖြောင့်တပ်သားတွေ၊ CCTV ကင်မရာတွေ၊ လုံခြုံရေးခွေးတွေ စတဲ့ အစောင့်အရှောက်တွေကို ထင်ထင်ရှားရှား မြင်တွေ့နိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် အရပ်ဝတ်နဲ့ သွားလာနေတဲ့ Secret Services အဖွဲ့ဝင်တချို့ကိုလည်း သတိထားမိကြမယ် ထင်ပါတယ်။ အဲဒီအစောင့်အကြပ်တွေအပြင် လူတွေမမြင်နိုင် မသိနိုင်တဲ့ လုံခြုံရေးစနစ်တွေ အိမ်ဖြူတော်မှာ အများကြီး ရှိနေပါတယ်။ တိုးတက်လာတဲ့ ခေတ်နဲ့အတူ ကမ္ဘာ့ပေါ်မှာ အမြဲထိပ်တန်းရောက်နေတဲ့ အိမ်ဖြူတော်ရဲ့ လုံခြုံရေးစနစ်ဟာလည်း တစ်နှစ်ထက်တစ်နှစ် ပိုပြီးတင်းကြပ်စနစ်ကျအောင် ဖန်တီးလျှက် ရှိနေပါတယ်။ ဒီလိုမျိုး တင်းကြပ်ရခြင်းရဲ့ အကြောင်းရင်းတွေထဲမှာ အိမ်ဖြူတော်ကို ရန်ပြုဖို့ ရည်ရွယ်ချက်နဲ့ ကျူးကျော်ဝင်ရောက်ခဲ့သူတချို့ဟာလည်း အဓိကနေရာမှာ ပါဝင်ခဲ့ပါတယ်။
၁၉၇၄ခုနှစ်မှာ အမေရိကန်ကြည်းတပ်က တပ်သားတစ်ဦးဖြစ်တဲ့ ရောဘတ်ပက်တာဆန်ဟာ ဟယ်လီကော်ပတာတစ်စီးကို ခိုးယူမောင်းနှင်ပြီး အိမ်ဖြူတော်ကို ၀င်တိုက်ဖို့ ကြိုးစားခဲ့ပါတယ်။ အိမ်ဖြူတော် အစောင့်တွေက သေနတ်နဲ့ပစ်ခတ်ပြီး အဲဒီဟော်လီကော်ပတာကို တားဆီးနိုင်ခဲ့ပါတယ်။ ၂၀၀၁ခုနှစ် သမ္မတဂျော့ရှ်ဒဗလျူဘုရှ်လက်ထက်မှာ IRS ၀န်ထမ်းဟောင်းတစ်ဦးဖြစ်တဲ့ စိတ်ဝေဒနာရှင် ရောဘတ်ဒဗလျူပစ်ကက်ဟာ အိမ်ဖြူတော်ရဲ့ တောင်ဖက်မှာ သေနတ်တစ်လက်နဲ့ သောင်းကျန်းလို့ ပစ်ခတ်ဖမ်းဆီးခံခဲ့ရပါတယ်။ ၂၀၁၁ခုနှစ် နိုဝင်ဘာ ၁၁ရက်နေ့မှာ အော်စကာ အော်တီဂါ ဟာနန်ဒက် ဆိုတဲ့ အသက် ၂၁နှစ်အရွယ် လူငယ်တစ်ယောက်ဟာ ကားပေါ်ကနေ ရိုင်ဖယ်သေနတ်နဲ့ အိမ်ဖြူတော်ကို ပစ်ခတ်ခဲ့ပါတယ်။ သူ့ရဲ့ ကျည်ဆံဟာ အိမ်ဖြူတော်ရဲ့ ကျည်ကာမှန်ကို မဖောက်နိုင်ခဲ့ပါဘူး။ အိမ်ဖြူတော်ကို တိုက်ခိုက်ဖို့ ကြိုးစားခဲ့တဲ့အထဲမှာ အန္တရာယ် အကြီးမားဆုံးကတော့ ၁၉၉၄ ခုနှစ် စက်တင်ဘာ ၁၁ ရက်နေ့ ညသန်းခေါင်ယံအချိန်မှာ လေယာဉ်ပျံနဲ့ ၀င်တိုက်ဖို့ ကြိုးစားခဲ့တဲ့ ဖရန့်ကိုးဒါရဲ့ လုပ်ရပ်ပဲဖြစ်ပါတယ်။ အိမ်ဖြူတော်ရှိရာကို ပျံသန်းလာတဲ့ လေယာဉ်ပျံငယ်ကို ရေဒါမှာတွေ့ရတဲ့အချိန်မှာ အရမ်းနောက်ကျနေပါပြီ။ ဒါပေမယ့် ဖရန့်ကိုးဒါရဲ့ လေယာဉ်ပျံဟာ အိမ်ဖြူတော်နဲ့ ပေအနည်းငယ်အကွာ တောင်ဖက်မြက်ခင်းပြင်ပေါ် ပျက်ကျသွားခဲ့ပါတယ်။ စစ်ပြန်တစ်ဦးဖြစ်သူ စိတ်ကျရောဂါခံစားနေရတဲ့ ဖရန့်ကိုးဒါဟာ သူ့ကိုယ်သူသေကြောင်းကြံစည်ခဲ့တာလို့ သတင်းထုတ်ပြန်ခဲ့ပေမယ့် အများစုကတော့ ကိုးဒါရဲ့လေယာဉ်ပျံဟာ အိမ်ဖြူတော်မှာ တပ်ဆင်ထားတဲ့ Anti-Aircraft Missile နဲ့ ပစ်ခတ်ခံရလို့ ပျက်ကျခဲ့တာဖြစ်တယ်ဆိုပြီး ယုံကြည်နေကြပါတယ်။ အဲဒီလုံခြုံရေးစနစ်ကိုတော့ အိမ်ဖြူတော် တာဝန်ရှိသူတွေဟာ အထူးလျှို့ဝှက်ထားဆဲ ဖြစ်ပါတယ်။ အိမ်ဖြူတော်ကို တိုက်ခိုက်ဖို့ ကြိုးစားသူတွေရဲ့ သတင်းဟာ ကမ္ဘာပေါ်မှာ အဟော့ဆုံး သတင်းတွေဖြစ်သင့်ပေမယ့် မထင်မရှားပျောက်ကွယ်သွားတာကတော့ နည်းနည်းထူးဆန်းနေပါတယ်။
၇။ PEOC (President’s Emergency Operations Center)
အိမ်ဖြူတော်တစ်ခုလုံးမှာ လုံခြုံရေးစနစ်အမြင့်ဆုံးနေရာကတော့ နိုင်ငံတော် အရေးပေါ်အခြေအနေမှာ သမ္မတနဲ့မိသားစုလုံခြုံရေးအတွက် ခိုလှုံရာနေရာဖြစ်တဲ့ President’s Emergency Operations Center ပဲဖြစ်ပါတယ်။ အဲဒီနေရာကတော့ အိမ်ဖြူတော်ရဲ့ မြေအောက်ခန်းမှာ တည်ရှိပါတယ်။ အဲဒီနေရာဟာ ဒုတိယကမ္ဘာစစ်ကာလတုန်းက သမ္မတဖရန်ကလင်ဒီရုစဗဲ့အတွက် နြူကလီးယားဗုံးဒဏ်ကနေ ရှောင်တိမ်းနိုင်ဖို့ ရည်ရွယ်ပြီး တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီနေရာဟာ အိမ်ဖြူတော်ရဲ့ အရှေ့ဖက်မြေအောက်ခန်းမှာ တည်ရှိပါတယ်။ ထူထဲခိုင်ခန့်တဲ့ သံမဏိနဲ့ တည်ဆောက်ထားပြီး အထဲမှာ တာရှည်ခံအစားအသောက်တွေ၊ မရှိမဖြစ် အသုံးအဆောင်တွေ ထည့်သွင်းထားပါတယ်။ 9/11 World Trade Centers လေယာဉ်နဲ့တိုက်ခံရတဲ့ အချိန်တုန်းက အဲဒီနေရာကို ဒုသမ္မတဒစ်ချေနီနဲ့ သမ္မတအကြံပေး ကွန်ဒိုလီဇာရိုက်စ်တို့ ၀င်ပြေးခဲ့ဖူးပါတယ်။
အပေါ်က အချက်တွေကလွဲရင် အမေရိကန်သမ္မတအိမ်ဖြူတော်ရဲ့ လျှို့ဝှက်ချက်တွေဟာ အပြင်လူတွေကို စိတ်ကူးနဲ့ မှန်းဆလို့ မလွယ်နိုင်တဲ့ အနေအထားမှာ ရှိနေဆဲပါ။ ကမ္ဘာ့သြဇာအကြီးဆုံး ပုဂ္ဂိုလ်တစ်ဦးရဲ့နေအိမ်ဖြစ်သလို ကမ္ဘာ့ရန်သူအများဆုံး ပုဂ္ဂိုလ်တစ်ဦး ရုံးထိုင်ရာနေရာ ဖြစ်တဲ့အတွက် နောက်လာမယ့်အနာဂတ်မှာ အိမ်ဖြူတော်ရဲ့ လုံခြုံရေးစနစ်ကို စိမ်ခေါ်မယ့်သူတွေ ထပ်ပေါ်လာနိုင်သလို အိမ်ဖြူတော်ကလည်း တကမ္ဘာလုံးက အဆင့်အမြင့်ဆုံးလို့ ယုံကြည်ထားတဲ့ သူ့ရဲ့လုံခြုံရေးစနစ်ကို အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်နေအုန်းမှာ အသေအချာပါပဲ။
ဘွရှင်(၂၈-၁၁-၂၀၁၅)
မှီငြမ်း - America’s Book of Secrets

0 comments:

Post a Comment