ပေါက်ကရ လေးဆယ်

Subscribe:

Saturday, December 26, 2015

ပတ်ဝန်းကျင်တွင်း ဆူညံခြင်း ကင်းရှင်းကြပါစေ

The traditional definition of noise is “unwanted or disturbing sound”.

ဆူညံခြင်းသည် မလိုလားသော (၀ါ) စိတ်အနှောင့်အယှက်ဖြစ်စေသော အသံဟု အဓိပ္ပါယ်ရသည်။ ဆူညံခြင်းသည် သဘာဝအလျှောက်ဖြစ်ပေါ်လာသည်ထက် လူတို့၏ဖန်တီးမှုကြောင့် ထွက်ပေါ်လာသည်က ပိုများသည်။ သဘာဝအလျှောက်ဖြစ်ပေါ်လာသည့် မိုးရွာခြင်း၊ မိုးခြိမ်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ ငလျင်လှုပ်တော်လဲခြင်း စသည့် အခြင်းအရာများကား တခြားထိခိုက်ပျက်စီးစေမှုများမှ လွဲ၍ လူသားတို့အတွက် အမြဲတစေ စိတ်အနှောင့်အယှက်ဖြစ်စေသောအရာများမဟုတ်ချေ။ 
လူသည် ဆူညံမှုနှင့် နေသားကျတတ်သည့် သဘာဝရှိသည်ဟု အများစုက ထင်မှတ်ထားကြသည်။ လူနေထူထပ်သည့် မြို့ပြနေရာများတွင် နေထိုင်သူအပေါင်းတို့မှာ နေ့စဉ်အဆက်အပြတ် ကြားနေရသည့် လော်စပီကာသံ၊ ကားရထားသံ၊ စကားပြောသံ၊ စက်မောင်းသံစသည့် မြောက်မြားစွာသော အသံများနှင့် နေသားကျလျှက် ရှိနေကြသည်။ သို့သော် ၎င်းတို့၏ အကြားအာရုံတွင် အဆိုပါ ဆူညံသံများအား လက်ခံနိုင်စွမ်းမှာ အကန့်အသတ်ရှိနေသည်ကို အများစု သတိမမူကြချေ။ တစ်နှစ်ထက်တစ်နှစ် တိုးတက်များပြားလာသော လူဦးရေနှင့် မော်တော်ယာဉ်အပါအ၀င် စက်ကိရိယာအသုံးအဆောင် ပစ္စည်းများမှ ထွက်ပေါ်လာသော ဆူညံသံများသည် လူသားတို့၏ အကြားအာရုံမှ လက်ခံနိုင်စွမ်းရှိသည့် ပမာဏထက် တစတစ ပိုမိုကျော်လွန်များပြားလာလျှက် ရှိသည်။

လူနေထူထပ်သော မြို့ပြ၀န်းကျင်တွင် စဉ်ဆက်မပြတ် ထွက်ပေါ်နေသော ဆူညံသံများသည် ရံဖန်ရံခါ ထွက်ပေါ်လာသည့် ထိတ်လန့်ဖွယ် မိုးခြိမ်းသံထက်ပင် လူသားတို့၏ ကျန်းမာရေးကို ထိခိုက်စေနိုင်သည်ဟု ဆိုလျှင် အများစုက လက်ခံရန် ခက်ခဲပေလိမ့်မည်။ မြို့ပြနေပြည်သူအများစု ခံစားနေရသော စိတ်ဖိစီးမှု များပြားခြင်းသည် ၎င်းတို့ နိစ္စဒူဝ ရှူရှိုက်နေရသော လေထု၏သန့်ရှင်းမှု၊ ပတ်သက်ဆက်ဆံနေရသော ပတ်ဝန်းကျင်နှင့် အဆက်မပြတ်ကြားနေရသည့် အသံဗလံများကို အခြေခံ၍ ဖြစ်ပေါ်လာသည်ဟု အကြမ်းဖျဉ်းပြောနိုင်သည်။ ကျေးလက်ဒေသများသည် မြို့ပြထက် လေထုသန့်ရှင်းမှု ပိုမိုကောင်းမွန်ပြီး ဆူညံသံများ မရှိသလောက် နည်းပါးသည့်အတွက် ကျေးလက်နေပြည်သူများမှာ မြို့ပြတွင်နေထိုင်သူများထက် လူနေမှုအဆင့်အတန်း အနည်းငယ်နိမ့်ကျသည် မှန်သော်လည်း မြို့ပြတွင်နေထိုင်သူများလောက် စိတ်ဖိစီးမှု များပြားခြင်း မရှိပေ။ 

မြို့ပြတွင် နေထိုင်သူများ အဓိကရင်ဆိုင်ကြုံတွေ့နေရသည့် ဆူညံသံများ ထွက်ပေါ်လာစေသည့် အဓိကရင်းမြစ်များအား အောက်ပါအတိုင်း ခွဲခြားနိုင်သည်။ 

(၁) စက်မှုလုပ်ငန်းများမှ ထွက်ပေါ်လာသည့် စက်သံများ 

ဥပမာ - compressors, generators, exhaust fans, grinding mills အဆိုပါအသံများသည် ပြင်ပပတ်ဝန်းကျင်ထက် စက်ရုံအတွင်း အနည်းဆုံး အလုပ်ချိန် ၈နာရီဆက်တိုက် အလုပ်လုပ်ကိုင်နေရသည့် အလုပ်သမားများ၏ အကြားအာရုံအား ပြင်းထန်စွာ ထိခိုက်စေပြီး ကာလတာရှည်စွာ လုပ်ကိုင်သူအများစုတွင် အကြားအာရုံနှင့်ဆက်စပ်သည့် ကျန်းမာရေးထိခိုက်မှုများအား ဖြစ်ပေါ်စေသည်။ စက်ရုံအကျယ်အ၀န်းနှင့် ထွက်ပေါ်လာသည့် ဆူညံသံကြိမ်နှုန်းအပေါ်မူတည်၍ Sound Pressure Level 90dB ၀န်းကျင်ရှိနိုင်ပြီး သာမန်လူတို့ နားထောင်နိုင်စွမ်း အမြင့်ဆုံး 80dB ထက် ကျော်လွန်နေသည်။

(၂) စနစ်မကျသည့် မြို့ပြတည်ဆောက်မှု

ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အများဆုံး ဖြစ်ပေါ်လေ့ရှိသည့် စနစ်မကျသော မြို့ပြတိုးချဲ့တည်ဆောက်ပုံကြောင့် လူအများအပြားမှာ ကျဉ်းမြောင်းကြပ်တည်းသော နေရာများတွင် စုပြုံနေထိုင်ကြရသည်။ မြေတစ်ကွက်ပေါ်တွင် အထပ်ပေါင်းမြောက်မြားစွာ တည်ဆောက်ထားပြီး မိသားစုပေါင်းမြောက်မြားစွာနေထိုင်လျှက်ရှိသည့် တိုက်ခန်းအိမ်ယာတစ်ခုမှ ထွက်ပေါ်လာသည့် စကားပြောသံများနှင့် TV၊ရေဒီယို၊ ဖုန်း၊ ဖုန်စုပ်စက်၊ အဲယားကွန်း စသည်တို့မှ ထွက်ပေါ်လာသော အသံများ၊ မြေညီထပ်များတွင် ဖွင့်လှစ်ထားသည့် လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်တို့ရှိ Sound Box များမှ ထွက်ပေါ်လာသည့် ဂီတသံများသည် သာမန်လူတို့ နားထောင်နိုင်စွမ်း အမြင့်ဆုံးပမာဏဖြစ်သည့် 80dB ထက် ကျော်လွန်နေသည်။ 

(၃) လူမှုရေး၊ ဘာသာရေးနှင့် ဆက်နွယ်သည့် ဆူညံသံများ

ကျေးလက်ဒေသများတွင် လူမှုရေး၊ ဘာသာရေးနှင့် ဆက်နွယ်သည့် အလှူခံများ၊ ပွဲလမ်းသဘင်များ၊ အခမ်းအနားများမှာ ရံဖန်ရံခါမှသာ တွေ့ရသော်လည်း မြို့ပြဒေသများတွင်မူ အဆိုပါနေရာများမှ ထွက်ပေါ်လာသည့် ဆူညံသံများကို နေ့စဉ်ရက်ဆက် နေထွက်မှနေ၀င် ကြုံတွေ့နေရသည်။ အလှူခံမဏ္ဍပ်တစ်ခု၏ Loud Speaker မှ ထွက်ပေါ်လာသော အသံသည် ၁၀မီတာအကွာအဝေးမှ နားထောင်ရသော လူတစ်ယောက်အတွက် 90dB မှ 100dB ၀န်းကျင်အထိ ခံစားရစေသည်။

(၄) သယ်ယူပို့ဆောင်ရေးစနစ်

မြို့ပြဒေသများတွင် မသုံးမဖြစ် အသုံးပြုနေရသည့် မော်တော်ယာဉ်များ၊ ရထားများမှ ထွက်ပေါ်လာသည့် အသံများမှာလည်း ဆူညံသံအမျိုးအစားတွင် ပါဝင်သည်။ လေယာဉ်ကွင်း အနီးရှိ တချို့နေရာများတွင် လေယာဉ်ပျံ အတက်အဆင်းလုပ်ရာမှ ထွက်ပေါ်လာသည့် အသံများမှာလည်း သာမန်လူတို့ လက်ခံနိုင်စွမ်းထက် များစွာ ပိုမိုနေသည်။ ရထားမောင်းရာမှ ထွက်ပေါ်လာသော အသံသည် 90dB ၀န်းကျင်ရှိပြီး ကားတစ်စီး၏ ဟွန်းသံကို ၇မီတာ အကွာအဝေးမှ နားထောင်ပါက 100dB အထိ ခံစားရစေနိုင်သည်။ ဂျက်လေယာဉ်တစ်စီး၏ အင်ဂျင်စက်သံသည်လည်း ၃၀မီတာ အကွာအဝေးတွင် 130dB အထိ ခံစားရစေသည်။

(၅) ဆောက်လုပ်ရေးလုပ်ငန်းခွင်များ

ဆောက်လုပ်ရေးလုပ်ငန်းခွင်များမှ ထွက်ပေါ်လာသော Jackhammer မောင်းသံ၊ စက်တပ်လွှသံ၊ ဘီလပ်မြေဖျော်စက်မောင်းသံ၊ လုပ်ငန်းခွင်သုံး ထရပ်ကား အင်ဂျင်သံ စသည့် အသံများအပြင် အဆိုပါ လုပ်ငန်းခွင်များကြောင့် ကားလမ်းပိတ်ဆို့ရာမှ ထွက်ပေါ်လာသည့် ကားအင်ဂျင်စက်သံနှင့် ဟွန်းသံများသည်လည်း သာမန်လူတို့ လက်ခံနိုင်စွမ်းထက် များစွာကျော်လွန်နေသော ဆူညံသံများပင်ဖြစ်သည်။ Jackhammer သံသည် ၁၅မီတာအကွာအဝေးမှ နားထောင်ပါက 90dB ကျော်ရှိပြီး စက်တပ်လွှတစ်ခုမှ ထွက်ပေါ်လာသော ဆူညံသံသည် ၁မီတာအကွာအဝေးတွင် သည်းမခံနိုင်လောက် ဆူညံသည့် 117dB တွင် ရှိနေသည်။

ဆူညံသံနှင့်ဆက်စပ်သည့် ကျန်းမာရေးဆိုင်ရာ ပြဿနာများ

(၁) အကြားအာရုံထိခိုက်ခြင်း (၀ါ) နားလေးခြင်း နှင့် ရာသက်ပန် အကြားအာရုံဆုံးရှုံးခြင်း (၀ါ) နားပင်းခြင်း

(၂) စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခြင်း ( စိတ်တိုလွယ်ခြင်း၊ အိပ်မပျော်ခြင်း၊ စိတ်ဖိစီးမှုများပြားခြင်း၊ အမြဲတစေ ပင်ပန်းနွမ်းနယ်ခြင်း၊ စိတ်ကျရောဂါ၊ သွေတိုးရောဂါ)

အကြံပြုချက်

နိုင်ငံတကာတွင် Noise Population နှင့်ပတ်သက်၍ သုတေသနစာတမ်းပေါင်းများစွာ ရှိပြီး ၎င်းနှင့်သက်ဆိုင်သည့် ဥပဒေများကို ပြဌာန်းကျင့်သုံးလျှက် ရှိနေသည်။ အမေရိကန်နိုင်ငံတွင် ၁၉၇၂ခုနှစ်မှ စတင်၍ The Noise Pollution and Abatement Act of 1972 ကို ပြဌာန်းပြီး အများပြည်သူ ကျန်းမာရေးနှင့် သက်ဆိုင်သည့် ဆူညံသံထိန်းချုပ်ခြင်းဆိုင်ရာ လုပ်ငန်းများကို ယနေ့တိုင် ဆောင်ရွက်လျှက် ရှိသည်။ ခေတ်အခြေအနေအရ ရာနှုန်းပြည့် ထိန်းချုပ်နိုင်စွမ်းမရှိသော်လည်း ယနေ့မြန်မာနိုင်ငံတွင် အလားတူ ဥပဒေမျိုး ပြဌာန်း၍ လူနေအိမ်ယာရပ်ကွက်များတွင် ဖြစ်ပေါ်နေသော Noise Population များအား စနစ်တကျ စစ်တမ်းကောက်ယူပြီး ပြည်သူများ ကြုံတွေ့ခံစားနေရသည့် ဆူညံသံများအား အတိုင်းအတာတစ်ခုထိ လျှော့ပါးအောင် ကြိုးပမ်းဆောင်ရွက်စေလိုပါသည်။

ဘွရှင် 

နိုဝင်ဘာ ၂၉၊ ၂၀၁၅

0 comments:

Post a Comment