ပေါက်ကရ လေးဆယ်

Subscribe:

Saturday, December 26, 2015

ဥုံ ဒူ ဝေ ဝေ

ဤကာလ၌ ဝေဠုကျော်ကဲ့သို့သော အသက်နှင့်ရင်း၍ ကယ်ဆယ်ရေးလုပ်သူများသည် ရှိ၏။ ကင်မရာများကား အကြင်သူတို့အား မရိုက်။ ဝေဠုကျော်အားသာ ရိုက်ကြ၏။

ဤကာလ၌ ဝေဠုကျော်ကဲ့သို့သော ဆန်အိတ်ထမ်းသူများသည် ရှိ၏။ ကင်မရာများကား အကြင်သူတို့အား မရိုက်။ ဝေဠုကျော်အားသာ ရိုက်ကြ၏။
ဝေဠုကျော်သည် အနှီကင်မရာများထံ အရိုက်ခံရန်အလို့ငှာ အသက်ကိုမရင်း၊ ဆန်အိတ်ကိုမထမ်း၊ ရွံ့အပေခံခြင်းမဟုတ်။ သူ့အလုပ်သူလုပ်ခြင်းသာဖြစ်၏

ဓာတ်ရှင်မင်းသားအား အပြင်၌ အရှင်လတ်လတ်မြင်ရသော သူအပေါင်းတို့သည် ၎င်းအား နှစ်ထောင်းအားရစွာ ချီးကျူးလျှက် ဓာတ်ပုံရိုက်၍ ဖေ့ဘုတ်၌ တင်ကြလေကုန်၏။ Like ကြလေကုန်၏။ Share ကြလေကုန်၏။ မန့်ကြလေကုန်၏။

ထိုအခါ ဖေ့ဘုတ်၌ ကျက်စားကြကုန်သည့် ပရိဗိုဇ် ဆြာကြီးအပေါင်းတို့မှာ အနှီအချင်းအရာအား ဤသို့ ဝေဖန်သမှုပြုကြလေကုန်၏။ 

အဘယ်ကြောင့် ဝေဠုကျော်သည် ကြိုးစီး၍ ချောင်းအားဖြတ်ကူးရသနည်း။ အနတ္တဗရုတ်သုတ်ခကျမ်းလာ အဆိုအမိန့်အရ ဤသို့သော လိပ်နက္ခတ်နဲ့ ဖားနက္ခတ်ဆုံသည့်အချိန် ပထ၀ီဖောက်ပြန်၍ အာပေါဓာတ်လွန်သဖြင့် ရေကြီး၏။ ရေကြီးသည့်အကြောင်း ပြောဆိုကြဖန်များသော် ၀ါယောဓာတ်လွန်ကဲကာ ဖေ့ဘုတ်၌ ပို့စ်ပေါင်းများစွာ ပေါလောမြောကုန်ကြ၏။ အနှီပေါလောမြောလျှက် ရှိကြကုန်သော ပို့စ်များကို အကြောင်းပြု၍ တေဇောဓာတ်လွန်ကဲကာ ဒေါသမီးတောက်လောင်လျှက် ရှိကြကုန်၏။ ဝေဠုကျော်သည် ဤအခါသမယ၌ လောက၏ ကောင်းကျိုးအလို့ငှာ ကယ်ဆယ်ရေးလုပ်ခြင်းမဟုတ်၊ လောကအား ဆူပွက်စေရန် မသင့်လျော်သော အကြံအစည်ဖြင့် သရုပ်ဆောင်ပြခြင်းသာတည်း။

ခုနှစ်ရက်သားသမီးအပေါင်း သူတော်ကောင်းတို့သည် ဝေဠုကျော်ပုံများအား ခုနှစ်ရက်တိတိ ရှောင်ရှားကြပါကုန်လော့။ ဝေဠုကျော်ပုံပါသော ပြက္ခဒိန်သည် ယခုဆိုက်ရောက်နေသော ကပ်ဘေးဒုက္ခ၏ အဓိကတရားခံပင်တည်း။ ဗုဒ္ဓဟူးနာမ်အစဖြင့်ဖြစ်သော ဝေဠုကျော်၏ နာမသည် ဗုဒ္ဓဟူးနာမ်ဖြစ်သော ရေကိုဖိတ်ခေါ်လျှက်ရှိသည်။ သဗ္ဗေ ခပ်သိမ်းကုန်သော သတ္တာ သတ္တ၀ါအပေါင်းတို့သည် ရေကိုခေါ်သည့် ဝေဠုကျော်၏ နှောင့်ယှက်ခြင်းမှ ကင်းဝေးစေရန် ဤမန္တန်အား ရွတ်ဖတ်ကြပါကုန်လော့

ဥုံ ဒူ ဝေ ဝေ
ဥုံ ဆူသလေလေ
ဥုံ ငြိမ်ငြိမ်နေ 

ခိခိခိ

ဘွရှင် (သြဂုတ် ၇၊ ၂၀၁၅)

0 comments:

Post a Comment