ပေါက်ကရ လေးဆယ်

Subscribe:

Monday, April 16, 2012

မဏိမေခလာ စောင့်သည့်ကြိုး အပိုင်း(၃)နိဂုံးပိုင်း

မဏိမေခလာ စောင့်သည့်ကြိုး အပိုင်း(၃)နိဂုံးပိုင်း

ယနေ့ခေတ်မှာ ကျွန်တော်တို့အားလုံးရဲ့နေ့စဉ်ဘ၀မှာ အထောက်အကူအဖြစ်မသုံးမဖြစ် သုံးစွဲနေရတဲ့အရာတွေ၊ ၀န်ဆောင်မှုတွေ ရှိနေပါတယ်။ အဲဒီအရာတွေထဲမှာ သတင်းဆက်သွယ်ရေး ကဏ္ဍဟာလည်း တစ်ခုအပါအ၀င်ဖြစ်ပါတယ်။ အင်တာနက်လိုင်းတွေကြားမှာ နေ့ စဉ်နဲ့ အမျှ လိုက်ပါစီးမျှောရင်း လုပ်ဖော်ကိုင်ဖက်၊မိတ်ဆွေ၊သူငယ်ချင်း အချင်းချင်း အပြန်အလှန် အီးမေးလ်(အင်တာနက်ခေတ်ဦးက အီလက်ထရွန်းနစ်ချောစာလို့  ဘာသာပြန်သူတစ်ဦး သုံးနှုန်းသွားတာကို ပြန်သတိရမိပါတယ်) ပို့ ကြတာတွေ၊ အဝေးတမြေရောက်နေတဲ့ငယ်ကျွမ်းဆွေ ဒါမှမဟုတ် မိသားစုဝင်တွေနဲ့  Skype ကနေ စကားပြောကြတာတွေ၊ မတူညီတဲ့နေရာတွေဆီကနေ သက်ဆိုင်ရာပုဂ္ဂိုလ်တွေအင်တာနက်ပေါ်ကနေဗီဒီယိုနဲ ဆွေးနွေးပွဲတွေလုပ်ကြတာတွေ၊ အစည်းအဝေးထိုင်ကြတာတွေ၊ Youtube လိုမျိုး ဗီဒီယိုဝက်ဆိုက်တွေကနေ အပျင်းလည်းပြေ၊ ဗဟုသုတလည်းရ ၊ပေါက်ကရတွေလည်းပါတဲ့ ဗီဒီယိုအမျိုးအစားစုံစုံလင်လင်ကို အချိန်ရရင်ရသလို ၀င်ရောက်မွှေနှောက်ကြည့်ရှုတာတွေ၊ လေယာဉ်လက်မှတ် ကြိုတင်စာရင်းပေး မှာယူတာတွေ၊ ဘဏ်တွေဆီကို အင်တာနက်ပေါ်ကနေ အခကြေးငွေများများစားစား ပေးစရာမလိုပဲ ငွေအလွှဲအပြောင်းလုပ်ခြင်းစတဲ့အရာတွေဟာ အင်တာနက်ရဲ့အရေးပါတဲ့အစိတ်အပိုင်းတွေအနေနဲ ယနေ့ ခေတ်မှာလူတွေရဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးလျှက်ရှိနေပါတယ်။




ယနေ့ခေတ်မှာ အင်တာနက်အကြောင်းကို သိသလားလို့ လိုက်မေးရင် လူတိုင်းနီးပါးက" Yes" လို့ဖြေကြမှာပါ။ ဒါပေမယ့် အဲဒီလိုဖြေတဲ့လူတွေထဲမှာ မိတ်ဆွေပါနေမယ်ဆိုရင် မိတ်ဆွေဆီကို ကမ္ဘာ့တစ်ဖက်ခြမ်းကနေ Skype သုံးပြီးသူငယ်ချင်းတစ်ယောက်က ဆက်သွယ်တဲ့အခါ မိတ်ဆွေရဲ့ကွန်ပျူတာနဲ့ သူငယ်ချင်းရဲ့ကွန်ပျူတာကြားမှာ ဆက်သွယ်နေစဉ်ကာလအတွင်း သတင်းအချက်အလက်နဲ့ အချက်ပြမှုတွေ ဘယ်လောက်များများကို ထုတ်လွှင့်သွားတယ်ဆိုတာ မိတ်ဆွေသိပါသလား။
လူပြိန်းစကားနဲ့ပြောမယ်ဆိုရင်တော့ မလေးရှားနိုင်ငံကို ကမ္ဘာနဲ့ ရင်ဘောင်တန်းပြီး ဆက်သွယ်နိုင်ဖို့  ရေအောက်ကေဘယ်ကြိုးတွေကို သူ့နေရာနဲ့သူ ချထားတာပါ။ အင်တာနက်သုံးစွဲတာအထိုင်ကျနေပြီဖြစ်တဲ့ အမေရိက၊ဗြိတိန်နဲ့  ဟောင်ကောင်လိုမျိုး အာရှနိုင်ငံတွေမှာ သတင်းအချက်အလက်တွေကိုဖြန့်ဝေဖို့ ရေအောက်ကေဘယ်ကြိုးတွေကို အဓိကအသုံးပြုနေပါတယ်။ ယနေ့ကမ္ဘာမှာ လူပြောများနေတာကတော့ လေလှိုင်းကွန်ပျူတာကွန်ယက်စနစ် ဒါမှမဟုတ် ရွေ့လျားရုံးခန်းအကြောင်းပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီအရာတွေကိုအသုံးပြုနိုင်ဖို့ အတွက် ဒီစနစ်တစ်ခုလုံးရဲ့ အဓိကကျောရိုးဖြစ်တဲ့ နောက်ကွယ်က ရေအောက်ကေဘယ်ကြိုးတွေရဲ့ စွမ်းဆောင်မှုကို သိအောင်ကြိုးစားတဲ့လူနည်းပါတယ်။ ဒီအင်တာနက်သုံး ရွေ့လျားလုပ်ငန်းခွင်ကြီးကြပ်မှုစနစ်တစ်ခုဟာ မသိသာသလောက် အကျိုးသက်ရောက်မှုကြီးမားတယ်လို့ ဘယ်လိုပဲအမွှန်းတင်တင် အမှတ်A နဲ့ အမှတ် B ကြားမှာရှိတဲ့ နိုင်ငံနှစ်ခုကိုဆက်သွယ်ရမယ့် ဆက်သွယ်မှုစနစ်ဟာ နောက်ဆုံးမှာတော့ ရေအောက်ကေဘယ်ကြိုးတွေကို အားကိုးရတာပါပဲ။ ဒီသဘောတရားအတိုင်းပြောရမယ်ဆိုရင် International Private Leased Circuit(IPLC),International Ethernet Private Line(IEPL),Global Metro Ethernet, Internet Protocol Virtual Private Network(IPVPN) စတဲ့ဝန်ဆောင်မှုအားလုံးဟာ ရေအောက်ကေဘယ်ကြိုးတွေကို အားထားနေရတာပါ။ ဒါပေမယ့် ဒီအခြေအနေဟာ လူတွေရဲ့စိတ်ထဲက အပြည်ပြည်ဆိုင်ရာ သတင်းဆက်သွယ်ရေးစနစ်မှာ ဂြိုလ်တုကိုအဓိကအားကိုးနေရတယ်ဆိုတဲ့ ထင်မြင်ယူဆပြောဆိုနေကြတာကို မရှောင်လွှဲနိုင်သေးပါဘူး။ ကျွန်တော်တို့ ကုမ္ပဏီရဲ့ဆက်သွယ်မှုလမ်းကြောင်းမှာဆိုရင် ဂြိုလ်တုကိုအားကိုးရတဲ့ ပမာဏက ၁%ထက်တောင်နည်းပါသေးတယ်” လို့  Telekom Malaysia™ ရဲ့ Executive Vice-President Mohamad Rozaimy Abd Rahman ကပြောသွားပါတယ်။


တကယ်လို့  ခင်ဗျားလမ်းပေါ်ထွက်ပြီး ခုကမ္ဘာပေါ်မှာ သတင်းဆက်သွယ်ရေးကို ဘယ်လိုလမ်းကြောင်းမျိုးနဲ့  ချိတ်ဆက်လွှဲပြောင်းပေးနေသလဲလို့ လူတွေကိုလိုက်မေးကြည့်ရင် ဆယ်ယောက်မှာ ကိုးယောက်က ဂြိုလ်တုကနေတဆင့် ချိတ်ဆက်လွှဲပြောင်းပေးနေတာလို့ ဖြေကြဖို့များတယ်။လို့ John Hibbard ကပြောသွားပါတယ်။ John Hibbard ဟာ Hibbard Consulting ရဲ့ CEOဖြစ်ပြီးတော့ Submarine Cable industry ရဲ့ Specialist တစ်ယောက်လည်းဖြစ်ပါတယ်။
ဒီလိုမျိုးမသိနားမလည်ကြတာဟာ အံ့သြစရာမရှိပါဘူး။ဘာဖြစ်လို့လဲဆိုတော့ အင်တာနက်ကေဘယ်ကြိုးတွေဟာ တပ်ဆင်အသုံးပြုရတဲ့ လုပ်ငန်းသဘာဝအရ လူမြင်ကွင်းတွေမှာသိပ်မတွေ့ရပဲ ကုန်းမြေပေါ်မှာဆိုရင် မြေကြီးထဲမှာမြှုပ်ထားပြီးတော့ ပင်လယ်မြစ်ချောင်းတွေမှာဆိုရင်လည်း ဒီကြိုးတွေကို ရေအောက်ကြမ်းပြင်မှာ မြှုပ်ထားလို့ဖြစ်ပါတယ်။ ဒီနေရာမှာ လူအများစုမသိကြတဲ့ တကယ့်အမှန်တရားကတော့ အင်တာနက်ဆက်သွယ်ရေးရဲ့ ၉၉ရာခိုင်နှုန်းနီးပါးဟာ ဒီရေအောက် fibre optic cable တွေကို အသုံးပြုချိတ်ဆက် လွှဲပြောင်းပေးနေတယ်ဆိုတာပါပဲ။ ဒီလိုမျိုးအခြေအနေတွေကြောင့် ကေဘယ်တွေဟာ ပျက်စီးမှုရှိလို့ ပြန်လည်ပြင်ဆင်ဖို့လိုအပ်လာမှသာ လူမြင်ကွင်းကိုပြန်လည်ရောက်ရှိလာတာပါ။ အထူးသဖြင့် အရေအတွက် တော်တော်များများပျက်စီးသွားမှသာ အဲဒီကြိုးကိုပြန်လည်ပြင်ဆင်နိုင်ဖို့  ဆယ်ယူမှာဖြစ်ပါတယ်။ရေအောက်ကေဘယ်ကြိုးလုပ်ငန်းကို လုပ်ကိုင်လာတာ နှစ်ပေါင်းလေးဆယ်ရှိပြီတဲ့ John Hibbard ရဲ့အတွေ့အကြုံဖြစ်ပါတယ်။
ရေအောက်ဆက်သွယ်ရေးကြိုးဆိုတာ fibre optic cable ဖြစ်ပြီးတော့ ကုန်းမြေပေါ်ကဆက်သွယ်ရေးစခန်းတွေ တစ်ခုနဲ့တစ်ခုအကြား ပေးပို့လိုတဲ့ သတင်းဆက်သွယ်ရေးဆိုင်ရာ အချက်အလက်ပေါင်းများစွာကို သယ်ဆောင်ဖို့ အတွက် သမုဒ္ဓရာလမ်းကြောင်းတွေကိုဖြတ်ပြီး ရေအောက်ကြမ်းပြင်မှာချထားတဲ့ကြိုးတွေဖြစ်ကြပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း၁၅၀ခန့်ကနေ ခုချိန်ထိ တစတစပြောင်းလဲတိုးတက်လာတဲ့ ရေအောက်ဆက်သွယ်ရေးကြိုးတွေရဲ့ ပထမဆုံးအသုံးပြုတဲ့ ရေအောက်ဆက်သွယ်ရေးကြိုးကတော့ လန်ဒန်နဲ့ ပဲရစ်မြို့ကိုဆက်သွယ်ဖို့ အင်္ဂလန်နဲ့ပြင်သစ်နိုင်ငံကြားက ရေလက်ကြားမှာချထားခဲ့တဲ့ ကြေးနီကိုအခြေခံပြီးပြုလုပ်ထားတဲ့ တယ်လီဖုန်းကြိုးပဲဖြစ်ပါတယ်။ မျက်မှောက်ခေတ် fibre optic cable တွေဟာ လျှင်မြန်တဲ့ကြိမ်နှုန်နဲ့ ဒစ်ဂျစ်တယ်အချက်အလက်တွေ၊ အသံလှိုင်းအချက်ပြစနစ်တွေကို လက်ခံနိုင်ပြီး ကြိုးအတွင်းမှာပါရှိတဲ့ ဖန်မျှင်တွေတလျှောက် လွှဲပြောင်းပေးပါတယ်။ အသံနဲ့သတင်းအချက်အလက်တွေကို fibre optic cable နဲ့ပို့ဆောင်တာဟာ ဂြိုလ်တုကိုသုံးစွဲတာထက် စရိတ်စကသက်သာရုံတင်မကပဲ အချက်အလက်အမြောက်အမြားကို ပို့ဆောင်တဲ့နေရာမှာ ပိုပြီးမြန်ဆန်ပါတယ်။

ပထမဆုံး ရေအောက်တယ်လီဖုန်းကြိုးချထားရေး အလုပ်ရုံဆွေးနွေးပွဲ
Fibre Optic Cable

                     ဆက်သွယ်မှုလှိုင်းအားနည်းသွားခြင်း (because of long distance, environment noise, etc...) နည်းတာရယ်၊ ကြားဖြတ်အနှောက်အယှက်ကို သိနိုင်တာရယ် ကြောင့် Fibre Optic Cable က အကွာအဝေးရှည်လျားတဲ့ applications တွေအတွက် ဦးစားပေးရွေးချယ်တဲ့ နည်းပညာတစ်ခု ဖြစ်လာပါတယ်၊ အဲဒီမှာ Fibre Optic Cable  ကို သုံးတာဟာ ကေဘယ်စဆင်တဲ့စရိတ်အပါအဝင် များပြားလှတဲ့
ကုန်ကျစရိတ်ကို ချိန်ညှိဖို့ သူတို့ရဲ့ လှိုင်းပို့လွှတ်မှု စွမ်းရည်ကို အပြည့်အဝ အသုံးချနိုင်ပါတယ်။ International Telecommunication Union(www.itu.int) ရဲ့အဆိုအရ ရေအောက်ကေဘယ်ကြိုးတွေဟာ ကမ္ဘာ့သတင်းဆက်သွယ်ရေးကွန်ယက်(ICT) အခြေခံအဆောက်အုံအတွက် အရေးပါတဲ့ အစိတ်အပိုင်းတွေဖြစ်ကြပါတယ်။ ယခုအချိန်မှာ ရေအောက်ကေဘယ်ကြိုးတွေရဲ့ ရှုပ်ထွေးတဲ့ကွန်ယက်စနစ်ကိုဖြတ်ပြီး အန္တာတိကတိုက်ကလွဲလို့ ကျန်တဲ့တိုက်ကြီးတွေနဲ့ အဓိကကျွန်းကြီးတွေဟာ တစ်ခုနဲ့တစ်ခု ချိတ်ဆက်သွယ်ပြီးပြီဖြစ်ပါတယ်။ ကမ္ဘာကြီးကိုရွာကြီးတစ်ရွာလိုမျိုးဖြစ်အောင်ဖန်တီးဖို့အတွက် ကုန်စည်ရောင်းဝယ်ဖောက်ကားခြင်းနဲ့ သတင်းအချက်အလက်တွေကိုဖြန့်ဖြူးပေးဖို့ မပျက်စီးနိုင်တဲ့အခြေခံအဆောက်အအုံတွေအဖြစ် ပင်လယ်ထဲမှာချထားတဲ့ ရေအောက်ကေဘယ်ကြိုးတွေရဲ့အလျားပမာဏဟာ ယခုအချိန်မှာ ကီလိုမီတာပေါင်းတစ်သန်းကျော်လောက်အထိ တည်ရှိနေပြီဖြစ်ပါတယ်။ (visit  submarinecablemap.com)။ဒီလိုမျိုး ကမ္ဘာ့ရွာအနေအထားမှာ ကွန်ယက်တစ်ခုအနေနဲ့ ချိတ်ဆက်ပြီးအလုပ်လုပ်မယ်ဆိုရင်တော့ အားကိုးအားထားပြုရမယ့်အရာဟာ ရေအောက်ကေဘယ်ကြိုးတွေထက်အပြင် တခြားမရှိနိုင်ပါဘူး။
                      ၁၉၉၀ကတည်းက optical-amplification system ဟာစီးပွားရေးလုပ်ငန်းသုံးအဖြစ် လုပ်ကိုင်ခွင့်ရရှိခဲ့ပြီး သတင်းဆက်သွယ်ရေးလုပ်ငန်းဟာ မြို့တွင်းနဲ့ သမုဒ္ဓရာဖြတ်ဖိုင်ဘာဆက်သွယ်ရေးလိုင်းတွေရဲ့ ကျယ်ပြန့်တဲ့ကွန်ယက်စနစ်ကို လုံးလုံးလျားလျားမှီခိုအားထားနေရပါတယ်။၂၀၀၂ခုနှစ်မှာ ကမ္ဘာ့တိုက်ကြီးတွေအကြား ဖြတ်သန်းဆက်သွယ်တဲ့ကွန်ယက်စနစ်မှာ capacity 2.56Tb/s(Terabits per second)ရှိတဲ့ ရေအောက်ကေဘယ်ကြိုးအရှည်စုစုပေါင်း ကီလိုမီတာနှစ်သိန်းခွဲတိတိ ချထားနိုင်ခဲ့ပြီးတော့ သတင်းဆက်သွယ်ရေးနည်းပညာဆိုင်ရာ လေ့လာမှုမှတ်တမ်းများမှာ ပြထားတာကတော့၂၀၀၄ခုနှစ်ကတည်းက ကမ္ဘာ့ဆက်သွယ်ရေးကွန်ယက်စနစ်ရဲ့ ပမာဏဟာ တစစတိုးလာခဲ့တယ်လို့သိရပါတယ်။ ဒီနေရာမှာ ဘယ်လောက်ပမာဏအထိတိုးလာတယ်ဆိုတာကိုတော့ တချို့နေရာတွေမှာလျှို့ဝှက်ထားတဲ့အတွက် မသိရပါဘူး။ ခုချိန်မှာ မလေးရှားနိုင်ငံသတင်းဆက်သွယ်ရေးကဏ္ဍအနေနဲ့ ကမ္ဘာတ၀ှမ်းနဲ့ဆက်သွယ်တဲ့နေရာမှာ ပြည့်စုံတဲ့အနေအထားကို ရောက်ရှိပြီးဖြစ်သလို သြစတြေးလျှ၊ဂျပန်၊ဗီယက်နမ်၊တောင်ကိုရီးယားနဲ့ တခြားနိုင်ငံတွေနဲ့ ဆက်သွယ်ရေးကွန်ယက်စနစ် တိုးချဲ့ဆောင်ရွက်ပြီးဖြစ်ပါတယ်။ မလေးရှားနိုင်ငံရဲ့ ပြည်တွင်းဆက်သွယ်ရေးအဓိကလုပ်ငန်းတစ်ခုဖြစ်တဲ့  Time dotCom(TIME) ရဲ့အဆိုအရ-
“ copper based ဒါမှမဟုတ် hybrid networks တွေနဲ့နှိုင်းယှဉ်ကြည့်မယ်ဆိုရင် fibre optic cable တွေဟာ သူနဲ့အရွယ်အစားချင်းတူညီတဲ့ကြေးနီကေဘယ်ကြိုးတစ်ချောင်းသယ်ပို့နိုင်တာထက် သတင်းအချက်အလက်တွေကို အကြိမ်တစ်ထောင်မက ပိုပြီးသယ်ပို့နိုင်ပါတယ်။ သယ်ပို့ပေးနိုင်တဲ့အရာတွေထဲမှာ ဥပမာ file sharing,downloading of high definition(HD) content,lag-free vedio conferencing စတဲ့အရာတွေပါဝင်နေသလို ရုပ်သံတိုက်ရိုက်ထုတ်လွှင့်တာမျိုးလို အချိန်နဲ့အတိအကျလုပ်ဆောင်ရတဲ့ ဖျော်ဖြေရေးအစီအစဉ်တွေကို bandwidth interruption မရှိပဲ လူတွေဆီကိုအရောက်ပို့ဆောင်ပေးနိုင်တာမျိုးတွေဟာ fibre optic cable ရဲ့ အားသာချက်တွေဖြစ်ပါတယ်။ ဒီကေဘယ်ကြိုးတွေရဲ့ စွမ်းဆောင်နိုင်မှု ဘယ်လောက်ရှိတယ်ပြောပြော ဂြိုလ်တုဆီကနေလွှင့်ရတဲ့လုပ်ငန်းတစ်ခုကတော့ ကောင်းကင်ပြာကြီးရဲ့အောက်မှာ နေရာတစ်ခုတော့ရှိနေအုန်းမှာပါပဲ။



                  ဂြိုလ်တုတွေဟာ ကမ္ဘာလုံးဆိုင်ရာ ရုပ်သံလွှင့်အစီအစဉ်တွေနဲ့ ဆက်သွယ်ရေးကိစ္စတွေအတွက် လူနေကျဲပါးပြီး ကေဘယ်ကြိုးဆက်သွယ်ထားတာ မရှိတဲ့ဒေသတွေ ဒါမှမဟုတ် ကေဘယ်ကြိုးတွေတပ်ဆင်ချထားဖို့ စီးပွားရေးအရတွက်ခြေမကိုက်တဲ့ နေရာတွေမှာသုံးစွဲနိုင်အောင် စွမ်းဆောင်ပေးနိုင်ပါတယ်။ ကေဘယ်ကြိုးလုံးဝမရှိတဲ့နေရာမှာ ဘယ်လိုလုပ်မလဲလို့မေးလာရင် cellular network ချိတ်ဆက်ထားတဲ့ moblie broadband ကိုသုံးစွဲခြင်းဟာအဖြေပါပဲ။ဥပမာပြောရရင် လူနေကျဲပါးလှတဲ့ Sabah နဲ့ Sarawak ဒေသရဲ့အစိတ်အပိုင်းနေရာတော်တော်များများမှာ ၊ အထူးသဖြင့်အတွင်းပိုင်းကျတဲ့နေရာမျိုးတွေမှာ  အသင့်လျှော်ဆုံးဝန်ဆောင်မှုကတော့ wireless broadband ဒါမှမဟုတ် ဂြိုလ်တုကနေလွှင့်တဲ့(Satellite-based-services) မျိုးကို အသုံးပြုတာအကောင်းဆုံးပါပဲ။ ဒီဒေသတွင်း ဝေးလံသီခေါင်တဲ့နေရာတွေမှာ တည်ရှိနေတဲ့ စာသင်ကျောင်းရာပေါင်းများစွာဟာ SchoolNet( a satellite-based narrowband internet services) ကိုအသုံးပြုနေရပါတယ်။

                         ပြီးတော့ ဂြိုလ်တုသုံးဆက်သွယ်ရေးစနစ်ဟာ သဘာဝဘေးအန္တရာယ်တွေ ကျရောက်နေတဲ့ဒေသတွေနဲ့ အဲဒီနေရာမှာပျက်စီးသွားတဲ့ ရေအောက်ကေဘယ်ကြိုးတွေကို ရက်ပေါင်းများစွာပြန်လည်ပြင်ဆင်ဖို့လိုအပ်နေတဲ့အခါမျိုးမှာ ဆက်သွယ်ရေးအတွက် ထိထိရောက်ရောက် အထောက်အကူပေးနိုင်ပါတယ်။ Jhon Hibbard ပြောတာက-
ကေဘယ်ကြိုးတွေရှိနေပြီးသားနေရာမှာ ဂြိုလ်တုက အရံစနစ်ဖြစ်ပါတယ်။ ဒီလုပ်ငန်းနှစ်ခုဟာ ပြိုင်ဖက်တွေမဟုတ်ကြပါဘူး။ တစ်ခုရဲ့လိုအပ်ချက်ကို တစ်ခုကဖြည့်စွက်ပေးတဲ့ ၀န်ဆောင်မှုမျိုးပဲဖြစ်ပါတယ်။
                        မြင်ရသည်ဖြစ်စေ၊မမြင်ရသည်ဖြစ်စေ တစ်နေ့တခြား ပေါက်ကွဲထွက်လောက်အောင် ကြီးထွားလာတဲ့ အင်တာနက်သုံးစွဲမှုတွေကြောင့် လုပ်ငန်းလိုအပ်ချက်အရ ရေအောက်ကေဘယ်ကြိုး ထပ်မြှုပ်ရတာတွေ ဒါမှမဟုတ် ကြိုးဟောင်းတွေနေရာမှာ ကြိုးအသစ်တွေနဲ့ လဲလှယ်ရတာမျိုးတွေကို ဆက်လက်လုပ်ဆောင်နေရအုန်းမှာပါပဲ။ အာရှပစိဖိတ်ဒေသဟာ အင်တာနက်သုံးစွဲမှုတွေအတွက် တိုးပွားလာနေတဲ့လိုအပ်ချက်ကိန်းဂဏန်းတွေကို ကြုံရပြီးတဲ့နောက်ပိုင်းမှာ သတင်းဆက်သွယ်ရေးစနစ်ဖွံ့ဖြိုးမှုအတွက် အဓိကနေရာဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ Internet World Stats ရဲ့စစ်တမ်းကောက်ယူချက်အရ အာရှဒေသအင်တာနက်သုံးစွဲသူဦးရေဟာ ၂၀၀၀ခုနှစ်ကနေ ၂၀၁၁ခုနှစ်ထိကာလအတွင်းမှာ သုံးစွဲသူဦးရေ ၁၁၄သန်းကနေ  ၉၂၂သန်းအထိတိုးတက်လာတာကိုတွေ့ရပါတယ်။ content delivering,file sharing,cloud computing စတဲ့ဝန်ဆောင်မှုတွေ၊ အံ့အားသင့်ဖွယ်နှုန်းထားနဲ့တိုးတက်များပြားလာနေတဲ့ data centres တွေနဲ့အတူ ရေအောက်ဆက်သွယ်ရေးကွန်ယက်စနစ်ရဲ့ အရေးပါမှုဟာလည်း တိုးတက်လာရမှာဖြစ်ပါတယ်။ ကေဘယ်လုပ်ငန်းမှာကြုံတွေ့နေရတဲ့ အဓိကစိန်ခေါ်မှုကတော့ ကမ်းခြေစခန်းတစ်ခုနဲ့တစ်ခုကြားထဲမှာ ကြိုးတွေဆီကနေပို့ဆောင်ပေးမယ့် အချက်အလက်ပမာဏ gigabits and terabits တွေအထိ ရွေ့လျားတဲ့နေရာမှာ ကြားမှာ speed bump တွေ မဖြစ်နိုင်အောင် လိုအပ်တဲ့အစီအမံတွေ လုပ်ဆောင်နိုင်ဖို့ပဲဖြစ်ပါတယ်။
                         ယခုအချိန်ကနေစပြီး  နောက်ဆယ်စုနှစ်ပေါင်းများစွာကြာတဲ့အခါ လူတွေရဲ့နေ့စဉ်ဘ၀တွေမှာ အစစအရာရာအဆင်ပြေချောမွေ့အောင် ဖန်တီးပေးနိုင်ဖို့ အတွက် အဏ္ဏ၀ါကြမ်းပြင်ရဲ့ ရင်ခွင်ကြားမှာ ခုထက်ပိုပြီး ရှုပ်ရှက်ခတ်နေရတဲ့ မဏိမေခလာရဲ့ ကြိုးတွေကို တွေ့မြင်ရအုန်းမှာ အသေအချာပါပဲ။




http://www.globalmarinesystems.com/images/upload/File/Star-Article-Subsea-Cabling-Global-16Jan2012.pdf မှဆောင်းပါးရှင် Meng Yew Choong ၏ Global Link ဆောင်းပါးအား တိုက်ရိုက်ဘာသာပြန်ဆိုသည်။

                                                                                                                                                                                                                                                                                                                                                                                                                                                  ငချွန်းယေ(၁၃၊၂၊၂၀၁၂)

မှတ်ချက်။
ပညာရှင်မဟုတ်ပါ။ဆရာကြီးမဟုတ်ပါ။ဘာသာပြန်စာရေးဆရာမဟုတ်ပါ။ ဘာသာပြန်လေ့ကျင့်နေသူတစ်ဦးသာဖြစ်ပါသည်။ထို့ကြောင့် သိလိုသည်များကို လာရောက်မေးမြန်းလျှင် စိတ်တိုင်းကျအောင် ဖြေဆိုပေးနိုင်လိမ့်မည် မဟုတ်ပါ။ဖတ်ရှု၍ စိတ်တိုင်းမကျစရာများ ပါရှိနေပါလျှင် မူရင်းလင့်တွင် ၀င်ရောက်ဖတ်ရှုနိုင်ပါသည်။ စိတ်တိုင်းကျလျှင် မည်သူမဆို ခွင့်မတောင်းပဲ ယူငင်သုံးစွဲနိုင်ပါသည်။ စုံစမ်းမေးမြန်းခြင်း သည်းခံပါ။..ဟီး..ပြောင်ရှင်း..မင်းပိုင်သကွာ..ပိတ်ကရောပဲ..ခိခိ
(နောက်တစ်ကြိမ် ဒါလေးတဆိတ်ဘာသာပြန်ပေးပါဟု ကမ်းလှမ်းလာလျှင် ထွက်ပြေးမည်ဖြစ်ကြောင်း ဤမူရင်းဆောင်းပါးကို လာပေးသူအား သိစေအပ်ပါသည်...:p )

0 comments:

Post a Comment