ပေါက်ကရ လေးဆယ်

Subscribe:

Wednesday, April 25, 2012

လူ့အခွင့်အရေးနှင့် အမျိုးသားရေး (သရော်စာ)


လူ့ အခွင့်အရေးကို ဦးစားပေးသင့်သလား၊ အမျိုးသားရေးကို ဦးစားပေးသင့်သလား


ဒီရက်ပိုင်း အင်တာနက်သုံးတိုင်း တွေ့နေရတဲ့ post တွေကြောင့် ခေါင်းထဲမှာ မေးခွန်းတစ်ခု အလိုလို ရောက်လာပါတယ်။ ကိုယ်တွေးတဲ့မေးခွန်းကို ကိုယ့်ဘာသာကိုယ် ပြီးပြည့်စုံအောင် ဖြေနိုင်ဖို့ လုံလောက်တဲ့ ဗဟုသုတကလည်း မရှိလေတော့ ခုရေးနေတဲ့ အချိန်ထိလည်း တွေးနေဆဲပါပဲ။ နှစ်ပေါင်းနှစ်ဆယ်ကျော် သုံးဆယ်နီးပါးကာလကို ဖြတ်သန်းပြီးတဲ့အထိ လူ့အခွင့်အရေးဆိုတဲ့ အသံတွေကို နားမဆန့်အောင် ကြားဖူးခဲ့သလို အမျိုးသားရေးဆိုတဲ့ ဟာတွေကိုလည်း ဦးနှောက်နဲ့ မဆန့်အောင် သင်ကြားမှတ်သားခဲ့ရပါတယ်။ အဲဒီနေရာမှာ အမျိုးသားရေးဆိုတဲ့ စကားလုံးကို အများဆုံး သုံးခဲ့တာက ကျွန်တော့်တစ်သက်နီးပါး ခုချိန်ထိ လူချစ်လူခင် အင်မတန်ပေါတဲ့ အာဏာပိုင် အဖွဲ့အစည်း ယူနီဖောင်း ၀တ်/ချွတ်တွေ ဖြစ်ကြပြီး လူ့အခွင့်အရေးဆိုတဲ့ စကားလုံးကို  မြစ်ဆိပ်မှာ အ၀တ်လျှော်သလို ပေါပေါများများ သုံးစွဲတတ်တာက ပြည်တွင်းပြည်ပ အတိုက်အခံ နိုင်ငံရေးသမားများနဲ့ နိုင်ငံခြားအခြေစိုက် မြန်မာဘာသာနဲ့ ထုတ်လွှင့်တဲ့ မီဒီယာတွေ ဖြစ်ကြပါတယ်။
အဲဒီအသုံးအနှုန်းနှစ်ခုက ကျွန်တော် ဒီအသက်အရွယ်ထိ ခေါင်းထဲမှာ ဘီအီးနဲ့ဘီယာ ရောသောက်သလို ဘယ်ဟာက ပိုကောင်းလို့ ကောင်းမှန်းမသိ ဖြစ်နေပါတယ်။
 ဒီနှစ်ထဲမှာ ကျွန်တော်တို့နိုင်ငံမှာ ထူးထူးဆန်းဆန်းတွေ တော်တော် မြင်လာရပါတယ်။ အရင်ဇာတ်ထဲမှာသာ ကြားဖူးတဲ့ အမတ်ဆိုတာတွေကို အကောင်လိုက်ကြီး မြင်လာရပါတယ်။ လိုအပ်တာများကို အမြဲတစေမှာစားပြီး အမြဲတမ်းစားပြီး နားမလည်တဲ့ အစိုးရက ပထမဦးဆုံးအကြိမ် မြစ်ဆုံရေကာတာ စီမံကိန်းဆိုတဲ့ဟာ ရွှေ့ဆိုင်းခြင်းဆိုတဲ့စရံကို ပြည်သူတွေလက်ကို ထူးထူးဆန်းဆန်း ထည့်ပေးတာမျိုးတွေ လုပ်ပြလာတာမျိုးတွေ တွေ့လာရပါတယ။် ၁၉၉၀ရလာဒ်ကို အမြဲ ကိုင်စွဲပြီး တိုက်ပွဲဝင်ခဲ့တဲ့ NLD ကလည်း ရွေးကောက်ပွဲပြန်ဝင်ဖို့ ရိပ်ဖမ်းသံဖမ်းလေးတွေ ပြောလာတာ တွေ့နေရပါတယ်။ အဆိုးလား အကောင်းလား မကွဲပြားသေးပေမယ့် မြန်မာပြည်ကြီး ပြောင်းလဲတာတော့ ပြောင်းလဲနေပါပြီ။ ထောင်ထဲက လူတွေလည်း တပြုံကြီး ပြန်လွတ်လာကြပါတယ်။  ဧရာဝတီအောင်ပွဲရဲ့ နောက်ပိုင်း လူတိုင်းပီတိဖြစ်ခဲ့ရတဲ့ အချိန်လေးပါ။ လွတ်လပ်ရေး ရပြီးကတည်းက မလွတ်လပ်လို့ မတည့်ကြတဲ့ လူမျိုးစုတွေကြား ဧရာဝတီလှုပ်ရှားမှုမှာ အမျိုးသားရေးနဲ့ ပတ်သက်ပြီး စည်းစည်းလုံးလုံး ဖြစ်ခဲ့ကြတာကို ဒီတစ်ခါပဲတွေ့ဖူးပါတယ်။  အဲဒီတုန်းက မြစ်အခွင့်အရေးဆိုတော့ လူ့အခွင့်အရေးသမားတွေလည်း တက်တက်ကြွကြွပေါ့လေ။ တကယ့်ကို ပျော်စရာပွဲကြီးပေါ့။  ကဲလာပြန်ပြီ နောက်တစ်ပွဲ ရိုဟင်ဂျာတဲ့။ ဒီပွဲကတော့ နယ်နယ်ရရပွဲတော့ မဟုတ်ဘူးဗျ။ နိုင်ငံခြားကနေ စတင်တင်ဆက်လိုက်တာ။ ပွဲစီစဉ်သူ BBC ပေါ့။ အဲဒီမှာ စတွေ့ကြတာပါပဲ။ စောစောက ကျွန်တော်ပြောခဲ့ပါတယ်။ မြန်မာပြည် ပြောင်းလဲနေပါပြီလို့။ အဲဒီစကားကို လူ့အခွင့်အရေးသမားတွေက ငြင်းကြတယ်ခင်ဗျ။ ခေတ်ပြောင်းလာပေမယ့် လူတွေရဲ့စိတ်ထဲမှာ အာဏာရှင်စနစ်ရဲ့ လွှမ်းမိုးမှုတွေ မပျောက်သေးဘူးတဲ့။ သူတို့ပြောတာည်း မမှားဘူးဗျ။ ခုချိန်ထိ အစိုးရနဲ့ ဆက်သွယ်လုပ်ရတဲ့ အလုပ်တွေမှာ လာဘ်ပေးလာဘ်ယူက ရိုးရာဖြစ်နေသေးတယ်လေ။ ဒါပေမယ့် သူတို့က ဒီရိုဟင်ဂျာ ကိစ္စမှာလည်း ဒီစကားပဲ ခံတွင်းတွေ့နေလို့လားမသိဘူး၊ ထပ်ခါတလဲလဲ ဆက်ပြောနေကြတယ်။ အဲဒီတော့ သူတို့ကို ကျွန်တော် ပါးစပ်ဟောင်းလောင်းဖြစ်အောင် အံ့အားသင့်ရတဲ့ အပြောင်းအလဲ တစ်ခုအကြောင်း ပြောပြချင်ပါတယ်။ဟိုအရင်တုန်းက မြန်မာပြည်က မီဒီယာတွေမှာ မမြင်ချင် မကြားချင်မှအဆုံး အမြဲပါလာတတ်တဲ့ ဘယ်သူမှလည်း စိတ်မ၀င်စားတဲ့ အစိုးရရဲ့ဆောင်ပုဒ်တွေ၊ မူဝါဒတွေကို ပြည်သူတွေက ဒီရိုဟင်ဂျာဆန့်ကျင်ရေးမှာ လိုလိုချင်ချင်ကြီးကို ကိုင်စွဲလာကြတယ်။ နောက်ပြီး ပြည်ပရောက် အတိုက်အခံတွေနဲ့ အမြဲတစေ ရန်တွေဖြစ်နေတတ်တဲ့ အစိုးရ မီဒီယာ သေနင်္ဂဗျူဟာရဲ့ ဗျူဟာမှူးတွေဖြစ်ကြတဲ့ ရုရှရောက် ပြည်သူ့ချဉ်ဖတ် အရာရှိငယ်တွေကလည်း ပြည်သူချစ်တဲ့ စစ်သားကြီးတွေအဖြစ် မားမားမတ်မတ်ရှေ့ဆုံးတန်းက ပါလာကြတယ်။ မြန်မာပြည်ကို ဒီတသက် ခြေဦးမလှည့်ပါဘူးဆိုပြီး တတိယနိုင်ငံတွေမှာ ဒုက္ခသည်အဖြစ် ရောက်ရှိအခြေချသွားကြတဲ့ လူတွေကလည်း ဒီနိုင်ငံကို သူတို့ဘယ်လောက် မြတ်နိုးတယ်ဆိုတာ ပြလာကြတယ်။ နိုင်ငံရေးဆိုတာကို နိုင်ငံရေးလို့ အသံထွက်တယ် ဆိုတာကလွဲရင် ဘာမှပိုပြီး နားမလည်တဲ့ နိုင်ငံခြားရောက် နေ့စားအလုပ်သမားတွေလည်း ပါလာတယ်။ နိုင်ငံရပ်ခြားမှာ အဆင့်မြင့်မြင့်ရာထူးတွေ ပိုင်ဆိုင်ထားကြပေမယ့်  မြန်မာမို့လို့ အနှိမ်ခံရတဲ့အတွက် မြန်မာဖြစ်ရတာကို စိတ်နာနေတဲ့ ပညာတတ် လူတန်းစားတွေလည်း ပါလာကြတယ်။ နောက်ပြီး ဒုက္ခသည်စခန်းမှာ ဟိုကခေါ်နိုး၊ ဒီကခေါ်နိုး မျှော်တကိုးကိုးနဲ့ မြန်မာပြည် လုံးဝမပြန်ချင်တဲ့ ဒုက္ခသည်တွေလည်း ပါလာကြတယ်။ အံ့သြစရာမကောင်းဘူးလားဗျာ။ အဲဒီမှာ ကျွန်တော့်အဖေ ပြောဖူးတဲ့ စကားလေးတစ်ခွန်း သွားသတိရတယ။် မင်းတို့ကိုမုန်းတယ်ဆိုတာ သူများကို အရမ်းချစ်တယ် ဆိုတာလောက်ရှိတယ်တဲ့။မှန်တာပြောရင် သစ္စာပါ။ ကျွန်တော်တို့အချင်းချင်း လုံဝမတည့်ကြပါဘူး။ နှစ်ပေါင်း တော်တော်ကြာခဲ့ပါပြီ။ တကယ်တော့ ပဋိပက္ခဆိုတာ နီးစပ်တဲ့လူအချင်းချင်း ဖြစ်တတ်တဲ့သဘာဝပါ။ ဒီလိုပဲတွေးမိပါတယ်။ တစ်ခုမေးချင်တာက ကျွန်တော်တို့အချင်းချင်း တကယ်မုန်းသွားကြပြီလား။ ရခိုင်အများစု ဗမာကို နာကြဉ်းပါတယ်။ နာကြဉ်းစရာအတိတ်လည်း ရှိပါတယ်။ နာလဲနာကြဉ်းသင့်ပါတယ်။ ဒါပေမယ့် ခုနေဗမာကမေးမယ်။ ရခိုင်တွေကို မဟာမြတ်မုနိပြန်ပေးမယ်။ ကုလားတွေနဲ့ အတူတူနေမလားလို့။ ဟဲဟဲ အဲဒီလိုမေးတဲ့ဗမာကို ရခိုင်ကဘာပြန်ပြောမလဲ။ ပြောမယ့်စကားက ဆဲတာနဲ့စမှာတော့ သေချာတယ်။ ခက်တာကလည်း အဲဒီပြဿနာက ဗမာတချို့လုပ်ခဲ့တာ။ ဒါပေမယ့် ဒီပြဿနာမှာ ရိုဟင်ဂျာဆန့်ကျင်တဲ့ဗမာကို ရခိုင်က ကန့်ကွက်မလား။ ဧရာဝတီတုန်းကတော့ သူတို့နဲ့ဘာမှမဆိုင်ပေမယ့် ကန့်ကွက်ခဲ့တဲ့ ရခိုင်တွေရှိတယ်။ နောက်ပြီး ရှမ်း သူတို့နဲ့ ဘင်္ဂလားဒေ့ရှ် တော်တော်ဝေးတယ်နော်။ ဒါပေမယ့် သူတို့လည်း ကန့်ကွက်တယ်။ လူ့အခွင့်အရေးကို တကယ်ချိုးဖောက်ခံနေရတဲ့ လူတွေက လူ့အခွင့်အရေးဆိုတာ နားမလည်ဘူးဆိုတာရော ဖြစ်နိုင်ပါ့မလား။ အဲ နောက်ပြီး ချင်းတွေ ကချင်တွေကို လှည့်မေးကြည့်ရအောင်။ သူတို့က ခရစ်ယာန်တွေ။ ရခိုင်တွေရဲ့ ဗုဒ္ဒဘာသာနဲ့ သူတို့နဲ့ ဘာမှမဆိုင်ဘူး။ သူတို့ရော သူတို့နယ်မြေမှာ ဒီရိုဟင်ဂျာတွေကို welcome လုပ်နိုင်ပါ့မလား။ ကဲ ခုလို တစ်ယောက်နဲ့ တစ်ယောက် ရန်ကြွေးကိုယ်စီ အပြန်အလှန်တင်နေကြတဲ့ လူမျိုးတွေက ကျောချင်းကပ်ပြီး ပွဲထွက်လာကြပါပြီ။ ဒီအချိန်မှာ ဇာတ်ဆရာ အစိုးရကလည်းငြိမ်နေတယ်။တုတ်တုတ်ကိုမလှုပ်ဘူး။ ခေါင်းဆောင်မင်းသမီးတွေဖြစ်ကြတဲ့ နိုင်ငံခြား မီဒီယာ တွေကလည်း ငုတ်တုတ်။ ဇာတ်ဆရာအလိုကျ လိုက်ပြောပေးရတဲ့ ပြည်တွင်းမီဒီယာ လူရွှင်တော်တွေကလည်း ဇာတ်ခုံပေါ်မှာ ဟိုငေးဒီငေး။ ခေတ်ပေါ်စတိတ်ရှိုးထွက်ပေးဖို့ တချက်တချက် ဇာတ်ခုံထောင့်က လှမ်းအော်နေတဲ့ နိုင်ငံခြားရောက် ပညာရှင်ဆိုသူတွေကလွဲရင် ကျန်တဲ့ တိုင်းရင်းသားရိုးရာ ဆိုင်းဝိုင်းကြီးက ပတ်မသာ အခါခါတီးနေရတယ်၊ ဇာတ်ကရုပ်လုံးကြွမလာသေးဘူး။ ခက်တာက သာမန်လူတန်းစား ဆိုင်းဆရာနဲ့ နောက်ထတွေက တီးသာတီးနေရတယ်၊ နိုင်ငံရေးဆိုတာ ဘယ်လိုတေးသွားလဲ ဆိုတာကို ဂဃနဏ နားလည်တာ မဟုတ်ဘူး။ အဲဒီတော့ အောက်ကလူတွေက တွေးမိတယ်။ ငါတို့များ မှားနေသလားပေါ့လေ။ နိုင်ငံရေး ဗဟုသုတက နည်းတာကိုးဗျ။ လောလောဆယ်တော့ ဟိုဘက်ဇာတ်ရုံမှာ လူ့အခွင့်အရေး စတိတ်ရှိုးသံတွေက ညံနေပြီ။ နားထောင်လို့တော့ ကောင်းပါတယ်။ ဒါပေမယ့် အဲဒါကြီးကို ရိုးရာဇာတ်သဘင် ဆိုင်းဘုတ်အောက်မှာ ရုံသွင်းလို့ အဆင်ပြေပါ့မလား။ ကိုနေဇော်နိုင်လည်း ဒီတစ်ခါဖွင့်ရမယ့်တံခါးက ပတ္တာပြုတ်နေတော့ သူ့အပေါ်ပြန်ပိမှာ စိုးရိမ်ပြီး တံခါးဝမှာ ဖွင့်ရကောင်းနိုးနိုး မဖွင့်ရကောင်းနိုးနိုး။ နောက်ပြီး အာရပ်လှိုင်းစီးပြီး လူထုတိုက်ပွဲကို ဆင်နွှဲဖို့ ပြင်ဆင်နေတဲ့ လူတွေက မြန်မာတွေမဟုတ်ပဲ ဘင်္ဂလီတွေ ဖြစ်နေတော့ ဒေါက်တာလွဏ်းဆွေလည်း ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ။ နောက်တကျော့ ရွေးကောက်ပွဲမှာ လူ့အခွင့်အရေး ဆောင်ပုဒ်ကို လက်ထဲကမချတဲ့ NLD နိုင်မယ်ဆိုရင်ရော အဲဒီဆောင်ပုဒ်အောက်မှာ ရိုဟင်ဂျာတွေအတွက် ဝေစုပါမှာလား။ လက်ရှိအစိုးရကရော ကမ္ဘာ့အလည်မှာ ခေတ်မှီအောင် ရိုဟင်ဂျာတံဆိပ် မိတ်ကပ်လေးလိမ်းပြီး ပွဲထွက်လာမလား။ ပိုပြီးခေတ်မှီအောင် အမေရိကန်ပလေးဘွိုင်တွေရဲ့ စတိတ်ရှိုးကို ရုံသွင်းမလား။ လက်ရှိတရုတ်ဖြစ် မီးဆလိုက်တွေနဲ့ပဲ ဆက်ကမလား။ တိုင်းရင်းသားတွေရဲ့ ပြည်ထောင်စု ဆိုင်းဝိုင်းကြီးကတော့ "အတူလေးရယ်နဲ့ ယှဉ်ကာပြိုင် ယှဉ်ကာပြိုင်"ဆိုပြီး အပျိုတော်ယိမ်းကိုတော့ စတီးနေပါပြီ။ ဒါပေမယ့် စင်ပေါ်က လူတွေကတော့ ခုထိငုတ်တုတ်။ လှုပ်ကိုမလှုပ်ကြဘူး။ အဲ ဒီအချိန်မှာတချို့ကတော့ ပြောလာတယ်ဗျ။ ဇာတ်ဆရာက သူမှန်းထားသလောက် ပရိသတ်နဲ့ဝင်ငွေကို ချိန်ဆပြီး မကပဲနေတာလည်း ဖြစ်နိုင်တယ်။  မင်းသမီးတွေကလည်း  နာမည်ရမယ့်ဂွင် မဟုတ်လောက်တော့ မထိန်းတတ်ရင် ဘာဖြစ်မယ်မှန်းမသိလို့ သတိလေးထားပြီး စောင့်ကြည့်နေတာ။ အချိန်ရောက်ရင် ကြွနေအောင် ကကြပါလိမ့်မယ် ဘာညာပေါ့လေ။ Watchdog တွေဆီက ထွက်လာတဲ့ အသံပေါ့ဗျာ။ ဒါပေမယ့် ဆိုင်းဝိုင်းတီးနေတာက ပရိသတ်ခေါ်ရုံ လူစည်ရုံ ပဏာမတီးလုံးထက်ကို ကျော်လာပြီ။ ပရိသတ်တွေလည်း ကြားတဲ့လူတိုင်း ဖိနပ်လေးဖင်ခုပြီး ပွဲခင်းထဲမှာထိုင်နေကြပြီ။ တီးလုံးတောင် အခါခါကျော့လို့ ပတ်စာတောင်ပါးနေပြီ။ ပတ်စာမလောက်လို့ ထမင်းနဲ့ပြာ ရောကြိတ်နေတဲ့လူက ကြိတ်ကုန်ကြပြီ။ စင်ပေါ်ကလူတွေက တချက်မှမလှုပ်သေးဘူး။ ဆိုင်းဝိုင်းဆိုတာကလည်း ဇာတ်မှာ သူ့ချည်းသက်သက် ရပ်တည်လို့မရဘူးလေ။ သူတို့တွေ ကမှ ဇာတ်ဆိုတာပီပြင်တော့မှာပေါ့။ဆိုင်းဆရာတွေကအံကြိတ်တီး၊ နောက်ထတွေကလည်း ယောင်္ကျားဘာသား ရွာစားဘာညာနဲ့ အော်ရလွန်းလို့ အသံတွေတောင် ပြာနေကြပြီ။ မယုံရင် BBC facebook page ထဲ ၀င်သာကြည့်ပေတော့။ဒီနေရာမှာ အခရာက ဇာတ်ဆရာဆိုပေမယ့် နဂိုကတည်းက နှစ်ပါးခွင်နဲ့ နာမည်ကြီးလာတဲ့ ဇာတ်ဆိုတော့ နှစ်ပါးညီမှ မြိုင်မှာကိုးဗျ။  အရင်က ဇာတ်ဆရာက ညာဘက်ယိမ်းရင် မင်းသမီးတွေက ဘယ်ကိုယိမ်းကြတယ်။ အခုဟာက ဘယ်ဘက်မှ မယိမ်းတော့ ပရိသတ်တွေကလည်း ကြောင်တောင်တောင်နဲ့ပေါ့လေ။ ကြည့်ရတာ မင်းသမီးတွေက ဒစ္စကိုသံကိုမှ ရင်ခုန်ကြတယ်နဲ့ တူပါတယ်။ အပြင်မှာက ကလပ်မှာကရင် ဒေါ်လာနဲ့ရတာကိုးဗျ။ ခုတော့ ဘာဒေါ်လာမှ မပါနိုင်တဲ့ ရိုးရိုးလက်ခုပ်သံတွေပဲဆိုတော့ သိပ်ဖီလင်မလာကြဘူး ထင်တယ်။ အခြေအနေ စောင့်ကြည့်နေတာနဲ့တော့ မတူဘူး။ အင်း တစ်ခုတော့ တွေးမိတယ်။ သူတို့ကလပ်မှာ sexy dance တွေကတုန်းက ဒေါ်လာတွေဆုချဖူးတဲ့ ပရိသတ် တစ်ယောက်တလေများ ပွဲခင်းထဲမှာပါလာလို့ ထိုင်မသိမ်းကြီးနဲ့ ကနေတာမြင်သွားရင် ရှက်စရာကြီးဆိုပြီး မကပဲ ရူးချင်ယောင်ဆောင် နေတာများလား။ လိုက်စဉ်းစားရင်း ဇက်ကြောတောင် တက်လာပြီ။ အရင်က အရပ်ထဲမှာ ဘာဖြစ်ဖြစ် သူတို့က သီချင်းလုပ်ဆို၊ လူရွှင်တော်တွေက ပျက်လုံးထုတ်နဲ့  စည်လိုက်တာ။ အဲ စကားမစပ် ဧရာဝတီမြစ်ကြီးက ရေအားလျှပ်စစ်ထုတ်ပေးမှ မီးလင်းမယ်ဆိုရင် ငါတို့အမှောင်ထဲမှာပဲနေမယ် ဆိုတဲ့လူတွေ အမှောင်ထဲမှာ ဘင်္ဂလီတွေနဲ့ အတူတူနေပြီး ကိုယ့်သားသမီး မြေးမြစ်တွေနဲ့ ဗုဒ္ဓဘာသာအတွက် စိုးရိမ်ပူပန်နေကြရတဲ့ ရခိုင်တွေနဲ့ ပတ်သက်ပြီး တစ်ခုခုများပြောဖို့ အစီအစဉ် မရှိကြတော့ဘူးလား။ မန္တလေးမှာ ဆွေမျိုးပေါက်ဖော်တွေ (ပေးတတ်လိုက်တဲ့နာမည်) အများကြီး ရောက်နေပြီဆိုတဲ့ အကြောင်းပဲ ပြောနေကြတော့မှာလား။ ပြီးတော့ ကျွန်တော့်တစ်သက်နီးပါး အမျိုးသားရေးနဲ့ ပတ်သက်ပြီး အစိုးရမူဝါဒတွေကို လူတွေမဖတ်လည်းရေး၊ ဖတ်လည်းရေးတတ်ကြတဲ့ မြန်မာ့အလင်းနဲ့ ကြေးမုံသတင်းစာက ပင်တိုင်ဆောင်းပါးရှင်တွေကရော အဲဒီအကြောင်း ဘာမှမရေး၊ ဘာမှမပြောကြတော့ဘူးလား။ ကျွန်တော်က ပညာရှင်မဟုတ်တော့ သူတို့သာမပြောရင်  အဲဒီလိုပြောင်မြောက်တဲ့ စကားမျိုးတွေ ကိုယ့်ဘာသာကိုယ် တွေးတတ်ပေါင်။ ရခိုင်တွေကပြောနေကြပြီ၊ ငါတို့ဆီမှာ ရှိသမျှပြောင်ပြီ၊ ရိုဟင်ဂျာပဲ ကျန်တော့တယ်လို့။ အဲဒီစကားကိုများ ရိုဟင်ဂျာဆိုတာ ရခိုင်တွေအတွက် ထိန်းသိမ်းထားအပ်တဲ့ ရှေးဟောင်းအမွေအနှစ်တဲ့၊ ပြောထွက်လိုက်ကြတာ။ နိုင်ငံခြားက ပါရဂူဘွဲ့ရ ပညာရှင်တွေ ပြောတာနော်။ ကျွန်တော့်လို ပညာမတတ်တဲ့လူက အဲလိုစကားမျိုးလူကြားထဲမှာ ဘယ်ပြောရဲမတုန်း  ဟဲ ဟဲ။ အဲ တစ်ခုတော့ရှိတယ်ဗျ။ ခုဇာတ်စင်ပေါ်မှာ ငုတ်တုတ်မိနေတဲ့အထဲမှာ RFA က ဦးခင်မောင်စိုးကြီး မပါဘူးဗျ။ သူကတော့ ကချင်နေမှာ သေချာတယ်။ ဒါပေမယ့် ဘယ်သူမှမကတော့ သူလည်းမကရဲဘူးနဲ့ တူပါတယ်။ အမှန်က သူက စင်ပေါ်တက်ပြီး မကသင့်ဘူးဗျ။ ဆိုင်းဝိုင်းမှာ နောက်ထလုပ်ရမှာ။ ၀ါကာဝါကာကြီးနဲ့ အင်တာဗျူးကတည်းက သူ့ရဲ့ပို့လုံး ဖောက်လုံးလေးတွေကို တော်တော် သဘောကျနေတာ။ ၀ါကာဝါကာကလည်း သူ့ဘီးကို ဘရိတ်ဖြုတ်ပြီး ကုန်းဆင်းလှိမ့်ပေးလို့ လှိမ့်ပေးလိုက်မှန်း မသိဘူး၊ ဇွတ်နင်းတာ ဟဲဟဲ။  ရေးလို့တောင်ပြီးနေပြီ၊ ခုထိအဖြေကမထွက်သေးဘူး။ အမေရိကတို့ ဂရိတ်ဗြိတိန်တို့မှာ ဒေါက်တာဘွဲ့ရလာမယ် ဆိုရင်တော့ You are neo-Fascist,You are Fucking Racist ဆိုပြီး ရဲရဲကြီးဝေဖန်ပစ်လိုက်မယ်။ မြန်မာပြည်က ဘွဲ့ရ ပညာရှင်ဆိုရင်တော့ "အဲ..ဒါကတော့ အစိုးရပိုင်းက ဘယ်လိုလာမလဲတော့ မသိဘူးပေါ့နော် ဒါက ကိုယ်တွေ တစ်ယောက်တည်းနဲ့ ပြောလို့ပြီးမှာမဟုတ်ဘူး၊ ဒီ့ပြင် လူတွေကိုလည်း လှမ်းမေးကြည့်ပါအုန်း" လို့ ဝေ့လည်ကြောင်ပတ် ဖြေချလိုက်မယ်။ ဟဲဟဲ..ခက်တာက တက္ကသိုလ်ဘွဲ့ရ ပညာတတ်တစ်ယောက် မဟုတ်လေတော့ ခုထိ ယောင်ဝါးဝါး တွေးနေတုန်းပဲ။ တစ်ခုမေ့နေတယ်။ အင်္ဂလန်မှာ ပါရဂူဘွဲ့ယူပြီး မြန်မာပြည်မှာ ပညာရှင်လုပ်ခဲ့တဲ့ ဒေါက်တာသန်းထွန်းဆိုရင်ကော ဘယ်လိုဖြေမယ်ထင်လဲ။ ဘယ်တက္ကသိုလ်မှာမှ ဘာပါရဂူဘွဲ့မှ မရခဲ့ပေမယ့် နိုင်ငံတော်အစိုးရဆီမှာ ရခိုင်-မြန်မာ ပဏ္ဍိပ်ဘွဲ့ချီးမြှင့်ခံရတဲ့ ရခိုင်သမိုင်းပညာရှင် ဦးဦးသာထွန်း ဆိုရင်ရော ဘယ်လိုဖြေမလဲ။ ၀ါကာဝါကာလိုတော့ အင်္ဂလိပ်လို ညှပ်ပြီး မပြောမှာတော့ သေချာတယ်..ဟဲဟဲ။

                                                                                                      ငချွန်းယေ(၈.၁၁.၂၀၁၁)

0 comments:

Post a Comment