ပေါက်ကရ လေးဆယ်

Subscribe:

Monday, April 16, 2012

ချစ်သူများနေ့နဲ့ မသက်ဆိုင်သောသူ

ချစ်သူများနေ့နဲ့ မသက်ဆိုင်သောသူ

မပျက်ကွက်ခဲ့ပါဘူး
အရူးလို့ပဲ ဆိုချင်ဆို
ဒီရက်ကို အခါအခါကြိုနေရပေမယ့်
ကိုယ့်အလှည့်ကို ပြန်မရနိုင်တော့တဲ့ဘ၀။
တချိန်တခါဆီက
မှိန်ပြပြ လကွေး
ချမ်းအေးတဲ့ ကန်စောင်းမှာ
နှင်းပုဝါ ကိုယ်စီခြုံလို့
အတူတူရင်ငွေ့လှုံ
ညှင်းလေက တသုန်သုန်ပွေ့
မှုန်နံ့သာသင်းငွေ့ငွေ့ရယ်က
မြပါးပြင် လေအဝှေ့မှာ
ဝေ့၀ိုက်ကာ နော့။
ပန်းဆီဖျော့ နှုတ်ခမ်းစုံ
မြတ်ပန်းငုံနုအထွေး
အာငွေ့နွေးဖြတ်အပြေးမှာ
ချစ်တေးတွေ သီကာကျူး
ရည်စူးခဲ့ တစ်ဘ၀စာ
တစ်ဘ၀စာရဲ့ ခဏတာ
ခဏတာရဲ့တစ်ဘ၀စာ
တစ်ဘ၀စာလုံးအတွက် ခဏတာပြုံးခဲ့ရတဲ့အချိန်ပေါ့လေ။
တံလျှပ်ဟာ ရေမဟုတ်မှန်း
စမ်းမသပ်ခဲ့မိလေတော့
တစ်ဘ၀စာနွေစခန်းတထောက်ကြား
သွားလေသူအကန်းတစ်ယောက်
ပန်းတွေကိုကောက်ရမှန်းမသိ
ရှိရှိသမျှရက်တွေတိုင်း
မျက်ရည်ဝိုင်းလို့ ဆွေးရပေါ့
ငိုမကြွေးပေမယ့်
တွေးလေလေ ခလေးအမေသူကြီးရဲ့အကြောင်း
အဟောင်းတွေက အသစ်ဖြစ်ပြန်
ခိုးခိုးခစ်ခစ်ရယ်သံတွေ ပြန်ကြားယောင်ရင်း
အားတင်းကာ ဟင်းခနဲ
ဆွဲချလိုက်တဲ့ သက်ပြင်းရှည်
နေမထိထိုင်မရတာက တဆွေ့ဆွေ့
တငွေ့ငွေ့ရင်ထဲကဆူ
ဘ၀တကွေ့ အပူကိုလှစ်မပြချင်ပေမယ့်
နှစ်ဦးအစ ဝေဒနာလူအဖြစ်ရယ်က
ချစ်သူများနေ့နဲ့မသက်ဆိုင်သောသူ

                                     ငချွန်းယေ(၁၄.၂.၂၀၁၂)

0 comments:

Post a Comment