ကျွန်တော်
ပထမဆုံးတောင်းပန်ချင်တာ တစ်ခုက ဒီစာထဲမှာပါတဲ့ အကြောင်းအရာတွေထဲမှာ စာဖတ်သူတွေအပေါ်
ဆရာလုပ်သလိုမျိုး၊ ပညာရှင်ဆန်ဆန် လူတွေရဲ့ အားနည်းချက်တွေကို
ထောက်ပြဝေဖန်မိတာမျိုး ပါနေရင် ကျွန်တော့်ရဲ့ ရေးသားတင်ပြပုံ အားနည်းမှုလို့ပဲ
မှတ်ယူခွင့်လွှတ် ပေးစေလိုပါတယ်။ အားလုံးသိကြတဲ့အတိုင်းပါပဲ။ ကျွန်တော်ရေးဖူးသမျှ
အကြောင်းအရာတွေ တော်တော်များများဟာ ကျွန်တော်ဖြတ်သန်းဖူးသမျှ အတွေ့အကြုံတွေနဲ့
အဲဒီအတွေ့အကြုံတွေထဲက ရလာတဲ့ ဗဟုသုတနဲ့ အတွေးအခေါ်တွေပေါ်မှာ အခြေခံပြီး
ကျွန်တော်အားသန်တဲ့ သရော်စာအရေးအသားနဲ့ ဖန်တီးခဲ့တဲ့ စာတွေများပါတယ်။ ဒီစာအတွက်
ကျွန်တော် မျှော်လင့်ထားတာတစ်ခုက ပညာရှင်မဟုတ်တဲ့ လူတစ်ယောက်ရဲ့ တိုက်တွန်းအားပေးမှုကနေ
ပညာရှင်တွေအနေနဲ့ ၀ိုင်းဝန်းအကောင်အထည်ဖော်၊ ပူးပေါင်းဆောင်ရွက်ကြဖို့
အတွေးတစ်ခုလောက် ရစေလိုတဲ့ စေတနာကို ဖတ်ရှုတဲ့လူတွေ အကုန်နားလည် စေချင်တာလေးပါပဲ။
ကျွန်တော်တို့ မြန်မာနိုင်ငံသား facebook user
တွေဟာ ဒီရိုဟင်ဂျာဆန့်ကျင်ရေးလှုပ်ရှားမှုကို စတင်ခဲ့တာ အချိန်ကာလ အတိုင်းအတာတစ်ခုထိ
ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။ ကြိုးစားခဲ့ကြလို့လည်း ကျွန်တော်တို့ အချင်းချင်းကြားမှာ
စည်းလုံးညီညွတ်မှု ပိုမိုခိုင်မာလာသလို တချိန်က ဒီလူမျိုးတွေရဲ့အန္တရာယ်ကို
နားမလည်သဘောမပေါက်တဲ့ လူတွေကိုလည်း ကျွန်တော်တို့ စည်းရုံးနိုင်ခဲ့ပြီးဖြစ်ပါတယ်။
တကယ်တော့ ဒီလှုပ်ရှားမှုဟာ အင်တာနက်စတင် မပေါ်ပေါက်ခင်ကတည်းက ရခိုင်လူမျိုး
ပညာရှင်များရဲ့ ဦးဆောင်မှုနဲ့အတူ ရခိုင်လူမျိုးများ လှုပ်ရှားနေခဲ့တာ တော်တော်ကြာခဲ့ပါပြီ။
ဒါပေမယ့် ကြိုးစားသလောက် အရာမထင်ခဲ့ပါဘူး။ အစိုးရရဲ့ လျှစ်လျှူရှုမှုကြောင့်
ပြည်တွင်းမီဒီယာတွေမှာ ဖော်ပြခွင့်မရခဲ့သလို ပြည်ပမီဒီယာတွေကလည်း ခုလိုပဲ
အရေးတယူ မလုပ်ခဲ့ကြပါဘူး။ ခု အင်တာနက်ရဲ့ ကျေးဇူးကြောင့် ကျွန်တော်တို့ရဲ့
လှုပ်ရှားမှုဟာ ခရီးပေါက်သင့်သလောက် ပေါက်မြောက်နေခဲ့ပါပြီ။ ဒါပေမယ့် ဒီနေရာမှာ
တက်ကြွလှုပ်ရှားသူတွေကြားထဲ အချင်းချင်း အထင်အမြင်လွဲမှားမှုတွေ ဝေဖန်စွပ်စွဲမှုတွေကြောင့်
မလိုလားအပ်တဲ့ စိတ်ဝမ်းကွဲပြားမှုတွေ ဖြစ်ပေါ်လာနေတာကိုလည်း ၀မ်းနည်းစွာ တွေ့မြင်နေရပါတယ်။
ဒီအချက်တွေဟာ ကျွန်တော်တို့အားလုံးရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို
လမ်းကြောင်းလွဲစေနိုင်တဲ့ အဓိက အကြောင်းရင်းတစ်ခုအဖြစ် အားလုံးကို
နားလည်သဘောပေါက်စေချင်ပါတယ်။ ဒီနိုင်ငံကို ချစ်မြတ်နိုးကြတဲ့လူတွေဖြစ်လို့ ဒီနိုင်ငံကို
ကာကွယ်ချင်တဲ့စိတ်နဲ့ပဲ ကျွန်တော်တို့ ဒီကိစ္စမှာ ဘယ်သူမှမတိုက်တွန်းပဲ ကိုယ့်သဘောနဲ့ကိုယ်
ပါဝင်လာကြတဲ့လူတွေပါ။ ဒီအခြေခံအချက်တွေ တူညီနေပါလျှက်နဲ့ ကျွန်တော်တို့ စိတ်ဝမ်းကွဲစရာ
လိုပါသလား။ လူတိုင်းလူတိုင်းဟာ တစ်ယောက်နဲ့ တစ်ယောက်မတူသလို
နိုင်ငံရေးခံယူချက်ချင်း မတူတာမှန်ပေမယ့် ဘယ်လူမျိုး၊ဘယ်အဖွဲ့အစည်းကို
ကိုယ်စားပြုနေသူဖြစ်ပါစေ ဒီနေရာမှာ ကျွန်တော်တို့အားလုံး ရပ်ရမှာက
တစ်ဘက်တည်းပဲဖြစ်ပါတယ်။ ဘယ်လို သမိုင်းကြောင်း၊ ဘယ်လိုမုန်းတီးနာကျည်းမှုတွေ ရှိခဲ့ပါစေ
ဒီအချိန်မှာ ရှုံးနိမ့်ခဲ့ရင် ဖြစ်ပေါ်လာမယ့် အကျိုးဆက်ကို အတူတူခံစားရမှာက
ကျွန်တော်တို့အားလုံးဆိုတာ နားလည်ပေးကြပါ။ ဒီနှစ်အတောအတွင်းမှာ ကျွန်တော်တို့အားလုံး
ပထမဆုံးအကြိမ် ဧရာဝတီမြစ်ဆုံလှုပ်ရှားမှုမှာ စည်းလုံးညီညွတ်ခဲ့ကြပြီးပါပြီ။
အဲဒီတုန်းက အစိုးရအဖွဲ့ဝင်အချို့ကလွဲရင် ပြည်တွင်းပြည်ပ မီဒီယာ၊အတိုက်အခံ
အကုန်လုံး ပြည်သူတွေနဲ့ တစိတ်တ၀မ်းတည်း ညီညွတ်ခဲ့ကြပါတယ်။ နိုင်ငံတကာ
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေရဲ့ ထောက်ခံမှုကို ရရှိခဲ့သလို
အင်အားကြီးနိုင်ငံ အစိုးရအချို့ရဲ့ အားပေးထောက်ခံမှုကိုလည်း ရရှိခဲ့ပါတယ်။ အဲဒီလို
အားလုံး တဘက်တည်းမှာ စည်းလုံးညီညွတ်ခဲ့ကြလို့ ကျွန်တော်တို့အားလုံး အောင်မြင်မှုကို
ပိုင်ဆိုင်ခဲ့ကြရတာပါ။ ခု ရိုဟင်ဂျာဆန့်ကျင်ရေး လှုပ်ရှားမှုကို
ပြန်သုံးသပ်ကြည့်ကြရအောင်ပါ။ ကျွန်တော်တို့ ဘက်မှာ ဘယ်သူတွေ ပေါ်ပေါ်ထင်ထင် ရပ်တည်နေကြပြီးပြီလဲ။
ပြည်ပမီဒီယာအများစုက ကျွန်တော်တို့ကို မျက်မုန်းကျိုးနေကြပါတယ်။ အနည်းစုက ရေငုံနှုတ်ပိတ်နေကြပါတယ်။
ပြည်တွင်းမီဒီယာတွေကလည်း ရူးချင်ယောင် ဆောင်နေကြပါတယ်။ ပြည်ပအတိုက်အခံ သမားတချို့က
ကျွန်တော်တို့ကို အစိုးရ လက်ကိုင်တုတ်တွေ၊ လူ့အခွင့်အရေး ချိုးဖောက်သူတွေ ဆိုပြီး
ပက်ပက်စက်စက် ဝေဖန်တိုက်ခိုက် နေကြပါတယ်။ အချို့အတိုက်အခံတွေကလည်း အားပေးချင်ပေမယ့်
သူတို့ရဲ့ဘ၀ ရပ်တည်ချက်အရ ဘာမှဝင်ပြောလို့ မဖြစ်ပဲနေရတာမျိုးတွေ ရှိနေပါတယ်။ ပြည်တွင်းက
အင်အားကြီး နိုင်ငံရေးပါတီတွေကလည်း လက်ရှောင်နေကြပါတယ်။ UN အပါအ၀င် NGO တွေ ကလည်း
ရိုဟင်ဂျာတွေ ဘက်ကပဲ ရပ်တည်နေကြပါတယ်။ အစိုးရကလည်း အနောက်အုပ်စုနဲ့
ရွှေလမ်းငွေလမ်း ပြန်ဖောက်ဖို့ ကြိုးစားနေချိန်ဖြစ်လို့ မသိချင်ယောင် ဆောင်နေပါတယ်။
အင်အားကြီးနိုင်ငံတွေ ဆိုတာတော့ ဝေလာဝေးပေါ့ဗျာ။ အဲဒီတော့ ပြေးကြည့်မှ၊လှမ်းအော်ခေါ်ကြည့်မှ
ကျွန်တော်တို့မှာ ဒီအုပ်စုလေးပဲ ရှိသေးတာပါ။ အဲဒီတော့ ဒီရှိစုမဲ့စုအဖွဲ့လေးသာ ထပ်ကွဲသွားမယ်ဆိုရင်
ကျွန်တော်တို့လိုချင်တဲ့ပန်းတိုင်ကို အရောက်လှမ်းနိုင်ပါအုန်းမလား။ ဒီအချိန်မှာ
ရိုဟင်ဂျာဆိုသူတွေ ဘယ်လောက် ခရီးရောက်နေကြပြီလဲ။ သူတို့ရဲ့အခွင့်အရေးအတွက်
အမေရိကန်၊ဗြိတိန်စတဲ့ အင်အားကြီးနိုင်ငံတွေရဲ့ လွှတ်တော်တွေအထိ သူတို့ပေါက်ရောက်နေကြပါပြီ။
အာရပ်အဖွဲ့အစည်းတွေဆီက ထောက်ပံ့ကြေးတွေ အလုံးအရင်းနဲ့ နိုင်ငံတကာကို ၀ါဒဖြန့်
နေကြပါပြီ။ ကျွန်တော်တို့ ကိုယ့်ထမင်းကိုယ်ရှာစားပြီး ပိုတဲ့ပိုက်ဆံလေးနဲ့
ပိုတဲ့အချိန်လေးကိုဖဲ့ပြီး facebook ပေါ်မှာ
မြန်မာလိုစာရေးနေတဲ့အချိန်မှာ သူတို့က နိုင်ငံတကာထောက်ပံ့ကြေးတွေကို ထိုင်သုံးပြီး
ဘာသာစုံရေးထားတဲ့ ၀က်ဆိုက်တွေနဲ့ နိုင်ငံတကာရဲ့ သနားဂရုဏာကို
သဲ့ယူနေကြပြီဖြစ်ပါတယ်။ ကျွန်တော်တို့ ဗြိတိသျှသံရုံးရှေ့ မှာလုပ်ခဲ့တဲ့
မအောင်မြင်တဲ့ ဆန္ဒပြပွဲအတွက် လူမရမကစုနေချိန်မှာ သူတို့က နိုင်ငံတကာကို
ကိုယ်စားလှယ်တွေ စေလွှတ်နေပြီဖြစ်ပါတယ်။ ဒီလှုပ်ရှားမှုအတွက် ကျွန်တော်တို့ကို သူတို့လိုမျိုး
ဘယ်သူမှ အလှူငွေလာမပေးပါဘူး။ UN
အပါအ၀င် ဘယ်အဖွဲ့အစည်းကမှ ထောက်ပံ့ကြေးမရပါဘူး။ မြန်မာအစိုးရကလည်း ပေါ်ပေါ်ထင်ထင် အားပေးမှုမရှိသလို
ဘယ်နိုင်ငံအစိုးရကမှ ခုချိန်ထိ လက်ခုပ်ထမတီးသေးပါဘူး။ ဒီလောက်နောက်ကျနေတဲ့အချိန်မှာ
ကျွန်တော်တို့အချင်းချင်း ခုလိုခြေထိုးနေကြရင် ဘယ်သူတွေ ပန်းဝင်သွားမလဲ။ ခု သူတို့ရဲ့သမိုင်းလိမ်တွေကို ကျွန်တော်တို့ထဲက တတ်သိနားလည်တဲ့ လူတွေ
တော်တော်များများ ဖြေရှင်းတုန့်ပြန်ခဲ့ကြပြီးပါပြီ။ သူတို့ကို တိုင်းရင်းသားအဖြစ် အသိအမှတ်ပြုလိုက်ရင်
ဖြစ်ပေါ်လာမယ့် အကျိုးဆက်တွေကိုလည်း ရှင်းပြကြပြီးပါပြီ။ ကဲ ဒီလောက်နဲ့ လုံလောက်ပါပြီလား။
ကျွန်တော်တို့ ဘာဆက်လုပ်ကြမလဲ။ အင်တာနက်ပုံမှန်သုံးစွဲနိုင်တဲ့ လက်တစ်ဆုပ်စာ လူတစ်စု
သိပြီးရုံနဲ့ ကျွန်တော်တို့ကျေနပ်သင့်သလား။ ဒီလူမျိုးတွေကို
ကျွန်တော်တို့နိုင်ငံမှာ လက်မခံနိုင်ဘူးလို့ပြောနေရုံနဲ့ ကျွန်တော်တို့လိုချင်တဲ့ အားလုံးရဲ့
ထောက်ခံမှုကို ရယူဖို့ဆိုတာ လုံးဝမဖြစ်နိုင်ပါဘူး။ နောက်အရေးကြီးတဲ့အချက်က
ကျွန်တော်တို့ခုလုပ်နေတဲ့ လှုပ်ရှားမှုဟာ လူမျိုးရေး၊ဘာသာရေးမုန်းတီးမှု လုံးဝမဟုတ်ဘူးဆိုတာ
အထဲမှာ ပါဝင်နေတဲ့လူတွေ အကုန်လုံး နားလည်သဘောပေါက်ဖို့ လိုအပ်ပါတယ်။ ရိုဟင်ဂျာတွေနေရာမှာ
ဗုဒ္ဒဘာသာဖြစ်တဲ့ သီရိလင်္ကာတွေဖြစ်နေရင်လည်း ကျွန်တော်တို့ လက်ခံမှာမဟုတ်ပါဘူး။ ထိုင်းတွေဖြစ်နေရင်လည်း
လက်ခံမှာမဟုတ်ပါဘူး။ ခု မြန်မာနိုင်ငံအထက်ပိုင်းမှာ အလုံးအရင်းနဲ့ ၀င်ရောက်နေတဲ့
တရုတ်တွေကိုလည်း ဒီလှုပ်ရှားမှုနဲ့တန်းတူ ကန့်ကွက်ဖို့ ကျွန်တော်တို့အားလုံးမှာ
တာဝန်ရှိပါတယ်။ ဒီလှုပ်ရှားမှုမှာ လူမျိုးရေး၊ဘာသာရေးကို အခြေခံတဲ့လူတွေကို
ကျွန်တော့်အနေနဲ့ လုံးဝမကြိုဆိုပါဘူး။ မြန်မာနိုင်ငံသား ဘယ်ဘာသာဝင်မဆို
အမျိုးသားရေး အသိစိတ်ဓာတ်နဲ့ လာရောက် ပူးပေါင်းမယ်ဆိုရင်
ကျွန်တော်တို့လှိုက်လှဲစွာ ကြိုဆိုပါတယ်။ လူမျိုးရေး၊ဘာသာရေး မုန်းတီးမှုကို အခြေခံပြီး
ရေးသားပြောဆိုနေမယ်ဆိုရင် ကျွန်တော်တို့ရဲ့ မြန်မာနိုင်ငံသားဟိန္ဒူ၊မူဆလင် ညီအစ်ကိုမောင်နှမတွေကို
ရိုဟင်ဂျာဆိုသူတွေရဲ့ သြဇာလွှမ်းမိုးခံဘ၀ကို ရောက်အောင် ကျွန်တော်တို့ကိုယ်တိုင်
တွန်းပို့လိုက်သလို ဖြစ်သွားပါလိမ့်မယ်။ ရိုဟင်ဂျာဆိုသူတွေကိုယ်တိုင်က
ဒီမြန်မာပြည်ဖွား အစ္စလာမ်ဘာသာဝင်အများစုဟာ သူတို့ကို နိုင်ငံသားအဖြစ် လက်သင့်ခံလိုခြင်း မရှိဘူးဆိုတာ
သူတို့ရဲ့ Blog အချို့မှာဝန်ခံထားတာကို
တွေ့ဖူးပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ဌာနေတိုင်းရင်းသားတွေ ဆီကနေ မြန်မာပြည်ဖွား
အစ္စလာမ်ဘာသာဝင်တွေကို လူမျိုးရေး၊ဘာသာရေး စော်ကားမှုတွေ လုပ်ကြမယ်ဆိုရင် ရိုဟင်ဂျာတွေက
အဲဒီအချက်ကို အမြတ်ထုတ်ဖို့ လက်တွန့်နေမှာ မဟုတ်ပါဘူး။ အဲဒီလိုပြောချင်တဲ့လူတွေကို
ကျွန်တော်မေတ္တာရပ်ခံ လိုတာက ကျေးဇူးပြုပြီး လက်ရှောင်ပေးကြပါ။ အဲဒီလိုပြောလို့
ကုလားတွေနဲ့ မင်းဘယ်လိုပတ်သက်နေလဲ၊ မင်းနဲ့ဘာတော်လဲလို့ ရိုင်းရိုင်းစိုင်းစိုင်း မေးလာတဲ့လူရှိရင်
အဲဒီလူကို ကျွန်တော့်ဇာတိ မာန်အောင်ကျွန်းအကြောင်း နီးစပ်ရာ ရခိုင်တစ်ယောက်ယောက်ကို
မေးကြည့်ပါလို့ပဲ အကြံပေးပါရစေ။ ကျွန်တော့်အနေနဲ့ တသက်လုံးစွဲကိုင်လာတဲ့
လူမျိုးရေး၊ဘာသာရေး အစွဲမှန်သမျှကို ဘေးမှာပစ်ချပြီးမှ ဒီလှုပ်ရှားမှုထဲကို
ခြေစုံပစ်ဝင်လာခဲ့တာပါ။ အမျိုးသားရေးဆိုတဲ့ အစွဲအလမ်းကလွဲရင် ဒီလှုပ်ရှားမှုမှာ
မိတ်ဆွေတို့မှာ ကိုယ်စီယုံကြည် ကိုးကွယ်နေကြတဲ့ ဘာသာရေး၊နိုင်ငံရေး၊ လူမျိုးရေးအစွဲတွေကို
အပြင်မှာထားခဲ့ဖို့ လေးစားစွာ တိုက်တွန်းချင်ပါတယ်။ တကယ်တော့ ဒီခေတ်ဒီကာလမှာ
ကျွန်တော်တို့အားလုံး ဒုက္ခရောက်နေသလိုပဲ အဲဒီနယ်စပ်က ဘင်္ဂလီတွေလည်း
ဒုက္ခရောက် နေကြတာကတော့ အမှန်ပါပဲ။ သူတို့ရဲ့ မူလဇာတိဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်မှာ
သူတို့တွေထဲက တချို့ဟာ ဒုက္ခသည်အဖြစ် နေထိုင်နေကြရသလို ကျွန်တော်တို့
သွေးချင်းညီအစ်ကို မောင်နှမအချို့တွေဟာလည်း အိမ်နီးချင်းတိုင်းပြည်အချို့မှာ ခုချိန်ထိ
ဒုက္ခသည်အဖြစ် ရပ်တည်နေကြရဆဲပါ။ ဒါပေမယ့် ပြည်ပအခြေစိုက် ရိုဟင်ဂျာအရေး ဦးဆောင်လှုပ်ရှားသူတွေက
ပြည်တွင်းက ဒုက္ခတကယ်ရောက်နေတဲ့ လူတွေကို ခုတုံးလုပ်ပြီး စည်းစိမ်ယူနေကြပါတယ်။
ကျွန်တော်တို့နိုင်ငံဟာ အမေရိကန်၊ဗြိတိန်၊ သြစတြေးလျတို့လို ၀င်လာသမျှ
နိုင်ငံခြားသားတွေကို လက်ခံနိုင်တဲ့ အခြေအနေပေါ်မှာ မရှိပါဘူး။ တကယ်ဒုက္ခရောက်နေတဲ့ လူတွေကို
စာနာထောက်ထားလို့ လက်ခံလိုက်ရင် နောက်ခံအင်အား အလုံးအရင်းနဲ့ နိုင်ငံရေးနယ်ပယ်ကို
ဝင်ရောက်လာမယ့် ရိုဟင်ဂျာဘင်္ဂလီ စစ်သွေးကြွခေါင်းဆောင်တွေ၊ နောက်ကွယ်က
ကြိုးကိုင်မယ့် အကြမ်းဖက် အဖွဲ့အစည်းတွေကို စနစ်တကျ ကိုင်တွယ်ထိန်းသိမ်းနိုင်မယ့်
ခိုင်မာတဲ့ နိုင်ငံရေး၊အုပ်ချုပ်ရေး စနစ် ကျွန်တော်တို့နိုင်ငံမှာ နောင်နှစ်ပေါင်း တော်တော်ကြာတဲ့အထိ
ပေါ်ပေါက်လာဖို့ မလွယ်သေးပါဘူး။ လက်ခံလို့မဖြစ်တာကို ကျွန်တော်တို့အားလုံး သဘောတူကြပြီးပါပြီ။
အဲဒီတော့ လက်မခံဘူးဆိုရင် ကျွန်တော်တို့ ဘာဆက်လုပ်မလဲ။ ကျွန်တော်တို့ရဲ့ ရပ်တည်ချက်နဲ့
သူတို့တွေကို ကျွန်တော်တို့မြေကနေ သူတို့ကိုလက်ခံနိုင်မယ့် နေရာတစ်ခုကို
လွှဲပြောင်းပေးဖို့၊ နိုင်ငံသားအစစ်အမှန်နဲ့ တရားမ၀င်ခိုးဝင် အခြေချသူတွေကို
စီစစ်ပေးဖို့စတဲ့ ကိစ္စရပ်တွေကို နိုင်ငံတကာကလက်ခံနိုင်အောင် ကြိုးစားဖို့လိုပါတယ်။
ဒီနေရာမှာ လက်ခံခြင်း၊ လက်မခံခြင်းဆိုတာ ကျွန်တော်တို့ချည်းပဲ တသံတည်းထွက်နေလို့ အရာမထင်ပါဘူး။
တကယ်တမ်းဆုံးဖြတ်ပိုင်ခွင့်ရှိတာက နိုင်ငံရဲ့အာဏာပိုင် အဖွဲ့အစည်းပဲဖြစ်ပါတယ်။
အဲဒီတော့ ကျွန်တော်တို့ ရွေးကောက်တင်မြှောက်ခွင့်ရှိတယ်ဆိုတဲ့ အစိုးရကို
ကျွန်တော်တို့ ဘယ်လိုအကူအညီတောင်းမလဲ။ ဒီနေရာမှာ ကျွန်တော်တို့အနေနဲ့
ဧရာဝတီလှုပ်ရှားမှုကို စံနမူနာယူသင့်ပါတယ်။ အဲဒီအတွက် တတ်သိနားလည်တဲ့
ပညာရှင်တွေက နိုင်ငံတကာ ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေ၊အလားတူ Immigrant တွေနဲ့ ပတ်သက်ပြီး
နိုင်ငံတကာမှာ သက်ဆိုင်ရာ အစိုးရတွေက ကိုင်တွယ်ဖြေရှင်းခဲ့ဖူးတဲ့ သာဓက
အထောက်အထားတွေကို ဖော်ထုတ်ပြနိုင်ဖို့ လိုအပ်ပါတယ်။ အစိုးရလည်းလက်ခံ၊ နိုင်ငံတကာကလည်းလက်ခံ၊
ပြည်သူတွေကလည်း လက်ခံလာမှသာ ကျွန်တော်တို့ ရာနှုန်းပြည့်အောင်မြင်ပြီလို့ ပြောလို့ရမှာ
ဖြစ်ပါတယ်။ ခုချိန်မှာ ဒီလူမျိုးတွေဟာ ဘယ်နိုင်ငံကမှ
နိုင်ငံသားအဖြစ်အသိအမှတ်မပြုတဲ့ Stateless
people တွေဖြစ်ကြပါတယ်။ သူတို့နဲ့လူမျိုးတူ ဘင်္ဂလားဒေ့ရှ်နိုင်ငံကတောင်မှ
သူတို့ကို လက်သင့်ခံလိုခြင်းမရှိပါဘူး ဆိုတာ ဒီရက်ပိုင်း မြန်မာအစိုးရအရာရှိကြီးတစ်ဦးကို
သူ့ရဲ့ချစ်ကြည်ရေးခရီးစဉ်မှာ ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ်ပြောခဲ့တဲ့ စကားကိုကြည့်ရင်
သိနိုင်ပါတယ်။ နောက်တစ်ခုက ခုလွှတ်တော်မှာ သဘောတူလိုက်တယ်ကြားတဲ့ ဆန္ဒပြခွင့်ဥပဒေအရ
ကျွန်တော်တို့ဟာ ဘီဘီစီကို ကန့်ကွက်ဖို့ ကန့်သတ်နယ်မြေထဲမှာပါတဲ့
ဗြိတိသျှသံရုံးရှေ့မှာ ဆန္ဒပြလို့ မရတော့ပါဘူး။ နောက်ပြီး အစိုးရကို တောင်းဆိုဖို့အတွက်လည်း
အစိုးရရုံးတွေရှေ့မှာ ဆန္ဒပြခွင့်မရှိတော့ပါဘူး။ အဲဒီတော့
ပြည်တွင်း၊ပြည်ပမီဒီယာတွေမှာ ပါအောင် ကျွန်တော်တို့လုပ်နိုင်တဲ့ နည်းလမ်းလေးတွေကို
နားလည်နှံ့စပ်သူများအနေနဲ့ ၀ိုင်းဝန်းအဖြေရှာစေချင်ပါတယ်။ တစ်ဦးချင်းစီကရလာမယ့် အကြံဥာဏ်တွေထဲက
အစိုးရတင်မက နိုင်ငံတကာကပါ လက်သင့်ခံနိုင်မယ့် အသင့်တော်ဆုံး အကြံပြုချက်တွေကို ရွေးထုတ်ပြီး
လွှတ်တော်ထိရောက်အောင် ကျွန်တော်တို့ အားလုံးဝိုင်းဝန်း ကြိုးစားကြစေချင်ပါတယ်။
ဒီလိုပြောရတာကလည်း ကျွန်တော်အနေနဲ့ လက်ရှိအာဏာပိုင်အစိုးရသာလျှင် ဒီကိစ္စမှာ
လုပ်ပိုင်ခွင့်အရှိဆုံးလို့ ရိုးသားစွာ ထင်မြင်မိလို့ပါ။ စကားမစပ် ဒီလှုပ်ရှားမှုနဲ့
ဆက်နွယ်ပြီး ကျွန်တော့်ရဲ့ facebook ပေါ်က အတွေ့အကြုံတစ်ခုကို
ပြောခွင့်ပြုပါ။ ကျွန်တော် ဒီရိုဟင်ဂျာနဲ့ပတ်သက်တဲ့ ပို့စ်တွေ တင်ဖြစ်ပြီးတဲ့ နောက်ပိုင်းမှာ
လူအယောက် တစ်ရာကျော် နှစ်ရာနီးပါး ကျွန်တော့်ကို လာ Add ကြပါတယ်။ အဲဒီထဲမှာ အစ္စလာမ်ဘာသာဝင်တွေလည်း ပါပါတယ်။ ကျွန်တော်
အကုန်လုံးကို လက်ခံခဲ့ပါတယ်။ ဒါပေမယ့် မမျှော်လင့်ဘဲ လာ Add တဲ့လူတွေထဲက တချို့ဟာ ရိုဟင်ဂျာဆိုသူတွေ ဖြစ်နေတာကို
အမှတ်မထင်သိလိုက်ရပါတယ်။ တချို့ ဆိုရင် သူတို့ရဲ့ သက်ဆိုင်ရာလှုပ်ရှားမှုတွေမှာ ဦးဆောင်လှုပ်ရှားသူတွေ
ဖြစ်နေတာကိုပါ သူတို့တွေရဲ့ဆိုက်တွေကို ၀င်ကြည့်ရင်း အမှတ်မထင် တွေ့ခဲ့ရတာပါ။
အဲဒီလူတွေထဲက အချို့ဆိုရင် သူတို့ရဲ့ဘာသာ၊လူမျိုး၊နာမည် ဘာ info ကိုမှ တိတိကျကျ ဖော်ပြထားတာမျိုးမရှိသလို ကျွန်တော့်လှုပ်ရှားမှုမှန်သမျှ
ဝင်မပါပဲ ဒီအတိုင်းငြိမ်နေကြပါတယ်။ သူတို့ဟာ ကျွန်တော်တို့ ရိုဟင်ဂျာဆန့်ကျင်သူတွေ
တော်တော်များများရဲ့ လှုပ်ရှားမှုတွေကို လာစောင့်ကြည့်နေကြတာကို ကျွန်တော်block မလုပ်ခင် သူတို့ရဲ့ friends list ကိုကြည့်ပြီးသိလိုက်ရပါတယ်။
အဲဒီတော့ ကျွန်တော်တို့ သတိကြီးကြီးထားဖို့ လိုအပ်နေပါပြီ။ ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေဟာ
စည်းလုံးညီညွတ်ဖို့ ခက်ခဲသလောက် စိတ်ဝမ်းကွဲပြားအောင် သွေးထိုးလှုံ့ဆော်ဖို့
အရမ်းလွယ်ကူပါတယ်။ ဥပမာ.. facebook
ပေါ်မှာ နာမည်ရင်း ဟူစိန်အလီလို့ခေါ်တဲ့ ဘင်္ဂလီတစ်ယောက်ဟာ သခင်မျိုးဟေ့ ဒို့ဗမာ
ဒါမှမဟုတ် သတိုးမဟာ ကျော်စွာမင်းခေါင် စသဖြင့် မြန်မာရာဇ၀င်နာမည်တွေနဲ့ ရခိုင်နဲ့ဗမာလူမျိုးတွေကြားထဲမှာ
လူမျိုးရေးသွေးထိုး လှုံ့ဆော်ဖို့ဆိုတာ အရမ်းလွယ်ကူပါတယ်။ ဘုန်းကြီးတစ်ပါးရဲ့ ဘွဲ့နာမည်
ဓာတ်ပုံတင်ပြီး မြန်မာမူဆလင်တွေကို ရန်စဖို့ ဆိုတာလည်း တကယ်လွယ်ပါတယ်။
စစ်ဗိုလ်တွေ ပေးတတ်တဲ့ နာမည်တွေသုံးပြီး ပြည်ပနိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေကို
သူတောင်းစားတွေလို့ စော်ကားဖို့လည်း မခက်ပါဘူး။ NLD အလံပုံတင်ပြီး စစ်သားတွေကို
စစ်ခွေးလို့ လှမ်းဆဲလို့လည်းရပါတယ်။ သူတို့ တခါလောက်ဖွလိုက်တာနဲ့
နောက်ဆက်တွဲဖြစ်ကြတဲ့ ပြဿနာတွေက facebook
မှာ အများကြီးပါ။ တကယ်လက်တွဲရမယ့် အချိန်ရောက်တဲ့အခါ ကိုယ့်အချင်းချင်း
တစ်ယောက်မျက်နှာ တစ်ယောက် မကြည့်နိုင်ဖြစ်နေကြပြီ။ ဒီလိုကိစ္စမျိုးတွေကိုလည်း
ကျွန်တော်တို့ သတိထားဖို့ လိုအပ်ပါတယ်။ ခုချိန်မှာ ကျွန်တော်တို့အားလုံးက
ကိုယ့်လုပ်စာကိုယ်စားပြီး အမျိုးသားရေးကို စိတ်တူကိုယ်တူ လုပ်နေကြတာပါ။ ဒီလူတွေက
အလုပ်လုပ်စရာ မလိုတဲ့အတွက် ကျွန်တော်တို့ထက် အချိန်ပိုပေးနိုင်ပြီးတော့ ပိုပြီးတော့
ထိရောက်အောင် လုပ်နိုင်တဲ့ အနေအထားမှာ ရှိနေပါတယ်။ အဲဒီတော့ ကျွန်တော်တို့ လုပ်နိုင်တဲ့
အတိုင်းအတာအတွင်းမှာ သူတို့ထက် ပိုမိုထိရောက်တဲ့ လှုပ်ရှားမှုမျိုးတွေကို ဖန်တီးနိုင်ဖို့ လိုအပ်နေပါတယ်။ သာမန်လူပဲဖြစ်ဖြစ်၊ ပညာရှင်ပဲဖြစ်ဖြစ်၊
နိုင်ငံရေးသမားပဲဖြစ်ဖြစ် မြန်မာပြည်နဲ့ ပတ်သက်နေသမျှ မြန်မာပြည်နိုင်ငံရေးနဲ့
ပတ်သက် နေရအုန်းမှာပါ။ ဘယ်သူဘယ်ဝါ ဘယ်အဖွဲ့အစည်းကိုချစ်လို့
နိုင်ငံရေးလုပ်တာပဲဖြစ်ဖြစ်၊ ဘယ်သူဘယ်ဝါ ဘယ်အဖွဲ့အစည်းကိုမုန်းလို့ နိုင်ငံရေးလုပ်တာပဲဖြစ်ဖြစ်
ခုဒီလှုပ်ရှားမှုမှာ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးကို ချစ်မြတ်နိုးလို့
အမျိုးသားရေးလုပ်ကြတာပဲ ဖြစ်စေချင်ပါတယ်။ ရိုဟင်ဂျာအပါအ၀င် ဘယ်သူ့ကိုမှ
မုန်းစရာမလိုပါဘူး။ သူတို့က သူတို့အခွင့်အရေးနဲ့ သူတို့လူမျိုး အခွင့်အရေးအတွက် ကြိုးပမ်းနေသလိုပဲ
ကျွန်တော်တို့ကလည်း ကျွန်တော်တို့ရဲ့ ပုဂ္ဂလိကအခွင့်အရေး တစုံတရာမပါပေမယ့်
တမျိုးသားလုံးရဲ့ ကိုယ်ပိုင်အခွင့်အရေးအတွက် တိုက်ပွဲဝင်နေကြတာဖြစ်ပါတယ်။ အချင်းချင်း
တစ်ယောက်လက်ကို တစ်ယောက် ယုံယုံကြည်ကြည် ဆုပ်ကိုင်နိုင်ကြမယ်ဆိုရင်
မအောင်မြင်စရာမရှိပါဘူး။ ကျွန်တော်တို့ အားလုံး မျိုးချစ်စိတ်ကိုယ်စီနဲ့
ကိုယ့်တာဝန်ကိုယ် ကျေပွန်အောင် အတူတူ ထမ်းဆောင်ကြရအောင်ပါ။
လေးစားစွာဖြင့်...ငချွန်းယေ(၂၇.၁၁.၂၀၁၁)
ဒီရက်ပိုင်းအတောအတွင်းမှာ
ရိုဟင်ဂျာဆန့်ကျင်ရေးလှုပ်ရှားမှုတွေ မတွေ့ရသလောက် နည်းပါးနေတာတွေ့ရပါတယ်
ပြည်တွင်းနိုင်ငံရေးဂယက်ကြောင့် ဖြစ်ကောင်းဖြစ်နိုင်ပါတယ် ဘာပဲဖြစ်ဖြစ် ဒီကိစ္စမှာ
အားလုံးကိုယ်တတ်နိုင်တဲ့ဘက်ကနေ ကြိုးစားပေးကြပါလို့ အားကိုးစွာ တိုက်တွန်းပါရစေ
ကျေးဇူးတင်ပါတယ်။ (မနှစ်က
ရိုဟင်ဂျာဆန့်ကျင်ရေးလှုပ်ရှားမှု အားပျော့သွားတဲ့ အခိုက်အတန့်မှာ ရေးသားခဲ့တဲ့
ပေးစာတစ်စောင်ဖြစ်ပါတယ်။)
0 comments:
Post a Comment