ပေါက်ကရ လေးဆယ်
Subscribe:
Monday, April 16, 2012
မဏိမေခလာစောင့်သည့်ကြိုး အပိုင်း(၂)
မဏိမေခလာစောင့်သည့်ကြိုး အပိုင်း(၂)
အပိုင်း(၁)မှာ ရေအောက်ကေဘယ်ကြိုးတွေရဲ့  ကမ္ဘာ့ဆက်သွယ်ရေးစနစ်အပေါ် အကျိုးပြုပုံနဲ့ ဒီကေဘယ်တွေကိုတပ်ဆင်တဲ့နေရာမှာ ဘယ်လိုအခက်အခဲတွေရှိနေတယ်ဆိုတာနဲ့ ပတ်သက်ပြီး အချက်အလက်အချို့ ကို တင်ပြခဲ့ပြီးဖြစ်ပါတယ်။ ဒါပေမယ့် ဘာသာပြန်သူတစ်ယောက်အနေနဲ့  ကျွန်တော့်ရဲ့ အတွေ့ အကြုံအရ ၀င်ပြောရမယ်ဆိုရင် ဒီကေဘယ်ကြိုးတွေဟာ အကြောင်းအမျိုးမျိုးကြောင့် ဥပမာ ငလျင်လှုပ်တာမျိုးတွေကြောင့် ထိခိုက်ပျက်စီးနိုင်ပေမယ့် ကျွန်တော်ရောက်ဖူးတဲ့တိုင်းပြည်တွေထဲမှာ မြန်မာပြည်မှာလို နိုင်ငံရေးအခြေအနေရုတ်ရုတ်သဲသဲဖြစ်တာကြောင့် အင်တာနက်လိုင်းတွေကို သွားထိခိုက်တာမျိုးတော့ တစ်ခါမှမကြုံဖူးပါဘူး။ စမ္ပာနဂိုရ်ကနွားမပေါင်ကျိုးလို့  ညောင်ဦးကမ်းပါးပြိုရတယ်ဆိုတာမျိုးသာ ဆက်စပ်မှုတကယ်ရှိမယ်ဆိုရင် လမ်းပေါ်မှာ ဘုန်းကြီးတွေမေတ္တာသုတ်ရွတ်တဲ့ အသံလှိုင်းရိုက်ခတ်လို့  ပင်လယ်ထဲက ကေဘယ်တွေတစ်ချောင်းချင်း ထောင်းခနဲများထပြတ်ကုန်လေရော့သလား။မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေနဲ့  စဉ်းစားရင် ဖြစ်နိုင်ခြေအများကြီးရှိမှာပါ။(နောက်တာ..:p)
ဒီရေအောက်ကေဘယ်ကြိုးတွေမြှုပ်တဲ့လုပ်ငန်းဟာ ကမ္ဘာပေါ်မှာရှိတဲ့ စွန့် စားလုပ်ကိုင်ရတဲ့ စီးပွားရေးလုပ်ငန်းတွေထဲက တစ်ခုဖြစ်ပြီးတော့ ထိခိုက်ပျက်စီးမှုကြောင့် ဆုံးရှုံးနိုင်တဲ့ အခြေအနေတွေအများကြီးရှိနေတဲ့ ဒီလုပ်ငန်းကို သောင်စပ်ရေတိမ်ပိုင်းတွေမှာ၊ နောက်ပြီး အဓိကကုန်းမြေနဲ့ ပင်လယ်ထဲကကျွန်းတွေကို သွယ်တန်းမြှုပ်နှံရတာမျိုးနေရာတွေမှာ လုပ်ကိုင်ရလေ့ရှိပါတယ်။ Mr.Ian Douglas ပြောသွားတာကတော့...
"မကြာခဏဆိုသလို ပင်လယ်ရေအောက်မှာ လုပ်ရကိုင်ရတဲ့အချိန်မှာ အခက်အခဲတွေ ကြုံရတာမျိုးလည်း ရှိတတ်တယ်။ ရေအောက်မှာ ကေဘယ်တွေမြှုပ်တဲ့အခါ ရေစီးကြောင်းတွေ၊ဒီရေအတက်အကျစတာတွေနဲ့  လိုက်လျောညီထွေလုပ်ရသလို ကိုယ်ချချင်တဲ့ကေဘယ်ကြိုးကို မြေအောက်မှာ လုံလုံလောက်လောက် နက်နက်တူးပြီး မြှုပ်ရပါတယ်။ ဒီလိုအခြေအနေမှာ ကျွန်တော်တို့ အတွက် စိန်ခေါ်မှုတွေအများကြီးရှိနေပါတယ်။ အဲဒါကဘာလဲဆိုတော့ တကယ်လို့  တစ်ခုခုအမှားအယွင်းဖြစ်သွားခဲ့ရင် နဂိုသွားနေတဲ့ အမြတ်ရနိုင်တဲ့အနေအထားကို ပြန်အဖတ်ဆယ်ဖို့ အတွက် ကျွန်တော်တို့ မှာ အခွင့်အရေးနည်းနည်းလေးပဲ ရှိနေလို့ ပါ။ ဒီလိုမျိုးတိုတောင်းတဲ့အလုပ်တွေကို ဂရုတစိုက်ထိန်းကျောင်းပြီး ရင်းနှီးမြှုပ်နှံထားတဲ့ငွေတွေမဆုံးရှုံးအောင် လုပ်နိုင်မယ်ဆိုရင် ဒီဟာတွေနဲ့ ဆက်စပ်တဲ့ ကြီးမားတဲ့အလုပ်တွေကနေ အကျိုးအမြတ်တွေဝင်လာမှာပါ"
Capt.Joe Hiew ရဲ့ အဆိုအရ ကန်ထရိုက်တာတွေဟာ တခါတရံမှာ ရေအောက်ကြမ်းပြင်ဆီကနေ မြေကြီးနမူနာကိုယူရမှာဖြစ်ပါတယ်။ ဒီလိုယူတဲ့အခါ ဆိုနာလို့ ခေါ်တဲ့ အသံလှိုင်းပဲ့တင်ရိုက်ခတ်မှုသုံး ရေအောက်ပစ္စည်းရှာဖွေတဲ့ကိရိယာ၊ ရေအောက်သုံးကင်မရာအစရှိတဲ့ပစ္စည်းတွေကို သင့်တင့်လျှောက်ပတ်စွာအသုံးပြုပြီးတော့ အသင့်တော်ဆုံးလမ်းကြောင်းကို ရွေးချယ်ရပါမယ်။ပြီးတော့ အဲဒီကေဘယ်ချမယ့် လမ်းကြောင်းနဲ့  အနီးတ၀ိုက်မှာ သင်္ဘောပျက်တွေ၊ တခြားကေဘယ်ကြိုးတွေချထားတာမျိုးရှိ၊မရှိကိုလည်း သိထားရပါမယ်။သူဆက်ပြောသွားတာက..
"ကေဘယ်ကြိုး ကိုယ့်လက်ထဲရောက်နေတဲ့အခါ မထိခိုက်မပျက်စီးအောင် အထူးဂရုတစိုက်ကိုင်တွယ်ဖို့ လိုပါတယ်။ တကယ်လို့ များကံခေလို့  တစ်ခုခုဖြစ်သွားမယ်ဆိုရင် ဒီကြိုးတွေကိုထုတ်လုပ်ဖို့ လည်ပတ်ရတဲ့စနစ်ကသေးငယ်သလောက် အဲဒီကံဆိုးမှုရဲ့ သက်ရောက်မှုက ဆုံးရှံးမှုဆီကိုသွားတာ အရမ်းမြန်ပြီး အရမ်းလည်းကျယ်ပြန့် သွားလိမ့်မယ်"
           Capt.Joe Hiew ရဲ့ ကုမ္ပဏီ RS&L ဟာ ခုချိန်မှာ ပင်လယ်ရေအောက်ကြမ်းပြင်မှာ ကေဘယ်တွေကို ၆မီတာအနက်ထိမြေမြှုပ်နိုင်တဲ့ အနေအထားမှာရှိနေပြီးတော့ ကုမ္ပဏီပိုင်ကိရိယာတွေကို အသုံးပြုပြီး ရေအနက်မီတာ၁၀၀နဲ့ အထက်မှာ ဒီလုပ်ငန်းကိုလုပ်ဆောင်နိုင်ပါတယ်။ ဒီအနေအထားဟာ ဆက်လက်တိုးတက်နေပြီးတော့ လုပ်ဆောင်နိုင်တဲ့ပမာဏ တိုးတက်လာတာနဲ့ အညီ ဒီကေဘယ်တွေကိုထိန်းသိမ်းဖို့ အတွက် ရှုပ်ထွေးတဲ့အခြေအနေအမျိုးမျိုးကို ရင်ဆိုင်နိုင်တဲ့အနေအထားမှာရှိနေပါတယ်။ သူကဆက်ပြောပါတယ်။
"ကေဘယ်တွေမြှုပ်တဲ့နေရာမှာ ၆မီတာ ထက်ပိုပြီးမြှုပ်ပေးပါဆိုတဲ့ တောင်းဆိုမှုမျိုးကတော့ အင်မတန်ရှားပါတယ်။ဒါကြောင့် ကျွန်တော်တို့ လုပ်နိုင်စွမ်းရှိတဲ့ အလုပ်တွေဒီဒေသတ၀ိုက်မှာ အများကြီးရှိနေပါတယ်။ ပြီးတော့ ကျွန်တော်တို့ ကုမ္ပဏီအနေနဲ့  အရှုပ်အထွေးရှိနိုင်တဲ့နေရာတွေမှာ တခြားလူတွေနဲ့  ပူးပေါင်းဆောင်ရွက်မှုတွေကို အထူးအလေးအနက်ထားပြီးတော့ကို တာဝန်ယူဆောင်ရွက်နေပါတယ်။"
ကေဘယ်တွေကို သွယ်တန်းချထားဖို့ လုပ်တဲ့အခါ အဲဒီကြိုးတွေဖြတ်သန်းရမယ့် ကမ်းရိုးတန်းတွေ၊ ကေဘယ်တွေကိုအခြေစိုက်မြှုပ်နှံရမယ့် ကမ်းခြေတွေဟာ လက်ရှိအနေအထားမှာ သက်ဆိုင်ရာလူပုဂ္ဂိုလ်၊အဖွဲ့ စည်းတွေရဲ့  ပိုင်ဆိုင်မှုတွေဖြစ်နေတာကြောင့် ဒီလိုနေရာတွေမှာအလုပ်လုပ်ရတဲ့အခါ သံခင်းတမန်ခင်း တွေ့ ဆုံဆွေးနွေးမှုဟာ မရှိမဖြစ်လိုအပ်ပါတယ်။ ဒီနေရာမှာ ကန်ထရိုက်တာတစ်ယောက်အနေနဲ့  နည်းပညာရပ်ဆိုင်ရာအရည်အသွေးအပြင် တဖက်သားကိုအပြောအဆိုနဲ့ ဆွဲဆောင်ညှိနှိုင်းနိုင်တဲ့ အရည်အသွေးတစ်ရပ်လည်း ရှိနေဖို့ လိုအပ်ပါတယ်။ ဥပမာအနေနဲ့  တောင်ကိုရီးယားမှာ ကန်ထရိုက်တာတစ်ယောက်ဟာ ကေဘယ်ကြိုးချဖို့ အတွက် ပင်လယ်ရေညှိလုပ်ငန်းရှင်တွေကို ကေဘယ်တွေ ကမ်းခြေတလျှောက်မချခင်မှာ တွေ့ဆုံဆွေးနွေးဖို့ လိုအပ်ပါတယ်။ တချိန်တည်းမှာပဲ ဂျပန်မှာဆိုရင် ပင်လယ်ထဲမှာကေဘယ်ချဖို့အတွက် ဂျပန်နိုင်ငံငါးလုပ်ငန်းရှင်များအသင်းချုပ်နဲ့  ပြေလည်အောင်ညှိနှိုင်းရပါမယ်။ အဲဒီထက်ပိုပြီးခက်ခဲရှုပ်ထွေး၊ လုပ်ရကိုင်ရခက်ခဲတဲ့အနေအထားကတော့ ကေဘယ်တွေကိုချမယ့်နေရာဟာ ဂက်စ်ပိုက်လိုင်းတွေရှိနေတဲ့နေရာမျိုးပါပဲ။ အဲဒီအနေအထားမှာ ပိုပြီးများပြားတဲ့ တွေ့ဆုံညှိနှိုင်းမှုတွေ၊ ခွင့်ပြုချက်တွေလိုလာပါပြီ။ အစ္စရေးနိုင်ငံမှာဆိုရင် ပြည်ထဲရေးအဖွဲ့ အစည်းတစ်ခုက ကေဘယ်မြှုပ်ဖို့ မြောင်းတွေတူးတဲ့အခါ အောက်မှာရှိနေတဲ့ ဂက်စ်ပိုက်လိုင်းတွေကိုထိနိုင်တယ်ဆိုပြီး ကမ်းခြေတ၀ိုက်ခဏတဖြုတ်ချဉ်းကပ်တာမျိုးကိုတောင် ခွင့်မပြုပဲ ခါးခါးသီးသီးငြင်းဆန်ခဲ့ပါတယ်။
          ဒါ့အပြင် ရေအောက်ကေဘယ်ကြိုးနေရာချတာနဲ့ ဆက်နွယ်ပြီး တစ်ကြိမ်တည်းကြုံတောင့်ကြုံခဲ ဖြစ်ဖူးတဲ့ အတားအဆီးတစ်ခုကတော့ ကေဘယ်တွေမြှုပ်တဲ့လမ်းကြောင်းပေါ်က ရေအောက်ကြမ်းပြင်မြေလွှာကို ၅မီတာကနေ ၈ မီတာအကျယ်ထိပဲတူးရမယ်လို့  တင်းတင်းကြပ်ကြပ် ကန့်သတ်လိုက်တာပါပဲ။ ဒါပေမယ့် နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ကေဘယ်မြှုပ်ဖို့ မြောင်းတူးရတာထက် တချို့ ငါးဖမ်းသင်္ဘောတွေလက်ရှိအသုံးပြုနေတဲ့ ရေအောက်ကြမ်းပြင်ကိုခြစ်ပြီးငါးဖမ်းတဲ့ ငါးဖမ်းပိုက်ကွန်ကြီးတွေရဲ့ အောက်ခြေနဲ့ ထိခိုက်မိလို့  ရေအောက်ကြမ်းပြင်ထိခိုက်ပျက်စီးတာတွေက အကြိမ်အရေအတွက်ပိုမိုများပြားပြီးတော့ ပိုပြီးကျယ်ပြန့် နေပါတယ်။ အဲဒီငါးဖမ်းပိုက်ကွန်ကြီးတစ်ခုရဲ့ အောက်ခြေအပိုင်းတစ်ခုတည်းကနေ ပင်လယ်ရေအောက်ကြမ်းပြင်ကို တစ်ကြိမ်ဖြတ်သန်းတိုင်းမှာ မီတာဆယ်ဂဏန်းပေါင်းများစွာအကျယ်အ၀န်းကို ရိတ်သိမ်းလှဲကျင်းနိုင်တဲ့အနေအထားရှိနေပါတယ်။ ပြီးတော့ဒီအခြေအနေမျိုးဟာ တစ်နေရာတည်းမှာ တစ်နှစ်ကျော်ကာလအတွင်း အကြိမ်အရေအတွက်အများအပြား ထပ်ခါတလဲလဲဖြစ်နေပုံရပါတယ်။ The International Cable Protection Committee(www.iscpc.org) ရဲ့ မှတ်တမ်းတစ်ခုနဲ့  ကုလသမဂ္ဂသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အစီအစဉ်ရဲ့ မှတ်တမ်းတွေမှာ ဖော်ပြထားတာကတော့ တစ်ကြိမ်တည်းနဲ့ အပြတ်ဖြတ်ရတဲ့ ရေအောက်ကေဘယ်မြှုပ်တဲ့လုပ်ငန်းဟာ တခြားလုပ်ငန်းတွေလို ရေအောက်မှာအကြိမ်ကြိမ် ထပ်ခါတလဲလဲ အဆက်မပြတ်လုပ်နေတာနဲ့ စာရင် ရေအောက်ကြမ်းပြင်ဂေဟစနစ်ကို ထိခိုက်မှုနည်းပါးတယ်လို့  သိရပါတယ်။
"သမုဒ္ဓရာဖြတ်ကေဘယ်ကြိုးတစ်ချောင်းကို ချတဲ့အလုပ်ဟာ ဥယျာဉ်ထဲကရေပိုက်တစ်ချောင်း(၇ မီလီမီတာအထူ)ကို ခြံဝင်းထဲဖြတ်ပြီး ဆွဲယူတာနဲ့  သိပ်မကွာပါဘူး။ လုံဝထိခိုက်တာမျိုးမရှိသလို ထိခိုက်မိရင်လည်း မဆိုစလောက်လေးပဲဖြစ်တာပါ" လို့ ကေဘယ်လုပ်ငန်းအတိုင်ပင်ခံ John Hibbard က အခိုင်အမာပြောဆိုသွားပါတယ်။  အဲဒါကြောင့် ချထားပြီးသား ကေဘယ်ကြိုးတွေကို ကာကွယ်စောင့်ရှောက်ဖို့  အလုပ်အပ်နှံထားတဲ့ ခိုင်မာတောင့်တင်းမှုမရှိတဲ့ကုမ္ပဏီတွေကနေ တောင်းဆိုလာခဲ့ရင် အဲဒီကိစ္စဟာ အကျိုးအမြတ်တစ်စုံတစ်ရာမရှိဘူးလို့ သူကဆင်ခြေပေးပါတယ်။ သူဆက်ပြောတာက-
"ကျွန်တော်တို့ အနေနဲ့ လူတွေကို ကေဘယ်ကြိုးတွေ ဘယ်နေရာတွေမှာ မြှုပ်ထားတယ်ဆိုတာ လိုက်မပြောနိုင်ပါဘူး။ ဒါပေမယ့် အကျိုးဆက်အနေနဲ့ တခါတလေနိုင်ငံရေးသမားတွေ၊ ဌာနဆိုင်ရာအုပ်ချုပ်သူတွေ ပါဝင်ပတ်သက်လာပြီး ဒီကေဘယ်တွေရဲ့ ထိန်းသိမ်းစောင့်ရှောက်မှုအဆင့်ကို လုံလုံလောက်လောက်တိုးမြှင့်ဖို့  အားထုတ်လာမယ်ဆိုရင်တော့ လုပ်ရကိုင်ရတာ ခက်ခဲလာနိုင်တဲ့သဘောမှာရှိပါတယ်။ တခါတလေမှာ ခင်ဗျားတို့ အနေနဲ့  ဥပဒေဆိုင်ရာစည်းမျဉ်းစည်းကမ်းတွေကို ပုံစံတစ်မျိုးနဲ့ အဓိပ္ပါယ်ဖွင့်ဆိုတဲ့ကိစ္စမျိုးတွေ တွေ့ ရတတ်တယ်။ ဒီကိစ္စမျိုးတွေကို တကယ်နားလည်တဲ့လူက လက်တစ်ဆုပ်စာပဲရှိတာပါ။ ဒီလမ်းကြောင်းရဲ့ သဘောသဘာဝအရ တခါတလေမှာ ခင်ဗျားတို့  မဖြစ်မနေရကိုရရမယ့် အသားတင်အမြတ်အစွန်းတွေကို မရတာမျိုးတွေလဲ ရှိတတ်တယ်။"
            လွန်ခဲ့တဲ့မတ်လတုန်းက ဂျပန်နိုင်ငံ အရှေ့ မြောက်ပိုင်းကို ရိုက်ခတ်သွားတဲ့ Tohoko ငလျင်နဲ့ ဆူနာမီဒဏ်ကြောင့် သတင်းဆက်သွယ်ရေးမှာ အနှောင့်အယှက်ကြီးကြီးမားမားဖြစ်ပေါ်ခဲ့ပြီး အဲဒီအချိန်တုန်းက ဂျပန်နိုင်ငံမှာရှိတဲ့ ရေအောက်ကေဘယ်ကြိုးအစိတ်အပိုင်း အများအပြားထိခိုက်ပျက်စီးခဲ့ရပါတယ်။ အဲဒီထိခိုက်ပျက်စီးသွားတဲ့ကေဘယ်တွေထဲမှာ ဂျပန်နိုင်ငံမှာချထားတဲ့ APCN2(an intra-Asian cable) လိုမျိုး တရုတ်၊ဟောင်ကောင်၊ဂျပန်၊တောင်ကိုရီးယား၊ မလေးရှား၊ဖိလစ်ပိုင်၊ စင်္ကာပူနဲ့ ထိုင်ဝမ်စတဲ့နိုင်ငံတွေကိုတယ်လီဖုန်းလိုင်းဆက်သွယ်ထားတဲ့ ရေအောက်ကေဘယ်ကြိုးတွေပါဝင်ခဲ့ပြီးတော့ the Pacific Crossing West,the Pacific Crossing North,segments  of the East Asia network, a segment of the Japan-US cable network နဲ့   PC1 ရေအောက်ကေဘယ်ကြိုးစနစ်တို့ လို အင်တာနက်လိုင်းဆက်သွယ်ထားတဲ့ ကေဘယ်တွေအများအပြားပါဝင်ခဲ့ပါတယ်။
 အဲဒီငလျင်ဒဏ်ကြောင့် ရေအနက် ၂.၂ကီလိုမီတာကနေ ၆.၄ကီလိုမီတာအကြားမှာရှိတဲ့ ဂျပန်နိုင်ငံရဲ့  ရေအောက်ကေဘယ်ကြိုးအများအပြားဟာ ဧရိယာတစ်ခုတည်းမှာ တပြိုင်နက်ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။ ငလျင်အပြီးမှာ ဒီနေရာကိုအမြန်ဆုံးရောက်ရှိလာတဲ့ ကေဘယ်ပြင်ဆင်ရေးသင်္ဘောလေးစီးကနေ ပထမဆုံးတွေ့ ရှိခဲ့တဲ့ နိုင်ငံတကာဆက်သွယ်ရေးစနစ် အဓိကရေအောက်ကေဘယ်ကြိုးသုံးချောင်းမှာ စုစုပေါင်းထိခိုက်ပျက်စီးတဲ့နေရာ ၁၅နေရာရှိနေတာ တွေ့ခဲ့ရပါတယ်။ ပထမဆုံးရောက်တဲ့ကေဘယ်သင်္ဘောဟာ မတ်လ၂၂ရက်နေ့ မှာ ပြင်ဆင်ရေးကိုစတင်ဆောင်ရွက်ခဲ့ပေမယ့် လုပ်ငန်းပြီးဆုံးချိန် မတ်လ၅ရက်ထိတာ ကာလအတွင်း ကေဘယ်ကြိုးအရှည် ၅၀၀ကီလိုမီတာခန့် ဟာ ပြန်လည်ပြင်ဆင်လို့ မရပဲ လုံးဝလှဲလှယ်ဖို့ လိုအပ်နေတာကိုတွေ့ ရပါတယ်။ Tohoku ငလျင်နောက်ပိုင်း လိုအပ်တဲ့အကြီးစားပြင်ဆင်မှုတွေဟာ Fukushima နြူကလီးယားဓာတ်ပေါင်းဖိုကနေ ယိုစိမ့်နေတဲ့ ရေဒီယိုသတ္တိကြွဓာတ်တွေကြောင့် လုပ်ကိုင်ဖို့ အရမ်းခက်ခဲတဲ့အနေအထားကို ရောက်သွားခဲ့ပါတယ်။ ရေအောက်ကေဘယ်ကြိုးလုပ်ငန်းရဲ့ အတိုင်ပင်ခံပညာရှင် John Hibbard ရဲ့ အဆိုအရ ရေနက်ပိုင်းမှာပျက်စီးနေတဲ့ကေဘယ်တွေကို ပြန်ပြင်နိုင်တယ်ဆိုရင် အဲဒီလုပ်ဆောင်ချက်ဟာ အံ့အားသင့်စရာကောင်းတဲ့ စွမ်းဆောင်မှုတစ်ခုဖြစ်ပါလိမ့်မယ်။ဒီကိစ္စနဲ့ ပတ်သက်ပြီး သူကခုလိုပြောပြသွားပါတယ်။
" ပင်လယ်ရေအောက် ၇ ကီလိုမီတာကနေ ၈ ကီလိုမီတာအနက်မှာတည်ရှိတဲ့ ကေဘယ်ကြိုးအပိုင်းရှိတဲ့နေရာကို ရေငုပ်ပြီးပြင်ဆင်ဖို့ ကြိုးစားနိုင်မယ်ဆိုရင်တော့ ဒီလုပ်ဆောင်ချက်ဟာ မယုံကြည်နိုင်လောက်အောင်၊အံ့အားသင့်စရာကောင်းတဲ့ အောင်မြင်မှုထက်အပြင် တခြားဘာမှရှိနိုင်မယ်မထင်ပါဘူး။ ဥပမာပြောရမယ်ဆိုရင် ဒီလိုမျိုးလုပ်တာဟာ ပျံသန်းနေတဲ့ ဂျမ်ဘိုဂျက်လေယာဉ်တစ်စီးပေါ်မှာ လေယာဉ်ပြတင်းပေါက်ကနေ ခေါင်းပြူပြီး တစ်စုံတစ်ယောက်ဆီကရေပိုက်ကို လိုက်ရှာနေသလိုမျိုးပါပဲ။ ဒီလိုမျိုးလုပ်မယ်ဆိုရင် ခင်ဗျားအနေနဲ့  ကေဘယ်တွေကို ကြိုးတစ်ချောင်းနဲ့ ချည်ပြီးအပေါ်ကိုဆွဲတင်ရမှာပဲ။ ဒါဟာရေနက်ပိုင်းမှာချထားတဲ့ကေဘယ်ကြိုးတွေပျက်စီးသွားတဲ့အခါ ပြင်ဆင်ဖို့ ဘယ်လိုကြိုးစားရတယ်ဆိုတာပါပဲ။"
ရေအောက် ကေဘယ်ကြိုးများ မြှုပ်နှံရန် လုပ်ဆောင်ပုံများ
ထိခိုက်ပျက်စီးသွားသည့် ရေအောက်ကေဘယ်ကြိုးများကို ပြန်လည်ပြင်ဆင်နေပုံ
Fiber Optic Submarine Cable
http://www.globalmarinesystems.com/images/upload/File/Star-Article-Subsea-Cabling-Global-16Jan2012.pdf မှဆောင်းပါးရှင် Meng Yew Choong ၏ Global Link ဆောင်းပါးအား တိုက်ရိုက်ဘာသာပြန်ဆိုသည်။
                                                                                                    ငချွန်းယေ(၄၊၂၊၂၀၁၂)
မကြာမီရက်ပိုင်းအတွင်း မဏိမေခလာစောင့်သည့်ကြိုး ဆောင်းပါးအပိုင်း(၃) နိဂုံးပိုင်းကို (အခင်ဆုံးသူငယ်ချင်း အပျိုကြီး၊လူပျိုကြီးများ သမဂ္ဂအဖွဲ့ ဝင်များ ကျွန်တော့် wall ပေါ်တွင် ပြဿနာလာမရှာကြလျှင်)ဆက်လက်ဘာသာပြန်ဆိုတင်ပြမည်ဖြစ်ပါသည်။ လာရောက်ဖတ်ရှုအားပေးမျှဝေကြသည့် အပေါင်းအသင်းများအား ကျေးဇူးအထူးတင်ရှိပါသည်။ ကျေးဇူးတုန့် ပြန်သည့်အနေဖြင့် ၀ါမ၀င်မှီ ကျွန်တော့်သူငယ်ချင်းများထဲမှ အပျိုကြီး၊လူပျိုကြီးများကို လိုက်ဖက်ရာကံစမ်းမဲဖောက်ပေးမည်ဖြစ်ပါကြောင်း....ဟီး..နောက်တာ
0 comments:
Post a Comment