ပေါက်ကရ လေးဆယ်

Subscribe:

Sunday, April 15, 2012

အော်ဂင်းနစ်ပဲ ကောင်းပါတယ်

ပန်းတွေ ပွင့်လာဖို့ 
အသီးတွေ အချိန်အခါမဟုတ်သီးစေဖို့ 
အညွှန့် အခက်တွေ ရာသီမကျခင် ဝေဆာဖို့ 
အဥအဖုနဲ့ မျှစ်စို့ တွေ လိုသလို တူးဖဲ့ချိုးယူရစေဖို့ 
ဘယ်အရာမဆို လိုတဲ့အချိန် ရောင်းတမ်းဝင်ဖြစ်စေဖို့ 
...................................................စေဖို့ 
...................................................စေဖို့ 

သဘာဝတရားကို မျက်ကွယ်ပြု
အတ္တကိုမျက်မှောက်ပြု
လောဘကိုရှေးရှုလို့ 
စိုက်ပျိုးလာသမျှတွေမှာ
အာဟာရ ဘယ်နှစ်မျိုးလောက် ပါနိုင်မလဲ
အဆိပ်အတောက်ရော ဘယ်နှစ်မျိုးလောက်ပါနိုင်မလဲ

ရင်ထဲကဗလာ
စိတ်ထဲက မပါ
မလာတဲ့ ဖီလင်
မကျတဲ့ ဘ၀င်
မရွှင်တဲ့ နှလုံး
သူဖုန်းစားထုံး နှလုံးမူ
ငြူစူပေမယ့် မတတ်နိုင်
တူပြိုင်ပြိုင် ဟစ်ကာကြွေးပေမယ့်
အနှစ်ရောအကာပါ မပေးနိုင်တဲ့ တေးတွေ...။

ဒီမြေကို တကယ်ချစ်ပေမယ့်
မချစ်တဲ့လူတွေကို ချစ်ပြရတဲ့အခါ
ဇာတ်သဘောပေမယ့် မနောကမကြည်လင်တဲ့အခါ
ပြောနေဟောနေရပေမယ့် သဘောက မ၀င်တဲ့အခါ
သောနေမျှောနေရပေမယ့် ကိုယ့်ကိုယ်ကို ပေါတောတောလို့ ထင်မိတဲ့အခါ။

မချစ်မနှစ်သက်သောသူနဲ့  ပေါင်းသင်းရတဲ့ ဒုက္ခ
ပွဲခင်းမှ ထမင်းစားရသူတွေမို့ 
တခါတလေ မစို့ တပို့ ပါပဲလေ ဆိုပေမယ့်
ကိုယ့်ရုပ်ကိုယ်ပြန်ရွံရတဲ့ ဒုက္ခက လည်ပင်းမှာ တစ်သက်လုံး တစ်ဆို့ ဆို့ 
စားသမျှ ပျို့ တက်လို့  အန်မိတဲ့အခါ။

ကိုယ့်ကိုယ်ကို အဆိပ်သင့်ခံပြီးမှ ပေးရတဲ့ အစားအစာ
ကိုယ့်ကိုယ်ကို အဆိပ်သင့်ခံပြီးမှ ပေးရတဲ့ အနုပညာ
စေတနာက ဘယ်လောက်ပါမလဲ ဝေဒနာက ဘယ်လောက်ပါမလဲ
အာဟာရ ဘယ်နှစ်မျိုးလောက်ပါနိုင်မလဲ   အဆိပ်အတောက် ဘယ်နှစ်မျိုးလောက်ပါနိုင်မလဲ

သဘာဝအလျှောက်ပေမယ့် စိုက်ခင်းထဲမှာ လာပေါက်မိတာကိုတော့ အပြစ်မတင်ပါဘူး
ပြီးခဲ့တာတွေ ဘယ်လိုပဲဖြစ်ခဲ့ဖြစ်ခဲ့
ခုချိန်မှာ အော်ဂင်းနစ်ပဲ ကောင်းပါတယ်


 ပြည်သူချစ်သော လူသားများသို့  ရည်စူး၍

                                        ငချွန်းယေ(၃.၁၂.၂၀၁၁)

0 comments:

Post a Comment