ပေါက်ကရ လေးဆယ်

Subscribe:

Tuesday, April 24, 2012

၂၁ ရာစု သိဒ္ဓထ္ထ ကုမာရ

၂၁ ရာစု သိဒ္ဓထ္ထကုမာရ

 



ဘုရားလောင်းမဟုတ်ပါ။ သို့သော် သူ့တွင် ကြီးမားသော ရည်မှန်းချက်တစ်ခုရှိနေမည်မှာ သေချာသည်။ ဗုဒ္ဓဘာသာ၏အလိုအရ ရှေးဘ၀က ကြီးမားသော ကုသိုလ်ကံပါရမီတို့ကို သူ၏လက်ရှိဘ၀တွင် ပိုင်ဆိုင်ခွင့်ရခဲ့သည်။ သို့သော် အဆိုပါကံအကျိုးတရားတို့သည် သူ့ကို ရောင့်ရဲတင်းတိမ်နှစ်သိမ့်ခြင်း မဖြစ်စေခဲ့ပေ။ သူ၏ အန္တိမရည်မှန်းချက်သည် ကမ္ဘာကျော် Forbes မဂ္ဂဇင်း၏ သန်းကြွယ်သူဌေးများ စာရင်းတွင် ပါရှိရန်မဟုတ်၊ ဇိမ်ခံရိုးရွိုက်လ်ကား၊ရွက်လှေများ ပိုင်ဆိုင်ရန်မဟုတ်၊ ဖာရာရီပြိုင်ကားစီး၍ မိန်းမလှလေးများကို ထည်လဲတွဲရန်မဟုတ်၊ သွားလေရာသို့ ကိုယ်ရံတော် သက်တော်စောင့်များ ခြံရံ၍ တခမ်းတနားနေထိုင်ရန်မဟုတ်၊ ကမ္ဘာ့နိုင်ငံရေးသမားများကို မိမိ၏စီးပွားရေး အင်ပါယာအတွက် ကြိုးဆွဲအသုံးချနိုင်ရန်မဟုတ်ပေ။


ဗုဒ္ဓစာပေကျမ်းဂန်တို့၌သာ တွေ့ရတတ်သည့် အိမ်ရှေ့စံမင်းသား တောထွက်ခြင်း(၀ါ) ကုဋေရှစ်ဆယ်သူဌေးသား တောထွက်ခြင်းသည် ၂၁ရာစုအချိန်ကာလတွင် မဖြစ်နိုင်သော အခြင်းအရာဖြစ်သည်။ ခေတ်နှင့်အညီ ကျော်ဇောခြင်း၊ကြွယ်ဝခြင်း၊ အာဏာရှိခြင်း အစရှိသည်တို့ကို ပိုင်ဆိုင်ခွင့်ရရန်အတွက် လူတိုင်းလိုလို သေဆုံးချိန်မတိုင်မှီ ရုန်းကန်လှုပ်ရှားအမှီလိုက်နေကြသည့် အခါသမယတွင် ကုဋေရှစ်ဆယ်သူဌေးသားတစ်ဦးသည် သူပိုင်ဆိုင်သော (သို့) တစ်နေ့ သူပိုင်ဆိုင်ရမည့် လူတစ်သန်းတွင်တစ်ယောက်ရနိုင်ခဲသည့် စည်းစိမ်ချမ်းသာ ဥစ္စာပစ္စည်း ဂုဏ်ဒြပ်တို့ကို စွန့်လွှတ်ကာ ဖန်ရည်စွန်းသော သင်္ကန်းကိုဝတ်ဆင်၍ တောကြီးစိမ့်မြိုင်သို့ တရားရှာမှီးရန် ထွက်ခွာလာခဲ့သည်ဟုဆိုလျှင် ပုံပြင်တစ်ပုဒ်ဟု သင်ယူဆမည် ထင်ပါသည်။





မလေးရှားနိုင်ငံ၏ အချမ်းသာဆုံး သူကြွယ်ကြီးများထဲမှ တစ်ယောက်။ မလေးရှား၏အချမ်းသာဆုံးပုဂ္ဂိုလ် ရှန်ဂရီလာဟိုတယ်လုပ်ငန်းကို တည်ထောင်သူ ရောဘတ်ကော့ ပြီးနောက် ဒုတိယအချမ်းသာဆုံးပုဂ္ဂိုလ်မှာ အာနန္ဒာခရစ်ရှ်နမ် ဖြစ်ပါသည်။။ ရင်းနှီးသူများက AK ဟု အတိုကောက်ခေါ်သည့် သူဌေးကြီး အာနန္ဒာခရစ်ရှ်နမ်၏ ကြွယ်ဝမှုသည် ယနေ့အချိန်တွင် ခန့်မှန်းခြေအမေရိကန်ဒေါ်လာ ၉.၆ဘီလျှံ ခန့်ရှိမည်ဟု ယူဆရပါသည်။ ကမ္ဘာကျော် Forbes မဂ္ဂဇင်းကြီး၏ ကမ္ဘာ့အကြွယ်ဝဆုံး ပုဂ္ဂိုလ်၁၀၀ စာရင်းတွင် နံပတ် ၈၉ ချိတ်ထားသော အဆိုပါသူဌေးကြီး၏ လုပ်ငန်းများသည် မလေးရှား၊စင်္ကာပူစသည့် ဒေသတွင်းနိုင်ငံများတွင်သာမက အိန္ဒိယအပါအ၀င် အခြား ကမ္ဘာ့နိုင်ငံအများအပြားတွင် ရင်းနှီးမြှုပ်နှံလည်ပတ်လျှက် ရှိနေသည်။




အာနန္ဒာစီးပွားရေး အင်ပါယာ၏ သြဇာကြီးမားမှု၊ကြွယ်ဝမှုအစုစုတို့ကို အမွေဆက်ခံရမည့် ပုဂ္ဂိုလ်မှာ အာနန္ဒာခရစ်ရှ်နမ်၏ တစ်ဦးတည်းသော သားတော်မောင်ဖြစ်သည်။ သို့သော် ရွှေဇွန်းကိုက်၍ ကမ္ဗလာဖြင့်ထွေးပိုက်ကာ မွေးဖွားလာခဲ့သည့် အဆိုပါ သူဌေးသားငယ်သည် ဖခင်သူဌေးကြီး၏ ဥစ္စာဓန၊ဂုဏ်သိက္ခာသြဇာ၊ထင်ပေါ်ကျော်ဇောမှု အစုစုတို့ကို အလျဉ်းစိတ်ဝင်စားမှုမရှိချေ။ သူပျော်ပိုက်သည့်ဘ၀သည်ကား တရားဓမ္မ၌မွေ့လျော်ခြင်း ပင်ဖြစ်သည်။ ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ်တို့တွင် ပညာဆည်းပူးမည့်အစား တောကြီးရဂုံအတွင်း သီတင်းသီလဆောက်တည်၍ ဘ၀၏ သင်္ခါရသဘောကို သုတေသနလုပ်ရန်သာ သူစိတ်အားထက်သန်သည်။ ကမ္ဘာကျော် အမှတ်တံဆိပ်ဖက်ရှင်တို့ကို ၀တ်ဆင်မည့်အစား ဖန်ရည်စွန်းသည့် လျှော်တေသင်္ကန်းအား ဆင်မြန်းရသည်ကို ပိုမိုနှစ်ခြိုက်သူ  ဖြစ်သည်။ ယခုဘ၀စည်းစိမ်တို့ကို စွန့်လွှတ်၍ နိဗ္ဗာန်မဂ်ဖိုလ်သို့ မျက်မှောက်ပြုမည့် လမ်းကိုသူရွေးချယ်ခဲ့သည်။ တိုက်တာအိုးအိမ်၊ စည်းစိမ်ခြွေရံတို့ကို စွန့်ပယ်၍ တောကြီးမျက်မည်းထဲရှိ တောရသင်္ခန်းငယ်တွင် တောဆင်ရိုင်းများအကြား သူသီတင်းသုံးနေသည်။ သူ့ကို မိတ်ဆွေသိပါသလား။ သူ၏ ရဟန်းဘွဲ့တော်မှာ Ven Ajahn Siripanyo ဖြစ်ပါသည်။




အရှင် Ajahn Siripanyo သည် မလေးရှားနိုင်ငံသား ရဟန်းတော်တစ်ပါးဖြစ်သော်လည်း လက်ရှိအချိန်တွင် ထိုင်းနိုင်ငံ ကမ်ချနဘူရီခရိုင်ရှိ Dtao Dam တောရ၏ ကျောင်းထိုင်ဆရာတော်အဖြစ် သီတင်းသုံးလျှက်ရှိသည်။ ထိုအရှင်သည် Dtao Dam တောရသို့ တရားရှာမှီးရန် လာရောက်ကြသော ကမ္ဘာအရပ်ရပ်မှ ဗုဒ္ဓဘာသာဝင်များအား ၀ိပဿနာတရားတော်များကို သင်ကြားပြသနေသော ရဟန်းတော်တစ်ပါးလည်းဖြစ်ပါသည်။



၂၃.၄.၂၀၁၂(မနေ့က) မလေးရှားနိုင်ငံသို့ ခေတ္တပြန်လည်ကြွမြန်းလာသော ထိုအရှင်ကို ဖခင်ဖြစ်သူ သူဌေးကြီး အာနန္ဒာက လာရောက်ဖူးမျှော်သည့် သတင်းသည် ယနေ့ ကမ္ဘာ့မီဒီယာများတွင် ထင်ရှားသော သတင်းတစ်ပုဒ်ဖြစ်သွားခဲ့သည်။ ရှေးဆိုရိုးအရ လူ့ပြည်က အပ်တစ်စင်းနှင့် ဗြဟ္မာ့ပြည်မှ အပ်တစ်စင်း အချင်းချင်းထိရန်ခက်ခဲသကဲ့သို့ လူ့ဘ၀သည်လည်း ရရှိရန်ခက်ခဲလှသည်။ ထိုနည်းတူစွာ လူဖြစ်လာသည့်ဘ၀တွင် ချမ်းသာ၊ကြွယ်ဝ၊အာဏာ၊သြဇာတို့ ပြည့်စုံကုံလုံသည့် ဘ၀မျိုးကို ရရှိရန်မှာ ပိုမိုခက်ခဲလှပေသည်။ အဆိုပါဘ၀မျိုးကို စွန့်လွှတ်ပြီး သံသရာမှလွတ်မြောက်ရာမှန် မြတ်နိဗ္ဗာန်ကို ရည်စူး၍ တရားရှာမှီး သင်္ကန်းစည်းကာ ၀ိပဿနာအားထုတ်သည့် ရဟန်းဘ၀သို့ ကူးပြောင်းရန်မှာ အဆပေါင်းများစွာ ခက်ခဲပါလိမ့်မည်။ ထို့ကြောင့် ယနေ့ခေတ်အခါသမယတွင် လောက၌ အလွန်တရာ တွေ့နိုင်ခဲသည့် ရှေးခေတ် အလောင်းတော်မြတ်တို့၏ထုံးကို နှလုံးမူသော ရဟန်းမြတ်တစ်ပါးသည် သက်ရှိထင်ရှားရှိနေကြောင်း စာရှုသူ ထေရ၀ါဒဗုဒ္ဓဘာသာဝင်အပေါင်းအား အသိပေးလိုက်ရပါတော့သည်။




source:http://www.thejakartapost.com/news/2012/04/24/ananda-krishnan-makes-time-son.html

4 comments:

  1. အကိုရေရှယ်သွားပါတယ်..
    အထွေထွေ ဗဟုသုတ စာပေမျိုး ဖတ်ခွင့်တဲ့ အတွက်
    အရမ်းကျေးဇူးတင်ကြောင်းလည်းပြောခဲ့ ပါတယ် ..။

    ReplyDelete
  2. အရမ်းကိုကျေးဇူးတင်ပါတယ်

    ReplyDelete
  3. hi ,where is the temple actually?
    i am interested into buddis'm

    thanks

    ReplyDelete
  4. လေးစားပါတယ် . နောင်တော်

    ReplyDelete