ပေါက်ကရ လေးဆယ်

Subscribe:

Sunday, April 15, 2012

ဘိလပ်ကိတ်

တိတ်ဆိတ်သောညတစ်ည..လမ်းထိပ်မှ သံချောင်းခေါက်သံ ဆယ့်နှစ်ချက် တိတိထွက်ပေါ်လာသည်။သံချောင်းခေါက်သံကြောင့် ကိုမြတ်လေးစာရေးရာမှ ခဏရပ်ကာ ခါးဆန့်လိုက်သည်။ စာထဲစိတ်ရောက်၍ ညသန်းခေါင်ရောက်သွားသည်ကို သတိမထားလိုက်မိပေ။ တစ်ချိန်လုံးကြည်နေခဲ့သော အတွေးတို့က နောက်ကျိသွားသည်။ ကိုမြတ်လေးစိတ်ထဲတွင် တစ်နုန့်နုန့်နှင့် မကျေမနပ်ဖြစ်ရသည်မှာ တစ်ပတ်ခန့်ရှိပြီ။ တစ်သက်နှင့်တစ်ကိုယ် ကိစ္စတစ်ခုကို ဤမျှကြာအောင်တစ်ခါမှ ခေါင်းထဲမထည့်ခဲ့ဖူး။ ကိုယ်ရေးကိုယ်တာမဟုတ်ပဲဘဲ သူများကိစ္စကိုခေါင်းထဲထည့်ကာခံစားနေသည့် ကိုယ့်ကိုကိုယ်လည်းမကျေနပ်။ ထိုပြဿနာကို စတင်ဖန်တီးခဲ့သည့် လူကိုလည်းဒေါသဖြစ် ၊ ကျေကျေနပ်နပ်လက်သင့်ခံနေသည့် လူကိုလည်း ဒေါသဖြစ် ။ စဉ်းစားရင်းပို၍ ဒေါသထွက်လာသည်။
"တောက်!!!!"
ဒေါသ၏ ပဲ့တင်သံက တိတ်ဆိတ်သော ညဥ့်လယ်ယံသို့ လွင့်စင်ထွက်လာသည်။ ထိုကိစ္စကို မကျေမနပ်ဖြစ်နေသည်မှာ သူတစ်တယောက်တည်းတော့ မဟုတ်ချေ။ တစ်ရပ်ကွက်လုံးနီးပါးပင်။ သို့သော်သူ့လောက်နီးနီးမည်သူမျှခေါင်းထဲထည့်ထားလိမ့်မည်မဟုတ်ဟု ကိုမြတ်လေးထင်သည်။ ဤဇာတ်ထုပ်တွင် ကိုမြတ်လေးက ပထမဆုံးပွဲကြည့်ပရိသတ်။ အစကသူလည်းပဲ အများနည်းတူ ရယ်ကာမောကာ အလိုက်သင့်ထိုင်ကြည့်နေခဲ့သည်။ ထိုအချိန်က ပြဿနာတစ်ခုဟုမည်သူကမှ မထင်ခဲ့ပေ။ အချိန်တိုအတွင်း ပြီးဆုံးသွားလိမ့်မည်ဟု ထင်မှတ်ထားခဲ့ကြသည်။ သို့သော် ဇာတ်ရှိန်မြှင့်လာသည်နှင့်အမျှ ပွဲကြည့်ပရိသတ် တော်တော်များများ ဤဇာတ်ထဲတွင် ဇာတ်ကောင်များဖြစ်မှန်းမသိ ဖြစ်လာကြသည်။ ကိုမြတ်လေး၏စိတ်ထဲတွင် ထိုအခြေအနေကို လုံးဝလက်မခံနိုင်။ သူကပြောင်းပစ်ချင်သည်။ သို့သော်တစ်ဘက်ကလုံးဝလက်မခံ။ စေတနာ၏ ဝေဒနာတို့က ကိုမြတ်လေး၏ဒေါသကို အပ်နှင့်ထိုး၍ ဆွသည်။ စိတ်ထဲခံရခက်သမျှ ပေါက်ကွဲခွင့်ရလောက်အောင် ကိုယ့်ပြဿနာစစ်စစ်ကြီးလည်း မဟုတ်ပေ။ မိန်းမရှေ့တွင် တစ်ခါပေါက်ကွဲမိ၍ လင်မယားကတောက်ကဆ ဖြစ်ရပြီးပြီ။
  "ဟင်း…ဒီဘိလပ်ကိတ်ကတော့ကွာ "

   သက်ပြင်းနှင့်အတူ ကြိတ်မနိုင်ခဲမရ ရေရွတ်သံတစ်ချက် ကိုမြတ်လေးထံမှ ထွက်လာသည်။ ကိုမြတ်လေး မဆီမဆိုင် ၀င်ကနေရသည့် အဆိုပါဇာတ်ထုပ်တွင် အဓိကဇာတ်ကောင်က ဘိလပ်ကိတ်။ စား၍မရ၊၀ါး၍မရပဲ အသံကြားသည်နှင့်ရယ်မောရ ၊ ဒေါသထွက်ရသည့် ဘိလပ်ကိတ်။ ထိုဘိလပ်ကိတ်ကား ကိုမြတ်လေးတို့လမ်းထိပ်တွင် ကင်းစောင့်နေသည်။ သူ့အမည်က ဘကြီးညို ၊ တစ်နည်းအားဖြင့် ဘိလပ်ကိတ်။
                             *                         *                          *
“စာရေးဆရာကိုကျုပ် ၀မ်းသာစရာ သတင်းပေးရဦးမယ်..ဒါပေမယ့် သူများကို လျောက်မပြောရဘူးနော်..အရေးကြီးတယ်.ကျုပ်ကစာရေးဆရာကို ကိုယ့်တူကိုယ့်သားလို သဘောထားလို့ပြောပြတာ “
“ဘကြီးညိုကလည်းဗျာ…ကျွန်တော့်ကိစ္စမဟုတ်ဘဲ..ဘာလို့ပြန်ပြောရမှာလဲ..စိတ်ချ..ဘကြီးညို မသိစေချင်ရင် အိမ်က မိနွယ်မာကိုတောင် မပြောဘူး..ကဲပြောပါဦး..ဘာတွေ ဒီလောက်တောင်အရေးကြီးနေလို့လဲ..”
“အဲ..ကျုပ်ကိစ္စမပြောခင် ဆရာလေးကိုမေးရဦးမယ်..အခု ဆရာလေးတို့မှာ စားဝတ်နေရေး အဆင်ပြေရဲ့လား..”
“ဒီလိုပါပဲ.ဘကြီးညိုရာ..မပြေတစ်လှည့်ပြေတစ်လှည့်ပေါ့..နေပါအုန်း..ဘကြီးညိုကိစ္စကကျွန်တော်တို့နဲ့ဆိုင်လို့လား..”
“ဆိုင်တော့ မဆိုင်ဘူးပေါ့ ဆရာလေးရာ..ဒါပေမယ့် ကျုပ်ကောင်းစားရင် ဆရာလေးတို့လည်း ကောင်းစားရမှာပေါ့..”
“အလဲ့..ညွှန်းလှချည်လား..ကဲလုပ်ပါဦး..ဆိုရင်းကိစ္စ ..”
“ဒီလို ဆရာလေးရဲ့..ဆရာလေး ဘိလပ်ကိတ်ဆိုတာ ကြားဘူးလား..”
“ဘိလပ်ကိတ်…ဘာလဲ..အင်္ဂလန်က လာတဲ့မုန့်လား..မစားဖူးဘူး..ရွှေပုစွန်ကိတ်ပဲစားဖူးတယ်..”  “ဟာ..စာရေးဆရာကလည်း ..စားဖူးတာ မေးတာမဟုတ်ပါဘူး..အဲဒါစားလို့လဲ မရဘူး..ကြားဖူးသလားလို့မေးတာ..”
 “မကြားဖူးဘူး..ဘကြီးညို.ဘိလပ်ရည်ပဲသောက်ဖူးတယ်..”
“ဆရာလေးကလည်း…ပညာတတ်တစ်ယောက်လုပ်နေပြိးတော့ ဒါတောင်မသိဘူးလား..ဒီလောက်ကမ္ဘာကျော်တဲ့လူကို..”
ဘိလပ်ကိတ်၊ကမ္ဘာကျော်တဲ့လူ။ ကိုမြတ်လေး ခေါင်းထဲရှိသမျှ အင်တာနေရှင်နယ် ဗဟုသုတများကို ဖြစ်ညှစ်ကြည့်သည်။ မတွေ့။
ဘကြီးညိုပြောသလို ပညာတတ်တစ်ယောက် သိသင့်သည့် ထိုနာမည်ကို သူဘွဲ့ယူခဲ့သည့် ရန်ကုန်တက္ကသိုလ်ကလည်း မသင်ပေးလိုက်။ နောက်ဆုံးကိုမြတ်လေး အောင့်သက်သက်ဖြင့် အရှုံးပေးလိုက်ရသည်။
“မသိပါဘူး ဘကြီးညိုရာ..နေစမ်းပါအုန်း..အဲဒီလူက ကိတ်မုန့်ရောင်းပြီးကမ္ဘာကျော်တာလား..”
“ဟာ.ဘယ်ကလာကိတ်မုန့်ရောင်းရမှာလဲ..သူက ခုခေတ်မှာ ပညာတတ်တွေကိုင်တဲ့ ကွန်ပျူတာတွေရောင်းတာ..ဒါလေးတောင်မသိဘူး. ပြီးတော့ သူကမ္ဘာမှာအချမ်းသာဆုံး ကဲ..ရှင်းပြီလား စာရေးဆရာ..”
အထက်စီးလေသံဖြင့် ရှင်းပြနေသော ဘကြီးညိုစကားကို နားထောင်ရင်း ကိုမြတ်လေးစဉ်းစားရပြီ။  
“ဘိလပ်ကိတ်..ကွန်ပျူတာရောင်းသမား..ကွန်ပျူတာရောင်းသမားဘိလပ်ကိတ်..ကမ္ဘာ့အချမ်းသာဆုံးကွန်ပျူတာရောင်းတဲ့ ဘိလပ်ကိတ်..လက်ရှိကမ္ဘာမှာအချမ်းသာဆုံးက ဘီလ်ဂိတ်..ဘီလ်ဂိတ်က မိုက္ကရိုဆော့ဖ်ကိုပိုင်သည်..မိုက္ကရိုဆော့ဖ်က ကွန်ပျူတာကုမ္ပဏီ..ဟုတ်ပြီ..”
“ဘကြီးညိုပြောတာ ဘီလ်ဂိတ်ထင်တယ်..သူကလက်ရှိကမ္ဘာ့အချမ်းသာဆုံးပဲလေ…”
“မဟုတ်ဘူး..သူ့နာမည်က ဘိလပ်ကိတ်…အခုကမ္ဘာ့အချမ်းသာဆုံး ကျုပ်ကို ဘဦး သေသေချာချာပြောတာ..”
“ဘယ်သူ…ဘဦးပြောသွားတာ..ဟုတ်လား ..”
ယခုမှ ကိုမြတ်လေး သဘောပေါက်သွားသည်။ ဘီလ်ဂိတ်ပဲဖြစ်ဖြစ် ၊ ဘိလပ်ကိတ်ပဲဖြစ်ဖြစ် ဘဦးပြောသောစကားက အစအဆုံး တစ်ခုမှ မဖြစ်နိုင် ။ ကိုမြတ်လေးတို့ရပ်ကွက်တွင် ဘဦးလောက်ရပ်ကွက်မေတ္တာပို့ခြင်းခံရသောသူ မရှိ။ အရက်ဂျိုး ၊တစ်ရာ့ကိုး တစ်ရာ့တစ်ဆယ် ၊ ကလိမ်ကကျစ် စသည့်ဂုဏ်ပုဒ်များနှင့် တစ်သက်လုံးလူလုပ်နေသူ ။ ဘကြီးညိုတစ်ယောက် ဒီနေ့အဖို့ ဘဦး၏ သားကောင်ဖြစ်လာရပြီဟု ကိုမြတ်လေးတွေးရင်းပြုံးမိသည်။
“ကဲ..ဆိုပါဦး.အဲဒီဘဦးပြောသွားတဲ့ကိစ္စ..ဘယ်လောက်များ ၀မ်းသာစရာကောင်းနေလို့လဲ..”
“၀မ်းသာစရာကောင်းဆို..ထီပေါက်တာနဲ့ အတူတူပဲစာရေးဆရာရေ..အဲဒါကြောင့်.ဦးဦးဖျားဖျား ဆရာလေးကို လာပြောတာ..ဘဦး ဟိုတလောက ရန်ကုန်ကိုသွားတာ ဆရာလေး သိလိုက်လား။ အဲဒီမှာ သူအဆက်အသွယ် တစ်ခုရလာတယ်..ရန်ကုန်က သူ့ဦးလေးတစ်ယောက်က အဲဒီကျုပ်ပြောတဲ့သူဌေး ဘိလပ်ကိတ်နဲ့ရင်းနှီးတယ်။ ဟိုတလောက ဘိလပ်ကိတ်က သူ့ဦးလေးကိုပြောတယ်တဲ့။ သူ့ပိုက်ဆံတွေကို သူမသေခင် သူ့မိဘတွေအတွက် ရည်စူးပြီး ကျုပ်တို့လို သားထောက်သမီးခံမရှိတဲ့ သက်ကြီးရွယ်အိုတွေကို လှူသွားချင်တယ်တဲ့ လိမ္မာလိုက်တဲ့ကောင်လေး သိလား ဆရာလေး ကျုပ်အဲဒီပိုက်ဆံရရင် ဒီကောင့်ကို အမွေစားအမွေခံ မွေးစားမယ်..ခုနက ဆရာလေးဆီမလာခင် ကျုပ်ဘုရားဝတ်ပြုရင်း ဘိလပ်ကိတ်နဲ့ဘဦးကို မေတ္တာပို့ခဲ့သေးတယ်..”
ကိုမြတ်လေးရယ်ချင်စိတ်ကို ကြိုးစားထိန်းရသည်။ ဘကြီးညိုက သူပြောချင်ရာ ဆက်ပြောနေသည်။
“နောက်လလောက်ဆိုရင် ဘိလပ်ကိတ်ဆီက ဘဦး ဦးလေးကတဆင့် ကျုပ်ဆီကိုငွေလှူတော့မှာ အဲဒါဘဦးက သူရန်ကုန်သွားယူပေးမယ်တဲ့ အဲဒါရရင်ကျုပ် ဗုဒ္ဓဂါယာ ဘုရားဖူးသွားမယ် အဲဒါ ဆရာလေးတို့ပါခေါ်သွားမလို့..လိုက်မယ် မဟုတ်လား..”
ကိုမြတ်လေးရယ်ချင်စိတ်ကို မထိန်းနိုင်တော့ပေ။
“ဟားဟားဟား..ဟုတ်မှလည်း လုပ်စမ်းပါ .ဘကြီးညိုရာ..ဒီကောင့်စကားများ အတည်ယူလို့..”
ကိုမြတ်လေးစကားကြောင့် ဘကြီးညို ရှူးရှူးရှားရှား ဖြစ်သွားသည်။
“ဆရာလေးက ကျုပ်စကားကို မယုံဘူးပေါ့လေ..ကဲပါလေ..ယုံတာ မယုံတာ ခဏထား..ကျုပ် ဘုရာဖူးသွားရင် လိုက် မလိုက် အရင်ပြော”
“ဟဲ..ဟဲ..လိုက်မှာပေါ့ ဘကြီးညိုရ..တကယ်ပဲသွားမှာလား..”
“ဟာ..သွားမှာမို့လာပြောနေတာပေါ့..စာရေးဆရာကျေးဇူးတွေ ကျုပ်အပေါ်မှာ အများကြီးပါဗျာ ခုကျုပ်ပြန်ဆပ်ခွင့်ရတော့မယ် ကျုပ်ဘုရားဖူးသွားတဲ့အခါ ဆရာလေးတို့ မိသားစုကိုမှ မခေါ်ရင် ဘယ်သူ့ကိုခေါ်ရမှာလဲ နောက်ပိုင်းဆိုရင် ဆရာလေးတို့ ငွေရေးကြေးရေး ဘာမှ ပူစရာမလိုတော့ဘူး အကုန်လုံး ကျုပ်တာဝန်ယူတယ် လိုတဲ့အချိန် ကျုပ်ဆီလာယူလှည့် ဟုတ်ပြီလား..ကဲကျုပ်ပြန်အုန်းမယ်..”
ပြောချင်ရာပြောပြီး ပြန်သွားသော ဘကြီးညိုကိုကြည့်ရင်း ကိုမြတ်လေးတစ်ယောက် ရယ်ကျဲကျဲနှင့် ထိုင်ကျန်ခဲ့သည်။ ထိုနေ့တစ်နေ့လုံး ထိုအကြောင်းကို စဉ်းစားမိတိုင်း မပြုံးပဲမနေနိုင်။
“အင်း..ဘဦးတစ်ယောက် ရပ်ကွက်ထဲမှာ လိမ်စရာလူ ကုန်သွားပြီထင်ပါရဲ့ ဘကြီးညို တစ်ယောက်ကလည်း ဒီ့ပြင်လူစကားယုံတယ်ဆို တော်သေးတယ် ဒီကောင့်စကားကို အတည်ယူနေမှဖြင့် ဘယ်နေ့ခံရမလဲတော့ မသိဘူး ဒါပေမယ့် .ဒီကောင် ဘကြီးညိုဆီမှာ လိမ်လို့ အဘိုးကြီးမှာက ဘာတစ်ခုမှရှိတာ မဟုတ်ဘူး သူတောင် သူများပေးလို့စားနေရတာ ဘာပဲဖြစ်ဖြစ်လေ အဘိုးကြီး ခဏတဖြုတ်စိတ်ကူးယဉ်လို့ ရတာပေါ့ အလိမ်ပေါ်တဲ့နေ့တော့ ဘဦးတစ်ယောက် အဘိုးကြီးရဲ့လေးခွစာမိမှာ မြင်ယောင်သေးတယ်”
                                   *                          *                          *
နောက်တစ်နေ့မနက် ကိုမြတ်လေး လဖ္ဘက်ရည်ဆိုင် ရောက်သောအခါ ရပ်ကွက်ထဲမှ သူ့ရောင်းရင်းများ ကြိုရောက်နေကြသည်။ ထုံးစံအတိုင်း စီးပွားရေး ၊ နိုင်ငံရေး ၊ လူမှုရေး စုံစုံလင်လင်ဆွေးနွေးရင်း ကိုတင်မောင်က..
“ဆရာမြတ်..ခင်ဗျား ဘိလပ်ကိတ်ကိုသိလား..”
“ဟဲ.ဟဲ..သိပ်သိတာပေါ့ဗျာ..ဧကန္တ..ဘကြီးညိုခင်ဗျားဆီ ရောက်လာပြီနဲ့တူတယ်..”
“ဟား..ဟား..သိပ်ရယ်ရတဲ့ အဘိုးကြီးဗျာ..ကျုပ်တို့ လင်မယား တစ်ညနေလုံး သူပြောသမျှ မစားရ၀ခမန်း ထိုင်နားထောင်လိုက်ရတယ် ဘာမှတော့ ပြန်မပြောလိုက်ပါဘူး စိတ်ချမ်းသာအောင် အလိုက်အထိုက်လေး လွှတ်ပေးထားလိုက်တယ် ပြောသွားတာကတော့ စုံနေတာပဲ ကျုပ်ကိုတောင် ဆိုင်ကယ်ဝယ်ပေးဦးမယ်တဲ့ သူ့စိတ်ကူးနဲ့သူတော့ ဟုတ်နေတာပဲ အကြောင်းစုံသိတဲ့နေ့ကတော့ ဘဦးတစ်ယောက် လမ်းထိပ်တောင် ဖြတ်လျှောက်လို့ ရပါ့မလားမသိဘူး..”
“ဟုတ်တယ်ဗိုလ်မြတ်ရေ အခုဆိုတစ်ရပ်ကွက်လုံး ဘကြီးညိုအကြောင်း မသိတဲ့လူ မရှိသလောက်နီးပါးဖြစ်သွားပြီ သိဆို ဘကြီးညိုက တွေ့သမျှလူကို ခေါ်ကြွားနေတာကိုးဗျ ကျုပ်ကိုတောင် ဟိုတစ်နေ့က ပြောသွားသေးတယ် ဆိုက်ကားမနင်းနဲ့တော့တဲ့ သူကားဝယ်ရင် ဒရိုင်ဘာလုပ်ခိုင်းမယ်တဲ့ဗျာ ကျုပ်မိန်းမဆို ခုထိပြောပြီးရယ်နေလေရဲ့...”
ဆိုက်ကားဆရာ သန်းထိုက်ရဲ စကားအဆုံးမှာ ကုန်စုံဆိုင်ပိုင်ရှင် တရုတ်မောင်စိန်က..
“ခင်ဗျားတို့က တော်ပါသေးတယ်ဗျာ မနေ့က အဘိုးကြီး ကျုပ်ဆိုင်ကိုလာတယ် လာတာမှ တစ်ယောက်တည်း အရင်ကလို လက်ဖက်ခြောက် လာတောင်းတာမဟုတ်ဘူး ရပ်ကွက်ထဲက ကလေး လေးငါးယောက်လောက် ခေါ်လာတယ်..ကိုမြတ်လေးသားတောင် ပါသေးတယ် ပြီးတော့ ခလေးတွေကို ချိုချဉ်တွေ ဇီးထုပ်တွေ လက်ညိုးထိုးသမျှ အကုန်ဝယ်ပေးတယ် ကျုပ်က သူပိုက်ဆံရှင်းမလားလို့ ထင်နေတာ ၀ယ်ပြီးတော့ ဘာပြောသွားတယ်မှတ်လဲ စာရင်းမှတ်ထားလိုက်ပါတဲ့ ဘိလပ်ကိတ်ဆီက ငွေရရင် ဆက်ဆက်ပေးပါ့မယ်တဲ့ဗျာ ကဲ..ကောင်းကြသေးရဲ့လား…”
“ဟား..ဟား..ဟား..ကျလဲကျတဲ့ အဘိုးကြီးဗျာ..”
“ခုဆို့ သူ့ကို ရပ်ကွက်ထဲက နာမည်တောင် ပေးလိုက်ကြပြီ ဘိလပ်ကိတ်တဲ့..”
“ဟား..ဟား…ဟား..”
ကိုမြတ်လေးတို့၏ ဇာတ်လိုက်ကြီး ဘကြီးညိုမှာ တကယ်တော့ ဤမြို့ဇာတိမဟုတ်ပေ။ လွန်ခဲ့သည့် သုံးလေးနှစ်က မြို့မကျောင်း ဆရာတော်ဘုရား ဘုရားဖူးသွားရာမှ အပြန်လိုက်ပါလာခဲ့သူ ဖြစ်သည်။ အသက်ခြောက်ဆယ်ကျော် ခုနှစ်ဆယ်နီးပါး ရှိပြီဖြစ်သော်လည်း သန်သန်မြန်မြန် လုပ်နိုင်ကိုင်နိုင်ရှိသေးသည်။ လူရိုးလူဖြောင့်ကြီး တစ်ဦးဖြစ်သောကြောင့် ရပ်ကွက် ဥက္ကဌက သူ့ကိုလမ်းထိပ်တွင် မီးကင်းစောင့်ရန် အလုပ်ပေးထားသည်။ သားသမီးဆွေမျိုးရင်းချာ မရှိရှာသော ဘကြီးညိုကို ရပ်ကွက်ကလူများက တတ်နိုင်သလောက် ကူညီထောက်ပံ့ပေးကြသည်။ လမ်းထိပ်ကင်းတဲတွင် သူနေသည်။ ထမင်းကို ကြုံသည့်အိမ်တွင် တောင်းစားသည်။ ဘကြီးညို အ၀င်အထွက်အများဆုံးက ကိုမြတ်လေးတို့အိမ်ဖြစ်သည်။ ကိုမြတ်လေးတို့ လင်မယားကလည်း ဘကြီးညိုကို စေတနာရှိသည့် အလျှောက် ထမင်းကျွေးသည့်အပြင် အ၀တ်အစားအဟောင်းများကို ကြုံသလိုပေးကမ်းသည်။ ဤသို့ဖြင့် လူနေအိမ်ခြေ အနည်းငယ်ကျဲသော ကိုမြတ်လေးတို့ရပ်ကွက်ထဲတွင် ဘကြီးညို၏ တစ်ကိုယ်ရေတစ်ကာယအတွက် ပူစရာမလိုခဲ့ပေ။ ဘိလပ်ကိတ်နာမည်တွင်ပြီးနောက်ပိုင်း ဘကြီးညိုနှင့် ဘဦးတို့အကြောင်းက ရပ်ကွက်ထဲတွင် ရေပန်းအစားဆုံး သတင်းတစ်ပုဒ်ဖြစ်နေခဲ့သည်။
                             *                            *                          *
တစ်နေ့ ကိုမြတ်လေးလမ်းထိပ်ထွက်လာရာ ဘဦးနှင့် ဘကြီးညိုတို့ ကင်းတဲ အနီးတွင် ခေါင်းချင်းဆိုင်နေသည်ကို တွေ့သည်။ ဘဦးပြောသမျှကို ဘကြီးညိုက ပြုံးပြုံးလေးနှင့် နားထောင်နေသည်။ ကိုမြတ်လေးကို မြင်သောအခါ ဘဦးစကားစဖြတ်၍ ထွက်သွားသည်။ ဘကြီးညိုက ကိုမြတ်လေးကိုတွေ့သောအခါ..
“ဟော.စာရေးဆရာ..ဘယ်ကိုလဲ..”
“လက်ဖက်ရည်သွားသောက်မလို့ ဘကြီးညို… လိုက်သောက်ပါဦးလား..”
“မလိုက်တော့ပါဘူး..ဆရာလေးရယ်.ကျုပ်ကိစ္စလေး နည်းနည်းရှိသေးလို့..”
“ဘာကိစ္စလဲဗျ ခုနက တိုင်ပင်နေတာ တွေ့လိုက်ပါတယ် ကျွန်တော့်ကိုလည်း ပြောပြစမ်းပါအုန်း ကားဝယ်မဲ့ကိစ္စလား..တိုက်ဆောက်မဲ့ကိစ္စလား..”
“၀ယ်မှာပေါ့ ဆရာလေးရယ် အခုအဲဒီကိစ္စအတွက် ငွေသွားယူဖို့ တိုင်ပင်နေတာ ရလာမယ့် ငွေကများတော့ လက်နဲ့တောင်ရေလို့ နိုင်မှာမဟုတ်ဘူးတဲ့ ဆရာလေးရေ အဲဒါရန်ကုန်က သူ့ဦးလေးကို ငွေရေတဲ့စက်ကြီးတစ်လုံး ကြိုရှာဝယ်ဖို့ ခိုင်းထားတယ်လို့ ဘဦး ခုနကပဲ လာပြောသွားတယ်..”
“ဟား..ဟား..ငွေတွေရောက်လို့ ကားတင်ကားချလူလိုရင် ကျွန်တော့ကို လှမ်းခေါ်လိုက်နော် ဘကြီးညို ကျွန်တော်လည်း ဒီတစ်သက်မှာ ငွေထုပ်ထမ်းဖူးတယ်ရှိသွားအောင်..”
“စိတ်ချ..ရောက်ရောက်ချင်း လာခေါ်မယ်..”
“ကဲ..သွားပြီ..ဘိလပ်..အဲလေ ..ဘကြီးညို”
ဘကြီးညိုကိုနှုတ်ဆက်ပြီး လက်ဖက်ရည်ဆိုင်ဘက် ဆက်လျှောက်လာတော့ ဆိုင်ထဲမှာ လူစုံနေပြီဖြစ်သည်။ ရောက်ရောက်ချင်း ကိုမြတ်လေးက ဘကြီးညိုနှင့်တွေ့ခဲ့သည့် အကြောင်း ဖောက်သည်ချသောအခါ သန်းထိုက်က..
“အခြေအနေက ထင်ထားတာထက်ကို ဆိုးနေပြီ ဆရာရေ…”
“ ဘာဖြစ်လို့လဲဗျ”
“အခု ဘဦးက ရန်ကုန်ငွေသွားယူမယ် အကြောင်းပြပြီး ဘိလပ်ကိတ်ဆီက ပိုက်ဆံတောင်းသုံးနေတယ်.. အဘိုးကြီးကို ကျုပ်သွားပြီး အကျိုးအကြောင်း ပြောပြတော့လည်း ဘိုးတော်ကလက်မခံဘူး ဒီကောင်က အရက်သောက်ချင်ရင် အဘိုးကြီးကို လှည့်ပတ်တောင်းပြီး သောက်နေတာ ရေရှည်ဆို ဘိလပ်ကိတ်တစ်ယောက် ဒုက္ခရောက်တော့မယ်..”
“ဟေ အဲဒီလိုဖြစ်နေတာလား ငါက သင်း အဖိုးကြီးကို နောက်ရုံပြောင်ရုံလေးပဲ ထင်နေတာ ဒီကောင်တော့ကွာ ဟိုခမျာ အိုကြီးအိုမနဲ့ သူများပေးစားကမ်းစာ စားနေရတာ သူမို့လို့ လုပ်ရက်တယ်..”
“ခင်ဗျားကသာ အဘိုးကြီးဘက်က နာနေတာ ဟိုကဖြင့် အဲဒီအရက်သမား ဘာပြောပြော ပြုံးပြုံး ပြုံးပြုံးနဲ့ သဘောတွေကျနေတာ ပြီးတော့ ဒီကောင်ပြောသမျှ ရပ်ကွက်ထဲ တွေ့ရာလူကို ပြန်ကြွားရတာ အမော..”
“ဟိုတနေ့က  ဒေါ်တရုတ်မ အိမ်မှာ..ဘဦးပစ္စည်းတွေ လာပေါင်နေတာ တွေ့တယ် အဲဒီထဲမှာ မနှစ်ကဘကြီးညိုကို သက်ကြီးပူဇော်ပွဲက ကန်တော့ထားတဲ့ တိုက်ပုံအကျီနဲ့ ရခိုင်လုံချည်ပါတယ်တဲ့ ပြီးတော့ လက်နှိပ်ဓါတ်မီးတစ်လုံး၊ နောက်ဂျာကင် အကောင်းတစ်ထည်..”
“လက်နှိပ်ဓါတ်မီးနဲ့ ဂျင်းဂျာကင်.ဟုတ်လား..အဲဒါ ပြီးခဲ့တဲ့လက ဘကြီးညိုကို ငါပေးထားတာကွ.”
“အကုန်လုံး ဘကြီးညိုဆီက လိမ်ယူလာတာဖြစ်နိုင်တယ်…ဒီကောင်တောင်းသမျှ ပေးဖို့ အဖိုးကြီးမှာ ပိုက်ဆံရှိတာမှ မဟုတ်တာကွာ ပိုက်ဆံမရတော့ ပစ္စည်းတွေ မလာတာနေမှာပေါ့..နောက်ထပ် တိုလီမုတ်စတွေလဲ ပါသေးတယ်..”
“ဟာ…ဒီဘဦးတော့ကွာ..တောက်..”
ကြားလိုက်ရသော သတင်းကြောင့် ကိုမြတ်လေး အလွန်စိတ်ကသိကအောက် ဖြစ်သွားသည်။ နောက် ဤအတိုင်းရပ်ကြည့်နေ၍ မဖြစ်တော့ပေ။
“ခင်ဗျားတို့အားလုံး ဘဦးကိုတွေ့ရင် ကျွန်တော့်ကိုလာပြောဗျာ ဒီကောင့်ကို ဒီအတိုင်းလွှတ်ထားလို့ မဖြစ်တော့ဘူး ရအောင်တားရမယ် တားလို့မရရင် ဥက္ကဌတိုင်ပြီး ဒီကောင့်ကို ရဲစခန်းပို့ပစ်မယ်..တောက်..ခွေးမသား.ဒင်းတွေ့မယ်"
                               *                            *                          *
နောက်တစ်နေ့ မနက်စောစောစီးစီး ကိုမြတ်လေးတို့အိမ်သို့ တရုတ်မောင်စိန် ရောက်ချလာသည်။ သူ့ပုံစံက ရှူးရှူးရှားရှားဖြစ်လာသည်မို့ ကိုမြတ်လေးက
“ဘာတွေဖြစ်လာတာလဲ ကိုမောင်စိန်”
“ဗိုလ်မြတ်..ခင်ဗျားအဘိုးကြီး ဘိလပ်ကိတ်ကို ကြည့်ပြောအုန်း..”
“ကဲအရင်ပြောပါအုန်း..ဘာဖြစ်လာလဲဆိုတာ”
“ဘာဖြစ်ရမှာလဲ ဘိလပ်ကိတ်ကိစ္စပေါ့ ဒီမနက်စောစောကြီးမှာ မိုးတောင်မလင်းသေးဘူး ပြဿနာဖြစ်ရတယ် ကျုပ်လမ်းလျှောက်ထွက်လာတော့ ကင်းတဲနားမှာ ဘိလပ်ကိတ်နဲ့ ဘဦးမီးလှုံနေတယ် မှောင်နေသေးတော့ ကျုပ်လာတာ နှစ်ယောက်စလုံးမမြင်ဘူး အဲဒီအချိန်မှာ ဘဦးကအဘိုးကြီးကို ဘာပြောနေတယ်မှတ်လဲ နိုင်ငံခြားက သူဌေးဘိလပ်ကိတ်ဆီ ဖုန်းဆက်ဖို့ဆိုပြီး ငွေတောင်းနေတာ နိုင်ငံခြားထိခေါ်ရမှာမို့ ပိုက်ဆံတစ်ထောင်လောက် ရှာပေးပါတဲ့ အပြောကတော့ညက်နေတာပဲ သူ့ကိုယ်သူမကြီးမငယ်နဲ့ သား..သား…ဆိုပြီး အဘိုးကြီးကို ကပ်ချွဲနေလိုက်တာဗျာ ကျုပ်ဖြင့် အော်ဂလီဆန်လိုက်တာ..အဘိုးကြီးက တစ်ပြုံးပြုံးနဲ့ သဘောတွေကျလို့ ဘယ်လိုဝဋ်ကြွေးမှန်းကိုမသိဘူး အဘိုးကြီးက ကျုပ်ကိုမြင်တော့ ပိုက်ဆံချေးတယ် အဲဒီမှာကျုပ်လဲ တော်တော်တင်းသွားပြီး ဘဦးကို ပိတ်ဟောက်ပစ်လိုက်တယ် ဒီကောင်က ကျုပ်ကိုလန့်တော့ ပြန်မပြောရဲဘူး အဲဒီမှာဗျာ အဘိုးကြီးက ကျုပ်ကိုစိတ်ဆိုးပါလေရော သူ့ကိုမယုံဘူး အထင်သေးတယ် ဘာညာနဲ့ ကျုပ်လဲ သေချာရှင်းပြပါသေးတယ် လုံးဝလက်မခံဘူး ကျုပ်ဗျာ..ရယ်လဲရယ်ချင် ဒေါသလဲထွက် ..အဲဒါနဲ့ အဘိုးကြီးပါ ပိတ်ဟောက်လိုက်တယ် ခင်ဗျား.ဒီကောင့်ကိစ္စနဲ့ ပတ်သက်ရင် ကျုပ်ဆီက ဘာတစ်ခုမှ အကူအညီလာမတောင်းနဲ့ ကျုပ်ဆိုင်လည်း လာစရာမလိုဘူးလို့ ဒီအဘိုးကြီးကို ဒီတစ်ခါ တော်တော် စေတနာပျက်သွားတယ် အဲဒီဘဦးဆိုတဲ့ခွေးသူခိုးက လျှင်လိုက်တာမှ လှစ်ခနဲပဲ ကျုပ်တို့စကားများနေတုန်း ပျောက်သွားတယ်..ကျုပ်ဆွဲထိုးမလို့ လိုက်ရှာတာ မရှိတော့ဘူး”
“အေးဗျာ ဘကြီးညိုတစ်ယောက်နဲ့တော့ ခက်နေပါပြီ ကျွန်တော်ပြောကြည့်ပါအုန်းမယ်ဗျာ နော် ကျွန်တော်ပြောတာတော့ သူလက်ခံမှာပါ…”
“ကျုပ်ကတော့ ဘိလပ်ကိတ်ကို ဆလံသသွားပြီဗျို့ ကဲ သွားပြီ”
“ ဟုတ်ကဲ..ကိုမောင်စိန်.”

ကိုမောင်စိန်ပြန်သွားပြီးနောက် ကိုမြတ်လေးတစ်ယောက် စိတ်ညစ်ကျန်ခဲ့သည်။ ဘိလပ်ကိတ်ကို နားဝင်အောင် မည်သို့ပြောရမည်ကို စဉ်းစား၍မရနိုင်။ မပြောပဲထားလျှင် အခြေအနေက ပိုဆိုးလာတော့မည်။ သက်ကြီးရွယ်အိုတစ်ယောက်အနေဖြင့် လူတကာ ၀ိုင်းပယ်ခံရမည့် အဖြစ်မျိုး ဘကြီးညိုကိုမရောက်စေချင်ပေ။
ညနေစောင်းချိန် ဘကြီးညို ကိုမြတ်လေးအိမ်သို့ ရောက်လာသည်။
“ဆရာလေး..ထမင်းကျန်သေးလား”
“နောက်ဖေးမှာ နွယ်မာရှိတယ်..ဘကြီးညို တခါတည်းဝင်စားသွား”
“ဒီမှာမစားတော့ပါဘူး ဆရာလေးရယ် ကျုပ်မှာအိတ်ပါလာတယ် ဟိုကျမှ ဘဦးနဲ့ အတူတူစားတော့မယ်”
“ဘကြီးညိုကတော့ လုပ်ပြီ နေအုန်း ဘကြီးညိုကို ကျွန်တော်ပြောစရာရှိတယ် ခဏထိုင်ပါအုန်း”
“ဟိုကောင်လေး စောင့်နေလိမ့်မယ် ဆရာလေးရဲ့ အချိန်သိပ်မရဘူး..ဆို..ဘာပြောစရာရှိလို့လဲ”
“ခု ကျွန်တော်ပြောမယ့်ကိစ္စကို ကျေးဇူးပြုပြီး အလေးအနက်နားထောင်ပေးပါ နောက်ပြီး ကျွန်တော်ပြောမယ့်စကားဟာ ဘကြီးညိုကို စေတနာရှိလို့ ပြောတယ်ဆိုတာကို သိစေချင်တယ် အခုရပ်ကွက်ထဲမှာ ဘကြီးညို လုပ်နေတာတွေကို တော်တော်များများ ကြည့်မရ ဖြစ်နေကြပြီ ဘာဖြစ်လို့ ဘဦးစကားကို ဒီလောက်တောင် ယုံနေရတာလဲ ဘကြီးညိုရယ် ဒီကောင့်အကြောင်းလည်း သိရဲ့သားနဲ့ သူပြောတဲ့ကိစ္စတွေက တစ်ခုမှ အမှန်မဟုတ်ဘူး အကုန်လုံး လိမ်နေတာ အဲဒါကို ဘကြီးညိုကယုံပြီး ဒီကောင်တောင်းသမျှ ပေးနေတော့ ကြာရင် ဘကြီးညိုပဲ ဒုက္ခရောက်တော့မှာပေါ့ ပြီးတော့ ရပ်ကွက်ထဲက ဘကြီးညိုကို ထောက်ပံ့နေတဲ့လူတွေကလည်း စေတနာပျက်လာကြပြီ..ကျွန်တော်ပြောတာ ဘကြီးညိုအတွက်ပါ”
“ဆရာလေးတို့ ထင်သလိုမဟုတ်ပါဘူးဗျာ ဒီခလေး ကျုပ်အပေါ်ကောင်းရှာပါတယ် ဆရာလေးတို့ ကျုပ်အတွက်ပူစရာမလိုပါဘူး”
“ဘယ်လိုပြောလိုက်တာလဲ ဘကြီးညို ကျွန်တော်က ခင်ဗျားအတွက် စေတနာနဲ့ သတိပေးနေတာ ကျွန်တော်တို့ခင်ဗျားကို ကျွေးမွေးထောက်ပံ့နေတာ သက်ကြီးရွယ်အိုတစ်ယောက်ဆိုပြီး သနားလို့ ခင်ဗျားရဲ့ကောင် အရက်သမားသောက်ဖို့ ခင်ဗျားကိုပေးနေတာမဟုတ်ဘူး”
“စာရေးဆရာ ပြောချင်ရင်ကျုပ်ကိုပဲပြောဗျာ ဘဦးကိုဆွဲမထည့်နဲ့ ဘယ်သူမှ သူ့လောက် ကျုပ်အပေါ်ဂရုစိုက်ကြတာမဟုတ်ဘူး ကျုပ်မှာ သားသမီးအရင်း ရှိရင်တောင် သူ့လောက် ကောင်းမှာမဟုတ်ဘူး ကျုပ်ကိစ္စကို ကျုပ်နားလည်တယ် ကဲ ကျုပ်ထမင်းသွားယူလိုက်ဦးမယ် ဘဦးဆာနေလောက်ပြီ”
ဘကြီးညိုစကားကြောင့် ကိုမြတ်လေးဒေါသထွက်သွားသည်။
“မပေးဘူးဗျာ ခင်ဗျား စေတနာနဲ့မတန်ဘူး ဒီမှာဘကြီးညို ခင်ဗျားကို ကျွန်တော်က ဦးနှောက်ရှိမယ်ထင်လို့ လေကုန်ခံပြီး ပြောပြနေတာ စေတနာကို စော်ကားတတ်တဲ့လူမျိုးကို နောက်ဆက်ဆံစရာ အကြောင်းမရှိတော့ဘူး ခင်ဗျား ကျွန်တော့်အိမ်ကို နောက်ဘယ်တော့မှ မလာနဲ့တော့ ဒီနေ့ကစပြီး ခင်ဗျားဘာဖြစ်ဖြစ် ကျွန်တော်တို့နဲ့ မဆိုင်တော့ဘူး ဒီထမင်းကို ခင်ဗျားကျွေးမယ့်တူတူ ခွေးကိုကျွေးလိုက်တာ ပိုတန်ဖိုးရှိအုန်းမယ် ကဲ ထွက်သွားဗျာ ခင်ဗျားမျက်နှာမမြင်ချင်တော့ဘူး”
ဒေါသထွက်နေသော ကိုမြတ်လေးကို ဘကြီးညို တစ်ခါမှ မမြင်ဘူးသလို ငေးကြည့်နေသည်။ ကိုမြတ်လေးနှင့် ပတ်သက်ခဲ့သမျှ အချိန်အတောအတွင်းမှာ ဤလေသံမျိုး သူတစ်ခါမှ မကြားဖူး။ ကိုမြတ်လေးစကားဆုံးတော့ ဘကြီးညို ထိုင်ရာမှ ထလိုက်သည်။ ပျက်ယွင်းနေသောမျက်နှာကို လက်ဖြင့် ပွတ်သပ်လိုက်ပြီး..
“ကျုပ်ပြောမှားဆိုမှားရှိရင် တောင်းပန်ပါတယ် ဆရာလေးရယ် ကဲပါလေ ဆရာလေး စေတနာမရှိမှဖြင့် ကျုပ်ထမင်းမယူတော့ပါဘူး ကျုပ်ကိုခွင့်ပြုပါဦး”
“သွား..သွား..နောက်လည်း လာစရာမလိုဘူး  တောက်!! အလကား..အဖိုးကြီး”
ကိုမြတ်လေး တစ်ဖျစ်တောက်တောက် မြည်နေစဉ် အိမ်နောက်ဖေးမှ ဇနီးဖြစ်သူ မနွယ်မာထွက်လာသည် ။
“အစ်ကို  စောစောက ဘကြီးညို အသံကြားလိုက်သလိုပဲ..ထမင်းလာယူတာလား”
“ပြန်သွားပြီ..အဲဒီထမင်းတွေခွေးကျွေးပစ်လိုက်”
“ဘာဖြစ်လို့လဲ”
“ဘာဖြစ်ရမှာလဲ မင်းပထွေးက ငါစေတနာနဲ့ပြောတာကို လက်မခံပဲ ငါ့ကို ပြန်ကောသွားတယ်လေ
ငါတို့ကျွေးတဲ့ ထမင်းကိုစားနေတာ နှစ်ပေါက်နေပြီ ငါ့စကားကျတော့ လက်မခံဘူး မနေ့တနေ့ကမှ အနားလာကပ်ပြီး လိမ်တဲ့ကောင်စကားကျ နားဝင်တယ် မင်းကိုလည်း မှာထားရဦးမယ် နောက်ဆို ဒီအဖိုးကြီးလာရင် ထမင်းလုံးဝ ကျွေးစရာမလိုဘူး ကုန်ကုန်ပြောမယ်ကွာခြံထဲတောင်ပေးမ၀င်နဲ့”
“ရှင်ကလည်း အဘိုးကြီးသနားပါတယ်..သူ့ခမျာ သူများကျွေးမှစားရတာကို”
“သနားရင် မင်းပါ ကင်းတဲမှာသွားနေ..ငါ့အိမ်မှာမနေနဲ့”
“ရှင်နော်..မမိုက်ရိုင်းနဲ့ သူများကိစ္စနဲ့ လူကိုရန်လာစနေတယ်”
“ငါရန်စနေတာမဟုတ်ဘူး မင်းက မနေတတ်မထိုင်တတ်လို့ ကြိုသတိပေးနေတာ”
“ကျွန်မက မနေတတ်မထိုင်တတ်ရအောင် ဘာဖြစ်နေလို့လဲ”
“ဟာ..ဒီမိန်းမ..ငါလုပ်ထည့်လိုက်ရ”
“အံမာ..လုပ်ရဲ လုပ်ကြည့်ပါလား”
“တောက်!!!!”
နေရင်းထိုင်ရင်း ရန်ထဖြစ်ကာ ကိုမြတ်လေးတစ်ယောက် ဒေါသဖြစ်ဖြစ်နှင့် ခြံထဲဆင်းသွားသည်။ ထိုအချိန်တွင်ခြံထဲသို့ ခွေးဝဲစားတစ်ကောင် ၀င်လာကာ ခြံစည်းရိုးဘေးတွင် ပစ်ထားသော နှုတ်ခမ်းသားပဲ့နေသည့် ရေအိုးတစ်လုံးတွင် ရေ၀င်သောက်သည်။ ဘိလပ်ကိတ်နှင့် သူ့မိန်းမအပေါ် ပေါက်ကွဲနေသော ကိုမြတ်လေး၏ဒေါသက ထိုခွေးဝဲစားထံ စုပြုံရောက်ရှိသွားတော့သည်။
“ကဲ….သေစမ်းကွာ”
“ခွမ်း!!!!!”
ကိုမြတ်လေးဒေါသဖြင့် ပစ်လိုက်သော အုတ်ခဲကျိုးက ခွေးကိုမထိပဲ ရေအိုးကိုထိမှန်ကာ ထက်ခြမ်းကွဲသွားတော့သည်။
                                *                            *                          *
“ဗျို့…ကိုမြတ်လေး ဥက္ကဌက ရုံးကို အမြန်လာခဲ့ပါတဲ့ ရပ်ကွက်ထဲမှာ ဓါးထိုးမှုဖြစ်နေလို့”
“ဟေ!!! ဟုတ်လား..ဒုက္ခပါပဲကွာ ဒါနဲ့ဓါးနဲ့အထိုးခံရတာ ဘယ်သူတုန်း”
“ဘဦးလေ ဟိုဘက်ခြမ်းက အရှည်ကြီးနဲ့သန်းဦးတို့ဆီက ငွေလိမ်လာတာ ဟိုကမကျေနပ်လို့ လိုက်လာပြီး ဓါးနဲ့ထိုးသွားတယ် ဖြစ်တာ သိပ်မကြာသေးဘူး တစ်နာရီလောက်ပဲရှိသေးတယ် အခုဆေးရုံပို့လိုက်ပြီ ရဲတွေလည်းရောက်နေတယ် ခုမျက်မြင်သက်သေကိုစစ်နေတယ်”
“သြော်…..ဒီကောင် အထိုးခံရတာလား သူ့အကုသိုလ်တွေ အကျိုးပြန်ပေးပြီပေါ့ကွာ အဲ….ဒါနဲ့သက်သေက ဘယ်သူလဲ”
“ဘယ်သူရှိရမှာလဲ ခင်ဗျားတို့ဘိလပ်ကိတ်ပေါ့ ဘဦးနဲ့သူစကားပြောနေတုန်း ဟိုကောင်တွေရောက်လာပြီး ဓါးနဲ့ထိုးသွားတာ ခု ရဲတွေသူ့ကို မေးနေကြတယ် ခင်ဗျားအဖိုးကြီး ရုံးထဲမှာ ခလေးလိုငိုနေလေရဲ့ သူစိတ်ကူးယဉ်ထားတဲ့ ပိုက်ဆံတွေကို ဘဦး မယူပေးနိုင်တော့လို့နဲ့တူတယ် အဲဒီကိစ္စလာပြောတာ ကဲ….သွားလိုက်ဦးမယ်”
ကိုမြတ်လေး ရပ်ကွက်ရုံးရောက်သောအခါ ဥက္ကဌစားပွဲရှေ့တွင် ခေါင်းငိုက်စိုက်ချထိုင်နေသော ဘိလပ်ကိတ်ကိုတွေ့ရသည်။ ဥက္ကဌက..
“ခင်ဗျားလာတာနဲ့ အတော်ပဲ ကိုမြတ်လေးရေ ဒီမှာ လာကူချော့စမ်းပါဦး..ငိုချည်းပဲငိုနေတယ်”
ဘိလပ်ကိတ်ကို ဤပုံစံနှင့်မြင်ရတော့ ကိုမြတ်လေး စိတ်မကောင်းဖြစ်မိသည်။ သို့သော်လည်း ယခင်က မကျေနပ်ချက် အခံကရှိနေသေးသည်။ ကိုမြတ်လေး သူ့ဘေးမှခုံတွင် ၀င်ထိုင်လိုက်သည်နှင့်…
“ဆရာလေး..ကျုပ်ကို ဆေးရုံလိုက်ပို့ပေးပါလားဗျာ..ကျုပ်ဟိုကောင်လေးကိုသွားကြည့်ပါရစေနော်”
ဘိလပ်ကိတ်စကားကြောင့် ကိုမြတ်လေးစိတ်တိုသွားသည်။
“ခင်ဗျား ခုထိမမှတ်သေးဘူးလား ဘကြီးညို အဲဒီအကုသိုလ်ကောင်ကို ဘာဖြစ်လို့ ခင်ဗျားပူနေရတာလဲ သူ့ဟာသူ သေသေရှင်ရှင် ခင်ဗျားနဲ့ဘာဆိုင်လို့လဲ ခုခင်ဗျားလုပ်ရမှာက ဒီမှာ သက်သေထွက်ဖို့ပဲရှိတယ်”
ကျုပ်စိတ်ပူလွန်းလို့ပါ ဆရာလေးရယ် ကျုပ်အနူးအညွတ် တောင်းပန်ပါတယ်ဗျာ ကျုပ်ကိုလိုက်ပို့ပေးကြပါ ဆရာလေးမလိုက်နိုင်ရင်လည်း ကျုပ်ဘာသာသွားလို့ရအောင် ဒီကဆရာတွေကိုပြောပေးပါနော်”
မျက်ရည်လည်ရွဲနှင့် ခြေထောက်ဖက်မတတ် တောင်းပန်နေသော ဘိလပ်ကိတ်ကြောင့် ရဲအရာရှိက…
“ကဲ!!!!! ဒီလောက်ဖြစ်နေရင်လည်း လိုက်ပို့ပေးလိုက်ရအောင် ဆေးရုံရောက်မှပဲ သူ့ကိုဆက်မေးကြတာပေါ့”
သူတို့အားလုံး ဆေးရုံရောက်သွားသည့်အခါ ဘဦးဆုံးသွားပြီဟု ဆရာဝန်ကလာပြောသည်။ ဘဦးကုတင်သို့ရောက်သည်နှင့် ဘိလပ်ကိတ်တစ်ယောက် အလောင်းကိုဖက်ကာ ရှိုက်ကြီးတငင် ငိုယိုလေတော့သည်။ အလောင်းကို ရေခဲတိုက်ပို့ပြီးသည်အထိ ဘိလပ်ကိတ် အငိုမတိတ်နိုင်သေးပေ။
“စိတ်လျှော့လိုက်ပါ ဘကြီးညိုရယ် ခုဘာပဲပြောပြော ဘကြီးညို ဒီကောင့် ၀ဋ်ကကျွတ်သွားပြီပေါ့ ဒီကောင်ပြောခဲ့တာတွေကို စိတ်ထဲမှာစွဲပြီး နှမြောမနေနဲ့တော့ အားလုံးက ဒီကောင် လိမ်ထားတာတွေချည်းပဲ သူရှိနေသေးရင် ဘကြီးညို ဒီထက်မက ဒုက္ခရောက်နိုင်တယ် ဒီလိုကောင်မျိုးက လောကကြီးမှာ မရှိတာ ပိုတောင်ကောင်းသေးတယ်.. ကဲ ...မငိုနဲ့တော့နော်”
သန်းထိုက်က ဘိလပ်ကိတ်ကို ချော့နေသည်။ သနားစဖွယ်ငိုယိုနေသော ဘိလပ်ကိတ်ကို ကြည့်ရင်း ကိုမြတ်လေးတို့လူစု သက်ပြင်းကိုယ်စီချမိသည်။ ခဏကြာမှ ဘိလပ်ကိတ်ထံမှ စကားသံလေးတွဲ့တွဲ့ ရှိုက်သံများရောယှက်လျှက် ထွက်ပေါ်လာသည်။
“ကျုပ် အစောကြီးထဲက သိပါတယ်ဗျာ ကျုပ်အဲဒီပိုက်ဆံတွေကို မနှမြောပါဘူး ကျုပ်နှမြောတာက ဒီခလေးကိုပါဗျာ ကျုပ်ဒီမြို့ကိုရောက်လာတဲ့အချိန်မှာ လူတွေက သနားလို့ ကျွေးမွေးပေးကမ်းကြတယ် အဲဒီလူတွေကို ကျုပ်တစ်ခုခု ပြန်ပေးချင်ပေမယ့် ပေးခွင့်မရခဲ့ဘူး ဘယ်သူမှလည်း ကျုပ်ဆီက အကူအညီပြန်မတောင်းကြဘူး ဘယ်သူမှလည်းကျုပ်ကို မိဘတစ်ယောက်လို လူရာသွင်းပြီး စကားမပြောကြဘူး ဒီခလေးတစ်ယောက်ပဲ ကျုပ်ကို အရေးတယူလုပ်ရှာတာပါဗျာ သူပြောတာတွေ မဟုတ်မှန်းသိပေမယ့် အဲဒါတွေ နားထောင်နေရတာကို ကျုပ်စိတ်ချမ်းသာတယ် သူပြောတာတွေကို စိတ်ကူးယဉ်ပြီး မျှော်လင့်နေရတာကို ကျုပ်ပျော်တယ် ကျုပ်ဆီကပေးမှစားရတဲ့ သူ့ကိုလည်းသနားမိတယ် ပိုက်ဆံချမ်းသာဖို့ထက် ဒီခလေးနဲ့အတူတူ စကားပြောနေရတာကို ကျုပ်ပိုပြီးလိုချင်တယ်..ခုတော့ သူသေပြီ ကျုပ်ကို ဘယ်သူက ဒီလိုစကားတွေ လာပြောတော့မှာလဲ ကျုပ်ပေးတာကို ဘယ်သူက လိုလိုချင်ချင် လာယူတော့မှာလဲ သားရေ..မင်းငါ့ကို တစ်ယောက်တည်း ထားခဲ့ရက်တယ်ကွာ အီး..ဟီး…ဟီး.. !!!!!!”
ဘိလပ်ကိတ်၏စကားက ကိုမြတ်လေးရင်ထဲသို့ နင့်ခနဲ စူးဝင်သွားသည်။
အချိန်ကြာမြင့်စွာ မြင်တွေ့ခဲ့ရသော မြင်ကွင်းတစ်ခုကို မျက်စိတစ်ဆုံးကြည့်၍ သူတို့အားလုံး ရယ်မောခဲ့၊ ပျော်ရွှင်ခဲ့၊ ဒေါသထွက်ခဲ့ကြသည်။ မျက်စိဖြင့် မြင်နိုင်သည့် အတိုင်းအတာထက် ကျော်လွန်ပြီးကြည့်ရန် သူတို့ပျက်ကွက်ခဲ့ကြသည်။ မျက်စိနှင့်မမြင်နိုင်ပဲ နှလုံးသားဖြင့်ကြည့်မှ မြင်နိုင်သည့် မြင်ကွင်းနောက်ကွယ်မှ အင်အားကြီးမားလှသည့် အရာကား………..။

                                                                                                    ငချွန်းယေ

၂၀၀၈ခုနှစ်တွင်ရေးဖွဲ့ခဲ့ပြီး ရွှေအမြုတေရွှေအသစ်ကဏ္ဍမှ လက်ရေးလက်သား မသေသပ်၊အရေးအသား၊ တင်ပြပုံအားနည်းသဖြင့် ပယ်ခံလိုက်ရသည့် ဒုတိယမြောက် ကိုယ်တိုင်ရေးဝထ္ထုတို ဖြစ်ပါသည်။ စင်္ကာပူနိုင်ငံတွင် ထုတ်ဝေသည့် လမ်းပြကြယ် စာကြည့်တိုက် ၅နှစ်ပြည့် အထိမ်းအမှတ် မဂ္ဂဇင်းတွင် ထည့်သွင်းဖော်ပြရန် ပေးပို့ထားပါသည်။ ချစ်သူငယ်ချင်း မမကြီးချစ်ပု(Chit Pu)မှ အိပ်ရေးပျက်ခံ(ယောင်္ကျားနား ကပ်ချင်စိတ်ကို အောင့်အီးသည်းခံ၍) လက်ရေးဆိုးဝါးသော မူရင်းစာမူအား နှစ်ရက်အတွင်း ပင်ပန်းခံကွန်ပျူတာစာစီပေးခဲ့ပါသည်။ စာမူခရပါက တစ်ဝက်တိတိအား ချစ်ပုအား ပေးရန်ကတိပြုပါသည်။ (ဟီး ဟီး နောက်ဆုံးစာကြောင်းမှာ ချစ်ပုမ သူ့ဘာသာရေးထားခြင်း ဖြစ်ပါသည်..:p)

3 comments:

  1. ဒီ ဘိလပ်ကိတ်လေး တော်တော်ကြိုက်တယ်။
    မထင်မှတ်တဲ့ အတွေးလေးကို လှည့်ပြီးပေးသွားတယ်
    ကိုယ်ဆိုရင်လဲ အဖိုးကြီးရဲ့ စိတ်ကို အဲဒီလို တွေးမိမှာ မဟုတ်ဘူး။ ဘိလပ်ကိတ်ရင်ထဲမှာ ဘယ်သူမှ မတွေးမိတဲ့ စိတ်မျိုးရှိနေတာကိုး..

    ReplyDelete
  2. လိုက်ခ် လုပ်လို့မရတာ သိပ်နာတာပဲ..ဘိလပ်ကိတ်ရယ်...

    ReplyDelete
  3. ဖတ်လို့ကောင်းတယ်.....ဇတ်လမ်းလေးကဖတ်လို့ကောင်းသလို ဗျောသီချင်းလေးကလဲနားထောင်းလို့ကောင်းကောင်းလှတယ်...
    ရင်ထဲဘာကိုဘယ်လိုထိတယ်တော့ မသိဘူးးး ရင်ထဲထိတာတော့အမှန်ပဲ ဘိလပ်ကိတ်ကို သနားတယ်..

    ReplyDelete