ပေါက်ကရ လေးဆယ်

Subscribe:

Sunday, April 15, 2012

လမ်းဘေးဈေးသည်နှင့် ဆိုင်တွင်းဈေးသည်

ယနေ့ခေတ်မှာ မြန်မာပြည်ရဲ့ရှိရှိသမျှ မြို့ကြီးပြကြီး၊ခရိုင်တိုက်နယ်၊ကျေးလက်တောရွာတွေပါမကျန် မမြင်ဖူးသူမရှိသလောက် ပေါများနေတဲ့အရာတွေကတော့ လမ်းဘေးဈေးသည်နဲ့ ကြွတ်ကြွတ်အိတ်ခွံတွေပဲဖြစ်ပါတယ်။ လူတန်းစားအချိုးကျတွက်ကြည့်ရင် အခြေခံလူတန်းစားဦးရေ ကိုးဆယ်ရာခိုင်နှုန်းကျော်ရှိနေတဲ့ ကျွန်တော်တို့နိုင်ငံမှာ လမ်းဘေးဈေးဆိုင်တွေဟာ မရှိမဖြစ်အပြန်အလှန်အမှီသဟဲပြုနေရတဲ့ စီးပွားရေးလုပ်ငန်းတစ်ခုဆိုရင်လည်း မမှားပါဘူး။ လမ်းဘေးဈေးဆိုင်ဆိုတဲ့နေရာမှာ မုန့်ဟင်းခါးဆိုင်ကစပြီး ကွမ်းယာဆိုင်အလယ် စာအုပ်အဟောင်းအရောင်းဆိုင်အဆုံး တိုလီမုတ်စ၊ကရေကရာ၊စုံစီနဖာ လမ်းဘေးပလက်ဖောင်းဝဲယာတွေမှာ မှိုလိုပေါက်ပြီး တန်းစီနေကြတာ နေ့စဉ်လိုလိုမြင်တွေ့နေရပါတယ်။ မြို့ကြီးတွေမှာ အဓိကကုန်ကြမ်းတင်ပို့သူတွေရဲ့ အကြီးဆုံးဈေးကွက်ဟာ လမ်းဘေးဈေးဆိုင်တွေဆိုရင်လည်းမမှားပါဘူး။
အရေအတွက်နည်းနည်းစီနဲ့ပမာဏများများပေါင်းလိုက်တဲ့အခါ ဒီဆိုင်တွေရဲ့ဝယ်လိုအားကလည်း မသေးလှပါဘူး။ နားဖာကလော်ကအစ၊ အဆာပြေ ကောက်ညှင်းပေါင်းလေးဖြစ်ဖြစ်၊ အကင်လေးဖြစ်ဖြစ်၊ ဘောလုံးကန်ဖို့ ဖိနပ်၊အင်္ကျီလိုချင်ရင်ပဲဖြစ်ဖြစ် လက်တကမ်းမှာလိုချင်တာရတဲ့ဝန်ဆောင်မှုကိုပေးနေတာက လမ်းဘေးဈေးဆိုင်တွေပဲဖြစ်ကြပါတယ်။ ၀န်ဆောင်မှုဆိုတဲ့နေရာမှာ ဈေးနှုန်းချိုသာမှုသည်ပထမ၊ ဆက်ဆံရေးပြေပြစ်မှုသည် ဒုတိယ၊ အဲဒီနှစ်ချက်လောက်ပြည့်စုံရင်လုံလောက်ပြီလို့ သဘောထားကြတဲ့ ကျွန်တော်တို့နိုင်ငံရဲ့ အခြေခံလူတန်းစားတွေဟာ တခြားနိုင်ငံသားတွေလို Complaint တက်ဖို့ဆိုတာကို အရမ်းအားနာတတ်ကြပါတယ်။ သူ့အရပ်နဲ့သူ့ဇာတ်အိုကေမှာစိုပြည်နေကြပေမယ့် ဒီကိစ္စဟာ ရှုထောင့်ပေါင်းစုံကနေသုံးသပ်ကြည့်ရင် လက်ညှိုးထိုးစရာ ကုဋေကုဋာနဲ့တင်းကြမ်းပြည့်နေတာကိုတွေ့နေရပါတယ်။



ကျန်းမာရေးရှုထောင့်ကနေ ပညာရှင်တစ်ယောက်အနေနဲ့မဟုတ်ပဲ သာမန်လူတစ်ယောက်အနေနဲ့ သုံးသပ်ရင်တောင် လမ်းဘေးဈေးဆိုင်တွေကနေရောင်းချနေတဲ့ စားသောက်ဖွယ်ရာ၊မုန့်ပဲသရေစာတွေဟာ ကျန်းမာရေးနဲ့ဘယ်လိုမှညီညွတ်မှုမရှိဘူးဆိုတာ သိနိုင်ပါတယ်။ ဒါပေမယ့် အခြေခံလူတန်းစားထဲက လူတစ်ယောက်အနေနဲ့ ဘယ်ရှုထောင့်၊ညာရှုထောင့်ကနေသုံးသပ်နေချိန်မရပဲ လက်ထဲမှာရှိတာလေးနဲ့ ဟာနေတဲ့ဗိုက်ကို နီးစပ်ရာလမ်းဘေးဆိုင်ကနေ မြိန်ရည်ရှက်ရည်ဝင်ဖြည့်နေရတာ ခုထိပါပဲ။ ဆူးလေတ၀ိုက်မှာ လူတွေအုံခဲနေတဲ့ လမ်းဘေးဈေးဆိုင်တွေကိုကြည့်ခြင်းအားဖြင့် ကျွန်တော့်လိုလူတွေ ဘယ်လောက်များသလဲဆိုတာ သိနိုင်ပါတယ်။ ရောင်းချတဲ့ဈေးနှုန်း၊ဆိုင်ခင်းရတဲ့ နေရာအနေအထား၊ စားသုံးသူစတာတွေနဲ့ သဟဇာတကျဖို့အတွက် လမ်းဘေးဈေးသည်တွေခမျာဟာ သန့်ရှင်းသပ်ရပ်မှု၊ ကျန်းမာရေးနဲ့ညီညွှတ်မှုစတာတွေကို အလေးထားဖို့ သူတို့မှာ စဉ်းစားနေချိန်မရှိပါဘူး။ စားပြီးပန်းကန်တွေကို အရင်ဆေးထားပြီးသား ဆီတွေဝေ့နေတဲ့ ရေဇလုံမှာပွတ်သပ်လှုပ်ဆေးပြီးရင် နောက်တစ်ယောက်အတွက် ပွဲအသစ်ထပ်ပြင်လိုက်တာပါပဲ။ ရောင်းလို့မကုန်တဲ့စားစရာတွေကို နောက်တစ်နေ့ပြန်ရောင်းချနိုင်ဖို့ နွေးတန်နွေးလုပ်ရုံကလွဲရင် အအေးခန်းတို့၊ရေခဲသေတ္တာတို့ဆိုတာဟာ အများစုနဲ့ မသက်ဆိုင်တဲ့အရာတွေပါ။ တစ်ခါတရံမှာ လမ်းဘေးဈေးသည်တွေဘ၀က ညောင်သီးစားရင်း လေးသံလည်းနားစွင့်ရင်း ရပ်တည်နေရရှာတာပါ။ တရားဝင်ခွင့်ပြုချက်နဲ့ရောင်းချနေရတာမျိုးမဟုတ်တော့ ရံဖန်ရံခါ အဖမ်းအဆီးထိသွားရင် တနေ့လုံးကုန်းရုန်းရှာထားသမျှ အကုန်ပါသွားပြီး နောက်တစ်နေ့ဈေးရင်းစရာမရှိလို့ ရှိတာလေးပေါင်တန်ပေါင်၊ ရက်ပြန်တိုးလေးဆွဲတန်ဆွဲ ဘ၀ကို တရွတ်တိုက်ဆွဲပြီး သွားနေရတာ လမ်းဘေးဈေးသည်တွေပဲဖြစ်ကြပါတယ်။ ပလက်ဖောင်းဘေးဘယ်ညာတလျှောက် နေပူကျဲတဲထဲမှာ အသံတစာစာအော်၊ မိုးရွာရင် တခြမ်းစို၊ လေလာရင် ချမ်း၊ ယင်ကြမ်းတွေ တလောင်းလောင်းနဲ့ မြောင်းပုတ်နံ့တွေကြား ကြွက်တွေလိုရှာစားနေရတဲ့ သူတို့ဘ၀ဟာ စိတ်ပျက်စရာဆိုတာထက် ဂရုဏာသက်စရာ တကယ်ကောင်းလှပါတယ်။ သက်ဆိုင်ရာ အာဏာပိုင်တွေရဲ့ အနိုင်ကျင့်မှု၊ ပျံကျလူတန်းစားအချင်းချင်းအနိုင်ကျင့်ဗိုလ်ကျမှုတွေကြားမှာ အများစုက ကျီးလန့်စာစားရပ်တည်နေရတယ်ဆိုပေမယ့် လမ်းဘေးဈေးဆိုင်လေးကရတဲ့ဝင်ငွေနဲ့ တိုက်ဆောက်ကားစီးသွားကြတဲ့ လူတွေလည်းရှိနေကြပါတယ်။ အခြေခံလူတန်းစားတွေကို အကျိုးပြုနေတဲ့ လမ်းဘေးဈေးဆိုင်တွေဟာ နိုင်ငံတော်ကိုရော ဘယ်လောက်များအကျိုးပြုနိုင်ပါသလဲ။ စဉ်းစားကြည့်ကြရအောင်ပါ။



ကျွန်တော်တို့သိထားတာက မြို့နယ်စည်ပင်ကနေ လမ်းဘေးဈေးသည်တွေဆီမှာ အခွန်ကောက်တယ်ဆိုတာပါပဲ။ အခွန်ထမ်းလူတန်းစားတစ်ရပ်အနေနဲ့ သူတို့ကို တခါတလေလိုက်ဖမ်းတယ်ဆိုတာ သိပ်သဘာဝမကျပါဘူး။ ရောင်းချခွင့်မရှိဘူးဆိုရင် အခွန်လည်းကောက်နေစရာမလိုပဲ တွေ့တာနဲ့ ဥပဒေအရအရေးယူရမှာဖြစ်ပါတယ်။ စဉ်းစားကြည့်ရင် ဒီကိစ္စဟာ သေသေချာချာ တမင်ဟထားတဲ့ စားကွက်တစ်ခုလို့ သုံးသပ်လို့ရပါတယ်။ အခွန်ကောက်တဲ့ဝန်ထမ်းတွေဖက်က ဒီလမ်းတွေရဲ့သန့်ရှင်းရေးအတွက် အခွန်ကောက်ရတာပါလို့ ထောက်ပြလို့ရပါတယ်။ ဒါပေမယ့် ဒီကိစ္စဟာ နည်းလမ်းတကျဆောင်ရွက်ထားတဲ့ ကိစ္စမျိုးမဟုတ်ပါဘူး။ အခွန်ထမ်းပြည်သူတွေအခွန်ဆောင်ရကျိုးနပ်အောင် ယနေ့ချိန်ထိစည်ပင်ဖက်က ဘာတွေစနစ်တကျဆောင်ရွက်ပေးနိုင်ပြီးပြီလဲဆိုတာ မေးခွန်းထုတ်စရာရှိနေပါတယ်။ လမ်းတွေအများစုကတော့ ညစ်ပတ်မြဲညစ်ပတ်နေဆဲဆိုတာ လူတိုင်းအမြင်ပါ။ ဒီနေရာမှာ မေးစရာရှိလာတာက မြို့တော်စည်ပင်အနေနဲ့ ဒီလမ်းဘေးဈေးသည်တွေကို ထိန်းသိမ်းကိုင်တွယ်ဖို့ ကြိုးစားတဲ့နေရာမှာ လိုက်လံဖမ်းဆီးဒဏ်ရိုက်ရုံကလွဲပြီး ဒီထက်ပိုမိုကောင်းမွန်တဲ့အစီအစဉ်တွေ မရှိကြတော့ဘူးလား။ ဒီနေ့ဖမ်း၊မနက်ဖြန်ပြန်ရောင်းနေတာကို မြင်နေရတာ ကျွန်တော့်တသက်ရှိပါပြီ။ ဖမ်းဆီးဒဏ်ရိုက်လို့ရလာတဲ့ ဒဏ်ငွေ၊ နေ့စဉ်အခွန်ဆောင်နေရတဲ့ငွေတွေကို မြို့တော်စည်ပင်က ဘယ်နေရာမှာပြန်လည်သုံးစွဲပါသလဲ။ သူ့နေရာနဲ့သူတော့ရှိမှာပါ။ ဒါပေမယ့် ဒီမေးခွန်းရဲ့အဖြေကို မှန်းကြည့်ရုံနဲ့ မသိနိုင်တဲ့လူတွေ ပြည်သူတွေကြားထဲမှာ ကျွန်တော်အပါအ၀င်တော်တော်များများရှိနေမယ်ထင်ပါတယ်။ လမ်းဘေးဈေးသည်ပြဿနာကိုပြေလည်အောင်ဖြေရှင်းဖို့အတွက် မြို့တော်စည်ပင်အနေနဲ့ အနာဂတ်မှာ ဘယ်လိုအစီအမံတွေဆောင်ရွက်ဖို့ပြင်ဆင်ထားပါသလဲ။ စနစ်တကျ စည်းကမ်းကြပ်မတ်ဆောင်ရွက်တာမျိုးမရှိတဲ့အပြင် လာဒ်ပေးလာဒ်ယူမှုကို အသက်ဆက်ပေးနေပြီး ကျန်းမာရေးနဲ့လည်းမကိုက်ညီ၊ နိုင်ငံရဲ့ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းပုံရိပ်ကိုလည်း ကျဆင်းစေတဲ့ ဒီလမ်းဘေးဈေးဆိုင်တွေကို သူတို့ရဲ့ဘ၀ရပ်တည်မှုတွေလည်းမထိခိုက်ရအောင်၊ မြို့တော်အင်္ဂါရပ်နဲ့လည်း ကိုက်ညီသွားအောင် ဌာနဆိုင်ရာနဲ့ သက်ဆိုင်ရာပညာရှင်တွေလက်တွဲပြီး နည်းလမ်းကောင်းတွေကို စနစ်တကျစီမံကိန်းရေးဆွဲဖော်ဆောင်ဖို့ အချိန်တန်ပြီလို့ ထင်မြင်ယူဆမိပါတယ်။



ယနေ့ခေတ်မှာ ကမ္ဘာတ၀ှန်းလုံးက လူတန်းစားအမျိုးမျိုးဟာ လမ်းဘေးဈေးဆိုင်တွေနဲ့မကင်းနိုင်ပါဘူး။Food and Agriculture Organizationရဲ့ စစ်တမ်းအရ တစ်ကမ္ဘာလုံးက လမ်းဘေးဈေးဆိုင်တွေမှာ နေ့စဉ်ဝင်ထွက်စားသောက်နေတဲ့လူဦးရေ ၂.၅ဘီလျှံရှိနေတယ်လို့သိရပါတယ်။ အဲဒီတော့ လမ်းဘေးဈေးဆိုင်တွေကိုအပြန်အလှန်မှီခိုနေကြရတဲ့ အခြေခံလူတန်းစားအများစုမှီတင်းနေထိုင်ရာ ကျွန်တော်တို့နိုင်ငံမှာ ဒီလမ်းဘေးဈေးသည်တွေကို အမြစ်ပြတ်နှိမ်နင်းဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်တဲ့အရာဖြစ်သလို မလုပ်သင့်တဲ့အရာတစ်ခုလည်းဖြစ်ပါတယ်။ အဲဒီတော့ သူတို့ကိုပြန်လည်နေရာချထားပေးခြင်းသာလျှင် ဒီပြဿနာကိုဖြေရှင်းဖို့အတွက် အသင့်တော်ဆုံးနည်းလမ်းလို့ ကျွန်တော်မြင်ပါတယ်။ ဘယ်လိုနေရာချထားမလဲဆိုတဲ့ မေးခွန်းကိုတော့ ကျွန်တော့်အနေနဲ့ ဖြေနိုင်စွမ်းမရှိဘူးဆိုတာဝန်ခံပါရစေ။ လက်ရှိဗြိတိန်နိုင်ငံမှာ ကျင့်သုံးနေတဲ့ နည်းစနစ်တစ်ခုကို ပထမဆုံးမိတ်ဆက်ပေးပါရစေ။ ကျွန်တော်တို့နိုင်ငံရဲ့ အစားအသောက်ကွပ်ကဲရေး (နာမည်မှားကောင်းမှားနိုင်ပါတယ်)ဌာနလိုမျိုး သူတို့ဆီမှာ FSA(Food Standards Agency) ဆိုတာရှိပါတယ်။ သူကစားသောက်ကုန်အကြီးစားထုတ်လုပ်ရေးလုပ်ငန်းတွေကနေစပြီး လမ်းဘေးဈေးဆိုင်သေးသေးမွှားမွှားတွေအထိ ၀င်ထွက်စစ်ဆေးကြီးကြပ်နေပါတယ်။ ကျွန်တော်တို့ဆီမှာတော့ တလောက အကြော်သည်တွေသုံးတဲ့ဆီတွေမှာ အကြော်ခံအောင် ပလတ်စတစ်ရေသန့်ဗူးတွေထည့်ကြော်တယ်လို့ မီဒီယာမှာအုတ်အော်သောင်းနင်းပါလာတော့မှ ထအရေးယူတာမျိုးကြားဖူးလိုက်ပါတယ်။ အရေးယူပြီးနောက်ပိုင်း ပြန်လည်ကြပ်မတ်မှုဆက်မလုပ်တာကြောင့် ရောင်းတဲ့လူကဆက်ရောင်းနေပြီး စားတဲ့လူကဆက်စားနေကြတုန်းပါပဲ။ ဗြိတိန်နိုင်ငံမှာတော့ အဲဒီအေဂျင်စီဝန်ထမ်းတွေဟာ စားသောက်ဆိုင်ကြီးတွေကနေ လမ်းဘေးရေခဲမုန့်ဆိုင်အဆုံး အမြဲလိုလိုရှောင်တခင်ဝင်ရောက်စစ်ဆေးပြီး အစားအသောက်တွေရဲ့ အရည်အသွေးကို လာဒ်ပေးလာဒ်ယူမှုကင်းကင်းနဲ့ ကြပ်မတ်ပေးနေကြပါတယ်။ နောက်တစ်ချက်က သက်ဆိုင်ရာအာဏာပိုင်တွေ ခွင့်ပြုထားတဲ့နေရာမှာသာ လမ်းဘေးဈေးဆိုင်တွေရောင်းချခွင့်ရှိပြီး ခွင့်မပြုတဲ့နေရာမှာသွားရောင်းရင် တည်ဆဲဥပဒေအရပြင်းထန်စွာအရေးယူတဲ့အတွက် ဘယ်သူမှမချိုးဖောက်ရဲကြပါဘူး။ ကျွန်တော်တို့နိုင်ငံမှာတော့ သက်ဆိုင်ရာဌာနခွင့်ပြုချက်တောင်းစရာမလိုပဲ ဆိုင်ဖွင့်မယ့်ပလက်ဖောင်းနေရာက မြေပိုင်ရှင်ကိုလစာပေးပြီး ထီးလေးမိုး၊ဆိုင်တည်လိုက်ရုံပါပဲ။ လူကြီးလမ်းကြောင်းရှိလို့ လိုက်ဖမ်းရင် ရှိတာလေးမပြီးထွက်ပြေးရုံပါပဲ။ ပိုက်ဆံယူထားတဲ့မြေပိုင်ရှင်ကလည်း ဘာမှမလုပ်ပေးပါဘူး။ ဆူးလေတ၀ိုက်က တိုးရစ်ဧရိယာတွေမှာ စည်ပင်တွေလိုက်ဖမ်းလို့ လမ်းဘေးဈေးသည်တွေအူယားဖားယားထွက်ပြေးကြတဲ့မြင်ကွင်းဟာ ကမ္ဘာလှည့်ခရီးသွားတွေရှေ့မှာ ကျွန်တော်တို့နိုင်ငံရဲ့ဂုဏ်သိက္ခာတက်လာစရာအကြောင်း တစ်စက်မှမရှိဘူးလို့မြင်ပါတယ်။ ဒီအခြေအနေတွေကိုဘယ်လိုဖြေရှင်းရင်ကောင်းမလဲ။ အိမ်နီးချင်းနိုင်ငံတွေဆီ လိုက်ကြည့်ကြရအောင်ပါ။



ခုအပေါ်မှာမြင်ရတဲ့ပုံက စင်္ကာပူနိုင်ငံက China Town Food Court ဖြစ်ပါတယ်။ မလေးရှား၊တရုတ်နဲ့ စင်္ကာပူနိုင်ငံတွေမှာ ဒီ Food Court တွေဟာအင်မတန်ရေပန်းစားပြီး လူတန်းစားပေါင်းစုံဝင်ထွက်စားသောက်နိုင်တဲ့ နေရာဖြစ်သလို သင့်တင့်တဲ့ဈေးနှုန်းနဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအသောက်တွေကို ရောင်းချပေးနေပါတယ်။ Food Court တွေဟာ စားသောက်ဆိုင်ကြီးကြီး ဒါမှမဟုတ် နေရာတစ်ခုမှာ ဆိုင်ခွဲသေးသေးလေးတွေစုပေါင်းဖွင့်လှစ်ထားတာဖြစ်ပါတယ်။ ဒီစနစ်ကို မြန်မာပြည်မှာ ယုဇနပလာဇာမှာလက်ရှိကျင့်သုံးနေပါတယ်။ဒါပေမယ့် တစ်နိုင်ငံလုံးအတိုင်းအတာ မတွင်ကျယ်နိုင်သေးပါဘူး။ ဒီစနစ်ကိုသုံးစွဲတာကြောင့် အဲဒီနိုင်ငံတွေမှာ လမ်းဘေးဈေးသည်တွေကို ဆိုင်တွင်းဈေးသည်အဖြစ်ပြောင်းလဲနိုင်ခဲ့သလို နိုင်ငံအတွက်အခွန်ငွေကိုလည်း တိတိကျကျကောက်ယူနိုင်တဲ့ အားသာချက်တွေရှိလာခဲ့ပါတယ်။ နောက်ထပ်အားသာချက်တစ်ခုက ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားအသောက်တွေကိုရောင်းချနိုင်လို့ ပြည်သူတွေအတွက်အကျိုးရှိလာစေပြီး ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းအတွက် ဆွဲဆောင်မှုတစ်ခုဖန်တီးနိုင်ခဲ့ခြင်းပါပဲ။ ဒီစနစ်ရဲ့ထူးခြားချက်တစ်ခုက Food Court တွေမှာဖွင့်လှစ်ထားတဲ့ဆိုင်ခွဲလေးတွေမှာ ရောင်းချတဲ့အစားအသသောက်အမယ်တွေဟာ တစ်ဆိုင်နဲ့တစ်ဆိုင်မတူရပါဘူး။ အဲဒီအတွက် စားသုံသူတွေအနေနဲ့ကြိုက်နှစ်သက်ရာအစားအသောက်ရှိတဲ့ဆိုင်မှာ မှာယူစားသောက်နိုင်ပြီး သက်ဆိုင်ရာဆိုင်ခွဲရဲ့စားပွဲထိုးတွေကနေ ၀န်ဆောင်မှုပေးကြပါတယ်။ တချို့ဆိုင်တွေမှာ ဇွန်း၊ပန်းကန်စတာတွေကို ဘုံစနစ်ထားပြီး တချို့ဆိုင်တွေမှာတော့ သီးသန့်စီထားပါတယ်။ တချို့ဆိုင်တွေက ချက်ပြုတ်တာကို သူ့ဆိုင်ခွဲနဲ့သူ ချက်ပြုတ်ရောင်းချပြီး တချို့ဆိုင်တွေကတော့ Kitchen မှာ အအေးခန်းတွေ၊မီးဖိုတွေကို သူ့အကန့်နဲ့သူခွဲပေးပြီး ချက်ပြုတ်တာမျိုးတွေရှိနေပါတယ်။ လမ်းဘေးဆိုင်တွေလိုပဲ အများစုဟာ အလွယ်တကူချက်ပြုတ်ရောင်းချနိုင်တဲ့ အစားအသောက်တွေကိုရောင်းချပြီး တချို့နေရာတွေမှာ ဆိုင်ကြီးတစ်ခုလုံးရဲ့ပိုင်ရှင်က အအေးနဲ့အဖျော်ယာမကာတွေကို သူ့အလုပ်သမားနဲ့သူ ရောင်းချပါတယ်။ ဆိုင်ဧရိယာတစ်ခုလုံးရဲ့သန့်ရှင်းရေးကို ဆိုင်ပိုင်ရှင်ရဲ့အလုပ်သမားတွေက တာဝန်ယူပြီး စားသုံးသူတွေစားသောက်ပြီး သန့်ရှင်းရေးလုပ်တာကိုတော့ သက်ဆိုင်ရာဆိုင်ခွဲလေးတွေရဲ့ အလုပ်သမားတွေက တာဝန်ယူဆောင်ရွက်ကြပါတယ်။ ဆိုင်တွေရဲ့လျှပ်စစ်ဓာတ်အားသုံးစွဲမှုနဲ့ရေသုံးစွဲမှုကို ဆိုင်ပိုင်ရှင်က ထိန်းချုပ်ထားပြီး သုံးစွဲသလောက်ကုန်ကျငွေကို လစဉ်ကောက်ခံယူပါတယ်။ ဆိုင်ခွဲတွေဟာ မူရင်းဆိုင်ပိုင်ရှင် စည်းမျဉ်းစည်းကမ်းတွေကို တသွေမတိမ်းလိုက်နာဖို့ သဘောတူရပါတယ်။ လုံခြုံရေးဝန်ထမ်းကိုဆိုင်ပိုင်ရှင်ကခန့်ထားပြီး အဲဒီဝန်ဆောင်မှုအတွက်က ဆိုင်ခန်းငှားရမ်းခထဲမှာပါပြီးသားဖြစ်ပါတယ်။ ဒီနိုင်ငံတွေရဲ့ စည်ပင်စနစ်က အများအားဖြင့် ပုဂ္ဂလိကကန်ထရိုက်စနစ်ဖြစ်တဲ့အတွက် အစိုးရပိုင်းက လစဉ်ပုံမှန်လာရောက်စစ်ဆေးရုံကလွဲပြီး သိပ်တာဝန်မကြီးလှပါဘူး။ နောက်ပြီး အစိုးရအစားအသောက်စစ်ဆေးရေးဌာနက ဒီ Food Court တွေကို သန့်ရှင်းသပ်ရပ်မှုရှိမရှိနဲ့ ရောင်းချတဲ့အစားအသောက်တွေ ကျန်းမာရေးနဲ့ညီညွတ်မှု ရှိမရှိကိုရှောင်တခင်ဝင်ရောက်စစ်ဆေးပြီး သတိပေးတာမျိုး၊ဒဏ်ရိုက်တာမျိုးတွေကို ဥပဒေနဲ့အညီဆောင်ရွက်လေ့ရှိပါတယ်။ ကျွန်တော်တို့နိုင်ငံနဲ့နှိုင်းယှဉ်ကြည့်ရင် ဒီနိုင်ငံတွေမှာရှိနေတဲ့ လမ်းဘေးဈေးသည်အရေအတွက်ဟာ မရှိသလောက်နီးပါးနည်းပါတယ်။ Food Court စနစ်တွင်ကျယ်လာတာနဲ့အမျှ တဖက်ကလည်းဥပဒေနဲ့တင်းတင်းကြပ်ကြပ်ထိန်းချုပ်ထားတာရယ် ၊ဘဏ်စနစ်ခိုင်မာတဲ့အတွက် ဒီလုပ်ငန်းလုပ်ချင်သူတွေကို တဖက်တလမ်းကချေးငွေထုတ်ပေးပြီး အလုပ်အကိုင်အခွင့်အလမ်းတွေဖန်တီးပေးနိုင်တာကြောင့် လမ်းဘေးဈေးသည်အရေအတွက် သိသိသာသာလျှော့ကျသွားတယ်လို့ အကြမ်းဖျဉ်းသုံးသပ်နိုင်ပါတယ်။



ခုအပေါ်မှာတွေ့မြင်ရတဲ့ပုံကတော့ စင်္ကာပူနိုင်ငံ Little India ဆိုတဲ့နေရာက ဆိုင်ခွဲလေးတစ်ခုဖြစ်ပါတယ်။ ဒီဆိုင်ခွဲလေးတွေဟာ Stainless Steel နဲ့ပြုလုပ်ထားတဲ့အတွက် နိုင်ငံတကာအဆင့်မှီ သန့်ရှင်းသပ်ရပ်မှုရှိတဲ့အနေအထားမှာရှိပါတယ်။ ဒါပေမယ့် မြန်မာပြည်မှာဆိုရင်တော့ သူ့ရဲ့တန်ဖိုးကမသေးလှပါဘူး။ မြန်မာပြည်က သစ်သားနဲ့ပြုလုပ်ထားတဲ့ဆိုင်တွေဟာ ဈေးသက်သာပေမယ့် Hygiene ပိုင်းမှာ အဆင့်မမှီနိုင်ပါဘူး။ ဒီ Food Court စနစ်ကို မြန်မာပြည်မှာအကောင်အထည်ဖော်ရင် အခြေအနေမဲ့တဲ့လမ်းဘေးဈေးသည်တွေကို အခြေအနေရှိတဲ့ ဆိုင်တွင်းဈေးသည်တွေအဖြစ်ပြောင်းလဲနိုင်မလား ဆိုတဲ့မေးခွန်းတစ်ရပ်ရှိနေပါပြီ။ လမ်းဘေးဈေးသည်ဆိုတဲ့နေရာမှာ ပလက်ဖောင်းမှာအုတ်ခဲကျိုးဖင်ခုထိုင်ပြီးရောင်းနေတဲ့ ဈေးသည်တင်မဟုတ်ပါဘူး။ ရပ်ကွက်တွေထဲမှာ မောင်းလေးထုပြီး လှည်းလေးနဲ့လည်ရောင်းနေတဲ့ ဈေးသည်တွေလည်းအကျုံးဝင်ပါတယ်။ သူတို့ကိုရော ဘယ်လိုထိန်းချုပ်နိုင်မလဲ။ ပညာရှင်တစ်ယောက်မဟုတ်တဲ့အတွက် ဒီမေးခွန်းကိုကျွန်တော်မဖြေနိုင်ဘူးဆိုတာ ရိုးသားစွာဝန်ခံပါရစေ။ သာမန်ပြည်သူတစ်ယောက်အနေနဲ့ခန့်မှန်းပြီးပြောရရင် အစိုးရပိုင်းကနေ စီမံကိန်းတစ်ခုကိုဦးဆောင်ရေးဆွဲပြီး မြေနေရာတွေတိတိကျကျ သတ်မှတ်ပေးဖို့လိုတဲ့အပြင် ပုဂ္ဂလိကလုပ်ငန်းရှင်တွေ၊ဘဏ်တွေနဲ့ ဆောက်လုပ်ရေးကုမ္ပဏီတွေပါမကျန် တိုးတက်လာနေတဲ့ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းကို အထောက်အကူဖြစ်စေမယ့် ရိုးရာအစားအသောက်နဲ့ အသီးအနှံတွေကို သင့်တင့်လျှောက်ပတ်တဲ့ဈေးနှုန်းနဲ့ ရောင်းချနိုင်မယ့် Food Court တွေကို စနစ်တကျအကောင်အထည်ဖော်ပေးရင် နိုင်ငံတော်အတွက်ရော လမ်းဘေးဈေးသည်တွေအတွက်ပါ အကျိုးရှိနိုင်မယ်လို့ယူဆမိပါတယ်။အောက်မှာဖော်ပြထားတဲ့ ပုံကတော့ မလေးရှားနိုင်ငံ China Town ရဲ့ မိုးလုံလေလုံ လမ်းဘေးဈေးတန်းပဲဖြစ်ပါတယ်။ ဒီနေရာမှာ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရဲ့ အထင်ကရနေရာတစ်ခုဖြစ်ပြီး ကမ္ဘာလှည့်ခရီးသွားများစွာကို ဆွဲဆောင်နိုင်တဲ့နေရာတစ်ခုဖြစ်ပါတယ်။



ဒီနေရာမှာ အစားအသောက်အပြင် အမှတ်တရပစ္စည်းတွေနဲ့ အသုံးအဆောင်ပစ္စည်းတွေကိုပါ ဆိုင်ခွဲသေးသေးလေးတွေနဲ့ ရောင်းချနေတာတွေ့ရပါတယ်။ တိုးရစ်တွေနဲ့အမြဲစည်ကားနေတဲ့နေရာတစ်ခုဆိုလည်း မမှားပါဘူး။ နောက်ထပ် Food Court တွေရဲ့ထူးခြားတဲ့စနစ်ကို သုံးစွဲနေတဲ့အကြီးဆုံးနေရာတစ်ခုကတော့ မလေးရှားနိုင်ငံရဲ့ တစ်ခုတည်းသော တရားဝင်ကာစီနိုတည်ရှိရာ Genting Highland တောင်ပေါ်အပန်းဖြေစခန်းဖြစ်ပါတယ်။ မလေးရှားနိုင်ငံရဲ့ ဒုတိယမြောက်အချမ်းသာဆုံးပုဂ္ဂိုလ်ကပိုင်ဆိုင်ထားပြီး ဟိုတယ်လေးငါးခုရှိပါတယ်။ ဒီနေရာမှာထူးခြားတာတစ်ခုက မူလဟိုတယ်ပိုင် စားသောက်ဆိုင်တွေပဲဖြစ်ဖြစ်၊ ပုဂ္ဂလိကလုပ်ငန်းရှင်တွေငှားရမ်းထားတဲ့ စားသောက်ဆိုင်တွေနဲ့ အမှတ်တရလက်ဆောင်ပစ္စည်း၊ အသုံးအဆောင်ပစ္စည်းအရောင်းဆိုင်တွေဟာ တစ်ဆိုင်နဲ့တစ်ဆိုင် ရောင်းချတဲ့ပစ္စည်းနဲ့ အစားအသောက်စာရင်းမတူညီရပါဘူး။ သန့်ရှင်းရေးနဲ့ လိုအပ်တဲ့ လျှပ်စစ်မီး၊ရေ၊အဲယားကွန်းစတာတွေကို ကုမ္ပဏီကနေတဆင့်ကန်ထရိုက်ပေးထားတဲ့ လုပ်ငန်းတွေကနေ ဖြည့်ဆည်းပေးထားပါတယ်။ဒါ့အပြင် ဟိုတယ်အုပ်ချုပ်ရေးအဖွဲ့က စည်းကမ်းလိုက်နာမှုရှိမရှိ အပတ်စဉ်လိုလို ရှောင်တခင် ၀င်ရောက်စစ်ဆေးပြီး စားသုံးသူတွေ Complaint တက်လာရင်လည်း စစ်ဆေးအရေးယူတာမျိုး လုပ်ဆောင်နေပါတယ်။

ခုအပေါ်မှာကျွန်တော်တင်ပြထားတဲ့ အကြောင်းအရာတွေအားလုံးဟာ သာမန်လူတစ်ယောက်ရဲ့ရှုထောင့်ကနေ သုံးသပ်တင်ပြထားတာဖြစ်တဲ့အတွက် အားနည်းချက်တွေ၊လိုအပ်ချက်တွေ အမြောက်အမြားရှိနေမှာပါ။ ကျွန်တော်လေ့လာမိသလောက် မြန်မာမီဒီယာတွေမှာ လမ်းဘေးဈေးသည်တွေအတွက် အကျိုးရှိစေမယ့်အစီအစဉ်တွေကိုတင်ပြဆွေးနွေးတာမျိုး မရှိသလောက်နည်းပါးပြီး အစိုးရပိုင်းရဲ့အားနည်းချက်တွေကို ထောက်ပြဝေဖန်တာမျိုးတွေကိုပဲ များများစားစားတွေ့မြင်ဖူးပါတယ်။ ခုကျွန်တော်တင်ပြထားသလောက်ကို ဘယ်သူမဆိုစိတ်ဝင်စားရင် တွေးမိနိုင်လောက်တဲ့အနေအထားမှာရှိမယ်လို့ထင်မိပါတယ်။ ဒီဆောင်းပါးနဲ့ဆက်နွယ်ပြီး ဖေ့ဘွခ်ပေါ်မှာရှိနေတဲ့ ပညာရှင်တွေ၊ ဌာနဆိုင်ရာဝန်ထမ်းတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ စိတ်ပါဝင်စားသူတွေ ဆွေးနွေးနိုင်ဖို့ အစတစ်စဆွဲထုတ်လိုက်တဲ့သဘောလောက်ပဲ ကျွန်တော့်အနေနဲ့ကြိုးစားလိုက်တာပါ။ ဒီပို့စ်အောက်မှာ ဖတ်ရှုသူတွေဆီက ဝေဖန်အကြံပြုချက်တွေကို ဖိတ်ခေါ်ပါရစေ။ အားလုံးရဲ့အကြံဥာဏ်တွေကို စုပေါင်းပြီး ကျွန်တော်တို့နိုင်ငံက လမ်းဘေးဈေးသည်တွေရဲ့ဘ၀ကို မြှင့်တင်ပေးနိုင်လိမ့်မယ်လို့ ရိုးသားစွာမျှော်လင့်မိကြောင်း ပြောကြားရင်းနိဂုံးချုပ်ခွင့်ပြုပါ။ ကျေးဇူးတင်ပါတယ်။

လေ့လာဖို့အတွက် link တွေရှာဖွေပေးတဲ့ သူငယ်ချင်း မောင်ဆိုး(Soe Win Maung Soe) စင်္ကာပူနဲ့ လိုအပ်တဲ့ဗဟုသုတအထွေထွေကို မျှဝေပေးကြတဲ့ မလေးရှားမှ သူငယ်ချင်းများကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်။


                                                                                  ငချွန်းယေ(၂၇.၂.၂၀၁၂)

0 comments:

Post a Comment