ပေါက်ကရ လေးဆယ်

Subscribe:

Monday, April 16, 2012

မင်းကျန်စစ်သို့ တမ်းချင်း

မင်းကျန်စစ်သို့ တမ်းချင်း




တချိန်တခါဆီက
နေလိုလလို ထွန်းကား
မင်းတစ်ပါးရဲ့ ကျူးရင့်သံ
စူးနစ်ကျန် ပြည်သူ့ နှလုံးသားတွင်ပ
ပုဂံတံခါးဝမှသည်
ဧရာဝတီသို့  စုန်လေပြီ
တစစီပြန့် ကျဲ
ကွဲကွာရ ဘ၀များစွာ
ထွေးပွေ့ ကာ ရင်ငွေ့ ပေးလို့ 
မွေးရပ်မြေ ဌာနေတွင်း
သွေးချင်းတွေ တူညီစုကာပ
ဂရုဏာလက်ကိုကမ်း
သူ့ မှတ်တမ်းအတွက် သက်သေ
အကြေမှာ မွန်တွေပျော်ပါလို့ 
အညာမှာ ဗမာတွေ မော်ခဲ့ဖူးတယ်



တမင်ပစ်ချလိုက်လို့ 
မြေခပြီး ခွမ်းခနဲဟက်တက်
ထက်ခြမ်းကွဲခဲ့ရတဲ့ ဘ၀တွေ။
တမင်တကာ လက်တည့်စမ်း
လူမဆန်ထင်သလိုရမ်းခဲ့လို့ 
လမ်းတွေပျောက်ကာသွား
ကစဥ့်ကလျားဖြစ်ခဲ့ရတဲ့ ဘ၀တွေ။
နေ့ စဉ်ရက်ဆက်
မက်အိပ်မက်ဆိုး
လန့် မနိုးပဲ
တီးတိုးညည်းညူ
သည်းအူလှိုက်ဆွေး
အိမ်ပြန်ချိန် မတွေးနိုင်သေးတဲ့ဘ၀တွေ။
ဒီအခြေအနေ
ဘ၀အထွေထွေကို
သွားလေသူ မင်းကျန်စစ်ကိုယ်စား
ဘယ်သူတွေ စေတနာထားလို့ 
ဘယ်သူတွေ ဂရုဏာပွား
ဘယ်သူတွေ ရင်ဝယ်သားနှယ်ပ
ချိုမြစွာ ငြိမ်းချမ်းတေးတွေနဲ့ 
ထွေးပွေ့ ပါ့မယ်။



အလှူရေစက် လက်နဲ့ မကွာ
လူတကာနေလာခဲ့တဲ့ဘဝ
ဘယ်ဒေသမှာမဆို
အိုရေး၊နာရေးကလွဲရင်
ပျော်ရေးရွှင်ရေးနဲ့  မအားလပ်ခဲ့ကြသူတွေ
ဘေးဒုက္ခလမ်းခုလတ်မှာ
အ၀တ်အစားတောင် ကိုယ်မှာမကပ်နိုင်တော့တဲ့အဖြစ်
သွားလေသူ မင်းကျန်စစ်ရေ
ဖြစ်သမျှအကြောင်း
အကောင်းလို့ တောင်မှ
ယောင်ယမ်းကာ မတွေးနိုင်တဲ့အခြေအနေမှာ
ဘယ်သူတွေ သင့်ရဲ့ ကိုယ်စား
ဘယ်သူတွေစေတနာထားလို့ 
ဘယ်သူတွေ ဂရုဏာပွား
ဘယ်သူတွေ ရင်ဝယ်သားနှယ်ပ
ရွှင်ပြစွာ အ၀တ်အစားပေးလို့ 
ထွေးပွေ့ ပါ့မယ်။



တောတွေကိုပေါက်ဖော်သုံး
တောင်ဂတုံးတွေကြား
သုံးစားလို့ ရသမျှ ပြည်ကြီးဝင်
အသက်ငင်နေတဲ့ တို့ ပြည်
တချိန်က ဆီကို ရေချိုးဖူးသတဲ့လေ



ရှာဖွေကြသမျှ နေ့ ညနပ်မမှန်ချိန်များနေတော့
ပွားလာတာက စဏ္ဍာလနဲ့  ပြည့်တန်ဆာ
သိက္ခာဆိုတာ ဒီခေတ်မှာ ရောင်းစားစရာကုန်ပစ္စည်း
ပိုက်သူကြီးက ငါးမစားနိုင်
လယ်သမားက မျိုးစပါးတောင်ချန်မထားနိုင်တဲ့ခေတ်
မချစ်သော်လည်း အောင့်ကာနမ်း
နွမ်းခဲ့ရတဲ့ဘ၀တွေ




မြိုမကျပေမယ့်
ဒီအူမမှမတောင့်ရင် ဘယ်ထောင့်မှာ သီလသွားလုံရမလဲ
အဆူအဆဲတွေနဲ့ 
သဲတရှပ်ရှပ် ကန်တော့ဆွမ်းတွေစားလို့ 
ပြားချပ်နေတဲ့ ယူနီဖောင်းတွေ
မိုးယိုနေတဲ့အိမ်မှာ ထန်းရွက်ဆောင်းကာနေကြလေရဲ့
တက်ဖာစရာ ဓနိမရှိလေသမျှတော့
သိသိသမျှ သတ္တ၀ါဝေနေယျတို့ သည်
အမျှ အမျှ အမျှ မရှိသောနေရာတွင်
သာဓုသုံးကြိမ်မခေါ်မနေရ
ကြောင့်ကြမှုလိုက်ပွဲကိုယ်စီနဲ့ 
ခါတော်မှီထမင်းပွဲကို
နွှဲကြနေလေရဲ့



ခပ်တွဲ့ တွဲ့ သက်ပြင်းချသံ
အန်ထွက်လာတဲ့ ဗိုက်ထဲက မြည်သံ
ထမင်းနံ့ ခံနေတဲ့မျက်လုံးတွေ
ဘုရားအဆုံးအမနဲ့ ဖြေလို့ ပြေမတဲ့လား
ေ၀၀ါးတဲ့ မနက်ဖြန်
ပြန်ရှာမတွေ့ တဲ့ မနေ့ က
ငါ့သေနေ့  ဒီနေ့ စေ့မှာလား
စေ့သွားရင်တော့ ပျော်စရာကြီး
မင်းသားမောင်းတဲ့ကား စီးရမယ်
ဒီလိုဘ၀တွေအတွက်
လက်ယာလက်တစ်ဖက် အလိုရှိသည်။



ကျောက်ကြားကစိမ့်ထွက်တိုင်း စမ်းရေမဟုတ်
နှလုံးသားက စိမ့်ထွက်တိုင်း သွေးမဟုတ်
မီးတောင်ကျောက်ခွက်ကြားထဲက သွေးရောင်ချော်ရည်
နှလုံးသားဟောက်ပက်ကြားထဲက အပူရောင် မျက်ရည်
ဒီအခြေအနေ
ဘ၀အထွေထွေကို
သွားလေသူ မင်းကျန်စစ်ကိုယ်စား
ဘယ်သူတွေ စေတနာထားလို့ 
ဘယ်သူတွေ ဂရုဏာပွား
ဘယ်သူတွေ ရင်ဝယ်သားနှယ်ပ
ကျမျက်ရည် ဘယ်ညာသုတ်ဖို့ 
အားထုတ်ပါ့မယ်။


                                                 ငချွန်းယေ(၉၊၁၊၂၀၁၂)




`ပုဂံကို ရန်သူတို့ ဖျက်ဆီးသောအခါ အမျိုးလေးပါးသည် စစ်သုံ့ပန်းဖြစ်၍ အချို့ လည်း အောက်အကြေသို့ ပါကြရသည်။
အချို့ လည်း အထက်အညာသို့ ပါကြရသည်။
ငါ၏ အကူအညီဖြင့် ထိုသူတို့ ပုဂံသို့ ပြန်ရောက်စေပါအံ့။
များစွာသော သူခပ်သိမ်းတို့သည် သားတကွဲ ၊မယားတကွဲ ၊ မိကွဲ ၊ ဖကွဲ ဖြစ်ကြရကုန်၏။
ထိုသူတို့၏ ဒုက္ခကို ငါငြိမ်းပါအံ့။ ထိုသူတို့၏ မျက်ရည်ကို ငါသုတ်ပါအံ့၊ ငါ၏ ယာလက်ဖြင့် ဆန်စပါးရိက္ခာ ကိုပေးအံ့၊ ငါ၏၀ဲလက်ဖြင့် ၀တ်စား တန်ဆာ ပေးအံ့။
အမိသည် သားငယ်အား ရင်ခွင်၌ နှစ်သိမ့်သကဲ့သို့ ငါသည်လည်း တိုင်းသူပြည်သားတို့ကို နှစ်သိမ့်ပါအံ့၊´
(ကျန်စစ်သား၏ မူရင်း မွန်ဘာသာဖြင့် ရေးထိုးထားသော ရွှေစည်းခုံဘုရား ကျောက်စာကို မြန်မာပြန်)အား ခံစားရေးဖွဲ့ သည်။

0 comments:

Post a Comment