ပေါက်ကရ လေးဆယ်

Subscribe:

Thursday, April 5, 2012

မျိုးစောင့်တရား

မျိုးစောင့်တရား


 
အမျိုးသီလ  နှစ်ဌာနကို
ပြည့်ဝမဏ္ဍိုင်  စောင့်စွမ်းနိုင်သည့်
ရက္ခိုင်နာမ  ဘွဲ့ မည်လှဖြင့်
အနွတ္တသညာ ခေါ်အပ်ရာတည်း

 ရခိုင်ဆိုသည်မှာအမျိုးကိုစောင့်ထိန်းသူ၊ကိုယ်ကျင့်တရားကို ကောင်းမွန်စွာစောင့်ထိန်းသူဟု မော်ကွန်းလင်္ကာက ဆိုထားသည်။ သို့ဖြစ်ရာ ရခိုင်လူမျိုးတို့အနေဖြင့် မိမိတို့၏ မျိုးရိုးဂုဏ်သိက္ခာ အစဉ်အလာကို ကိုယ်ကျင့်တရားကောင်းမွန်စွာဖြင့် ထိန်းသိမ်းစောင့်ရှောက်ခြင်း (သို့) မျိုးစောင့်တရားနှင့် ပြည့်စုံမှသာလျှင် ရခိုင်ပီသမည်ဖြစ်ကြောင်းကို ရှင်းလင်းစွာ သိရှိနိုင်သည်။
မျိုးစောင့်တရားဟုဆိုရာတွင် လူအများစုက မိမိတို့ မျိုးနွယ်အတွင်းသို့ တခြား လူမျိုးနွယ်များ၏ သွေးရောနှောခြင်း (သို့) ရခိုင်လူမျိုးများသည် တခြား လူမျိုးခြားမျာနှင့် အိမ်ထောင် ပြုခြင်း၊ မျိုးဆက် ပွားခြင်းဖြင့် မျိုးရိုး တိမ်ကော ပျောက်ကွယ်ခြင်း မရှိစေရန် ကိုယ်စီ လိုက်နာ ကျင့်သုံး အပ်သည့် စည်းကမ်း တရပ်ဟုသာ လက်ခံ ယုံကြည် ကြသည်။ ထိုအချက်သည် ရခိုင်လူမျိုး ထာဝရ ရှင်သန် ရပ်တည်ရေးအတွက် အဓိက အရေး အကြီးဆုံး အချက်ဖြစ်သည်ကို မည်သူမျှ မငြင်းနိုင်ပါ။ သို့သော် မျိုးစောင့်တရား၏ အဓိပ္ပါယ်က အဆိုပါ အကြောင်းအရာထက် ပိုမို ကျယ်ပြန့်  နက်နဲ လှသည်။
ယခုခေတ် မြန်မာ နိုင်ငံအတွင်း ပြည်နယ် တခုအဖြစ် ရပ်တည်နေရသော ရခိုင်ပြည်တွင်းရှိ ရခိုင်အမျိုးသားတို့သည် မိမိတို့ဘ၀ တိုးတက်ရာ တိုးတက်ကြောင်း အတွက် ဖွံ့ဖြိုးမှု နည်းပါး လှသည့် မွေးရပ်မြေကို စွန့်ခွာ၍  မြန်မာ ပြည်မနှင့် နိုင်ငံ ရပ်ခြားသို့ ပြောင်းရွေ့ အခြေချ ကြရသည်။ တချို့သော ပုဂ္ဂိုလ်တို့မှာ ဖိနှိပ်မှု များပြားလှသော မိမိတို့ဒေသ အခြေအနေကြောင့် နိုင်ငံ ရပ်ခြားသို့ အပြီးတိုင် ထွက်ခွါ သွားကြရရှာသည်။ ဒေသတွင်း နေထိုင် နေဆဲဖြစ်သည့် ရခိုင်များမှာလည်း အနယ်နယ် အရပ်ရပ်မှ စီးပွားရေးနှင့် ဌာနဆိုင်ရာ ကိစ္စများကြောင့် ပြောင်းရွေ့ လာသော လူမျိုးခြားများနှင့် ဒွေးရော ယှက်တင်နေထိုင်ကြရသည့် အချိန်ဖြစ်နေသည်။ ထိုသို့သော အခြေအနေ အရပ်ရပ်သည် ရခိုင်တို့၏ မည်သည့်လူမျိုးနှင့်မျှ သွေးမရော လိုသည့် အမျိုးသား ဇာတိမာန်ကို ပြင်းထန်စွာ ခြိမ်းခြောက်လျက် ရှိသည်။ လူမျိုးခြားများနှင့် အိမ်ထောင်ပြုကာ မိမိတို့၏ ရိုးရာယဉ်ကျေးမှုနှင့် ဘာသာစကားကို ကျောခိုင်းသွားကြသည့် ရခိုင်အမျိုးသား၊ အမျိုးသမီး အရေအတွက်မှာလည်း တစတစ များပြား လာသည်။ ထိုသို့ အဖက်ဖက်မှ ပျက်စီး ယိုယွင်းနေသော အချိန်အခါတွင် ရခိုင်သားတို့အနေဖြင့် ထိုအဖြစ်အပျက်တို့ကို လက်မခံချင်သော်လည်း ရှောင်လွှဲ၍ မရနိုင်သော အခြေအနေသို့ ဆိုက်ရောက် နေပြီဖြစ်သည်။
မျိုးစောင့်တရား ဆိုသည်မှာ မိမိတို့၏လူမျိုးကို လူမျိုးခြားများနှင့် သွေးရောစပ်၍ တိမ်ကော ပျောက်ပျက် မသွားအောင် ကိုယ်စီ စောင့်ထိန်းခြင်း၊ မိမိတို့လူမျိုးအချင်းချင်း ရိုင်းပင်းကူညီ ဖေးမစောင့်ရှောက်ခြင်းနှင့် မိမိတို့ရခိုင်လူမျိုးတစ်ဦးချင်းစီ၏ ကိုယ်ကျင့်တရားကို ကောင်းမြတ် တည်ကြည်စွာ စောင့်ထိန်းခြင်းဖြင့် မိမိလူမျိုး၏ အမျိုးသားဂုဏ်သိက္ခာကို ထိန်းသိမ်း စောင့်ရှောက်ခြင်း စသည်တို့ကို ဆိုလိုသည်ဟု စာရေးသူ ထင်မြင်ယူဆ မိသည်။
ယနေ့ခေတ် ရခိုင်လူမျိုးများထဲတွင် အများစုမှာ အမျိုးကို ချစ်သူ၊ မိမိ လူမျိုး၏ သမိုင်း အစဉ်အလာကို ဂုဏ်ယူ ၀င့်ကြွား ကြသူများ ဖြစ်ကြ သည်။ သို့ရာတွင် မိမိတို့ ခေတ်တွင် ပုဂ္ဂလိက ကြိုးပမ်း အားထုတ်မှုဖြင့် မျိုးရိုးဂုဏ်ဆောင်နိုင်ရန် ကြိုးပမ်းသူ အရေအတွက်မှာ ရှိသင့် ရှိထိုက်သည်ထက် နည်းပါး လှပေသည်။ အမျိုးချစ်သူ၊ သမိုင်းကြောင်း အစဉ်အလာနှင့် ယဉ်ကျေးမှုတို့ကို တန်ဖိုးထားသူများ ရှိသကဲ့သို့  တဖက် တွင်လည်း လူမျိုးကို ချစ်ရကောင်းမှန်း မသိ၊ မိမိလူမျိုး၏ သမိုင်းကြောင်း ဂုဏ်သိက္ခာနှင့် ယဉ်ကျေးမှုတို့ကို တန်ဖိုးထားရကောင်းမှန်း မသိ၊ မိမိကိုယ်မိမိ ရခိုင်လူမျိုး ဆိုသည်မှလွဲ၍ တခြားဘာကိုမှ မသိသောသူများလည်း ရှိကြသည်။ ထိုသူများထဲတွင် တချိန်တခါက စာရေးသူ ကိုယ်တိုင် ပါဝင်ခဲ့သည်ကို ရိုးသားစွာ ၀န်ခံလိုပါသည်။ မိမိတို့ ရခိုင်လူမျိုးများထဲတွင် မိမိ၏ လူမျိုးတူ အချင်းချင်း ထိမ်းမြား လက်ထပ် ယူထားသော်လည်း မိမိ၏ လူမျိုး အချင်းချင်းကို ကူညီ စောင့်ရှောက်မှု မရှိသူ (သို့ ) နည်းပါးသူ၊ မိမိလူမျိုးကို တတ်နိုင်သမျှ ကူညီရိုင်းပင်းသော်လည်း လူမျိုးခြားနှင့် လက်ဆက်ကာ မျိုးရိုးကို မစောင့် ထိန်းနိုင်သူ၊ မျိုးရိုးကို မစောင့်ထိန်း သည့်အပြင် ကိုယ့်လူမျိုး အချင်းချင်း ကူညီ ရိုင်းပင်းခြင်း လုံးဝမရှိဘဲ တခြား လူမျိုးများကိုသာ အထင် ကြီးသောသူ စသည့် လူအမျိုးမျိုးကို တွေ့မြင်နေရသည်။ အဆိုပါ ပုဂ္ဂိုလ် အချို့ကြောင့် သမိုင်းကြောင်း အစဉ်အလာ ဂုဏ်သိက္ခာ ကြီးမားခဲ့သည့် ကျွန်ုပ်တို့ ရခိုင်ပြည်သည် အထည်ကြီးပျက် အိမ်တစ်အိမ်နှင့် တူလာရပေသည်။
မည်သည့် နိုင်ငံ၊ မည်သည့် လူမျိုးစုတွင် မဆို အကောင်းအဆိုး စရိုက် လက္ခဏာတို့  ဒွန်တွဲလျက် ရှိနေသည် မှန်သော်လည်း မိမိလူမျိုး၏ ကိုယ်ပိုင် ရပ်တည်ခွင့် ဆုံးရှုံးကာ လူမျိုးကြီး ၀ါဒတခု၏  ခြိမ်းခြောက်မှုကို ခံနေရသော ရခိုင်လူမျိုးများ အနေဖြင့် မျိုးစောင့် တရားကို အစဉ်သဖြင့် နှလုံးသွင်းထား သင့်ပေသည်။ မျိုးစောင့် တရားတွင် မိမိတို့ရခိုင် လူမျိုး အချင်းချင်း ထိမ်းမြား လက်ထပ်၍ မျိုးရိုး မပျောက် ပျက်အောင် ထိန်းသိမ်းခြင်းသည် အဓိက အချက် ဖြစ်သော်လည်း အိမ်ထောင်တခု၏ အဓိက ကျောရိုးဖြစ်သော သစ္စာတရားနှင့် တာဝန်ယူမှုသာ မရှိခဲ့ပါလျှင် အဓိပ္ပါယ် ရှိလိမ့်မည် မဟုတ်ချေ။ အမျိုးနှင့် သီလသည် ယှဉ်တွဲ၍ မရှိပါက  ထွက်ပေါ်လာသည့် ရလာဒ်သည်လည်း မွန်မြတ်လိမ့်မည် မဟုတ်ချေ။ ထိုအကြောင်းအရာနှင့် ပတ်သက်၍ စာရေးသူ၏ အသိုင်းအ၀န်းတွင် တွေ့ ကြုံ ခဲ့ရသည့် အိမ်ထောင်ရေး တစ်ခု အကြောင်းကို တင်ပြလိုပါသည်။
ရခိုင် အမျိုးသား တယောက်သည် ရခိုင် အမျိုးသမီး တယောက်အား မျိုးစောင့် တရားကို အကြောင်းပြ၍ လက်ထပ် ပေါင်းသင်း ခဲ့သည်။ လက်ထပ်ပြီး လအနည်းငယ် ကြာသောအခါ စီးပွားရှာရန် နိုင်ငံရပ်ခြားသို့  အဆိုပါ ရခိုင်အမျိုးသား ထွက်ခွာ သွားခဲ့ ရသည်။ ထိုပုဂ္ဂိုလ် နိုင်ငံခြား၌ နှစ်အတန်ကြာ အလုပ် လုပ်ကိုင်နေစဉ် ကာလအတွင်း ဇနီးဖြစ်သူ ကလေးတဦး မွေးဖွား ခဲ့သည်။ နှစ်အတန် ကြာပြီးနောက် ထိုပုဂ္ဂိုလ်သည် မိသားစုထံ တခေါက် ပြန်လာခဲ့သည်။ လအနည်းငယ်ခန့်  ဇနီးသည်နှင့် နေထိုင်ပြီးနောက် နိုင်ငံခြားသို့ တဖန် ပြန်လည် ထွက်ခွာ သွားခဲ့ ပြန်ပါသည်။ လင်ယောင်္ကျား ဖြစ်သူ ထွက်ခွာ သွားပြီးနောက် ကိုယ်ဝန်နှင့် ကျန်ရစ်ခဲ့သော ဇနီးဖြစ်သူမှာ မကြာမီ ကလေး နောက်တဦး ထပ်မံ မွေးဖွား ပြန်သည်။ အဆိုပါပုဂ္ဂိုလ် အိမ်မှ ပထမဆုံး စတင် ထွက်ခွာခဲ့သည့် အချိန်မှစ၍ ယနေ့အချိန်ထိ နှစ်ပေါင်း (၁၅) နှစ်ကျော် (၁၆) နှစ်နီးပါး ကာလအတွင်း ဇနီးဖြစ်သူနှင့် နေထိုင် ပေါင်းသင်း ခဲ့သည့် အချိန်မှာ တနှစ်ပင် ပြည့်မည် မထင်ပါ။ ဤ အဖြစ်အပျက်မျိုးသည် ယနေ့ခေတ် ရခိုင် ဒေသတွင် ဖြစ်နေကျ မထူးဆန်းသော အဖြစ်အပျက်မျိုးသာ ဖြစ်သည်။ သို့သော်  ထိုပုဂ္ဂိုလ် နိုင်ငံခြားတွင် နေထိုင်စဉ် ကာလအတွင်း အိမ်ထောင်ရေး ဖောက်ပြန်မှု များစွာ ရှိခဲ့သည်။ ထိုသူ၏ စီးပွားရှာစဉ် ကာလအတွင်း ဇနီးဖြစ်သူကို ပေးကမ်း ထောက်ပံ့မှုသည် လူမြင်ကောင်းရုံသာ ရှိခဲ့သည်။ နှစ်ပေါင်း (၁၆) နှစ်နီးပါး ကာလအတွင်း လင်ယောင်္ကျား၏ သစ္စာမဲ့မှုနှင့် ပျက်ကွက်မှုများကို သည်းခံခွင့်လွှတ် ပေါင်းသင်းခဲ့သော အဆိုပါပုဂ္ဂိုလ်၏ ပွဲတက်မယားသည် ထိုသူ့အတွက် မျိုးဆက် မွေးဖွား ပေးရုံထက် ပိုသော တန်ဖိုးထားမှု၊ ချစ်ခင်ကြင်နာမှုတို့ကို ပိုင်ဆိုင်ခွင့် မရ ခဲ့ရှာပေ။ အထက်ပါ ပုဂ္ဂိုလ်၏ သာဓကသည် ရခိုင်အမျိုးသားတိုင်း လိုက်နာကျင့်သုံးအပ်သည့် စစ်မှန်သော မျိုးစောင့်တရား ဖြစ်ပါ၏လော။
ယနေ့ခေတ်အချိန်ခါတွင် နိုင်ငံရပ်ခြား၌ မိဘ ညီအစ်ကို မောင်နှမ များ၏ စားဝတ် နေရေးအတွက် စွန့်စား အလုပ် လုပ်ကိုင် နေကြရသည့် ရခိုင် လူငယ် လူရွယ် များစွာ ရှိကြသည်။ ထို့အတူ မိမိလူမျိုး လွတ်မြောက်ရေး အတွက် နိုင်ငံရေး အခန်းကဏ္ဍတွင် ကျရာနေရာက ၀င်ပါရင်း အိမ်ပြန်ခွင့် ဆုံးရှံးခဲ့ကြရသည့် အမျိုးကောင်းသား၊ အမျိုးကောင်း သမီးတို့လည်း ရှိကြသည်။ မြောက်မြားစွာသော လူမျိုးခြားများ၏ အလယ်တွင် ဘ၀ လိုအပ်ချက်များကို ဖြည့်စွက်ရန် ကြိုးစားရင်း နဖူးစာ ရွာလည်၍ နီးစပ်ရာ လူမျိုးခြားများနှင့် အိမ်ထောင် ပြုသွား ကြသူများလည်း ရှိသည်။ ထိုသူများထဲတွင် ထူးချွန်သောသူ၊ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူ အချို့ပင် ပါဝင်လေရာ အနာဂတ် ရခိုင်ပြည် အတွက် ကြီးစွာသော ဆုံးရှုံးမှုတခု ဖြစ်သည်။ သို့သော် ထိုသူတို့သည် ကျွန်ုပ်တို့လူမျိုးများ ဖြစ်သည်၊ ကျွန်ုပ်တို့၏ အိမ်သားများ ဖြစ်သည်၊ ကျွန်ုပ်တို့၏ သွေးများပင် ဖြစ်သည်။ လက်မခံချင်သော်လည်း လက်ခံရမည်သာ ဖြစ်သည်။ ယနေ့ခေတ် ရခိုင်ပြည်၏ ရပ်တည်မှု အနေအထား အရလည်း ထိုသူတို့ ကို အပြစ်တင်ရန် ခဲယဉ်း လှပေသည်။ ထိုသူများ အနေဖြင့်လည်း မျိုးရိုးကို စောင့်ထိန်းရမည့် အမျိုးသားတာဝန်ကို အကြောင်းမလှ၍ မကျေပွန် နိုင်ခဲ့သော်လည်း မိမိ၏ အမျိုးကို တတ်စွမ်းသမျှ ကူညီ စောင့်ရှောက်ခြင်းနှင့် မိမိ၏ ကိုယ်ကျင့် တရား ဂုဏ် သိက္ခာကို လူမျိုးခြားများ အလယ်တွင် တည်ကြည်စွာ ထိန်းသိမ်းခြင်းဖြင့် မိမိ၏ လူမျိုးတာဝန်ကို ကျေပွန်စွာ ထမ်းရွက်ခွင့် ရှိပါသေးသည်။
လူမျိုးတစ်မျိုး၏ သမိုင်းကြောင်း၊ ဘာသာ စကားနှင့် ယဉ်ကျေးမှုတို့သည် မည်မျှပင် ကြီးကျယ်ခန့်ငြားခဲ့သည် ဆိုစေကာမူ လူမျိုးခြားများနှင့် ဆက်ဆံသည့် နေရာတွင် မိမိ၏ ကိုယ် အမူအရာ၊ နှုတ်အမူအရာသည် မိမိအား မွေးဖွားပေးခဲ့သည့် ကျေးဇူးရှင် မိဘနှစ်ပါး၏ ဂုဏ်သိက္ခာကို သာမက မိမိ လူမျိုးတမျိုးလုံး၏ ဂုဏ်သိက္ခာကိုပါ ကိုယ်စား ပြုနေသည်ကို ရခိုင် လူမျိုးတိုင်း သတိပြုစေချင်ပါသည်။ မိမိ၏လူမျိုးကို အဆင့်အတန်းရှိသည်ဟု ခံယူထားသော သူတိုင်းသည် မိမိ ကိုယ်တိုင်ကိုလည်း အဆင့်အတန်း ရှိသည်ဟု ယုံကြည် ထားသင့်ပေသည်။ နှစ်ပေါင်း ထောင်ချီ ကြာမြင့် ခဲ့ပြီဖြစ်သော ရခိုင်လူမျိုး၏ ယဉ်ကျေးမှု အစဉ်အလာသည် သင့်အတွက် လူမျိုးခြားများ အလယ်တွင် ဘ၀င်မြင့်ခြင်း၊ မောက်မာခြင်း ပြုလုပ်ရန် မဟုတ်သည်ကို သတိထား စေချင်ပါသည်။
တခါတရံ၌ တချို့သော ရခိုင်အမျိုးသားများသည် တခြားလူများနှင့် ဆက်ဆံရာတွင် လိုအပ်သည်ထက် မောက်မာသည်ကို စိတ်မကောင်းစွာ တွေ့မြင်နေရသည်။ မြန်မာတစ်နိုင်ငံလုံး အခွင့်ထူးခံ လူတစ်စုမှလွဲ၍ ဆင်းရဲဒုက္ခ ရောက်နေ ကြရသည့် အချိန်တွင် လူ အချင်းချင်း ငြိမ်းချမ်းစွာ ပေါင်းသင်း ဆက်ဆံ နိုင်ခြင်းသည် ရှေး ယခင် ဘုရင်များ လက်ထက်က ရန်ငြိုးများထက် ပိုမို အရေးကြီးပါသည်။ သင်၏ လူမျိုးရေး မုန်းတီးမှုသည် တဖက်လူက သင့်လူမျိုးအပေါ် အထင်ကြီးလေးစားမှုကို ရယူနိုင်ခြင်းထက် ပိုမို အရေး ကြီးပါသလား။ တဖက် လူမျိုးအပေါ် သြဇာ လွှမ်းမိုး နိုင်ခြင်းထက် အရေးပါ အရာ ရောက်ပါ၏လော။
တချိန်က ရန်ကုန်မြို့တွင် နေထိုင်စဉ် ကာလအတွင်း လူမျိုးခြားများနှင့် စီးပွားရေးစပ်တူ လုပ်ရင်း အငြင်းပွားကာ တရားစွဲရန် ကြိုးစားနေသည့် မိမိ၏မိတ်ဆွေ ရခိုင်လူမျိုးတဦးကို တွေ့ခဲ့ဖူးပါသည်။ ပြဿနာ၏ အရင်းအမြစ်ကို စုံစမ်း မေးမြန်းကြည့်သည့်အခါ တဖက်လူများက မလွန်ကြောင်း သွားတွေ့ရပါသည်။ သို့သော် မိမိ မိတ်ဆွေကြီး၏ စိတ်ထဲတွင် မိမိတို့လူမျိုးအပေါ် အုပ်ချုပ် စိုးမိုးနေသည့် အဆိုပါ လူမျိုးစုအပေါ် လက် တုန့်ပြန်ချင်စိတ် အလွန်တရာ ထက်သန်နေ၍ စာရေးသူ တားဆီး မရခဲ့ပါ။ နှစ်ပေါင်း နှစ်ရာကျော် ဆုံးရှံးခဲ့သည့် ရခိုင်တို့၏ လွတ်လပ်ရေးအတွက် အဆိုပါပုဂ္ဂိုလ်၏ ဂလဲ့စား ပြန်ချေသည့် ခပ်ကြောင်ကြောင် လုပ်ရပ်ကြောင့် စာရေးသူ၏ စိတ်ထဲတွင် ရယ်ရမလို ငိုမရလိုနှင့် အတော်မအီမလည် ခံစား ခဲ့ရဖူးသည်။ အမျိုးကို ချစ်သည် မှန်သော်လည်း မျက်စိ ဖွင့်ကြည့်၍ ချစ်စေချင်ပါသည်။ တခါတရံ၌ ရန်ကုန်မြို့ထဲတွင် မူးရူး သောက်စား၍ လမ်းပေါ်တွင် မိမိတို့အလွန် တန်ဖိုးထား မြတ်နိုးရသည့် ရခိုင်အမျိုးသား သီချင်းတို့ကို  ညကြီးအချိန်မတော် ဂုဏ်ယူစွာ ဟစ်ကြွေး သီဆိုတတ်သည့် မျိုးချစ်ရခိုင် အမျိုးကောင်းသား တို့ကိုလည်း စိတ်ပျက်စွာ တွေ့မြင်ခဲ့ဖူးသည်။ သူများဆန်စက် မည်သို့ပင် အကောင်းအဆိုး ထွက်ထွက်၊ ကိုယ့်မောင်းဆုံထဲက ဆန်တခွက်ကို ဖြူစေချင်လှသည်။
ဆယ်ပါးသီလ ခံယူသော်လည်း တပါးမြဲရန် ခက်ခဲသကဲ့သို့ ဆန္ဒနှင့်ဘ၀ တစ်ထပ်တည်း မကျနိုင်ကြသော ဤကာလတွင် မျိုးစောင့်တရားကို မစောင့်ထိန်းနိုင်လျှင်တောင် ကိုယ် ကြွလိုက်သည့် ခြေတစ်လှမ်း မြေမကျခင် ကိုယ်သည် မည်သည့်လူမျိုး ဖြစ်သည့်အကြောင်း တစ်စက္ကန့်မျှ ဖြစ်စေ သတိရစေချင်ပါသည်။


                                                                                                                                          ငချွန်းယေ

0 comments:

Post a Comment