ပေါက်ကရ လေးဆယ်

Subscribe:

Sunday, April 15, 2012

မားကို့စ်ရဲ့ ကဗျာ



မိုနီကာ
နင့်နှုတ်ခမ်းလွှာ မပြုံးပေမယ့်
ငါ့နှလုံးသား နွေးထွေးဆဲပါအချစ်ရယ်
ဖြစ်သမျှအကြောင်း
အကောင်းချည်း မဟုတ်ဘူးဆိုရင်တောင်
နှောင်ကြိုးတစ်မျှင်အနေနဲ့
ရှင်သန်နေတဲ့ငါ
ရင်ထဲမှာအသာပွေ့
မွေ့ရာထက်မှာတင်
နင်အသက်ဆက်ဖို့အတွက်
မနက်စာ ခပ်နွေးနွေး
ငါခွံ့ကျွေးတဲ့အခါတိုင်း
နင်မျက်လုံးဝိုင်းဝိုင်းနဲ့ကြည့်တတ်တယ်




ဇရာတင်ပေမယ့်
အရင်လိုလှနေဆဲပါလို့ပြောရင်
အရူးလို့ ငါ့ကိုထင်ကုန်ကြမလား
အပြင်မသွားဖြစ်တာလဲ ကြာလှပေါ့
ငါ့ဘေးမှာတော့ နင်မပါ
ငါ အားလျှော့မိတာပေါ့ အချစ်ရယ်
တချိန်က ညစ်ကျယ်ကျယ်အပြုံး
တနေ့လုံးမှာ တစ်ခါလောက်ပြုံးမလားလို့
ပင်စင်အတွက်တောင် ရုံးမသွားဖြစ်တဲ့ငါ
သုံးစရာပြတ်ရင်တောင်
နင့်အပြုံးနဲ့ အငတ်ခံနိုင်တဲ့အထိ
ငါရုးသွပ်မိသေးတယ်
အတွေးထဲမယ် မင်းအကြောင်း
အဟောင်းထဲက အကောင်းတွေဆီ
နှောင်းရတုတွေ စိန်စီခါနီးမှ
ဆည်းဆာက အလင်းဖျော့ခဲ့ပေါ့
မျော့မျော့လေး ခွေနေတဲ့နင့်ကို
တေးဆိုချော့လို့ သိပ်ပါရစေ။



နှစ်ယောက်အတူတူလျှောက်တိုင်း
တုန့်ဆိုင်းဆိုင်း နောက်ကလိုက်
တိမ်တိုက်တွေ မှိုင်းခဲ့တဲ့တစ်နေ့
ခုထိ ငါမမေ့သေးဘူး
ထူးထူးခြားခြား နင်ငါ့ကို ပြောတဲ့စကား
မပင်ပန်းဘူးလားတဲ့...
နားတွင်းကိုဝင် ရင်ထဲမှာကျင်ခနဲ
နင်ငါ့ကိုခွဲမသွားခင်
နင့်ရင်ထဲက လက်ဆောင်
ဒီနေ့နေရောင်မကွယ်သေးခင်
ငါသေမယ်ဆိုရင်တောင်
ဒီကောင်မပင်ပန်းသေးပါဘူးအချစ်ရယ်။



ဇရာရဲ့ဆည်းဆာရိပ်မှာ
အိပ်တန်းတက်နေရှာတဲ့ အချစ်
အသစ်ဆိုတာ တို့နှစ်ယောက်အတွက်မရှိတော့ပေမယ့်
အလှည့်အပြောင်းရယ် မလာပါစေနဲ့ရယ်လို့
စို့တက်လာတဲ့မျက်ရည်ကိုသုတ်
ထမင်းတလုတ်လောက် ထပ်စားပါဦး အချစ်ရယ်
ဖွယ်ဖွယ်ရာရာမဟုတ်ပေမယ့်
ငါတတ်သလောက် ချက်ပြုတ်
တနေကုန် အလုပ်ရှုပ်နေရင်တောင်
ဒီကောင် ဝေးဝေးမသွား
နင့်အနားမှာပဲ ရှိပါတယ်။


ငါ့ကမ္ဘာပြိုတဲ့နေ့
ဘယ်လိုမေ့ထားရမလဲ
ခွဲခွာခြင်းစကား
မကြားလိုပါ၏ဘုရားလို့
အကြိမ်ကြိမ်ဝပ်တွားတောင်းပန်ခဲ့ပေမယ့်
အသံသဲ့သဲ့ညည်းငြူရင်း
ငါအတင်းတားနေတဲ့ကြားက
နင်ထွက်သွားခဲ့ပြီ
ဒီဘ၀ဤမျှ
ပြည်ဖုံးကား တကယ်ချလိုက်ပြီပေါ့ မိုနီကာ။



ဆီခန်းတဲ့မီးဇာ
ဘယ်နည်းနဲ့ ၀င့်ဝါနိုင်မလဲ
မသဲကွဲတဲ့ အတိတ်က
ရှိသမျှ နင့်ပုံရိပ်
တိတ်တိတ်ကလေး ငါယူကြည့်
ငါ့အပူ လူသိမှာစိုးလို့
စို့နေတဲ့မျက်ရည်
သေရွာထိပါလေမလား
သွားနှင့်တော့...မိုနီကာ။



လက်ချိုးလို့ရေ
စွေမျက်ရည် သက်သေထားလို့
နင်သွားတဲ့ နောက်
ငါဖြည်းဖြည်းလျှောက်လာခဲ့ပါ့မယ်..အချစ်ရယ်။



 " When you care for someone,you never let her go,even the going gets tough. "

" Never Let You Go "  the first prize winner of 2011 World Press Photo contest(Daily Life Stories category) အားခံစားရေးဖွဲ့သည်။

                                                                                           ငချွန်းယေ(၂၉.၂.၂၀၁၁)

1 comment:

  1. ဒီအပုဒ်လည်းတော်တော်ကောင်းပါတယ်...ရှယ်ခွင်.ပြုပါ....

    ReplyDelete