ပေါက်ကရ လေးဆယ်

Subscribe:

Sunday, April 22, 2012

ရင်သပ်ရှုမောဖွယ် Hang Son Doong လှိုဏ်ဂူတွင်းရှိ ဒဏ္ဍာရီဆန်သော သဘာဝအလှများ

ရင်သပ်ရှုမောဖွယ် Hang Son Doong လှိုဏ်ဂူတွင်းရှိ ဒဏ္ဍာရီဆန်သော သဘာဝအလှများ




လွန်ခဲ့တဲ့ ဆယ်စုနှစ် ၂ နှစ်ကျော်ခန့်က Ho Khanh ဆိုသူဟာ ဗီယက်နမ်တောနက်ကြီးတစ်ခုအတွင်းမှာ လမ်းပျောက်ပြီး မိုးခိုနားနေဖို့ နေရာလိုက်ရှာတဲ့အချိန်မှာ မထင်မှတ်ပဲ အထဲမှာ မြစ်တစ်စင်းဖြတ်သန်းစီးဆင်းနေတဲ့ ဧရာမလှိုဏ်ဂူကြီးတစ်ခုရဲ့ အ၀င်ဝကို သွားတွေ့ခဲ့ပါတယ်။ သူ့ကို VietNamNet(tinyurl.com/7fb53xj) က အင်တာဗျူးတဲ့အချိန်မှာ သူအိမ်ပြန်ရောက်ပြီး နောက်တစ်ကြိမ်ထပ်သွားရှာခဲ့ပေမယ့် တောတောင်ထူထပ်လွန်းလို့ အဲဒီလှိုဏ်ဂူကို ဘယ်လိုမှ ထပ်ရှာလို့ မတွေ့ခဲ့ဘူးလို့ ပြောသွားပါတယ်။



အဲဒီအချိန်တုန်းက Ho ပြောတဲ့ လှိုဏ်ဂူကြီးဟာ အလွန်ဒဏ္ဍာရီဆန်နေတဲ့အတွက် သူပြောတာကို လူတိုင်းမယုံကြည်ခဲ့ကြပါဘူး။ နောက်နှစ်အနည်းအကြာမှာတော့ ဒီသတင်းဟာ အင်တာနက်သုံးစွဲသူတွေဆီကနေတဆင့် ကမ္ဘာတ၀ှန်း ပျံ့နှံ့သွားပြီး ဗြိတိသျှသဘာဝလှိုဏ်ဂူ လေ့လာရေးအဖွဲ့ဟာ Ho ဆီကိုဆက်သွယ်လာပြီးတော့ သူ့ကို အဲဒီဒဏ္ဍာရီဆန်တဲ့ လှိုဏ်ဂူကြီးရှိရာ လိုက်ပြဖို့အတွက် လမ်းပြအဖြစ်ငှားရမ်းခဲ့ပါတယ်။
" ဒီလှိုဏ်ဂူကြီးကို ရှာဖွေတွေ့ရှိဖို့ အဖွဲ့သုံးဖွဲ့တောင် ကြိုးစားခဲ့ရပါတယ်" လို့ အဖွဲ့ခေါင်းဆောင် Howard Limbert က AP သတင်းဌာနကိုပြောသွားပါတယ်။ အဲဒီလိုကြိုးစားရှာဖွေကြရင်း နောက်ဆုံးမှာတော့ ၂၀၀၉ ခုနှစ်မှာ Ho ရဲ့ ဒဏ္ဍာရီဆန်တဲ့ သဘာဝလှိုဏ်ဂူကြီးကို ရှာဖွေတွေ့ရှိခဲ့ပါတော့တယ်။




Hang Son Doong( တောင်ပေါ်မြစ်လှိုဏ်ဂူ) လို့အမည်ရတဲ့ ဧရာမလှိုဏ်ဂူကြီးဟာ ဗီယက်နမ်နဲ့လာအိုနိုင်ငံ နယ်စပ်အနီးက Phong Nha Ke Bang National Park မှာ တည်ရှိပါတယ်။ ရှာဖွေရေးအသင်းခေါင်းဆောင် Limbert ရဲ့အဆိုအရ ဒီသဘာဝလှိုဏ်ဂူကြီးဟာ ကမ္ဘာ့အကြီးဆုံး သဘာဝလှိုဏ်ဂူတွေထဲက တစ်ခုဖြစ်ပြီး အလျား ၃.၈ကီလိုမီတာ ရှည်လျားပြီး အကျယ် ၉၀မီတာရှိပါတယ်။ လှိုဏ်ဂူကြီးရဲ့ တချို့အပိုင်းတွေဆိုရင် မီတာ၂၀၀ ကျော် မြင့်မားတယ်လို့ သိရပါတယ်။




အဲဒီလိုရှာဖွေတွေ့ရှိပြီးနောက်ပိုင်း ကမ္ဘာကျော်လာတဲ့ Hang Son Doong လှိုဏ်ဂူကြီးကို ဓာတ်ပုံမှတ်တမ်းရိုက်ကူးဖို့ National Geographic magazine ကနေ ဓာတ်ပုံဆရာ Carsten Peter ကို စေလွှတ်ခဲ့ပါတယ်။ Peter ဟာ အဲဒီလှိုဏ်ဂူကြီးအတွင်းက ဒဏ္ဍာရီဆန်တဲ့ မြင်ကွင်းအလှတွေကို ပြောင်မြောက်စွာ ဓာတ်ပုံရိုက်ကူးနိုင်ခဲ့ပါတယ်။ အဲဒီဓာတ်ပုံတွေထဲမှာ အထပ်လေးဆယ် မိုးမျှော်တိုက်ကြီးတစ်လုံးစာလောက် မြင့်မားတဲ့ လှိုဏ်ဂူရဲ့ အတွင်းပိုင်းခေါင်မိုး၊ အင်မတန်မြင့်မားတဲ့ ကျောက်စက်မိုးမျှော်တွေ၊ နောက်ပြီး လှိုဏ်ဂူတွင်းကို အပြင်ကနေ၀င်ရောက်လာတဲ့ အလင်းရောင်တွေ ရင်သပ်ရှုမောဖွယ်ဖြာကျနေပုံတွေဟာ တခြားဂြိုလ်ကမ္ဘာတစ်ခုကို ရောက်နေသလိုမျိုး တွေ့မြင်ရမှာဖြစ်ပါတယ်။





အဲဒီလို လှိုဏ်ဂူရဲ့အတွင်းပိုင်း ကျယ်ပြန့်မြင့်မားပြီး လေ၀င်လေထွက်ကောင်းမွန်တဲ့အတွက် လှိုဏ်ဂူအတွင်းပိုင်းမှာ စိုထိုင်းဆမြင့်မားပြီး အချို့နေရာတွေလောက်ပဲ ခြောက်သွေ့နေတာကို တွေ့ရပါတယ်။ ဒီ Hang Son Doong သဘာဝလှိုဏ်ဂူကြီးဟာ ဗီယက်နမ်ရဲ့ Annamite တောင်တန်းမှာတည်ရှိပြီး အချင်းချင်းဆက်သွယ်လျှက်တည်ရှိနေတဲ့ သဘာဝလှိုဏ်ဂူကွန်ယက် ၁၅၀ထဲက တစ်ခုဖြစ်ပါတယ်။ အဲဒီသဘာဝလှိုဏ်ဂူတွေထဲက အများစုဟာ ခုချိန်ထိ လေ့လာစူးစမ်းမှု မပြုလုပ်ရသေးပါဘူး။





အမျိုးသား သဘာဝပထ၀ီဝင်မဂ္ဂဇင်းရဲ့ အတော်ဆုံး ဓာတ်ပုံဆရာတွေထဲက တစ်ယောက်ဖြစ်တဲ့ Peter ဟာ ဒီလိုမျိုး ခက်ခက်ခဲခဲ စွန့်စားသွားရောက်ရတဲ့ နေရာဒေသမျိုးတွေမှာ ထူးခြားဆန်းပြားတဲ့ ဓာတ်ပုံတွေကို ရိုက်ကူးတဲ့နေရာမှာ သူမတူအောင်ထူးချွန်သူဖြစ်ပါတယ်။ သူဟာ ဆဟာရသဲကန္တာရကို ကုလားအုတ်နဲ့ ခက်ခက်ခဲခဲဖြတ်သန်းပြီး ဓာတ်ပုံရိုက်ကူးဖူးသလို Blanc တောင်ထွတ်ပေါ်က ရေခဲပြင်အောက်မှာ ရေငုတ်ပြီး ဓာတ်ပုံရိုက်ကူးခဲ့သူလည်း ဖြစ်ပါတယ်။ သူဟာ ဓာတ်ပုံဆရာ သက်သက်မဟုတ်ပဲ တောတွင်းစူးစမ်းလေ့လာသူ၊ အရည်အချင်းပြည့်ဝတဲ့ တောင်တက်သမား၊ လှိုဏ်ဂူရေးရာ ကျွမ်းကျင်သူ၊ အတွေ့အကြုံများပြားတဲ့ လေထီးခုန်သမား၊ ရေငုပ်ကျွမ်းကျင်သူ စတဲ့ အရည်အချင်းများစွာကို ပိုင်ဆိုင်ထားသူတစ်ဦးလည်း ဖြစ်ပါတယ်။ အဲဒီအရည်အချင်းတွေနဲ့ စူးစမ်းလေ့လာဖော်ထုတ်ရိုက်ကူးနိုင်မှုကြောင့် ကမ္ဘာပေါ်မှာ ယခင်တစ်ခါမှမမြင်ဖူးသေးတဲ့ နေရာဒေသတွေက ဒဏ္ဍာရီဆန်တဲ့ မြင်ကွင်းတွေကို ရိုက်ကူးတင်ပြနိုင်တဲ့ ကမ္ဘာကျော် ဓာတ်ပုံဆရာတစ်ယောက်ဖြစ်ပါတယ်။






 ခုလို ခက်ခဲကြမ်းတမ်းတဲ့ တောနက်ကြီးထဲက Hang Son Doong သဘာဝလှိုဏ်ဂူကြီး အတွင်းမှာရှိနေတဲ့ ဒဏ္ဍာရီဆန်တဲ့ မြင်ကွင်းတွေကို ကမ္ဘာကသိအောင် ရိုက်ကူးတင်ဆက်နိုင်ခဲ့တဲ့အတွက် Peter ဟာ ၂၀၁၁ ကမ္ဘာ့သတင်းဓာတ်ပုံထူးချွန်ဆုပေးပွဲမှာ Nature Category နဲ့ Second Prize of World Press Photo Award ကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိခဲ့ပါတယ်။






source:
http://ngm.nationalgeographic.com

1 comment: