ပေါက်ကရ လေးဆယ်

Subscribe:

Monday, April 16, 2012

စံပြဖခင်


စံပြဖခင်

တရုတ်နိုင်ငံက ဆံပင်ညှပ်သမားတစ်ယောက်ဖြစ်တဲ့ Liu Renneng ဟာ သူ့ရဲ့ ၁၁နှစ်အရွယ် ချစ်စရာသမီးလေးအတွက် ပူပင်သောကရောက်ပြီး ညညအိပ်မပျော်နိုင်ဖြစ်နေရပါတယ်။ သမီးလေးခမျာ ပြီးခဲ့တဲ့ ၂၀၁၁ အောက်တိုဘာလကတည်းက သွေးကင်ဆာရောဂါကို စတင်ခံစားနေရပြီး ဒီရောဂါကိုကုသဖို့အတွက် ရိုးတွင်းချဉ်ဆီလဲဖို့ အရေးတကြီးလိုအပ်နေပါတယ်။ ဒီအဖြစ်ဟာ ချစ်စရာသမီးလေးနဲ့ သာယာချမ်းမြေ့နေတဲ့ Liu တို့မိသားစုအတွက် ကောင်းကင်ကြီး ပြိုကျသွားသလိုပါပဲ။ ဒီလိုကုသဖို့အတွက် ကုန်ကျမယ့်ငွေကြေးပမာဏဟာ သာမန်ဆံပြင်ညှပ်သမားတစ်ဦးဖြစ်တဲ့  Liu အတွက် ခြေလက်မစုံတဲ့ ဒုက္ခိတတစ်ယောက်က ဧ၀ရက်တောင်ကို တက်ရမယ့်အခြေအနေမျိုးဖြစ်နေပါတယ်။ ကင်ဆာရောဂါကို ပျောက်ကင်းအောင်အခမဲ့ဆေးကုသပေးမယ့် နေရာမျိုးကလည်း မရှိလေတော့ Liu အနေနဲ့ သမီးလေးရဲ့အသက်ကိုကယ်ဖို့ ယွမ်ငွေ ခြောက်သိန်းကျော်ကို မဖြစ်မနေရှာဖို့ အရေးတကြီးလိုအပ်နေပါတယ်။ ဒီပိုက်ဆံကို ရှာဖို့အတွက် သူဘယ်လိုမှမတတ်နိုင်ပါဘူး။
                                နီးစပ်ရာအပေါင်းအသင်းဆွေမျိုးသားချင်းတွေဆီမှာ အလှူခံလိုက်ခံရင်လည်း ဒီငွေပမာဏကိုရနိုင်ဖို့အခြေအနေမရှိပါဘူး။ နောက်ဆုံးမှာတော့ Liu ဟာ အကြံကောင်းတစ်ခုရလိုက်ပါတယ်။ အဲဒါကတော့ တတ်ကျွမ်းတဲ့ ဆံပင်ညှပ်ပညာနဲ့ ဒိပိုက်ဆံတွေကိုရအောင်ရှာပြီး သမီးလေးအသက်ကို ကယ်တင်မယ်လို့ ဆုံးဖြတ်လိုက်တာပါပဲ။ စဉ်းစားကြည့်ရင် ဒီကိစ္စကဘယ်လိုမှမဖြစ်နိုင်ပါဘူး။ ဒါပေမယ့် ဖခင်တစ်ဦးရဲ့ သားသမီးအပေါ်ထားတဲ့ ကြီးမားတဲ့မေတ္တာတရားက ကံကြမ္မာကို အံ့သြစရာကောင်းလောက်အောင် ပြောင်းလဲပစ်ခဲ့ပါတယ်။ Liu က သူ့သမီးလေးအသက်ကိုကယ်တင်ဖို့အတွက် သူ့ကိုကူညီမယ့်လူတွေကို ကျေးဇူးတုန့်ပြန်တဲ့အနေနဲ့သူတတ်ကျွမ်းတဲ့ပညာလေးနဲ့ ဆံပင်ညှပ်ပေးပါရစေလို့ Weibo.comမှာ ကြေငြာလိုက်ပါတယ်။
           သူ့ရဲ့ကြော်ငြာဟာ တရုတ်နိုင်ငံတ၀ှန်းမှာရှိတဲ့ microblogging website တွေဆီ ပျံ့နှံ့သွားပြီး သူတပါးဆီကပိုက်ဆံကို အလကားမလိုချင်တဲ့ ဂုဏ်သိက္ခာရှိတဲ့ ဖခင်တစ်ယောက်ရဲ့ ကြီးမားတဲ့မေတ္တာတရားဟာ တရုတ်ပြည်သူတွေရဲ့ နှလုံးသားကို စူးနစ်ဝင်ရောက်သွားခဲ့ပါတယ်။ မကြာခင်မှာပဲ Liu ရဲ့ဖခင်မေတ္တာကို ဂုဏ်ပြုတဲ့အနေနဲ့တရုတ်နိုင်ငံတ၀ှန်းက အင်တာနက်သုံးစွဲသူတွေဟာ Liu တို့သားအဖအတွက် အွန်လိုင်းအလှူငွေပွဲတစ်ခုကျင်းပပြီး Liu ဆီမှာ ဆံပင်သွားညှပ်ဖို့အလှူခံကတ်တွေကို တစ်ကတ်ကို ယွမ်၂၀စီနဲ့ရောင်းချပေးခဲ့ပါတယ်။ နှစ်ကတ်စီဝယ်ယူအားပေးသူတွေဟာ Liu ရဲ့ဆိုင်မှာ ဆံပင်တစ်ခါညှပ်ခွင့်ရပါတယ်။ ဒီသတင်းဟာ တရုတ်ပြည်ရဲ့ ထင်ပေါ်ကျော်ကြားတဲ့ အနုပညာရှင်တွေအထိ ပျံ့နှံ့သွားပြီး ထင်ရှားတဲ့ ရုပ်ရှင်သရုပ်ဆောင်မင်းသမီးနဲ့ blogger တစ်ဦးဖြစ်တဲ့ Yao Chen ကိုယ်တိုင် ဒီအလှူငွေပွဲကိုတက်ရောက်ပြီး ကတ်၅၀၀တိတိ ၀ယ်ယူအားပေးခဲ့သလို သူမကြောင့် သူမရဲ့ပရိသတ်တွေပါ လာရောက်ဝယ်ယူအားပေးကြပါတယ်။ ပြီးခဲ့တဲ့ အင်္ဂါနေ့က ကတ်ပေါင်းတစ်သောင်းခွဲရောင်းချနိုင်ခဲ့ပြီးတော့ အလှူငွေစုစုပေါင်း သုံးသိန်းထိရရှိခဲ့ပါတယ်။ ဒီနေ့ထိအလှူငွေရရှိမှုဟာ ဆက်လက်တိုးပွားလာနေပြီးတော့ တရုတ်နိုင်ငံတ၀ှန်းလုံးက အလှပြင်ဆိုင်တွေကပါ Liu ကိုယ်စားအဲဒီအလှူငွေကတ်တွေကိုဝယ်ယူအားပေးကြတဲ့ အလှူ့ရှင်တွေကို ဆံပင်ညှပ်ပေးဖို့ ကမ်းလှမ်းလာကြပါတယ်။
         "  Liu ဟာ တဖက်သားဆီကအကူအညီရရှိဖို့ ကြိုးပမ်းတဲ့နေရာမှာ သူများတွေလို လက်ဝါးဖြန့်တာမျိုးမဟုတ်ပဲ လူတွေကိုထိုက်တန်တဲ့ ပေးဆပ်မှုမျိုးနဲ့ ကမ်းလှမ်းခဲ့ပါတယ်။ ကျွန်တော်သူ့ကို အရမ်းလေးစားသွားတာက သူ့ရဲ့ professional skill ကိုအသုံးပြုပြီး ထိုက်တန်တဲ့အလှူငွေကို ရရှိအောင် စွမ်းဆောင်နိုင်လို့ပါပဲ။ သူ့ရဲ့လုပ်ရပ်ဟာ တကယ်ဂုဏ်သိက္ခာရှိပြီး အရမ်းကိုလေးစားအားကျဖို့ကောင်းပါတယ် "
အလှူရှင်တစ်ဦးဖြစ်တဲ့ Jiangnan Alan ကပြောသွားတာပါ။ နောက်ထပ်အလှူရှင်တစ်ယောက်ဖြစ်တဲ့ Meng Lie ကလည်း တရုတ်ပြည်သူတွေကြားမှာ Liu ဟာ လေးစားဂုဏ်ပြုထိုက်တဲ့ စံပြမိဘတစ်ယောက်လို့ ချီးကျူးပြောဆိုသွားပါတယ်။ မိဘချင်း ကိုယ်ချင်းစာနာမှုနဲ့အတူ Liu ကိုလေးစားဂုဏ်ပြုကြတဲ့  Meng Lie အပါအ၀င်တရုတ်နိုင်ငံက မိဘတွေဟာလည်း သူတို့ရဲ့သားသမီးတွေနဲ့အတူ အလှူငွေပွဲကိုတက်ရောက်ပြီး အလှူငွေကတ်တွေကို တခဲနက်ဝယ်ယူအားပေးလာနေကြပြီဖြစ်ပါတယ်။
           " ကျွန်မအနေနဲ့ ကျွန်မရဲ့သမီးလေးကို မိဘမေတ္တာဆိုတာကို နက်နက်ရှိုင်းရှိုင်းနားလည်ခံစားတတ်လာအောင် ဥပမာပေးချင်တာရယ်၊ နောက်ပြီး ပြည်သူတွေရဲ့တာဝန်သိတတ်မှုကိုပြချင်တာရယ်နဲ့ လူအချင်းချင်းဂရုစိုက်မှုတွေကို အတွေ့အကြုံရစေချင်လို့ဒီပွဲကိုခေါ်လာတာပါ " လို့ Meng Lie  ကပြောသွားပါတယ်။
              ဒီနေ့အထိအလှူငွေပွဲမှာ Liu အတွက် ယွမ်ငွေကိုးသိန်းနှစ်သောင်းလောက်အထိ ရရှိပြီးဖြစ်ပါတယ်။ Liu က ဒီငွေတွေကို သမီးလေးရဲ့ဆေးကုသမှုအတွက် လိုအပ်သလောက်ပဲ သုံးစွဲပြီး ပိုတဲ့ငွေတွေကို သမီးလေးလို ဝေဒနာခံစားနေရပြီး ဆေးကုသဖို့မတတ်နိုင်တဲ့ ခလေးငယ်တွေအတွက် ရံပုံငွေတစ်ရပ်ထူထောင်ဖို့ စဉ်းစားထားတယ်လို့ပြောသွားပါတယ်။ ဖခင်တစ်ယောက်ရဲမေတ္တာတရားနဲ့ကြိုးပမ်းအားထုတ်မှုဟာ လူမှုရေးအသိစိတ်ဓာတ်မိုးခေါင်နေတဲ့ တရုတ်လိုနိုင်ငံမျိုးမှာ ဂရုဏာအသီးအပွင့်တွေဝေဆာနေတဲ့ စေတနာဥယျာဉ်ကြီးတစ်ခုကို ဖန်ဆင်းနိုင်ခဲ့ပြီဖြစ်ကြောင်း တစ်ကမ္ဘာလုံးက ဖခင်တွေကို ဂုဏ်ပြုတဲ့အနေနဲ့ မျှဝေပေးလိုက်ပါတယ်။
                                       ငချွန်းယေ(၁၇.၂.၂၀၁၂)
source:
source: http://www.chinadaily.com.cn/metro/2010-05/19/content_9866911.htm

0 comments:

Post a Comment