ပေါက်ကရ လေးဆယ်
Subscribe:
Sunday, April 15, 2012
အဖေ သူကြီးဖြစ်ပြီ အရင်လိုနေလို့  မရတော့ဘူး
အဖေ.. ဘာပဲပြောပြော အဖေအရမ်းဖြစ်ချင်တဲ့ သူကြီးတော့ဖြစ်လာပြီ အဲဒီတော့ အရင်လိုနေလို့ မရတော့ဘူး
အရင်လို အရပ်ထဲလှည့်ပတ် ရမ်းကားနေလို့ လည်း မရတော့ဘူး
အချိန်ပြည့် မူးရူးသောက်စားနေလို့ လည်း မရတော့ဘူး
ကိုယ့်ရွာကနွား ဘယ်သူတွေ ခိုးပေါ်စားစား ကိုယ့်အိမ်ပေါ် အသားတစ်ပိဿာရောက်ရင်ပြီးရော  ရူးချင်ယောင်ဆောင်နေလို့ မရတော့ဘူး
ရွာသားအချင်းချင်း အမွေဆိုင် လယ်မြေအလုမှာ ကိုယ့်ကိုဝေစုပေးနိုင်တဲ့လူကို မျက်နှာကြည့် အဂတိလိုက်စားလို့ လည်းမရတော့ဘူး
မိမပိုင်ဖမနိုင်သားတွေကို လက်သပ်မွေး လူမိုက်အားပေးလုပ်လို့ လဲမရတော့ဘူး
ကိုယ့်ကို မရိုသေလို့ ဆိုတဲ့ခေါင်းစဉ်တတ်ပြီး သူ့ ဘာသာသူနေတဲ့လူတွေကို အခြေအနေပေးတယ်ဆိုတိုင်း ခြောက်ပေါက်ထဲ တဒိုင်းဒိုင်းသွင်း နားပန်ကျင်းချင်တိုင်း ကျင်းလို့ မရတော့ဘူး
လူတွေရှေ့ မှာ အချစ်ပိုပြ လူကွယ်ကျရင် အမေ့ကို မသာမလို့ ဆဲဆိုကြိမ်းမောင်းပြီး နှိပ်စက်လို့ လဲ မရတော့ဘူး
အစည်းအဝေးတွေမှာ လူအထင်ကြီးအောင် မူးယစ်ရှောင်တရားတွေဟော..အိမ်မှာတော့ ၀င်ငွေထောတဲ့ အရက်ပုန်းဆိုင်နဲ့  ဘိန်းခန်းထောင်လို့ မရတော့ဘူး
ရှေ့ကလုပ်သွားတဲ့ သူကြီးတွေလို အလှူငွေတွေကို အမြဲကောက် ရွာသားဘုရား သူကြီးကောင်းမှု မော်ကွန်းကျောက်စာ ထူလို့ လည်း မရတော့ဘူး
ရွာကထွက်သမျှအရာ ငါ့ဥစ္စာဆိုပြီး ကုလားတရုတ်တွေနဲ့ ပေါင်း ဖက်စပ်လုပ်ဖို့ ချည်းပဲ ခေါင်းထဲထည့်လို့ မရတော့ဘူး
နှစ်လုံးပြူးကြီးတကိုင်ကိုင် လူမိုက်တွေတလှိုင်လှိုင်နဲ့  ငါနဲ့ မတူ ငါ့ရန်သူဆိုပြီး ရွာဆူအောင် လုပ်လို့ လည်း မရတော့ဘူး
ဘယ်သူသေသေ ငတေက မာမာ..ငါ့အိမ်က သမီးတွေ မပါရင်ပြီးရော ပွဲခလေးများများရရင် ရွာက အပျိုမတွေကို နိုင်ငံခြားသားတွေနဲ့ ပေးစား မင်္ဂလာပွဲစားလုပ်လို့ လည်းမရတော့ဘူး
စေတီတွေ တစ်ဆူပြီးတစ်ဆူတည်ပေမဲ့ အနေကဇာတင်မယ့် သံဃာမလာရင် ကျောင်းကိုပါမီးရှို့မယ်ဆိုတာမျိုးလည်း လုပ်လို့ မရတော့ဘူး
ဆင်းရဲလို့  မြို့ ကိုသွား တစ်နေ့ လုပ်မှ တစ်နေ့ စားရတဲ့သူတွေဆီက ပေးတဲ့အခွန်ကို ဘာမှပြန်မလုပ်ပေးပဲ ထိုင်ဝါးနေလို့ လည်း မရတော့ဘူး
သားသမီးတွေလည်း အဖေ့ကြောင့် အရပ်ထဲမှာ မျက်နှာငယ်နေရတာ တော်တော်ကြာနေပြီ..အဖေအရင်လို နေလို့ မရတော့ဘူး
                                                                             ငချွန်းယေ(၁၅.၁၁.၂၀၁၁)
0 comments:
Post a Comment