ပေါက်ကရ လေးဆယ်

Subscribe:

Sunday, April 15, 2012

သံချပ်


ပုံစံလည်းရ ရေးနည်းပြ

၁။တခြားသီချင်း-အကြားမှာ၊ ညှပ်ဆိုရပါ-သံချပ်တဲ့ဟဲ့။
၂။အတိုင်အဖောက်-တစုံကို၊ တပုဒ်ခေါ်ဆို-မှတ်ကြလေကွဲ့။
၃။အတိုင်လေး,သုံး-နှစ်ဖို့ဝေ၊ ဂရုဆုံးစေ-ဖောက်နှင့်စပ်ဖို့။
၎။အဖောက်ရှစ်လုံး-လေးစီသာ၊ ခွဲ၍စီပါ-လဟုဆုံးရ။
၅။အတိုင်အဖောက်-ထိုနှစ်လီ၊ ကာရန်မညီ-ဓိပ္ပါယ်စပ်တဲ့။  

သဘာဝတ္တ ရေးနည်းပြ

အသံချပ်မှ သံချပ် ဟုဖြစ်လာသည်။( ချပ် - အကြား အလပ်ဝယ် ကြားညှပ်ထည့်သွင်းသည်။{ဝေါဟာရဒီပနီ})
ယိမ်းချင်း၊နတ်ချင်းအစရှိသော သီချင်းသံတို့၏ အကြားဝယ် ထည့်သွင်းချပ်ညှပ်၍ တိုင်ကာဖောက်ကာ သီဆိုရသော သီချင်းသံတိုမျိုးကို သံချပ် ဟုခေါ်သည်။ နောင်အခါ သူ့ချည်းသက်သက် ထိုးကြ၊သီဆိုကြသော်လည်း သံချပ် ဟူ၍ပင်ခေါ်ရတော့သည်။ သံချပ် ဟူသောအမည် မပျက်တော့ပေ။
၁။ တစ်ပုဒ် တစ်ပုဒ်၌ အတိုင်၊အဖောက် တစ်စုံစီပါရှိစေရမည်။
၂။ အတိုင်ပိုဒ်ကို "သုံးလုံးတဖို့၊ လေးလုံးတဖို့ " အားဖြင့် ၇ လုံးထား၍ ဂရု ဆုံးစေရမည်။
၃။ အဖောက်ပိုဒ်ကိုမူ လေးလုံး နှစ်ဖို့ခွဲလျှက် ရှစ်လုံးထား၍ လဟု ဆုံးစေရမည်။
၎။ အတိုင်ပိုဒ်၏ အဆုံး ဂရု ကာရန်ကို အဖောက်ပိုဒ်၏ လေးလုံးမြောက် အက္ခရာ၏ ကာရန်နှင့် စပ်ဟပ်ရမည်၊ တူညီရမည်။ (ရေးနည်းပြ ပုံစံတွင် ရှု)
၅။ အတိုင်နှင့်အဖောက်ကာရန် မညီညွတ်ပဲလည်း စပ်ကြသေးသည်။ ယင်းကို အဓိပ္ပါယ်စပ် ဟုခေါ်သည်။
၆။ ကာရန်ပင်ညီစေကာမူ အဓိပ္ပါယ်အားဖြင့် ဆက်စပ်မှုမရှိပဲ မဆီမဆိုင်လည်း စပ်ကြသေးသည်။ ၎င်းကို ရယ်ရွှင်ဖွယ်စပ် ဟုခေါ်သည်။

ပုံစံများ

အတိုင်   -        အပါးအောက်က - အထူခံ၊
အဖောက်-       ကုလားအပြန် - လိုက်မယ့်မိန်းမ။

အတိုင်  -         အကျီ င်္ပါးနှင့်- ခါးတစ်ထွာ၊
အဖောက်-       ကစားစရာ- လှုပ်တုတ်လှုပ်တုတ်။

အဓိပ္ပါယ်စပ် 

အမေ့ချွေးမ-ပျောက်လို့ရှာ ၊  တွေ့ပြီတွေ့ပြီ- သူပဲ သူပဲ၊
သူ့သမီးကို-ပက်မယ့်ကြံ ၊ သူ့အမေက- ကာဆီး ကာဆီး။

ရယ်ရွှင်ဖွယ်စပ်

ဘဲဥနှစ်လုံး-အပြုတ်ကြော် ၊ ပြာတာကတော်-ဆောင်းတဲ့ ဦးထုတ်၊
သိကြားမင်းက-လိပ်ယောင်ဆောင် ၊ ဆိတ်ဖိုနှစ်ကောင်-ထိုးတဲ့ ဂုန်ညင်း။

အထက်ပါ နည်းစနစ်များမှာ မှော်ဘီ သာသနာ့ဝန်ဆောင်ကျောင်းဆရာတော် ရှင်ကုမာရ၏ ကဗျာ့အုတ်မြစ်စနစ်သစ် စာအုပ်မှ ကောက်နုတ်ချက်ဖြစ်ပါသည်။

အပေါ်က နည်းစနစ်တွေ အခြေခံပြီး သံချပ်တစ်ပုဒ် စပ်ကြည့်ရအောင်..........

ရွေးကောက်ပွဲကြီး-ပြီးတဲ့အခါ ၊ နီးလာပါပြီ-သင်္ကြန်ပွဲကြီး
ရေမီးရှားတဲ့-မြို့ရန်ကုန် ၊ ဘယ်နည်းဘယ်ပုံ- ပျော်ကြမှာလဲ
သတင်းစာထဲ-ဓာတ်လိုက်နေ၊ တို့မြန်မာပြည်-ရေအားလျှပ်စစ်
တရုတ်ချစ်တဲ့-တို့နိုင်ငံ ၊ တာတေလန်အောင်- မွဲပြီးရင်းမွဲ
တစ်ထောင်ထဲနဲ့-ပါးရိုက်မယ် ၊ စိတ်ကြိုက်လုပ်ကွယ်-တို့နိုင်ငံထဲ
မွဲတဲ့ကြားက-ပျော်ဖို့ကြံ ၊ ဒီနှစ်သင်္ကြန်-ဘယ်လိုလည်မလဲ
အမူးအကွဲ-သောက်တဲ့လူ၊ မှောက်မယ့်လူတွေ-ဘယ်သူတွေဖြစ်မလဲ
ရှေ့ခွဲ၊နောက်ပြဲ-ဖော်ကြပြန်-ဒီသင်္ကြန်မှာ-အပျိုတွေလန်ကြ
ကော့ကွလှန်ကား-ကတဲ့ဟန်၊သင်္ကြန်ဆိုတာ-သူတို့ဖော်ဖို့
မျှစ်စို့ပေါက်များ-ရေစိုခါ ၊ လူပျိုများစွာ-သွားရည်ကျကြ
သက်ပြင်းချတဲ့-ပုဂ္ဂိုလ်တွေ၊ ရိပ်သာဝင်လေ-နားအေးပါးအေး
မစွံသေးတဲ့-အပျိုကြီးတွေ ၊ ဘုရားရေသပ္ပါယ်-ဆုပန်ချွေကြ
မြန်မြန်လင်ရ-၀ါမ၀င်ခင် ၊ အိမ်ထောင်ရှင်မ-ဖြစ်ဖို့အရေး
ရတက်မအေး-မျှော်ရပြန် ၊ နိုင်ငံခြားပြန်-ရေလာလောင်းဖို့
ငွေဈေးကျလို့-မပြန်နိုင် ၊ ထိုင်လို့မှိုင်ပြီ-သင်္ကြန်အတွင်း
ရင်ရှင်းအောင်လို့-ဥပုဒ်ဝင် ၊ ပျော်မရွှင်နိုင်-အပျိုကြီးဘ၀.....(ရန်စ-သံချပ် ခိခိ)

                                                                                                        ငချွန်းယေ(၉.၄.၂၀၁၂)

0 comments:

Post a Comment