ပေါက်ကရ လေးဆယ်

Subscribe:

Monday, April 16, 2012

ဆရာဆိုတဲ့လူတစ်ယောက်

ဆရာဆိုတဲ့လူတစ်ယောက်

တရံတခါက ရယ်စရာကောင်းသော လူတစ်ယောက်ရှိ၏။ အဆိုပါပုဂ္ဂိုလ်သည် လူရှေ့ သူရှေ့ ရောက်လျှင် သူ၏စိတ်ကူးယဉ်အိပ်မက်များအကြောင်း အမြဲလိုလိုလျှောက်ပြောလေ့ရှိသည်။ သူ၏အိပ်မက်များထဲတွင် အမေရိကန်ပြည်ထောင်စု ဟားဗတ်တက္ကသိုလ်တွင် စာပေသွားရောက်သင်ကြားလိုသည့် အကြောင်းလည်းပါသည်။ ဟောလီးဝုတ်တွင် ရုပ်ရှင်ပညာသင်ကြား၍ မြန်မာပြည်ဖြစ် နိုင်ငံတကာအဆင့်မှီ ရုပ်ရှင်ဇာတ်ကားတစ်ကားကို ဒါရိုက်တာအဖြစ် ဦးဆောင်ရိုက်ကူးချင်သည့် အကြောင်းလည်းပါသည်။ ဗြိတိန်နိုင်ငံ အောက်စပို့ စ်နှင့် ကင်းဘရစ်တက္ကသိုလ်တို့ တွင် သွားရောက်ပညာဆည်းပူး၍ မြန်မာပြည်သို့ပြန်ကာ ကျောင်းဆရာပြန်လုပ်မည့် အကြောင်းလည်းပါသည်။ ထို့ အပြင် အချိန်ရတိုင်း ပြန်ကြားရေးရုံးရှိ အစိုးရစာကြည့်တိုက်သို့ နေ့ စဉ်မှန်မှန်သွားရောက်၍ စာအုပ်ထိုင်ဖတ်ကာ ဖတ်ခဲ့သမျှစာအုပ်စာတမ်းများအကြောင်းကို တွေ့ သမျှလူကိုဖောက်သည်ချ၍ တစ်နေ့ စာရေးဆရာဖြစ်အောင် ကြိုးစားမည့်အကြောင်းလည်းပါသည်။ ခလေးများကိုစာပြရင်း ရေးထားသမျှစာတိုပေစတို့ ကို အပေါင်းအသင်းများအား အတင်းအဓမ္မဖတ်ခိုင်းကာ ကျောင်းဆရာ၊စာရေးဆရာတစ်ယောက်အဖြစ် သူ့ကိုယ်သူဂုဏ်ယူဝင့်ကြွားလေ့ရှိသည်။
တစ်နေ့ တွင် အဆိုပါပုဂ္ဂိုလ်သည် နိုင်ငံကျော်စာရေးဆရာဖြစ်ရန်ရည်မှန်းချက်ဖြင့် ရန်ကုန်ရွှေမြို့ တော်သို့  အ၀တ်အစားနှစ်စုံကို ကြွတ်ကြွတ်အိတ်နှင့်ထုတ်ကာ တက်လာခဲ့သည်။ အစ်မ၀မ်းကွဲအိမ်၌ကပ်နေပြီး ပါသမျှကုန်၍ အစ်မကလက်မခံ၊အိမ်ပေါ်မှနှင်ချသောအခါ ဘုန်းကြီးကျောင်းတွင် သံဃာများနည်းတူ မွန်းလွဲညစာအငတ်ခံဒုက္ခစရိယာကျင့်ပြီး စာရေးခြင်းအမှုကို အားထုတ်ခဲ့လေသည်။ ကျောင်းဆရာအဖြစ်ပညာလိုလားသူများကို စာပြရန်အားထုတ်ခဲ့လေသည်။ သို့ သော် စေတနာဆရာအဖြစ်ရပ်တည်နေစဉ် နေ့ ညသပိတ်ကျန်ဆွမ်းမှလွဲ၍ နပ်မမှန်သောရက်များလာသောအခါ အဆိုပါစာရေးဆရာ၊ကျောင်းဆရာသည် ဆိုက်ကားဆရာအဖြစ်သို့ ပြောင်းလဲရလေတော့သည်။ သူ့ဘ၀ဆိုက်ကားကြီးပေါ်တွင် မိဘများအပ်နှံလိုက်သည့် ၀န်စည်စလွယ်ဝတ္တရားများကို သယ်ဆောင်၍ နေ့ စဉ်အစုန်အဆန် ပင်ပန်းကြီးစွာနင်းကာ ရုန်းကန်နေသော အဆိုပါပုဂ္ဂိုလ်အား လူတိုင်းက လေးစားသည်ဖြစ်စေ၊ အလေးမထားသည်ဖြစ်စေ ဆရာခေါ်ကြသည်။ အဆိုပါဆရာ(စာရေးဆရာ၊ကျောင်းဆရာ၊ဆိုက်ကားဆရာ)၏ ၀န်စည်စလွယ်များဖြင့် အမြဲပြည့်ကြပ်နေသည့် ဆိုက်ကားပေါ်ရှိ ကျဉ်းမြောင်းသော ကယ်ရီယာခုံပေါ်တွင် ခဏတဖြုတ်လိုက်စီးတတ်သည့် အမျိုးသမီးငယ်တစ်ဦးရှိခဲ့ဖူးသည်။ အဆိုပါမိန်းခလေး၏အပြုံးတို့ ကြောင့် ဆိုက်ကားဆရာ၏ဘ၀သည် ခေတ္တခဏမျှ သာယာချမ်းမြေ့ခဲ့သည်။ သို့ သော် တခဏသည်ထာဝရမဟုတ်သောကြောင့် များမကြာမီကာလအတွင်း ဆိုက်ကားပေါ်ရှိ ကယ်ရီယာခုံသည် ယခုအချိန်ထိ စီးနင်းလိုက်ပါမည့်သူမရှိပဲ လစ်လပ်လျှက်ရှိနေသည်။ ကယ်ရီယာခုံတွင် စီးနင်းလိုက်ပါမည့် ခရီးသည်အပေါင်းအား ဆိုက်ကားဆရာကအမြဲလှိုက်လှဲစွာ ကြိုဆိုနေသော်လည်း ယခုချိန်ထိ ထိုနေရာတွင် လိုက်ပါစီးနင်းမည့် ခရီးသည်တစ်ယောက်မျှမရခဲ့ချေ။ ၀န်စည်စလွယ်တို့ ကိုလိုရာခရီးပို့ ဆောင်ပြီးသောတစ်နေ့ တွင် ဆိုက်ကားဆရာသည် ထုံးစံအတိုင်း ဆိုက်ကားပေါ်တက်ထိုင်၍ စာရေးခြင်းအမှုကို ဆက်လက်ပြုလုပ်နေလိမ့်မည်။ ချရေးပြီးသားစာတိုပေစတို့ ကို အဖိုးအခမရဘဲ လူတကာကိုလိုက်လံပြသနေပေလိမ့်မည်။ ဖတ်ထားမှတ်ထားသမျှတို့ ကို လူတကာရှေ့ တွင် ကြီးကြီးကျယ်ကျယ် ဆက်လက်ရွတ်ဖတ်သရဇ္ဇယ်နေပေလိမ့်မည်။သူ့ အားဆရာခေါ်၍ မေတ္တာစာအငှားရေးခိုင်းသူများကို တစ်ပြားတစ်ချပ်မယူပဲ အားပါးတရကူညီပေးနေအုန်းမည်ဖြစ်သည်။ ရှေ့တွင်ဆရာခေါ်၍ ကွယ်ရာ၌ ငပေါကြီးခေါ်ကြသူများကိုလည်း ဘွေမယူပဲ ပြုံးပြုံးကြီးခွင့်လွှတ်နေမည့်သူဖြစ်သည်။ လောလောဆယ်အချိန်တွင်မူ အဆိုပါစာရေးဆရာသည် ဆိုက်ကားနင်းလျှက်ရှိနေဆဲဖြစ်သည်။ဆိုက်ကားပေါ်ရှိ ကယ်ရီယာခုံလေးကား လိုက်ပါစီးနင်းမည့်သူမရှိပဲ လစ်လပ်နေဆဲပင်။
မိတ်ဆွေ..အဆိုပါပုဂ္ဂိုလ်၏ အမည်နာမအားသင်သိပါသလား။ မသိလျှင်မှတ်ထားပါ။သူ့ အား မာန်အောင်တစ်ကျွန်းလုံးက ချစ်စနိုးအမြင်ကပ်စွာဖြင့် ဘူးသီးဟုခေါ်ကြသည်။....:p

                                                                         ငချွန်းယေ(၂.၂.၂၀၁၂)

0 comments:

Post a Comment